Wednesday, September 28, 2011

ရွှေရောင်သစ် နေ့

“ဖေဖေ ပြန်လာတော့ မှာလား”
                   …မေးလေတိုင်း ဖေဖေခမျာ မသက်မသာရယ်မောနေရလေ့ရှိသည် တဲ့။ ပြီး… အကြာကြီး အချိန်ယူ စဉ်းစားနေသလို တိတ်ဆိတ်ငြိမ်သက်နေပြန်တော့သည်။ ညိုက ဇွတ်ပင်…
“ပြောဦးလေ။ ဖေဖေ ဘယ်တော့ ပြန်လာမှာလည်း လို့”
သို့တိုင်အောင် ဖေဖေ့ဘက်က တုန့်ပြန်စကား ပြန်မလာ။ တွေဝေနေဆဲထင့်။
“ဖေဖေ ဘယ်တော့ ပြန်လာမှာလည်း လို့”
“ဖေဖေ ဘယ်တော့ ပြန်လာမှာလည်း လို့”
“ဖေဖေ ဘယ်တော့ ပြန်လာမှာလည်း လို့”
                   ညိုတစ်ယောက် ဖေဖေ့အား မချင့်မရဲ ဖြစ်လာရတော့ကာ Gtalk box မှာ သည်စကားတစ်ခွန်းကိုပဲ ဆက်တိုက် ရိုက်ထည့်ပစ်လိုက်တော့သည်။ ဖေဖေ တစ်ဘက်မှာ ပြုံးနေနိုင်ပါ့မလား။ ပင့်သက်မောတွေ ကြိတ်ရှိုက်နေလျှင်လည်း  ညို… မကြားနိုင်ပါ။ ဒါပေမယ့် ဖေဖေ ပျော်နေနိုင်မှာ မဟုတ်တာတော့ ခံစားသိနေခဲ့ပါသည်။ ဖေဖေက မိသားစုကို တွယ်တာတတ်သူ တစ်ယောက်ပဲလေ။  ညို့ကိုလည်း အလွန်ချစ်မြတ်နိုးလှတာ။ ညိုနှင့်ပတ်သက်၍ ဖေဖေ့ရင်မှာ မျှော်လင့်အိပ်မက်တွေ အများကြီး ရှိနေခဲ့တာလည်း ညိုသိပါသည်။ ညိုက ဖေဖေ့ရဲ့ တစ်ဦးတည်းသော သမီး မဟုတ်လား။
                   ညို့ကို မွေးဖွားစဉ်ကတော့ ဖေဖေ့အတွက် သားယောက်ျားလေး မဟုတ်သောကြောင့် မေမေက ဖေဖေ့ကို အားနာနေခဲ့သေးသည်တဲ့။ ဖခင်တို့ထုံးစံ သားဦးမှာ လောက်လောက်လားလား သားယောက်ျားလေးကိုသာ အရူးအမူး လိုချင်တမ်းတတတ်ကြသည်ဖြစ်ရာ ဖေဖေလည်း မေမေ့ကိုယ်ဝန်နှင့်ပတ်သက်ကာ သားရူး ရူးခဲ့ဖူးသည်ပင်။
                   ဒါပေမယ့် ဖြူဖွေးဝကစ်နေကာ အငိုအရယ်နည်းပါးသော ညိုကလေးက ခြေလက်တွေမြှောက်၊ ကန်ကျောက်တွန်းထိုး၊ လွန့်လူးရုန်းကန်နေချိန်မှာတော့ ဖေဖေ အရည်ပျော်ခဲ့ရသည်။ စကောဝိုင်းထဲမှ ညိုကလေးကို ချော့မြူကျီစယ်ရင်း ဖေဖေပါ စကောတစ်ပတ်လည်အောင် ပတ်ချာလှည့်နေတတ်ခဲ့သည်တဲ့။
အိမ်ကပ်လေ့မရှိသော ဖေဖေက ညို့ကိုမွေးပြီး နောက်ပိုင်းမှာတော့ အိမ်နေမမြဲသေးသည့်တိုင် အလျှင်ကထက် အိမ်ကို ပို၍ တွယ်တာလာတတ်သည်ဟု ဘွားဘွားက ပြောဖူးသည်။
“ဘယ်လောက်ပဲ မောလာလာ။ အပြင်က ပြန်ရောက်ရင် သူ့သမီးကိုပဲ တကြော်ကြော်ခေါ်ပြီး အိမ်ပေါ်တက်လာတာပဲ။ ကလေးအိပ်ပျော်နေလည်း အတင်း နမ်းရှုပ်၊ စကားနားမလည်တတ်သေးတဲ့ကလေးကို တီတီတာတာ စကားတွေ ပြော…။ တကယ်ရူးတဲ့ကောင်”
“ဖေဖေက မရူးပါဘူး ဘွားရယ်။ သမီးကို ချစ်လို့ပါ”
ညိုတစ်ယောက် ဖေဖေ့ဘက်က ခုခံကာကွယ်ပြောနေပုံကို ဘွားဘွားက ကျေနပ်ပြုံးတစ်ဝက်နှင့် မျက်စောင်းထိုးနေပြန်တော့သည်။
“ညည်းအဖေကို ညည်းပဲ ကာကွယ်ပါနော်။ ဟွန်း.. သူ့အဖေဆိုရင် အထိကို မခံဘူး”
ညိုကတော့ ဘွားဘွား ဘာပြောပြော ဖေဖေ့ကို ကာကွယ်မြဲပဲ။ တစ်သက်လုံးလည်း ဖေဖေ့အတွက် ကာကွယ်သွားရမှာပဲဟု စိတ်မှာ ဆုံးဖြတ်ပြီးဖြစ်လေသည်။
“ဖေဖေ့အတွက် တကယ် ကာကွယ်ပေးချင်ရင် သမီး ပညာတတ်အောင်သင်။ ပညာတတ်ရင် ဖေဖေတစ်ယောက်တည်း ကိုမှ မဟုတ်ဘူး။ သမီးရဲ့ ပတ်ဝန်းကျင်က လူတိုင်းကို သမီး ကာကွယ်နိုင်စွမ်းရှိလာမယ်”
ဖေဖေ့ဆိုလိုရင်းကို အဲသည်စဉ်တုန်းက ညို.. သိပ်တော့ နားမလည်နိုင်ခဲ့သေး။ ဒါပေမယ့် ဖေဖေက ညို့ကို ပညာတတ်စေချင်သည် ဆိုလျှင် ညို ပညာတတ်ကြီး ဖြစ်အောင် ကြိုးစားမည်ဟု စိတ်မှာ စွဲမှတ်ပြီး ဖြစ်နေတော့ပြီ။ တကယ်တမ်းမှာလည်း ညိုက ပညာကို စိတ်ဝင်စားသော၊ တတ်မက်လိုချင်သော စိတ်အခံ ရှိနှင့်ပြီးသားပင်။
ညို့အား ရှစ်တန်းအောင်စာရင်းထွက်ပြီးမှ ကွန်ပြူတာ အခြေခံသင်တန်းတက်ခွင့်ပေးသော မေမေ့ကို ဖေဖေက အားမရနိုင်ခဲ့ပေ။
“သမီးကို အင်တာနက် သုံးတတ်အောင် သင်ပေးပါ။ သူ သုံးပါစေ”
ဘွားဘွားနှင့် မေမေက သဘော မတူချင်ပြန်။
“သမီးအသက် ငယ်လွန်းသေးတယ်”
မေမေ့စကားကို ဘွားဘွားက အပြည့်အ၀ ထောက်ခံလေသည်။
“အင်တာနက်က အတတ်ကောင်းတွေ ကလေး… တတ်လာပါ့မယ် ဟယ်”
ဟုလည်း ပူပန်ရင်ဖိနေပြန်သည်။ ဖေဖေက….မေမေ့အား…
“ကိုယ်.. သမီးနဲ့ စကားပြောချင်တယ်။ သမီး အင်တာနက် သုံးတတ်မှ ဖြစ်မယ်”
ပြောလေမှ ညိုတစ်ယောက် အွန်လိုင်းပေါ် ရောက်ရတော့တာ ဖြစ်လေသည်။ Gtalk box ကလေးပွင့်လာတာနှင့် တပြိုင်နက် ဖေဖေ့ အကောင့်မီးကလေး စိမ်းနေတာတွေ့လျှင် ညိုပျော်သည်။ အားတက် ကျေနပ်သည်။  ဖေဖေ့အကောင့်ကလေးကလည်း အခါများစွာ စိမ်းနေတတ်တာပင် ဖြစ်ပါသည်။ ဖေဖေ့ အကောင့်မက်ဆေ့ခ်ျက…
“နေသာနေ့ အဲဒီအချိန်
ကောင်းကင်တိမ် ကြည်ပြာလဲ့
ငှက်သံနွဲ့တေးသီကျူး
ပန်းဖူးဖွင့် လန်းလှိုင်ဝေ
လေပြေသွေး မွှေးအေးမြ
တစ်ပုဒ်တေးလှ သံစဉ်ချိုမှ
တို့ကွန်းကန်သာ ချမ်းငြိမ်းဖြာလိမ့်
နေသာနေ့ အဲဒီအချိန်…။”
…တဲ့။ ညိုတို့၏ ဘ၀နေသာချိန်နေ့ရက်များကို မျှော်မောစိတ်စောနေသော ညိုကလည်း…
“မင်္ဂလာပါဖေဖေ။ ဖေဖေ နေကောင်းလား”
                   ဖေဖေ မေးလေသမျှ မေမေနှင့် ဘွားဘွားတို့ အကြောင်း၊ တခြားထွေထွေရာရာလေးတွေကို ဖေဖေ့အားပြန်ပြောပြရင်း ညို့အတွေ့အကြုံ၊ ညို့ခံစားချက်ကလေးတွေကိုပါ ဖေဖေ မြင်တွေ့နားလည်နိုင်မည်ပင်။ ဖေဖေ ညွှန်သော လင့်ခ်တွေဆီ သွားရသေးသည်။ ဆောင်းပါးတွေဖတ်လာကာ ဖေဖေနှင့် ပြန်ဆွေးနွေးရသည်။
“ဖေဖေ့စာအုပ်စင်ပေါ်က ဘယ်စာအုပ်တွေ သမီးဖတ်ပြီး ပြီလဲ”
“ဟီး.. တစ်အုပ်မှ ဖတ်ဖူးသေးဘူး”
“ဖုန်တွေ ထုတက်နေရောပေါ့”
“မေမေ ပုံမှန် ရှင်းပေးထားပါတယ် ဖေဖေရဲ့။ တစ်ခါတစ်လေ သမီလည်း ၀ိုင်းကူပေးပါတယ်”
“ဖေဖေ ဆန္ဒကတော့ ဖေဖေ့စာအုပ်စင်ကို သမီးပဲ တာဝန်ယူစေချင်တယ်။ သမီးလည်း အပမ်းမကြီးဘူးဆိုရင်ပေါ့”
                   ညို.. ငြင်းဆန်ရက်ပါ့မလား ဖေဖေ။ ပြီး.. ဖေဖေ့စာအုပ်စင်ကို ညိုလည်း စိတ်ဝင်စားစ ပြုနေခဲ့ပါပြီ။ ဒီစာအုပ်ကလေးတွေဟာ ဖေဖေ ဖတ်ရှုခဲ့တဲ့၊ ဖေဖေ့ဘ၀ကို လမ်းပြထုဆစ်ပေးခဲ့တဲ့ အရာတွေပဲ မဟုတ်လား။ ဖေဖေ မြတ်နိုးမဆုံးသော စာအုပ်တွေထဲမှာ  ဖေဖေ့ရဲ့ပုံရိပ်တစ်ချို့ကို ခန့်မှန်းပုံဖော်ရတာဟာ  နှစ်ခြိုက်မွေ့လျော်စရာ အလုပ်တစ်ခုအဖြစ် ညို ပျော်ပိုက်နေခဲ့ပြီ။
“ညို အမှတ်က ငါးရာကျော်ရုံပါ ဖေဖေရယ်။ ဘွားဘွားက သူ အသက်ကြီးပြီတဲ့။ ဆရာဝန် လုပ်ပါတဲ့”
“ဖေဖေကတော့ သမီး သဘောပါ။ ကိုယ်စိတ်ဝင်စားတာ ကိုယ်လုပ်။ ဖြစ်ထွန်းအောင်တော့လုပ်…”
“ညို.. ဥပဒေပဲ လျှောက်မှာ”
“so good !း) “
                   တစ်ပြည်ရပ်ခြား ဝေးလှမ်းနေငြားလည်း ဖေဖေ့ကို သမီးကြည့်မြင်နိုင်တယ်ဆိုတာ ဖေဖေ ယုံပြီ မဟုတ်လား။ ဒါပေမယ့် ညိုက ဖေဖေ့အကြိုက်ကို လိုက်လုပ်ပြရုံသက်သက်အတွက်တော့ ဒီလောက် အချိန်ယူပြီး ရင်းနှီးပေးဆပ်မည့်သူ မဟုတ်ပါဘူးနော်။ ညို.. တကယ် ယုံကြည်ရဲခဲ့လို့သာ။
“ပြီးတော့ ညို..reportor လုပ်ဖို့ သတင်းဂျာနယ်တိုက် နှစ်ခုမှာ လျှောက်ထားတယ်။ မေမေနဲ့ ဘွားဘွားက ထုံးစံအတိုင်းပေါ့။ ကာဆီး.. ကာဆီး လုပ်နေကြတယ်။ မေမေ့ကို ဖေဖေ ပြောပေးဦး”
“OK…”
“ပြီးတော့လေ… ဖေဖေ မရယ်ရဘူးနော်။ ညို့ကလောင်နာမည်ကိုလေ ‘ မျှို့’ လို့ပေးချင်တယ်”
“အဓိပ္ပါယ်က…”
“အောင်မြင်ခြင်း လေ ဖေဖေရဲ့”
“သိပ်ကောင်းတဲ့ အဓိပ္ပါယ်ပဲ။ သတင်းလောကမှာ မျှို့ အောင်မြင်ပါစေး)”
“ဖေဖေ ပေးတဲ့ဆုနဲ့ ပြည့်ဝအောင် မျှို့ ကြိုးစားပြမယ်”
“မျှို့ က ဖေဖေ မျှော်လင့်ထားတဲ့ သမီးလေးပဲ။ ကွက်တိပဲ”
                    မေမေကတော့…
“ညည်းအဖေကတော့လေ။ အရူး ဘုံမြှောက်”
                   ငြိုငြင်စကားတွေ ဆိုနေဆဲဖြစ်သော်လည်း ဖေဖေခွင့်ပြုလျှင် လိုက်လျောမည့်သူဖြစ်သည်ဆိုတာ ညို့ အတွေ့အကြုံအရ သိနေပါပြီ။ ညို့ကို မွေးဖွားပြီးစ အချိန်ကတောင်…
“ကိုယ့်အတွက် နောက်တစ်ခါကျရင် သားလေးတစ်ယောက် မွေးပေးမယ် သိလား”
                   သားယောက်ျားရူး ချဉ်ခြင်းမပြေသော ဖေဖေ့ကို နှစ်သိမ့်လျှက် ဖေဖေ့အလိုကို ဦးစားပေး ဖြည့်ဆည်းပေးချင်ခဲ့သေးတာ ဖြစ်သည် မဟုတ်လား။ ဖေဖေကတော့ မျက်နှာပေါ်က ကျေနပ်ကြည်နူးပြုံးတွေကို လက်စမသိမ်းနိုင်သေးပဲ…
“အင်း.. မွေးပါဦး မိန်းမရယ်။ ဒါမှ သမီလည်း အဖော်ရမှာပေါ့။ မဟုတ်ရင် တို့သမီး တစ်ယောက်တည်း ပျင်းနေမှာကွ”
                   ပြောပြီး သူ့စကား သူ သဘောကျကာ တဟားဟားရယ်မောနေခဲ့သေးသည်တဲ့။
                   ဖေဖေဟာ အမေတစ်ခု၊ သားတစ်ခုဘ၀ဖြင့် ကာလရှည်ကြာ အထီးကျန်စွာ ကြီးပြင်းလူလားမြောက်ခဲ့ရသူ ဖြစ်ပါသည်။
“သားတွေ၊ သမီးတွေ အများကြီး မွေးမယ်ကွာ။ သိုက်သိုက်ဝန်းဝန်း၊ မြိုင်မြိုင်ဆိုင်ဆိုင် ပျော်စရာ ကောင်းလိုက်မယ့် ဖြစ်ခြင်း…”
                   မိသားစုဘ၀ကို ခုံမင်သော၊ တပ်မက်တွယ်တာလွန်းသော ဖေဖေသည် မောင်လေးကို မမွေးဖွားမီမှာပင် သူ ချစ်မက်တွယ်တာသော မိသားစုနှင့် ချစ်သူ၊ ခင်သူ အားလုံးကို ထားရစ်ကာ မပျော်သော်လည်း တော်ရာ အရပ်သို့ ဝေးလွင့်ထွက်ခွာခဲ့ရတော့တာဖြစ်သည် ။ ခုနေ မောင်လေးရှိနေသေးလျှင်တော့ ဖေဖေ့ရဲ့ ယုံကြည်ချက်တွေအကြောင်း၊ အမှန်တရားကို ချစ်မြတ်နိုးကာ သစ္စာစောင့်သိတတ်ခဲ့ပုံများ အကြောင်းကို မောင်လေးနားလည်အောင် ဖေဖေ့ကိုယ်စား ရှင်းပြချင်ပါသေးသည်။ ဒါပေမယ့် ဖေဖေ ဖြူသလား၊ မြည်းသလား မမြင်ဖူး၊ မချစ်ကြင်လိုက်ရပဲ မောင်လေးတစ်ယောက် လူ့လောကထဲက ထွက်ခွာသွားခဲ့သည်မှာ သူကလေး လသားအရွယ်ကတည်းက ဖြစ်သည်။ သောကဒုက္ခ ဟူသမျှ ရင်စီးခံကာ တစ်ချက်ကလေး မညည်းငြူတတ်ခဲ့သော မေမေသည် ချက်ချင်း ညှိုးခြုံးကျသွားတော့သည်မှာ ယနေ့အချိန်ထိတိုင်ပင်။ ဒါပေမယ့် မေမေ့မှာလည်း မျှော်လင့်ချက်တွေ ရှိပါသေးသည်။ ဒါကြောင့်မို့သာ ဒီနေ့၊ ဒီအချိန်ထိ မေမေ အသက်ရှင်ရပ်တည်နေနိုင်သေးတာ မဟုတ်လား။ မျှော်လင့်ချက်တွေသာ သေဆုံးလျှင် ဘ၀လည်း သေမည်ပင်။ မေမေက သမီး၏ အနာဂါတ်အတွက် မျှော်လင့်သည်။ ဖေဖေ့၏ အိမ်အပြန်နေ့ရက်တွေ အတွက်လည်း မ၀ံ့တ၀ံ့ ရင်ခုန်စွာ မျှော်လင့်ချက် ရေးရေးပြပြတော့ ယနေ့တိုင်ရှိနေဆဲပါပင်။
ခုတော့ အငြိုးအမုန်းတို့ သင်ပုန်းခြေရန် အချိန်တန်ခဲ့ပြီ ထင်ပါသည်။ ဖေဖေပြန်လာဖို့ အချိန်သင့်ပြီလား။
“ဖေဖေ ပြန်လာခဲ့တော့လေ”
“ဖေဖေ ပြန်လာချင်တာပေါ့ သမီးလေးရယ်။ ဒါပေမယ့်…”
“ဒါပေမယ့် ဘာဖြစ်လဲ”
                   ဖေဖေက တစ်ဘက်မှာ ငြိမ်သက်နေပြန်ကာ ခဏကြာလေမှ…
“သမီး ဘွားဘွား ဘာပြောသေးလဲ”
                   ဘွားဘွား၏ ပြောစကားများကို ဖေဖေ့အား အတိအကျ ပြန်မပြောချင်ပါ။ ဘွားဘွား၏ ဘ၀အတွေ့အကြုံ၊ လောကဓာဏ်အမျိုးမျိုးက သံသယကျွန်းမှာ မွန်းနစ်နေတတ်အောင်  သူမကို သင်ကြားပေးခဲ့ပြီးဖြစ်လေသည်။ ယုံကြည်ခြင်း ဆိုသော စကားလုံးကို ဘွားဘွားတစ်ယောက် စာလုံးပေါင်းမေ့နေခဲ့ပြီ။
“ ဘွား အသက် ကြီးလှပြီ။ နေ့သေမလား၊ ညသေမလား အခြေအနေမှာ ဒီသား၊ ဒီသမီး၊ ဒီမြေးတွေနဲ့ သိုက်သိုက်ဝန်းဝန်း သေချင်တာပေါ့ကွယ်။ ဒါပေမယ့် ကိုယ့်သားကလေး အနားမှာ ထားပြီး တထိတ်ထိတ်တွေးပူနေရတာထက်စာရင်  ဝေးနေရတဟာ… စိတ်မချမ်းသာပေမယ့် အပူတော့ လျော့သေးတယ် မဟုတ်လား”
                   မေမေလည်း တိတ်တိတ်မျှော်ရှာမည်ပင်။ သို့ပေမယ့် စိုးရွံ့စိတ်ငယ်မှုသောကတွေ ပွေလီဖိစီးလျှက်မို့ မလူးသာ၊ မလွန့်သာ ခံစားရခက်ခဲရှာမည်ထင်၏။ ဖေဖေကတော့…
                   အခါများစွာက ထုံးစံအတိုင်း အင်တာနက် ကွန်နက်ရှင် နှေးကွေးလေးအီကာ မက်ဆေ့ခ်ျ ရောက်မလာနိုင်ပြန်ဘူး ထင်သည်။ ညိုတို့ သားအဖ၏ မီးအစိမ်းကလေးတွေ မှေးမှိန် ဖြူလျော်သွားကြပြန်ပြီ။
                   နောက်တစ်နေ့ လိုင်းပေါ်ပြန်အရောက် မေးလ်ဘောက်စ်ကို အလောတကြီး ဖွင့်စစ်မိလေလျှင်တော့ ဖေဖေ့ မက်ဆေ့ခ်ျကလေးက အားလျော့ ညှိုးငယ်စွာ စောင့်ကြိုနေနှင့်ပါသည်။
“သမီးတို့ဆီပြန်လာဖို့ ဖေဖေ အချိန်ပြည့် မျှော်လင့်နေတယ်။ တစ်နေ့နေ့… ကံအခွင့်ပေးတဲ့နေ့ပေါ့ သမီးလေးရယ်။ တကယ်တမ်းမှာလည်း အဲဒီနေ့က တို့အားလုံးအတွက် မဝေးတော့ဘူး မဟုတ်လား”


                                                                                                သတိုး
                  



         

3 comments:

  1. ဟုတ်ပါတယ်။ တစ်နေ့နေ့ပေါ့။ တစ်စတစ်နဲ့တော့ နီးလာပါပြီ။ သူတို့မိသားစုလေးတွေ ဘေးမသီဘဲ ပြန်လည်ပျော်ရွှင်စွာ ပေါင်းစည်းနိုင်ကြပါစေ။


    ခင်မင်လျှက်

    ReplyDelete
  2. ဝေးကွာနေရတဲ့ မိသားစုတွေအတွက် ပျော်ရွှင်စရာနေ့ရက်တွေ အမြန်ရှိစေချင်ပါတယ်။ ဘယ်သူမှ မိသားစုနဲ့ ခွဲခွာနေချင်ကြမှာ မဟုတ်ပါဘူး။ မိသားစုဆိုမှ တစ်စုထဲ၊ တစ်ပေါင်းထဲ ရှိနေတာ အကောင်းဆုံးပဲပေါ့။ ပေးချင်တဲ့ ရသလေးကို အမိအရ ရလိုက်ပါတယ် ကိုသတိုးရေ...။

    ReplyDelete
  3. ပြန်ချင်သူနဲ့ မျှော်နေသူနဲ့ ကြားမှာ ဘယ်အရာကများ တားဆီးနေပါလိမ့် သတိုးရယ် ... မေတ္တာ ၊ သစ္စာတို့ ပွင့်လင်းချိန်မှာ တခါးတွေ လည်း ဖွင့်လို့ ... အလင်းတွေလည်း ပွင့်လို့ ... မြန်မာပြည်ကြီးလည်း ရှင်းသန့်လို့ ... ဖြစ်စေချင်လှပါပြီ ။ ... ၀တ္ထုလေးက အသိဖွင့်ခဲ့ပါတယ် ...

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။