Sunday, December 30, 2012

သစ္စာ အထားအသို



ရှေ့တိုးနောက်ငင် ခြေလှမ်းများနှင့်ပင် သူ့ခြံရှေ့မှာ ရပ်မိပြီ။ စေ့ရုံစေ့ထားသော ခြံတံခါးကို တွန်းဖွင့်တော့မည် ပြင်ပြီးမှ တွေဝေသောလက်အစုံကို နောက်သို့ပြန်ရုတ်လိုက်မိပြန်သည်။ အိမ်ကြီးထဲကိုဝင်ဖို့ နည်းနည်းတော့ တွန့်ဆုတ်၏။
                   တကယ်တော့ ဒီအိမ်၊ ဒီခြံက မြိုင့်အတွက် အဆီးအတားမရှိ ၀င်ထွက်သွားလာကာ၊ ကိုယ့်အိမ်၊ကိုယ့်ယာနှယ် ရဲရဲတင်းတင်း နေထိုင်ဝင့်ဆံ့ခဲ့ဖူးရာ နေရာပဲ ဖြစ်သည်။ ဒါပေမယ့် ဒါက တစ်ချိန်က အခြေအနေဟောင်းသာ ဖြစ်သည်။ အခုက အခြေအနေတွေ အဆများစွာ ပြောင်းလဲ ခြားနားနေခဲ့ပြီ။
                   ယခင်က မြိုင့်အား သမီးရင်းနှင့်မခြား ချစ်မြတ်တွယ်တာခဲ့သော အန်ကယ်ဦး ရှိခဲ့သည်။ ခုတော့ ဖေဖေ့သူငယ်ချင်း အန်ကယ်ဦးလည်း ဖေဖေ့နှင့် ရှေ့ဆင့်၊နောက်ဆင့် ဆုံးပါးကွယ်လွန်သွားခဲ့ပြီ။ ပြီး မာနကြီးသလောက် လူတကာကို ခွဲခြားနှိမ်ချ ဆက်ဆံတတ်သော်လည်း မြိုင့်ကိုတော့ တွယ်တာလွန်းလှကာ ထူးထူးခြးခြား အရေးပေးခဲ့သော အန်တီမိ…။ အန်တီမိလည်း ကျန်းမာရေးမကောင်းလှဟု သိရသည်။ တစ်ကြိမ် လေဖြတ်ထားပြီးမို့ အိမ်ထဲမှာ၊ ခြံထဲမှာပဲ အကူအတွဲနှင့် နေနေရသည်တဲ့။ မြိုင့်ကိုမြင်လျှင် အန်တီမိ မှတ်မိပါ့မလား။ အရင်က ဖွေးဖွေးနှစ်နှစ်၊ ချစ်မက်စဖွယ် ကလေးမလေးဖြစ်သော မြိုင်က ခုတော့ နေလောင်ညိုညစ်သော အသားအရည်၊ မျက်နှာမှာ တင်းတိတ်အမည်းကွက်တွေကို သနပ်ခါးထူပိန်းပိန်း လူးလိမ်းဖုံးလွှမ်းလျှက် ပီဘိ ကျေးလက်သူမကြီးတစ်ယောက် ဖြစ်နေနှင့်ခဲ့ပြီ မဟုတ်လား။ မှတ်မိလျှင်တောင် မြိုင့်အား စိတ်အနာ မပြေချင်သေးသော အန်တီမိက စကားနာထိုးနေဦးတော့မည် ထင်သည်။
                   မြိုင်သည် ခြေလှမ်းတွေကို နောက်ပြန်လှည့်ရန်သာ အကြိမ်ကြိမ် အားယူနေမိတော့သည်။
“ငါ့ဘ၀တစ်သက်မှာ ဒီလောက် တစ်ခါမှ စိတ်မညစ်ဖူးဘူးဟယ်။ သေသာ သေလိုက်ချင်တာပဲ”
                   ညည်တွားရေရွတ်ရင်း မျက်ရည်တွေတွေကျနေတတ်သော မေမေ့ကိုရော ဘယ်လို ရင်ဆိုင်ရပါ့မလဲ။ မေမေဟာ တစ်သက်လုံး ငွေဇွန်းကိုက်ကာ ကြီးပျင်းနေထိုင်လာခဲ့ရသူဖြစ်သည်။ အခက်အခဲ၊ အကြပ်အတည်း ဆိုစကားများက သူမနှင့် လားလားမျှ မသက်ဆိုင်ခဲ့စဖူး။ မေမေ စိတ်ချမ်းသာစေချင်ပါသည်။
“စကားတွေက မေမေနဲ့ ပြောထားတာ မဟုတ်လား”
“ဟုတ်တယ်လေ။ ဒါပေမယ့် ဒီမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ အရပ်ရပ်ကို ရေလည်အောင်ပြောဖို့က ညည်းပဲ ပြောတတ်၊ဆိုတတ်တာ ။ ငါက မိမိတို့၊  ကိုသွင်တို့ဆီက စကားတင်းတင်း တစ်ခွန်းထွက်လာတာနဲ့ ရှက်လို့ နေရာတင် သေပစ်ချင်နေပြီ”
                   ဒါဆို အစက မေမေ ဘာလို့သွားပြီး ပတ်သက်ထားသေးလဲ ဟု မမေးရက်ခဲ့ပါ။
                   ညည်းကို အသိ မပေးခဲ့လို့လား။ ညည်းမှ မတားခဲ့တာ ညည်းလည်း အလိုတူ၊ အလိုပါပဲ မဟုတ်ဘူးလားဟု မေမေကလည်း ပက်ခနဲ တုန့်ပြန်လိုက်မှာမလွဲ။
                   အဲသည်စဉ်ကတော့ မြိုင်တို့သားအမိတတွေ လက်တိုငါးရိုးမျက်ဆိုသလို ကူကယ်သူ မဲ့နေခဲ့တာ မဟုတ်လား။ ကောက်ရိုးတစ်မျှင်တစ်စတွေ့လျှင်ပင် မျက်စေ့စုံမှိတ်ကာ အားကိုးတကြီး ဆွဲဆုတ်ချင်နေချိန်လည်း ဖြစ်လေသည်။
                             *****************
                   ကိုသွင့်အကြောင်း အမှတ်တမဲ့ စကားစပ်ဆိုင်မိတိုင်း သားမက်တော်ခွင့်နှင့် သီသီလေးလွဲချော်ခဲ့ရသည့် အဖြစ်ကို မေမေက နောင်တဝေ့ဝေ့နှင့် နှမြောတမ်းတ နေတတ်လေ့မြဲ။ အထူးသဖြင့် လုပ်ငန်း၊ကိုင်ငန်းတွေ အလွဲလွဲအချော်ချော်၊ အရှုံးပေါ်၊ အခက်ကြုံ အကြောင်းစုံနှင့် အသက်ရှူကြပ်ရလေတိုင်း….
“ညည်းသာ ကိုသွင့်နဲ့ လက်ထပ်ဖြစ်ခဲ့ရင် ခုလိုတွေ ဖြစ်လာစရာ အကြောင်းကို မရှိဘူး”
“လွတ်တဲ့ငါး ပိုကြီးမနေစမ်းပါနဲ့ မေမေရယ်။ ဒီမှာ မတွေးတတ်၊ မကြံတတ်ရှိရတဲ့ကြားထဲ”
                   မြိုင်ကတော့ ဖေဖေ့ကိုသာ တမိတော့သည်။ ဖေဖေသာရှိလျှင်  ကြုံနေရသမျှ အခက်အခဲ အားလုံးကို တာဝန်ယူဖြေရှင်းပေးမှာပဲ။ မြိုင်က နံဘေးကနေ ဖေဖေ့အား ၀ိုင်းကူပေးရုံ။ ခုတော့ မေမေက မြိုင့်လောက်တောင် မလည်ပတ်။ ဖေဖေရှိစဉ်ကလည်း ဖေဖေ့သြဇာအတိုင်းသာ အသားတကျ နေလာခဲ့ရရှာသည်ကိုး။ ဖေဖေ အရိုက်အရာလွဲခဲ့တော့လည်း မြိုင့်က ဖေဖေ့နေရာ ၀င်ယူလေရာ မေမေက မြိုင့်ကိုသာ အားကိုးတကြီး အရိပ်ကြည့်နေပြန်တော့တာ။
“ဆားကွင်းတွေကို မြိုင်တစ်ယောက်တည်း  ဦးစီးလုပ်လို့ ဖြစ်မလား”
“ဖြစ်အောင် လုပ်မှာပေါ့။ မြိုင်ကိုယ်တိုင်လည်း ဆားကွင်းထဲမှာ မွေးခဲ့တာ ဥစ္စာ။ မြိုင်တို့ လက်ထပ်ပြီးရင် ကိုသွင်လည်း လိုက်နေရမှာပဲ”
“ဟမ်… ကိုယ်က လိုက်နေမယ်လို့ ပြောခဲ့မိလို့လား”
“အရင်က မပြောဖူးရင် ခု ပြောလိုက်တော့လေ။ ကိုသွင် မြိုင့်နောက် လိုက်ရမှာပဲ”
                   မြိုင်ရော၊ ကိုသွင်ပါ ကျောင်းပြီးစမို့ နှစ်ယောက်စလုံး အလုပ်မရှိကြသေး။ ဖေဖေဆုံးပြီးစ၊ မြိုင်တို့ နောက်ဆုံးနှစ်မှာ ဆွေမျိုးနီးစပ် လူယုံအားကိုးဖြင့် မေမေတစ်ယောက် ဆားလယ်အလုပ်မှာ မနိုင်မနင်းဖြင့် တစ်နှစ်ခန့် ဒေါင်ချာစိုင်းနေလိုက်သေးသည်။ မြိုင် အဝေးသင် ပြောင်းယူကာ မေမေ့အားကူရန် အကြိမ်ကြိမ်ပြောသော်လည်း မေမေက လက်မခံနိုင်ခဲ့။ ကိုသွင်ကလည်း တရရ တားမြစ်တောင်းပန် နေခဲ့ပြန်သည်။ ဖေဖေ အရိုက်အရာလွဲပြီး အချိန်တွေမှစကာ မြိုင်တို့အလုပ်တွေ ယိမ်းယိုင်စပြုလာခဲ့တော့တာ မြိုင်ရိပ်မိနေခဲ့ပါသည်။
“မြန်မြန် ကျောင်းပြီးချင်လှပြီ”
                   မြိုင့်စကားကို ကိုသွင်ကလည်း သူလိုရာဆွဲတွေးကာ….
“ကိုယ်လည်း တူတူပဲ။ ကျောင်းမြန်မြန်ပြီး၊ မြန်မြန် လက်ထပ်ချင်ပြီ”
                   မြိုင်တို့နှစ်ယောက် လက်ထပ်မည့်အရေးက စိတ်စောပူပန်ရ လောက်သော အခက်အခဲမျိုး တစိုးတစ်စေ့မျှ ရှိမနေခဲ့တာမို့ မြိုင်ကတော့ ကိုသွင့်လိုမျိုး သွေးပူမနေခဲ့ပါ။ ကျောင်းပြီးလျှင် မေမေ့ကို ကူနိုင်မည်။ မြိုင်အနားမှာရှိလျှင် မေမေလည်း အားတက်မည် မဟုတ်လား။
“ကိုယ်တော့ ပျော်မှာ မဟုတ်ဘူး မြိုင်”
                   ထိုစဉ်ကတည်းက စကားစပ်ဆိုင်လေတိုင်း ကိုသွင်တစ်ယောက် မြိုင်တို့နှင့်အတူ လိုက်ပါနေထိုင်ရန် ငြင်းဆန်နေနှင့်တာကို မြိုင်က မှုမှတ်မထားခဲ့ပေ။ မြိုင့်ကိုချစ်လျှင် မြိုင်ရှိရာအရပ်မှာ ကိုသွင်လည်း ပျော်ရမှာပဲဟု ပိုင်နိုင်သေချာသော စိတ်ချယုံကြည်မှုသာ ရှိနေခဲ့လေသည်။
                             ***********
                   ခပ်သုံးယူငင်လို့ မကုန်နိုင်သော ပင်လယ်ရေကို ဆားချက်ရောင်းရတာတောင် ရှုံးသေးသလားဟု ရင်နှီးသူချင်း ခပ်နောက်နောက်စကားဆိုဖြစ်ကြပေမယ့် တကယ့်အဖြစ်ကတော့ ရယ်ရွှင်ဖွယ် မကောင်းခဲ့ပေ။ ဆားဖိုသူကြီးတွေ၊ ၀ယ်ရောင်းသမားတွေကြားမှာ နှစ်စဉ် အရင်းမကျေ၊ အရှုံးဆက်တိုက်ပေါ်လာရသော နှစ်များပေ။
                   ဆားကြမ်းက မထွက်ဘူးလားမေးတော့ အထွက်တောင်လွန်နေပါသေးသည်။ ဒီဘက်နှစ်တွေမှာ နေပူပြင်းလွန်းလှသည် မဟုတ်လား။ နေရင့်လေ ဆားထွက်ကကောင်းလေပင်။ ဒါပေမယ့် လက်ရှိအလုပ်သမားအင်အားဖြင့် လယ်ထွက်ဆားကို နိုင်အောင် ကျုံးမယူနိုင်ကြပေ။ အလုပ်သမားအင်အား ထပ်ဖြည့်ကြပါလားဟု စေတနာနှင့် အကြံဥာဏ်စကားတွေသည်လည်း ဆားဖိုသူကြီးတွေအတွက်တော့ အော့နှလုံးနာစရာ ဖြစ်နေခဲ့ပြီ။
နာဂစ်အလွန်မှာ အလုပ်သမားရှားပါးမှု ပြဿနာကို ဆားလုပ်ငန်းရှင်တွေရော၊ လယ်သမားတွေပါ ရှောင်လွဲမရစွာ ရင်ဆိုင် ကြုံတွေ့ ခဲ့ကြရပါသည်။ ဋ္ဌာနေ အလုပ်သမား အတော်များများတို့သည် မြို့သို့ပြောင်းရွှေ့နေထိုင်သွားကြပြီ။ လက်ကျန် သစ္စာရှိ အလုပ်သမားများနှင့် နောက်ပါ မိသားစုများကို တစ်နှစ်ပတ်လုံး ကိုယ်ထံမှာ မြဲအောင် ထိန်းရတာလည်း မလွယ်ကူတော့ပါ။ သူတို့၏ တစ်နှစ်တာ စားဝတ်နေမှုစားရိတ် အပြင် သာမှု၊နာမှုကိစ္စ၊ သားသမီးတွေ၏ ပညာရေးကိစ္စ၊ ကျန်းမာရေးကိစ္စ…အစစ အားလုံးကို တာဝန်ယူဖြေရှင်းပေးနေရတာ ဖြစ်ပါသည်။ ဟို အရင် ခေတ်ကောင်းစဉ်ကတော့ အလုပ်သမား မိသားစုအရေအတွက် ဘယ်လောက်များများ ၀န်ထုတ်ဝန်ပိုးအဖြစ် မည်သည့်အလုပ်ရှင်ကမှ သတ်မှတ်ခဲ့ဖူးတာ မဟုတ်ပါ။ ခုတော့ ဆင်ကျုံကျွဲဟု သတ်မှတ်ခံနေရဆဲ ဆားဖိုပိုင်ရှင်တိုင်း ပျက်စီးဆုံးရှုံးခဲ့ရသော ဆားလယ်မြေကို ပြန်ပြင်ဆင်ရတာ၊ စက်ပစ္စည်း အပါအ၀င် ကုန်လုပ်ကိရိယာတွေ ပြန်ဖြည့်ဆည်းရတာ၊ အလုပ်သမားတွေအား ကြိုတင်လုပ်အားခငွေ ပေးချေရတာအတွက် ပြေးလွှား၊ချေးငှား၊ ပေါင်နှံ၊ရောင်းချ စသော နည်းစုံသုံးကာ အသက်ရှူမ၀ချင်ကြသော အခြေအနေမှာ ရှိပါသည်။
လယ်ထဲကထွက်လာမည့် ဆားကြမ်းကို မျှော်တုန်းကသာ မျှော်နေမိကြတာဖြစ်သည်။ ဆားထွက်လာလျှင် ရင်ဆိုင်ကြုံတွေ့နေရသမျှ အခက်အခဲအားလုံးကို အောင်မြင်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟုလည်း မျှော်လင့်အားတက်နေခဲ့ကြပါသည်။ ဒါပေမယ့် တကယ်တမ်း ထွက်ရှိလာသော ဆားကိုလည်း တက်ဈေးစောင့်ကာ သိုလှောင်ရောင်းချနိုင်သော အနေအထားမှာ မရှိကြတော့ပြီ။ ဒီဘက်နှစ်မှာတော့ ဆားကြမ်းဈေးက မကြုံစဖူး ထူးကဲလှစွာ အကျကြီးကျကာ ၀ယ်လက်ပင် မရှိတော့ပြီတဲ့။ ပေးရန်၊ ရရန်ရှိသူအားလုံး ငုတ်တုတ်မေ့ရတော့သည်။
မြီရှင်အားလုံးအတွက် ရောင်းမကုန်နိုင်သော နေလှန်းဆားပုံကြီးကို လက်ညှိုးညွှန်ကာ စောင့်ဆိုင်းခိုင်းထားရတာ ပြဿနာ မဟုတ်သေး။ ငွေမရလို့ ဆားယူလိုလျှင် လာယူလှည့်။ ဆားဈေးအလှုပ်ကိုစောင့်ကာ ယူမည်ဆိုလည်း ဖြစ်သေးသည်။  သို့သော် လက်ရှိ အလုပ်သမားများအား လုပ်အားခပင် မရှင်းနိုင်တော့သော အခြေအနေမျိုးကို မည်သည့် ဆားဖိုသူကြီးမှ  အိပ်မက် မက်ခဲ့ကြဖူးမည် မထင်။ သို့ပေမယ့် ကိုယ်တွေ့ကြုံနေကြရပြီ။
“မြိုင်ရေ… ၀က်သားယူပါဦး”
                   မြိုင်တို့ရာဇ၀င်မှာ ၀က်သားဟင်းစားကို ဒီလို လက်လီစိတ် ၀ယ်စားဖူးတာ မဟုတ်ပါ။ အကောင်ပြတ်ဝယ်ကာ အလုပ်သမားခေါင်းဆောင်လက်ကို အပ်လျှက်….
“ဝေမျှ စားလိုက်ကြ…”
                   …ဟု လက်လွတ်ဆိုကာ မျက်နှာလွှဲထားခဲ့တာပင်။ အချိန်တန်လျှင် ထမင်းဝိုင်းမှာ အူအသည်းစုံဟင်းလည်း မြင်ရနိုင်သည်။ စွတ်ပြုတ်လည်း မြည်းလို့ရသည်။ သုံးထပ်သားဟင်းများတော့ လှည့်ပင်မကြည့်ချင်။ ခုတော့…
“အင်း.. ယူတော့ ယူချင်တယ်။ မြိုင့် အလုပ်သမားတွေ ဟင်းစားငတ်နေကြတာလည်း ကြာလှပြီ။ ကြွေးက ဘယ်နှစ်ရက်ဆိုင်းပေးမှာတုန်း”
                   ရှေ့မျက်နှာနောက်ထားကာ မဖြစ်မနေ မေးရပေမယ့် သူတို့လည်း သိပ်ရက်ကြာကြာ စောင့်ပေးချင်ကြပုံမရ။ သို့သော် ဒီအရပ်မှာ လက်ငင်းချေမှ ရောင်းမည်ဆိုလျှင်လည်း သူ့ ၀က်သားတွဲတွေကို အိပ်ပြန်ယူကာ အချဉ်တည်လိုက်ရဖို့သာ ရှိတာ မဟုတ်လား။
“ဟိုဘက်အခြမ်းမှာတော့ ဆယ်ရက်ဆိုင်းနဲ့ပေးလာခဲ့တယ်”
“မြိုင်တို့ကို တစ်လ ဆိုင်းပေး”
“တစ်လတော့ မလုပ်ပါနဲ့ မြိုင်ရယ်။ ကျုပ်တို့လည်း ငွေကြေးကျပ်တည်းလွန်းလို့သာ ရှိတာလေးနဲ့ ငွေပြန်ဖော်ရတာပါ။ ဆယ့်ငါးရက်တော့ ဆိုင်းပေးမယ် ဟုတ်လား။ သူများတွေကို လျှောက်မပြောနဲ့ဦး”
                   နောင်ခါလာ နောင်ခါဈေးပဲဟု သဘောပိုက်ကာ အလုပ်သမားများကို  ခွဲတမ်းချကာ ဝေမျှပေးလိုက်တော့သည်။ ကြိုတင်လုပ်ခငွေ မပေးနိုင်သေးသောကြောင့် မြိုင့်အား အမြင်မကြည်လင်နိုင်ပဲ အလုပ်မှာ ခိုကပ်၊ အရွဲ့တိုက်နေကြသည့် သူတို့တွေကို ၀က်သားဟင်းတစ်ခွက်နှင့် နှစ်ရက်၊ သုံးရက်တော့ စည်းရုံးထားနိုင်ဦးမည် ထင်ပါသည်။
                             *************
                   မေမေနှင့် မြိုင့်တို့သားအမိ၏ လက်ဝတ်လက်စား၊ ရွှေတိုမယ်စအားလုံး အန်တီမိ၏ သေတ္တာထဲမှာ သော့ခတ်ခံထားရတာ ကြာပြီ။ အစဦးကတော့ ပစ္စည်းအာမခံသဘောမျိုး အပေါင်ထားတာ ငွေးချေးခဲ့ရတာဖြစ်သည်။ တစ်နှစ်ကနေ နှစ်နှစ်ကူးလာခဲ့လျှင်တော့ ဈေးဖြတ်ကာ ငွေးအမ်းခိုင်းခဲ့ရတော့သည်။ မြိုင်တို့၏ အိမ်နှင့် ခြံ ပိုင်ဆိုင်မှုစာချုပ်သည်လည်း ကိုသွင့်လက်ထဲမှာ ထိုးအပ်ထားခဲ့ရတာပင်။ ငွေပြန်ပေးနိုင်လျှင် မြိုင်တို့ အိမ်နှင့်ခြံကို ပြန်ရမှာပေမယ့် ထိုကာလကို မှန်းဆကြည့်ဖို့တောင် မလွယ်ကူတော့သော အခြေအနေမှာ ဖြစ်ပါသည်။
“ကိုသွင့်ဆီမှာ ငွေနည်းနည်း ထပ်တိုးတောင်းပြီး အပြီးလက်မှတ်ထိုး ရောင်းခဲ့တော့”
                   …မေမေက မှာလိုက်သည်။ ဒါပေမယ့် မနည်းတော့သော နှစ်ကာလတွေကို အတိုးနှင့်တွက်လျှင် ကိုသွင်လည်း မြိုင်တို့ကို ငွေထပ်ပေးချင်တော့မည် မထင်။ မြိုင့်မျက်နှာကို မြင်လျှင်တော့ ကိုသွင်တို့သားအမိတတွေ တစ်ရစ်တစ်ပတ် လျှော့တန်ကောင်းရဲ့ဟု မေမေ မျှော်လင့်ပုံရပါသည်။ အမှန်အတိုင်း ၀န်ခံရလျှင် မြိုင်လည်းပဲ မေမေ့နည်းတူ မျှော်လင့်ချင်ပါသည်။ မြိုင့်တို့၏ လက်ရှိအခြေအနေမှာ ငွေလိုအပ်သည်။ ထိုငွေအတွက် ကိုသွင့်ကို ကောက်ရိုးတစ်မျှင်အဖြစ် အားကိုးမိချင်ခဲ့တာပင်။
                   အန်တီမိတစ်ယောက် သွေးပေါင်တက်နေလို့ ဆေးသောက်ပြီး အိပ်ပျော်နေခဲ့သည်။ ကိုသွင်ကတော့ အလုပ်မှာတဲ့။ မြိုင် အလုပ်ထိလိုက်ကာ ကိုသွင်နှင့်တွေ့မှ ဖြစ်တော့မည်။
                   မိဘလက်ငုတ်ကို စိတ်မ၀င်စားဘူးဆိုသော ကိုသွင်က ယောင်ခြောက်ဆယ် နေခဲ့လိုက်သည်မှာ မြိုင်နှင့် အဆက်အသွယ် ပြတ်တောက်သွားကြအပြီး အတော်ကြာပါသေးသည်။ သူ့အစ်မ အိမ်ထောင်ခွဲအပြီး မှ ကိုသွင်တစ်ယောက် ခြေငြိမ်ခဲ့တော့တာဖြစ်သည်။
“စကတည်းကသာ ခုလို ခြေငြိမ်ငြိမ်နဲ့ အလုပ်လုပ်ခဲ့ရင် မြိုင်ကလည်း သူ့ကို လက်ထပ်ခဲ့မှာပဲ”
                   အန်တီမိက မြိုင်ကို တွေ့တိုင်း ခံခက်ဒေါသနှင့် ဆိုတတ်လေ့မြဲမို့ မြိုင် အနေခက်ရဖူးသည်။ တကယ်က မြိုင် ကိုသွင့်ကို လက်မထပ်ခဲ့တာ သူ့မှာ အလုပ်မရှိလို့ မဟုတ်တာ အန်တီမိ သိသင့်ပါသည်။ မြိုင်က ကိုသွင့်ကို မှီခိုနေချင်သူလည်း မဟုတ်ခဲ့ရပါ။ မြိုင့်နံဘေးမှာ အဖော်မွန်အဖြစ် ဖေးဖေးမမ နေပေးစေချင်ခဲ့တာဖြစ်ပါသည်။ မြိုင့် ဆားကွင်းတွေရှိရာဆီ ကိုသွင်က ဆင်းမလိုက်လိုဟု အတိအလင်းဆိုခဲ့လေရာ မြိုင်တို့၏ လက်ထပ်ရက်လည်း နောက်သို့ဆုတ်ဖြစ်ခဲ့ကြတာ။ ကိုသွင့်က မြိုင့်ကို ရွဲ့ခဲ့သည်။ အနေနီးစပ်သော မိန်းကလေးတစ်ယောက်ကို လွန်လွန်ကျူးကျူး ပတ်သက်ခဲ့ပြန်တာ…။
                   မူးနေချိန်မို့မှားခဲ့တယ်ဟု ကိုသွင်က ၀န်ခံရင်း ဆင်ခြေပေးခဲ့တော့ မြိုင် ခေါင်းခါဖြစ်ခဲ့သည်။ မှားပါတယ်ဟု ၀န်ခံရုံနှင့်၊ မူးနေလို့ပါဟု ဆင်ခြေပေးရုံနှင့် ခွင့်လွှတ်ပြေအေးရမည့် ကိစ္စမဟုတ်ဟု မြိုင်ယူဆပါသည်။
“ မြိုင့်အပေါ်မှာ ကိုသွင် သစ္စာပျက်ခဲ့တာပဲ။ ဒါပေမယ့် အဲဒါထားလိုက်ပါ။ ကိုသွင် ကိုယ့်တာဝန်တော့ ကိုယ်ယူပါ”
                   ကိုသွင်က မြိုင့်ထံမှ အကြည့်ကို လွှဲဖယ်ထားခဲ့သည်။ အန်တီမိကတော့ မြိုင့်အဆုံးအဖြတ်အတွက် အံ့သြတကြီး ရင်နာကျန်ရစ်သည်။
                                      *****************
“မြိုင်။ နင် …တကယ် မြိုင် ဟုတ်ပါတယ်နော်။ ဟား… နင်က တကယ့်တော့သူမကြီး အတိုင်းပဲ။ ငါ မနည်းပုံဖမ်းယူရတယ်”
                   ကိုသွင်က လှိုက်လှဲစွာ ပြုံးရယ်ကြိုဆိုသောကြောင့် မြိုင်အနည်းငယ်တော့ စိတ်အေးရပါသည်။ ဒါပေမယ့် လာရင်းကိစ္စကို ဘယ်လို စကားစရပါ့။
                   ကိုသွင်ကတော့ သိပ်ပြောင်းလဲ သွားပုံ မရပါ။ လူက ဖြူသန့်ပြီး အရွယ်တင်လွန်းလှသည်။။ အသက် လေးဆယ်နားနီးလာပေမယ့် ကိုသွင့်ခေါင်းပေါ်မှာ ဆံဖြူ တစ်ချောင်းတစ်စ မတွေ့ရ။ နဖူးးပြင်လည်း သိပ်မကျယ်လှသေးသောကြောင့် ဖြီးသင်ထားပုံက ကျော့နေသည်။ ရှပ်လက်ရှည် ဖွေးလွလွ၊ စတိုင်ပန်အနက်စိုစိုကို အနည်းငယ် ရွှဲစပြုနေသော ဗိုက်အောက်ရောက်အောင် ခါးပတ်ခပ်လျော့လျော့ ဆင်ထားတော့လည်း လူကြီးလူကောင်းဟန်က အပြည့်ပေ။  ဒါကြောင့်လည်း ကိုသွင့် အမျိုးသမီးခမျာ တတိုင်းရဘ၀မှာ ညစဉ် အိပ်မပျော်နိုင် ဖြစ်နေရတော့တာ။  အိမ်ထောင်ရေးမှာ ခုထိ ခြေမငြိမ်သေးသော ကိုသွင့်သတင်းမွှေးမွှေးကို မြိုင်လည်း ကြားသိနေခဲ့ရသည်ပင်။
“ကိုသွင့် သတင်းတွေ ကြားပါတယ်”
                   ထိုသို့သော စကားဆိုရန် မသင့်တော်သော အခြေအနေဟု ဆင်ခြင်ကာ ရေငုံနေလိုက်ပါသည်။
“ကလေးတွေရော ဘယ်အရွယ်ရောက်ကုန်ပြီလဲ”
                   …ဟု မေးစမ်းကောင်းသည် ထင်ပါသည်။
“သုံးယောက်ဟာ။ အသက်တွေ၊ အတန်းတွေတော့ သူတို့အမေ မှတ်ထားတယ် ဟဲ  ဟဲ”
                   မြိုင်က လာရင်းကိစ္စကို စကားစမည်ပြင်ဆဲ …
“ဟော… မမမြိုင် ရောက်နေတာလား”
                   ကိုသွင့် အမျိုးသမီး ထွက်လာလျှင် ကိုသွင်တစ်ယောက် စကားဝိုင်းမှ မသိမသာ ခွာသည်။
“မမမြိုင် အိမ်ကို ၀င်လာခဲ့သေးတာပေါ့ ဟုတ်လား။ ခါတိုင်းဆိုရင် ဖြူ နဲ့တွေ့မှာ။ ဖြူက အိမ်မှာပဲ အမြဲနေတာလေ။ ခုတော့ မေမေက ဖြူ့ကို အလုပ်ထဲလိုက်ရမယ် ဆိုလို့ ဖြူလည်း အလုပ်သင် မန်နေဂျာဖြစ်နေတယ်”
“အလုပ် လုပ်တာ ကောင်းတာပေါ့ ဖြူရဲ့”
“အင်း ဖြူ့အတွက် ကောင်း၊ မကောင်းတော့ မသိဘူး။ မမမြိုင် သူငယ်ချင်းတော့ အနေအစား ကျပ်တည်းနေပုံပဲ”
“ဖြူ… ကိုယ့်ကို မြိုင့်ရှေ့မှာ ရန်စနေတာလား”
                   ခပ်လှမ်းလှမ်းမှာ အလုပ်ရှုပ်ချင်ဟန်ဆောင်နေသော ကိုသွင်က ရှုတည်တည်နှင့် တုန့်ပြန်လာလေလျှင် ဖြူတစ်ယောက် မျက်နှာပျက်ပျက်ကို ဟန်လုပ်လျှက် ရယ်မောယောင် ပြုလိုက်လေသည်။
                   ****************
                   မြိုင့်အား ညစာကျွေးချင်သေးသည်ဟု ကိုသွင်ဖုန်းဆက်တော့ သူ့အိမ်မှာ ဟုသာ ထင်ခဲ့သည်။ စားသောက်ဆိုင်တစ်ခုမှာဟု သူ ဆိုလေလျှင် …
“ဖြူပါ ပါမှာလား”
                   ဟု မြိုင်မေးသည်ကို ရယ်မောနေပြန်သည်။ ဖြူမပါလျှင် မြိုင် ငြင်းကို ငြင်းတော့မှာ သေချာလေမှ ခေါ်ခဲ့မှာပေါ့ ဟု ဆိုဖော်ရသည်။
                   စားသောက်ဆိုင်၏ သီးသန့်ခန်းတစ်ခုဆီ သူ ဦးဆောင်ခေါ်လာခဲ့တော့ …
“ဖြူတို့ ရောက်နေနှင့်ကြပြီလား”
                   မြိုင် မမေ့မလျော့ မေးခဲ့ပါသေးသည်။
“သူ့သားတွေ ကျူရှင် ၀င်ကြိုနေလို့ နောက်ကျမယ် ထင်တယ်”
                   ပြီးစလွယ်ပြောသည်။ ဖြူတို့အားစောင့်ရင်း မြိုင်တို့၏ အိမ်နှင့်ခြံကိစ္စကို စကားပြတ်အောင်ပြောဖို့ မြိုင်စိတ်စောနေပါသည်။ ကိုသွင့် အလုပ်မှာတုန်းက ဖုန်းတစ်ခုဝင်လာလို့ဆိုကာ ကိုသွင်တစ်ယောက် ကတိုက်ကရိုက် အပြင်ထွက်သွားခဲ့သည်။ ဖြူတစ်ယောက်တည်းကိုတော့ မြိုင်က ငွေးကြေးစကား မပြောရဲသေး။
 မကြုံစဖူးသော ငွေကြေးအခက်အခဲများအကြောင်း ကိုသွင့်ရှေ့မှာ ညည်းငြူ စကားစမိလျှင်တော့ မြိုင် အားငယ်စိတ်နှင့် မျက်ရည်ကျဖြစ်သည်။ မြိုင့်မျက်ရည်တွေကို သူ့လက်ညှိုးကွေးနှင့် တို့သုတ်ပေးလာတော့ သူ့ရင်ခွင်ထဲ မှေးမှီပစ်ချင်ခဲ့တာ ၀န်ခံပါသည်။ ဒါပေမယ့် မြိုင် သတိရှိရမည်။ သူဟာ သစ္စာတရားနှင့် ပတ်သက်လာလျှင် ယုံကြည်၍မရသောသူ ဖြစ်သည်လေ။
                   လွန်ခဲ့သော နှစ်လခန့်ကတင် အလုပ်မှ ၀န်ထမ်းမိန်းခလေးတစ်ဦးနှင့်  ကိစ္စကို ဖြူက တီးတိုးသတင်းပေး လိုက်သေးသည်။
“ငွေများတော့လည်း တရားနိုင်တာပေါ့ မမမြိုင်ရဲ့”
                   …ဟု ဖြူက ခပ်သာသာ ညည်းပြခဲ့သေးသည်ပင်။
“ဟို တစ်ဖက်ကလည်း ငွေလိုချင်လို့ကို ဇွတ်တိုးဝင်နေတာ။ သူကလည်း ခြံခုန်နေကျ၊ ဘယ်တော့မှ သက်သတ်လွတ်မစားတတ်တော့လေ…”
                   တဖြည်းဖြည်းနှင့် မြိုင်တို့ ဒီနေရာမှာ အချိန်းအချက်ပြုခဲ့ကြတာ ဖြူတစ်ယောက် သိဦးမှာ မဟုတ်တာ သေချာသည်ထက် သေချာလို့လာခဲ့သည်။
“သနားလိုက်တာ မြိုင်ရယ်”
                   ဘုရားရေ။ သူ ဘယ်အချိန်ကတည်းက မူးနေနှင့်ပါလိမ့်။ ကောင်တာမှာ သူ့လက်စတချို့ ရှိနေနှင့်တာ မြိုင် ခုမှ ရိပ်မိရတော့သည်။ စားပွဲပေါ်မှ မြိုင့်လက်အစုံပေါ် သူ့လက်ဖ၀ါးနွေးနွေးတွေ အုပ်ကိုင်လာပုံက တဆိတ် အတင့်ရဲလွန်းနေသည်။ မြိုင် ဖျတ်ခနဲ ရုန်းထွက်ပစ်လိုက်သည်။  သတိထားရတော့မည်။ မြိုင် မသာယာမိစေနဲ့။
                   ဒါပေမယ့် မြိုင်တို့မှာ အရမ်းငွေလိုအပ်နေပြီ ကိုသွင်ရဲ့။ မေမေဆို စိတ်ဆင်းရဲလွန်းလို့ တစ်နေ့တစ်နေ့ မအိပ်နိုင်၊ မစားနိုင်နဲ့ အဲဒီစိတ်နဲ့ လုံးပါး ပါးသွားမလားတောင် စိုးမိတယ်။
 သူက အရေးတယူ နားတော့ ထောင်ပေးပါရဲ့။  ဒါပေမယ့် သူ့လက်အတွေ့က မြိုင့်ပခုံးပေါ်မှာ….။ မြိုင်ကတော့ ငိုကောင်းနေဆဲ။
ဆားဈေးက ပြုတ်ကျနေတော့တာ။ ၀ယ်မယ့်သူကို မရှိတော့တာ ပိုဆိုးတယ်။ လယ်ကွင်းထဲမှာ ဆက်မကြုံးရဲလို့ ပစ်ထားရတဲ့ ဆားတွေမှ မနည်းမနောပဲ။  မိုးကလေးတစ်ပြိုက်လောက် ရွာချလိုက်ရင်တော့ ဈေးမြောက်လာနိုင်ကောင်းပါရဲ့။ အဲဒီအချိန်ကျရင်တော့ ၀ယ်လက်လည်း လိုက်လာမယ် ထင်ရတာပဲ။
ဒါပေမယ့် ခုမှ မတ်လတောင် မကုန်တတ်သေးဘူး။ အလုပ်သမားတွေလည်း ရိက္ခာပြတ်လုပြီ။ သူတို့ကို ဒီနှစ်မှာ ကြိုတင်လုပ်အားခပေးပြီး ထိန်းမထားနိုင်လျှင် ရှေ့နှစ်မှာ အလုပ်သမားရှာဖွေမရလို့ လုပ်ငန်းရပ်လိုက်ရတော့မယ် ထင်ပါရဲ့။
 ကိုယ့်အတွက်ကိုယ်ထက် သူများပေးစရာ မရှိတာက ရှက်စရာပိုကောင်းတယ် ကိုသွင်ရဲ့။ လျစ်လျှူရှုလို့လည်း မရဘူးလေ။ အို… ကိုသွင်။
                   ****************
မြိုင်လက်ထဲက အတန်အသင့် လေးနှစ်သော ငွေထုတ်ကို မြင်လျှင် လတ်တလော အခိုက်အတန့်တော့ မေမေပျော်ရွှင်သွားမည် ထင်ပါသည်။ ဒါပေမယ့် မြိုင်သိချင်တာက ထိုအပျော်တွေဟာ ဘယ်လောက်ကြာရှည် တည်တံ့နိုင်မည်လဲ ဆိုတာ…။

                                                                      သတိုး

                                                                      

No comments:

Post a Comment

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။