Sunday, September 9, 2012

အရိပ်ပမာ..


                  



အစဉ်တစိုက် မျှော်မောနေမိတာတော့ မဟုတ်ပေမယ့် အကြောင်းတိုက်ဆိုင်လာလျှင် ဖျတ်ခနဲ သတိရသည်။ နက်ဖြန်..၊ သို့မဟုတ်..ဒီနေ့..။  သူ.. ကိုယ့်ထံရောက်လာမလား။ 

                                    ******
‘လူ့ဘ၀မှာ အနေကြာလာလေ… အသက်ရှည်ရမှာ ကြောက်ရွံ့လာလေပဲ’… ဟု အသက်အရွယ်၊ အတွေ့အကြုံ ကြီးရင့်သူ တစ်ယောက်ယောက်က ပြောလာလျှင် ငယ်ငယ်တုန်းကတော့ ပခုံးတွန့်ကာ ထီမထင်ဟန်မျက်နှာပေးနှင့် ပျက်ရယ်ပြုချင် ခဲ့ဖူးတာဖြစ်သည်။ ခုတော့ ကိုယ်တွေလည်း ပျမ်းမျှလူ့သက်တမ်းဆီ ခေါက်ချိုးမက လှမ်းချီနိုင်ခဲ့ပြီမို့ အိုမင်းခြင်းဆင်းရဲ၏ အနက်သဘောကို နောဧက နောမကျေနိုင်သေးငြား အတော်အတန် ရိပ်စားနားလည်နှင့်ခဲ့ပြီ။ တကယ်တော့ လူ့ဘ၀အဖြစ်ကို  ရရှိခဲ့ချိန်၊ ပဋိသန္ဓေအစမှာ ကတည်းက ဆင်းရဲခြင်းနှင့်အတူ သန္ဓေယူခဲ့ကြရတာ မဟုတ်လား။ 

ဆရာတော်ကြီးထံ ဖူးရောက်ဖြစ်တိုင်း ကုလားထိုင်အိုကလေးပေါ်မှာ အကြောပြိုင်းပြိုင်း၊ အရိုးငေါငေါနှင့် ငုတ်တုတ်ကလေး ဖူးတွေ့ရတတ်လေတာ။ ဝေသီမှုန်ဝါးနေပြီဖြစ်သော မျက်လုံးမွဲကလေးတွေကို မှေးကျဉ်းယောင်ပြုကာ… မေးကလေး ဆတ်လိုက်ပြန်လျှက်… ‘မင်း ဘယ်သူ လဲ’ ‘ဆရာတော် မမှတ်မိဘူးလား ဘုရား။ တပည့်တော်လေ…’ လျှောက်ထားလို့မဆုံးမီ အသံကို မှတ်မိကာ ဖွေးဖွေးညီညီ သွားကလေးတွေ လှစ်ခနဲပေါ်အောင် ချက်ချင်း ပြုံးမြသွားတတ်ပြန်လေ့မြဲ။ သတိအင်မတန် ကောင်းလွန်းလှကာ၊ သက်တော် ကိုးဆယ် ကျော်လွန်လာခဲ့သည့်တိုင် သွားတစ်ချောင်းမကြွေသေးသော ဆရာတော်ဘုရားကြီး၏ သီလကောင်းပုံကို အမှတ်မဲ့ ချီးမွမ်းခန်းဖွဲ့ဆို မိပြန်သည်။

“လျှောက် ပြောမနေနဲ့ ဒကာကြီး။ အသက်ကြီးလာရင် ဘာမှ မကောင်းဘူးဗျ”

                        ဒီဘ၀၊ ဒီခန္ဓာကြီးကို ဆရာတော်ကြီး ဘယ်လောက်များ စက်ဆုတ်နေခဲ့ပြီလဲ မသိ။ နဂိုနေ စိတ်မြန်လက်မြန်သမားမို့ အထိုင်အထ လေးကွေးနှေးအီလာတာ ကိုယ်တိုင် အားမရနိုင်ဘူးဟု ဆိုနေပြန်သည်။ ဟိုနားက နာကျင်သလို၊ ဒီနေရာက တစစ်စစ် ကိုက်ခဲနေပြန်သလို။ ခါတရံ မူးရီမောဟိုက်နေပြန်သည်တဲ့။ ‘တကယ့် သုံးပါးလေးထွေပါကွာ’ ပြောရင်း ချောင်းတစ်ချက် ဟတ်လိုက်မိပြန်ရာ အဆက်မပြတ်ချင် ပြန်တော့။ ထွေးခံခွက်ကလေး အနားတိုးပေးသောအခါ ဖွီခနဲ တံတွေးထွေးချလိုက်သည်။ နှုတ်ခမ်းမှာ သလိပ်တံတွေးစအချို့ ပေစွန်းကျန်ရစ်သည်ကို လက်ကိုင်ပုဝါလေးနှင့် တို့သုတ်ပေးရင်း ရေတစ်ဖန်ခွက် ငှဲ့ကာ ဆက်ကပ်ရပြန်သည်။ 

“ဟိုဘုန်းကြီးတွေဆီ သွားပေးပါဦး။ မအားကြဘူးလား မသိ။  ရောက်မလာတာ အတော်ကြာနေပြီ”

                        ဆရာတော်ဘုရားကြီးက ညီနောင်ဆရာတော်နှစ်ပါးကိုတော့ ညီငယ်တွေနှယ် ခင်တွယ်အားကိုး လေသည်။  သူ့ထံ ရောက်မလာနိုင်တာ အချိန်နည်းနည်းကြာလျှင် မျှော်နေတတ်သည်။ ဒါပေမယ့် ညီနောင်ဆရာတော်များမှာလည်း သူ့ထံ ပုံမှန် ရောက်လာဖူးတွေ့ရန် မလွယ်ကူပါ။ ဆရာတော်ကြီး၏ ကျောင်းက မြို့၏ အောက်ဖက်အစွန်အဖျားမှာ ရှိနေတာဖြစ်သည်။ ညီနောင်ဆရာတော်တို့၏ စာသင်တိုက်ကြီးက မြို့၏အထက်ပိုင်းမှာ..။ နောင်တော်ဖြစ်သော  ကျောင်းထိုင်ဆရာတော်ဘုရားက အနေအေးကာ စကားနည်းသော်လည်း တရားပွဲတွေ ဆက်နေတတ်ပြန်တာ..။ ညီတော် တိုက်အုပ်စာချ ဆရာတော်သည်လည်း စာသင်သားတို့အား ထိန်းကျောင်းရင်း၊ စာချရင်း၊ တရားပွဲတွေ ဆက်နေပြန်ရင်း အားလပ်သည် မရှိပြန်။ ဆရာတော်ကြီးကိုတော့ ‘အဖိုးကြီး’ ဟု ဦးညွတ်ရိုသေမှု မလျှော့ကြပေ။ 

“လပြည့် ဥပုသ်ကျရင် ငါ့ကျောင်းမှာ သီလ လာပေးဦး”

                        ဆရာတော်ကြီးကမိန့်လျှင် ဘယ်အခါမှ မငြင်းစဖူး။ နောင်တော်ကိုယ်တိုင် မကြွနိုင်လျှင်သော်မှ ညီငယ်ဆရာတော်ကို စေလွှတ်ကာ သီလပေးစေခဲ့တာ ဖြစ်သည်။ ကထိန်တရားပေးလှည့်ပါဦးဆိုလည်း တစ်ပါးတစ်လှည့်စီ မရောက် ရောက်အောင် ကြွချီကာ အားပါးတရ တရားချီးမြှင့်တတ်ကြသော သာသနာ့အာဇာနည် ညီအစ်ကိုများပေ။ ဒီဘက် နှစ်တွေမှာတော့ နောင်တော်ကြီးတစ်ပါး အသွားအလာ နည်းသွားခဲ့ပါသည်။ အကြောင်းကိစ္စရှိလျှင် ညီဆရာတော်သာလျှင် သုတ်သုတ်သွား၊ သွက်သွက်ပြန်ရတော့သည်။ ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချသောအခါ မှာလည်း အန္တိမပွဲသဘင်ကို ညီတော်သာ ရောက်လာကာ ကြီးကြပ်စီစဉ်ပေးခဲ့ရပြန်သည်။

“ခင်ဗျားတို့ဘုန်းကြီး အတော် သီလကောင်းတယ်ဗျ”

                        ဆရာတော်ဘုရားကြီးသည် သက်တော် ကိုးဆယ့်ရှစ်နှစ်ရောက်လေမှ ဘ၀နတ်ထံ ပျံလွန်တော် မူခဲ့တာဖြစ်သောကြောင့် သက်တော်ရှည်ဆရာတော်ရယ်ဟု တဖွဖွ ချီးမွမ်းချင်ခဲ့သည် ထင်၏။ သို့သော်လည်း ဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်ကတော့ နာဖျားမကျန်းတိုင်း ရောက်လာကာ အားပေးပြုစုရင်း …

“ခင်ဗျားတို့ အဖိုးကြီး နေရပ်ဇာတိ ပြန်ရခါနီးပြီ ထင်တယ်နော်”

                        ဒကာ၊ ဒကာမတွေမှာ ရယ်မောလျှက် တရားတက်ခဲ့ ကြရသေးသည်။ သို့ပေမယ့် တရှောင်ရှောင် နားဖျားမကျန်းလျှက် သဲ့သဲ့ကလေးအဖြစ်နှင့် နှစ်များစွာ ဒကာ၊ဒကာမများက ပြုစုလိုက်ရသေးသော ဆရာတော်ဘုရားကြီးနှင့် မရှေးမနှောင်းမှာပင် နောင်တော် ဆရာတော်ဘုရားလည်း ဘ၀နတ်ထံ ပျံလွန်နှင့်ခဲ့ပြန်ပြီ။

သတင်းစကား ကြားသိရစဉ် ရုတ်တရက်မှာ ဒကာ၊ ဒကာမများခမျာ ဘယ်သူမှ မယုံကြည်နိုင်ကြ။ နောင်တော်ဆရာတော် နေထိုင်မကောင်းသတင်းကို တင်ကြို မကြားမိခဲ့ဘူးလေ။ ညနေခင်းတိုင်း လမ်းလျှောက်ထွက်နေကျမို့ အဝေးမှ လှမ်းငေးဖူးတွေ့နေကျလည်း ဖြစ်သည်။ ဒါပေမယ့် မယုံလို့တော့ မဖြစ်ဘူးလေ။ ဧကုတင်ပေါ်မှာ ကျိန်းစက်နေသည်နှင့် မခြားသော်လည်း သေခြင်းတရားဆိုတာ ကိုယ်တို့ဆီ အချိန်မရွေး ရောက်လာနိုင်တယ် ဆိုတာ နောင်တော်ဆရာတော်က ကိုယ်တိုင်ပုံဆောင်ပြခဲ့ပြီ။ ယခင်အခါတွေကလည်း ညီနောင်ဆရာတော်များ ဟောပြောခဲ့လွန်းလို့ သိနေနှင့်ပြီးသား မဟုတ်လား။

မအိုမီ၊ မနာမီ၊ မသေမီ…
အသေမဦးခင် ဥာဏ်ဦးအောင်…

သို့ပေမယ့် သံသရာနွံထဲ၊ မကျွတ်ပဲ တပေပေ၊ နေပျော်ဆဲ အမိုက်အမဲတွေ အဖို့တော့ အသိလွယ်လျှက် အကျင့်ခက်နေကြဆဲပါ ဘုရား။

                                    **********
                        ဇာတိ၊ ဇရာ၊  ဗျာတိ၊ မရဏ..ဆိုတာ ရှောင်မလွတ်နိုင်သော မြဲမြံလှသည့် မမြဲခြင်းတရားတွေ မဟုတ်ဘူးလား။ သေခြင်းတရား ဆိုတာလည်း ကိုယ်တို့နှင့် သူစိမ်းတရံ ဆန်သူမှ မဟုတ်လေပဲ။ ခရီးတာလည်း ဝေးလှမ်းလို့ မနေ။ သူ၏ အမြဲတမ်း နေရပ်လိပ်စာက ကိုယ်တို့ရဲ့ လက်တစ်ကမ်းမှာသာမို့ ကံအလှည့်သင့်လျှင် ချက်ခြင်းရောက်လာ နိုင်ပြန်သည်တဲ့လေ…။ 

အစဉ်တစိုက် မျှော်မောနေမိတာတော့ မဟုတ်ပေမယ့် အကြောင်းတိုက်ဆိုင်လာလျှင် ဖျတ်ခနဲ သတိရသည်။ နက်ဖြန်..၊ သို့မဟုတ်..ဒီနေ့…။  သူ.. ကိုယ့်ထံရောက်လာမလား။

                                                                                သတိုး

4 comments:

  1. တီတင့်ဖတ်ဘူးတာလေး သတိုးရေ။

    မနေရလို့ သေကြတဲ့အခါ
    ကိုယ့်နောက်ကိုမှ ဘာမှမပါ
    ပစ္စည်းအစု တစ်ခုမပါ
    ကိုယ်ပြုထား ကံများပါမည်သာ။

    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. သတိုးရေ အရင်က ဆရာတော်ကြီးတွေ စောစောစီးစီး ခန္ဓာဝန်ချချင်တဲ့ ဆန္ဒကို နားမလည်ခဲ့ဘူး။ ကိုယ်တိုင် အရွယ်လေးရလာမှ ခန္ဓာကြီး ဘယ်လောက်လေးလံတယ်ဆိုတာ သိလာရတာ။ သံဝေဂတွေ ရစေတဲ့ ရသစာတမ်းလေးပါပဲ...

    ReplyDelete
  3. ကိုသတိုးရေ...
    အချိန်မတန်သေးဘူးထင်တာတောင် ဒီခန္ဓာကိုယ်ကြီးက ဆန္ဒတွေ ပြချင်နေလာပြီ။
    တချိန်မလွဲမသွေ သွားရမယ့်လမ်းက ကျွန်မတို့ကို အသင့်စောင့်နေကြပြီလေ..

    ReplyDelete
  4. ဘယ်အရာမှမမြဲဘူးကိုးဗျ။အဲဒီမမြဲခြင်းကဘဲမြဲနေတာလေ။ဘုရားလည်းပရိနိဗ္ဗာန်ပြုခဲ့သေးတာပဲ။သာမန်လူတွေအဖို့ကတော့ပြောစရာတောင်မရှိပါဘူးကိုသတိုးရေ။ဘုန်းကြီးတွေနဲ့အနေနီးပုံရတယ်။တိုက်အုပ်တို့၊စာချတို့ဆိုတဲ့အသုံးလေးတွေသတိထားမိတာပါ။ဒါတွေကအပြင်ကလူဆိုမသိဘူးဗျ။ကျွန်တော့်အထင်ပါ။

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။