Friday, September 16, 2011

စီးတဲ့ ရေ

                      သားတို့အဖေနှင့် အိမ်ထောင်ကျစကာလက ကျွန်မတို့စုံတွဲကို ဖေဖေ့ညီမ အပျိုကြီးတွေက မျက်စေ့ စပါးမွေးစူးခဲ့ကြသည်တဲ့။ ကွယ်ရာမှာ မဲ့ရွဲ့ရှုံချခဲ့သည်သာမက ရှေ့တွင်လည်း ပြောင်ပြောင်တင်းတင်းပင် ပြစ်တင်ဝေဖန်ခဲ့သေးတာ မှတ်မှတ်ရရ ရှိနေသေးသည်။

“ညည်းတို့ကိုယ် ညည်းတို့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ မှတ်နေလား”
“ နွယ်တို့က ဘာဖြစ်နေလို့လဲ”
“ယောက်ျားသွားလေရာ ညည်းက တတန်းတန်းလိုက်နေစရာလား။ ဟိုနားလည်း တတွဲတွဲ၊ ဒီနားလည်း ပူးကပ်ကပ်..။ ဟွန်း ပြောလိုက်ချင်ဘူး”

                        ဒေါ်လေးအကြီး၏ စကားကြောင့် ကျွန်မ ဖြန်းခနဲ အရှက်အိုးကွဲသွားတော့မတတ် ရှိရဆဲ ဒေါ်လေးအငယ်က…

“ ဒီလောက် ဖြစ်နေကြရင်လည်း နှစ်ယောက်ကြိုးနဲ့ ပူးချည်ထားကြ”

                        …ဟု အငေါ်တူးလေသည်။

                        သားတို့အဖေနားသို့ ထိုစကားတွေ ပြန်ပြောပြသောအခါ…

“နွယ့် ဒေါ်လေးတို့က အပျိုကြီးတွေဆိုတော့ ရိုးတာကိုး”

                        ဟု နားလည်စွာ ဆိုခဲ့ရှာသည်။ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်သား တော်တန်ရုံ ပွဲလမ်းများမှလွဲလျှင် (အထူးသဖြင့် ဒေါ်လေးတို့ရှေ့မှာ) နှစ်ယောက်တွဲ ပွန်းတီးနီးကပ်သောအခြေအနေကို သတိထား ရှောင်ကြရပါသည်။ သို့ပေမယ့် ဒေါ်လေးတို့၏ အပြောကတော့ လုံးဝ လွတ်မြောက်ခဲ့ရသည် မဟုတ်ပါ။ သူတို့က ကျွန်မတို့၏ မင်္ဂလာ ကိစ္စမှာကတည်းက အမြင်မကြည်လင်ခဲ့ကြသူတွေ မဟုတ်လား။

                        ကျွန်မတို့၏ မင်္ဂလာဧည့်ခံပွဲကို မြို့လယ်ရှိ ‘န၀ရတ်’ ခန်းမမှာ ကျင်းပခဲ့တာ ဖြစ်ပါသည်။ ထိုစဉ်က ကျွန်မတို့မြို့တွင် န၀ရတ်ခန်းမက ခေတ်စားနေချိန် ဖြစ်ပါသည်။ ၀ါကျွတ်သည်နှင့် နေ့ကောင်းရက်သာ အားလုံးမှာ ဘွတ်ကင်တွေပြည့်နေနှင့်ပြီ။ သည်ခန်းမမှာ မင်္ဂလာပွဲနွှဲရပါမည့်အရေးအတွက် ကျွန်မတို့ နှစ်ဦးသား အချိန် အကြာကြီး ကြိုတင်တိုင်ပင်ပြင်ဆင်ကာ မရအရ ရက်ချိတ်နိုင်ခဲ့တာ ဖြစ်ပါသည်။ ဤမျှ အပင်ပမ်းခံကာ ၀ီရိယစိုက်ထုတ်ခဲ့ရသည်နှင့် မတန်အောင်ပင် ဒေါ်လေးတို့ပြောပုံကြောင့် ကျွန်မတို့နှစ်ယောက် ကသိကအောင့် ဖြစ်ကြရပါသည်။

“ညည်းတို့ဟာကလည်း လူလည်ကောင်ကြီးမှာ မရှက်မကြောက်…”
‘တစ်သက်မှာ တစ်မင်္ဂလာပဲဆောင်တာပါ ဒေါ်လေးတို့ရယ်။ ဘာကို ရှက်စရာလိုလို့လဲ”

                        ကျွန်မ၏ လေသံက အနည်းငယ်တော့ စူးစူးစွာစွာ ဖြစ်နေခဲ့မည် ထင်သည်။ ဒေါ်လေးတို့နှင့် ခုမှ တွေ့သိရသော ခင်ပွန်းလောင်း၏ မျက်နှာကိုလည်း ခိုးကြည့် အကဲခပ်ရသေးသည်။ နှစ်ဘက်မိဘ၊ လူကြီးစုံရာရှေ့မှာ စေ့စပ်ကြောင်းလမ်းပြီးဖြစ်သော်လည်း  ကျွန်မက သူ့အား အိမ်လည်မခေါ်ဝံ့ခဲ့။ သူကလည်း အကြောင်းကိစ္စထူးမရှိပဲ ၀င်ထွက်လည်ပတ်ရန် ခပ်အန်းအန်းဖြစ်နေသေးသည်ဟုဆိုကာ အ၀င်အထွက် မရှိသလောက်မို့ ကျွန်မတို့မိသားစုနှင့်  စိမ်းသစ်နေသေးသည်။ ဒေါ်လေးတို့အကြောင်းကို ကျွန်မထံမှသိရသလောက်နှင့်ပင် သူက အနည်းငယ်တော့ လန့်ရှိန်နေ၏။

‘ခုခေတ် မိန်းကလေးတွေများ တကယ် မလွယ်ဘူး”

                        တစ်ယောက်က စလိုက်ရုံရှိသေးသည်။ နောက်တစ်ယောက်က သံတူကြောင်းကွဲစကားတွေနှင့် တက်ညီလက်ညီ ထောက်ခံလိုက်လျှက်….`

“ဟုတ်ပတော်။ ကျုပ်တို့ငယ်တုန်းကဖြင့် သတို့သမီးဆို မြင်ဖူးချင်လို့ ဟို ထရံပေါက်၊ ဒီ ထရံပေါက်တွေကနေ ချောင်းလိုက်၊ မြောင်းလိုက်ရတာ ဆိုတာ…။ ခုတော့ဖြင့် သတို့သမီးကို သွားတဖြဲဖြဲနဲ့ မမြင်ချင်မှ အဆုံး။ လူလည်ကောင်ထွက် ဧည့်ခံနေတာလေ”

                        ကျွန်မတို့ နှစ်ဦးသားခမျာ ဘာပြန်ပြောရမှန်းကို မသိတတ်နိုင်ခဲ့။ ရက်ပိုင်းအတွင်း ဧည့်ခံပွဲကျင်းပတော့မည့် သတို့သား၊ သတို့သမီးလောင်းတွေရှေ့မှာ ပြောနေသောစကားတွေက ဘယ်လိုကြီးတွေမှန်းကိုမသိ။ ကိုယ်တွေ၏ ဧည့်ခံပွဲမှာ ကိုယ်တိုင်ဧည့်ခံတာဟာ အရှက်နည်းတာဟု အဓိပ္ပါယ်ရောက်နေတော့ပြီ။

“ဒေါ်လေးတို့ ခေတ်နဲ့တော့ တူမလား ဒေါ်လေးရယ်”

                        အောက်ကလိအာရင်း သတို့သားလောင်းကို အသာလက်ကုတ်ကာ နောက်ဆုတ်ခဲ့ရသည်။ သူကတော့ အမှုမထားစွာ ရယ်မောနေနိုင်သေးသည်မို့ တော်တော့သည်။

                        ကျွန်မတို့ငယ်စဉ်က မေမေ့ ညီမ၀မ်းကွဲတစ်ယောက်၏ မင်္ဂလာဆောင်ကို မှတ်မှတ်ရရရှိနေသေးသည်မို့ သူ့ကို ပြန်ပြောပြရသေးသည်။ သတို့သား သတို့သမီးများက တစ်ရပ်ကွက်တည်းသားချင်းတွေ ဖြစ်သည်။ လမ်း တစ်လမ်းသာခြားသည်မို့ အိမ်ချင်းကလည်း မဝေးလှ။ ဟိုဘက်၊ ဒီဘက် နှစ်အိမ်စလုံးမှ လော်စပီကာတွေ အုန်းပင်ထိပ်ဖျားတင်ကာ အပြိုင်ဖွင့်နေခဲ့ကြရာ တစ်ရပ်ကွက်လုံးမှာ အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ ဆိုသောအသံတွေ ညံစာနေတော့ကာ ကိုယ့်အိမ်တွင်းမှာပင် စကားစမြည် ကောင်းကောင်းဆိုမရ။ ဒါပေမယ့် ဘယ်သူမှ စိတ်အနှောင့် အယှက် မဖြစ်ခဲ့ကြဘူး ထင်ပါသည်။ ညနေရီမှာ ၀တ်ကောင်းစားလှတွေ ပြိုးပြက်လျှက် ဟိုဘက်အိမ်၊ သည်ဘက်အိမ် သွားချည်ပြန်ချည်ကူးလူးကာ တစ်ရပ်ကွက်လုံး ပြုံးပျော်နေခဲ့ကြသည်ပင်။

                        ထိုစဉ်ကတည်းက ကျွန်မတို့ ကလေးငယ်တွေက ဘ၀င်မကျနိုင်ခဲ့ကြပေ။ မင်္ဂလာဆောင် တစ်ခုမှာ အဓိက ဇာတ်လိုက်ဖြစ်သော သတို့သားနှင့် သတို့သမီးကို လူတိုင်း စိတ်ဝင်စားကြပါသည်။ တစ်သက်လုံးက မြင်တွေ့ရင်းနှီးဖူးပြီးသားလူတွေဖြစ်သော်လည်း သည်အချိန်မှာတော့ တစ်မျိုးထူးခြားနေလေမလားဟု စိတ်ဝင်တစားရှိကြသည်။  အထူးသဖြင့် သတို့သမီးကို ပိုလို့ စိတ်ဝင်စားကြသည်။ ဆံထုံးကလေးက ဘယ်လိုထုံးဖွဲ့ထားမှာလဲ။ မိတ်ကပ်ဖွေးဖွေးနှင့် ဘယ်လောက် လှပနေမှာလည်း။ ပုဝါကလေးကို စွယ်စုံချထားမှာလား။ ပခုံးတစ်ဖက်မှာ ပန်းပွင့်ကလေးဖော်ကာ ချထားလျှင်လည်း လှမည်ပင်။ ၀တ်စုံကရော ဘာအရောင်လေးလဲ။

                          ကျွန်မတို့ရောက်နေသော မင်္ဂလာဆောင်အိမ်က မိန်းကလေး၏ အိမ်ဖြစ်သည်။ ဧည့်ခံပွဲမှာ စိတ်ဝင်စားစရာ သတို့သမီးကိုမူ မမြင်တွေ့ရ။ ယောက်ျားလေးဘက်ကို ရောက်လျှင်တော့ သတို့သားရော၊ သတို့သမီးကိုပါ မြင်ရမည်ဟု ထင်ခဲ့သည်။ ဒါပေမယ့် ဟိုဘက်အိမ်မှာလည်း သတို့သားတစ်ယောက်တည်း ငေါင်းစင်းစင်းကြီး ဧည့်ခံနေပါသည်။

“မေမေ…။ ဒေါ်လေးက ဘယ်အိမ်မှာလဲ”
“သူ့အိမ်မှာပေါ့”

                        သတို့သား သတို့သမီး တစ်နေရာတည်းမှာ ဧည့်ခံခွင့်က ခိုးရာလိုက်ပြေးသော စုံတွဲတွေမှာသာ ရှိကြတာဖြစ်သည်။ တစ်နေရာတည်း ၊တစ်အိမ်တည်းမှာ(ယောက်ျားလေးရှင်၏ နေအိမ်) ဆိုသော်လည်း နှစ်ကိုယ်ယှဉ်တွဲ ဧည့်ခံခွင့်တော့ မရကြရှာပါ။ သတို့သားကသာ ဧည့်သည်တွေကြားမှာ တလွှားလွှားနှင့် ဧည့်ခံနိုင်တာဖြစ်ပါသည်။ သတို့သမီးကိုတော့ ဧည့်သည်စုံအောင် တွေမြင်ခွင့် မရနိုင်ကြပေ။ ခမျာ အခန်းတစ်ခုထဲမှာ ရံရွေတော်များ ခြံရံခစားလျှက် အလှကြည့်ခံနေရသည်။ ‘အပ်ဆောင်’  ဟု ကျွန်မတို့ အရပ်က ခေါ်ကြပါသည်။ မိန်းကလေး၏ အိမ်သို့ လူကြီးစုံရာဖြင့် ထိုအချိန်ကျမှ ပြန်အပ်ကြရသည်ပေါ့။ ဒါပေမယ့် တောင်းရမ်းလက်ထပ်ယူကြသူတွေထက်တော့ ဂုဏ်ငယ်သည်ဟု အများက သတ်မှတ်ကြပါသည်။

                         ယခု မင်္ဂလာဆောင်ကတော့ နှစ်ဖက်မိဘတွေ ကျေနပ်ကြည်ဖြူစွာ ကြောင်းလမ်းကာ တောင်းရမ်းယူသောပွဲပေမို့ သတို့သမီးက သူ့အိမ်မှာပဲ ရှိနေရသည်။ ယောက်ျားလေးဖက်မှ ခန်းဝင်ပစ္စည်း အပြည့်အစုံဖြင့် သွားရောက် တောင်းရမ်းလျှက် မင်္ဂလာဆောင်နှင်းရမှာ ဖြစ်သည်တဲ့။

                          သတို့သမီးအိမ်သို့ ပြန်ပြေးကာ ကမန်းကတန်း ရှာပုံတော်ဖွင့်လေမှ မှောင်မှောင်၊ လှောင်လှာင် အခန်းကျည်းလေးထဲမှာ ကျွန်မတို့၏ ဒေါ်လေးကို  ရှာတွေ့ခဲ့သည်။ သို့သော် ဒေါ်လေးအား မမြင်ရ။  အမျိုးသမီး အရွယ်စုံက သူမကို ၀ိုင်းရံကွယ်ကာထားလိုက်သေးသည်။ အိုး… ဒီလိုမျိုးဖြင့် ကျွန်မတော့ စိတ်အိုက်တာနှင့် သေမှာပဲ။ အခန်းက လေလည်း အလုံအလောက်မရ။ လူတွေက နံဘေးမှာ ၀ိုင်းလို့ အုံလို့။ ကိုယ်ပေါ်မှာလည်း ၀တ်ဆင်နေမကျသော ၀တ်ကောင်းစားလှတွေနှင့် ။ ပြင်ဆင်ခြယ်သလို့လည်း ထားသေးတာ မဟုတ်လား။ ကျွန်မ၏ ဒေါ်လေးတစ်ယောက် အသက်ရှူလို့မှ ၀ပါသေးရဲ့လားမသိ။ သတို့သားရယ်… မြန်မြန်လာခေါ်ပါတော့။

                        ဘယ်လောက်များ အဖြစ်သည်းကြသလဲဟု ကျွန်မက အရွယ်နှင့်မမျှ တွေးမိခဲ့သေးတာဖြစ်သည်။ သတို့သားဘက်က ဆွေမျိုးမိဘတွေက ရောက်လာပြီး ပြောကြဆိုကြ၊  သတို့သမီးဘက်က ကြိုဆိုနေရာချထားကြ။ သတို့သားခမျာ သူ၏ သတို့သမီးကို မသိမသာ ရှာဖွေစ ပြုပြီ။ သို့ပေမယ့် ဘိတ်သိတ်ဆရာက စာသံပေသံနှင့် ခေါ်မထုတ်မချင်း သူကောင်းသားကလေးခမျာ  လူပုံအလည်မှာ ငေါင်းစင်းစင်း။ သတို့သမီး အခန်းထဲမှ ထွက်လာတော့လည်း ချက်ချင်းလှမ်းကြည့်လို့ မမြင်နိုင်ပါ။ အခန်းထဲမှာ စောင့်ကြပ်ဝန်းရံနေကြကုန်သော အမျိုးသမီးကြီးငယ်တို့က တွဲကူဝိုင်းရံထားသေးသည်မှာ သတို့သမီးသည်ပင် သူ့လမ်းသူ မမြင်နိုင်။ မင်္ဂလာခန်းမအတွင်း စောင့်စားငံလင့်နေကြသော ပရိတ်သတ်ကလည်း လည်တိုင်တွေကို ဆွဲဆန့်ကာ မျှော်နေလိုက်ကြသည်မှာ ညွတ်သီးနေတော့သည်။ သတို့သား၏ နံဘေးမှာ ယှဉ်တွဲထိုင်ချလိုက်ရသည့်တိုင် သူမ ခေါင်းမဖော်ရဲသေး။ သို့ပေမယ့် ဧည့်ခံပွဲကာလတစ်လျှောက်လုံး အခန်းကျဉ်းထဲမှာ မွန်းကျပ်ပိတ်လှောင်ခံထားရသည်နှင့် စာလျှင်တော့ အများကြီး သက်တောင့်သက်သာ ရှိမည်ထင်ပါသည်။ ဒေါ်လေးလို သတို့သမီးမျိုးတော့ မဖြစ်ချင်ဘူးဟု ထိုစဉ်ကတည်းက ကျွန်မစိတ်မှာ စွဲနေခဲ့သည်။

                        တကယ်တမ်း ကျွန်မ၏ မင်္ဂလာဧည့်ခံပွဲမှာလည်း ကျွန်မ၏စိတ်တိုင်းကျ မင်္ဂလာခန်းမအလယ်မှာ နှစ်ကိုယ်ယှဉ်တွဲလျှက် ဧည့်ခံနိုင်ခဲ့သည်မို့ ကျေနပ်ရပါ၏။ ကျွန်မ၏ သတို့သားကိုလည်း ကျေးဇူးတင်ရပါသည်။ သို့သော် ဒေါ်လေးအပျိုကြီးများ၏ စားပွဲကိုတော့ ကျွန်မ တမင်မမြင်ယောင် ပြုနေခဲ့ရသည်မို့ ဇက်ကြီးက ညောင်းပြီး တောင့်တင်းနေသလိုထင်ရသည်။ သို့ပေမယ့် ကျွန်မ ယောင်လို့တောင် သူတို့စားပွဲအနီးသို့ မသီရဲ။ မနှစ်သက်နိုင်သော ဟန်မူယာမျက်နှာထားတွေနှင့် ပြုံးမဲ့မဲ့ရှိနေခဲ့ကြတာ မင်္ဂလာပွဲ တစ်လျှောက်လုံး မဟုတ်လား။ မင်္ဂလာအမှတ်တရ ဓါတ်ပုံအရိုက်ခံသောအခါမှာလည်း ဓါတ်ပုံဆရာက…

“နည်းနည်းကပ်ပါဦးဗျာ။ သတို့သမီးက သတို့သားလက်ကလေးကို ချိတ်ထား။ ဟုတ်ပြီ”

                        ထိုအစဉ်အလာအားလုံးကို ကျွန်မတို့ နှစ်ယောက်စလုံး မသိလို့မှ မဟုတ်ပဲ။ မျက်လုံးဒေါက်ထောက်ကြည့်နေကြသော ဒေါ်လေးတို့ကို လန့်နေလို့သာ။ စိတ်ထဲမတွေ့လျှင်  လူရှေ့သူရှေ့မရှောင် ပြောချလိုက်လေမလားဟု တထင့်ထင့်ဖြစ်နေခဲ့ရတာ မဟုတ်လား။ ဓါတ်ပုံထဲမှ ကျွန်မ၏ အပြုံးသည် မသက်မသာ၊ မလွတ်မလပ်နှင့် တင်းကျပ်နေခဲ့တာ ခုတိုင် သက်သေရှိနေဆဲပင်။

                        စကားစတစ်ခုရလျှင် မပြီးစတမ်း၊ နှစ်ပေါက်အောင် မမေ့စတမ်း ၊ အကြောင်းတိုက်ဆိုင်တိုင်း အစဖော်ကာ ရေနှူးလေ့ရှိသော ဒေါ်လေးနှစ်ယောက်၏ စကားမြားဒဏ်ကို ကျွန်မတို့ အလူးအလဲခံခဲ့ရပါသည်။ ကျွန်မ၏ ၀ဋ်ဒုက္ခများသည် သူတို့၏ မြေး၊ ကျွန်မတို့၏  တူမ၀မ်းကွဲတစ်ယောက် လက်ထပ်လေမှ တစ်ဝက်တစ်ပျက် ကျွတ်လွတ်နိုင်ခဲ့တော့တာ ဖြစ်သည်။

                        သူတို့၏ မင်္ဂလာပွဲက ဗီဒီယိုမှတ်တမ်းတင်ပါ ပါလိုက်သေးသည်မို့ ပိုလို့ ပြောစမှတ်ဖြစ်ခဲ့ရသည်။ ကင်မရာသမားကလည်း ရေချိုးခန်းမှအထွက် မျက်နှာပေါ် မိတ်ကပ်တင်ကတည်းက ၀ီရိယစိုက်ကာ မှတ်တမ်းတင်နေတော့တာဖြစ်သည်။ နေအိမ်မှ မင်္ဂလာ ခန်းမဆီ အသွား၊ မင်္ဂလာပွဲတစ်လျှောက်လုံး ဧည့်ပရိတ်သတ်တစ်ယောက်မျှ မကျန်ရလေအောင် မှတ်တမ်းတင်ပေးနေသည်သာမက ၊ မင်္ဂလာပွဲမှ အိမ်သို့အပြန် လမ်းအထိလည်း မလစ်ဟင်းစေရ။ ထိုမျှနှင့် အားမရပဲ မင်္ဂလာအိပ်ခန်းအထိ ၀င်လိုက်ကာ လက်ဖွဲ့ပစ္စည်းတွေ နှစ်ဦးအတူ ဖွင့်ဖောက်လျှက် ကြည်နူးကျီစယ်ဟန်တွေလည်း မလွတ်စေရ။ မင်္ဂလာရေခဲမုန့်ကို  အပြန်အလှန် ခွံ့ကျွေးကြသည့် ကယုကယင်ပုံရိပ်တွေလည်း ပါသေးသည်။ ပြီး… ကိတ်မုန့်တစ်တုံးတည်းကို နှုပ်ခမ်းချင်းနီးကပ်စွာ ခွံ့ကျွေးလျှက် နှစ်ယောက်ပြိုင်တူ ကိုက်ပြလိုက်သေးရာ ဒေါ်လေးတို့ခင်မျာ ဗီဒီယိုတိတ်ခွေကိုပင် သေချာမကြည့်နိုင်အား။ တက်ညီလက်ညီ .. ဆွေ့ဆွေ့ခုန်နေတော့လျှက်….

“ဟယ်… ပိတ်၊ ပိတ်..၊ အဲဒီ တီဗွီကြီးကို ပိတ်လိုက်ကြစမ်း”
“ရှက်စရာ ကောင်းလိုက်တာနော် ဟင်း။ ဘယ်လို အရှက်နည်းတဲ့ ဟာတွေနဲ့ လာတွေ့နေရလည်း မသိတော့ဘူး….”

                        အနောက်တိုင်း သတို့သမီးဝတ်စုံ၊ ရင်စည်းဂါဝန်ရှည် ၀တ်မည်ဆိုကတည်းက မနှစ်မျို့နိုင်ခဲ့တာတွေနှင့် ရောနှောစုပေါင်းကာ တမဲတရွဲ့ ကောင်းချီးပေးလိုက်ကြသည်မှာ သတို့သမီး မျက်ဝန်းမှာ မျက်ရည်ကြည် သီသီဝေ့ရသည်အထိပင်။ ဖေဖေ့ကိုတော့ အစ်ကိုကြီးရယ်လို့ ဒေါ်လေးတို့ လန့်ရှိန်ကောင်းသည်ရယ်လို့ တိုင်တန်းမိကြသေးသည်။

“…တို့များခေတ်ကတော့ အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ် အသိမှတ်ပြုရင်ပဲ ပုဆိုးတန်းတင် အကြင်လင်မယား အရာ မြောက်တာပဲ။ ခုလည်း မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာတော့ ဒီအတိုင်း ရှိနေတာပဲ။ ဒါပေမယ့် သူတို့ခေတ်က ဥပဒေ လိုက်မမီအောင် ရှုပ်ထွေးလွန်းတော့ လက်ထပ်စာချုပ်လည်း ချုပ်ကြရတာပဲ။ တခြားအဆာပလာတွေနဲ့လည်း ဇာချဲ့ကြတာပဲ။ အဲဒါတွေ လိုက်ပြောနေရင် ဆုံးမှာ ကို မဟုတ်တော့ဘူး။ နင်တို့ပဲ မောမှာပဲ”

                        ဖေဖေ့စကားက ဘယ်သူ့ဘကကိုလိုက်ပြောမှန်းကို မသိပေမယ့် ဒေါ်လေးတို့နှစ်ဦးသာ လေသံလျှော့သွားကြတာက အမြတ်ဖြစ်တော့သည်။ ဒါတောင်…

“အင်း နောက်ဟာတွေလက်ထက်ကျရင် ဘယ်လိုလာကြဦးမယ် မသိဘူး။ ရင်လေးတယ်”

                        …ပြောဖြစ်အောင် ပြောလိုက်ကြသေးသည်။

“ ပူမနေစမ်းပါနဲ့။ အဲဒီအချိန်ကျရင် နင်တို့၊ ငါတို့က သေပြီ”

                        ဖေဖေက ရယ်ဟဟ ဆိုခဲ့သေးသည်။

                        ဒါပေမယ့် ဖေဖေရော၊ ဒေါ်လေးတို့ရော သက်ရှိထင်ရှားရှိနေဆဲမှာပင် ကျွန်မ၏ သားတော်မောင်က အရွယ်ရောက်လာခဲ့တော့တာဖြစ်သည်။

“မေ့ကို ဧည့်သည်တစ်ယောက်နဲ့ တွေ့ပေးရဦးမယ်”

                        အပြောက နောက်ကျသေးသည်။ လူကဖြင့် အိမ်ပေါ်ရောက်နေပြီ။ ရုပ်ရည်ကလေးက နုနုမျစ်မျစ်၊ စင်စင်ကြယ်ကြယ်ကလေး။ မျိုးရိုးပညာ ခေမယ့်သူလေးတော့ မဟုတ်တန်ရာ။ ခမျာ အနေမခက်စေရန် ဖော်ရွေစွာ ဖိတ်ကြိုမိသည်။ အခန်းထောင့်က ခရီးဆောင်အိတ်တချို့ကို အမြင်မှာတော့ သားကို မျက်မှောင်ချီမိပြီ။

“သား တစ်ခါတည်း ခိုးလာတာလား”

                        ခုမှ ကျောင်းပြီးစ၊ ဒီပလိုမာသင်တန်းတစ်ခု တက်ရောက်နေဆဲ သားအတွက် နှမျောဝမ်းနည်းစိတ်တို့ဖြင့် ဆို့ကြပ်နေဆဲ သားကတော့ အမေ့ဖြစ်အင်ကို ရယ်လို့သာနေသည်။

“အလည်လိုက်လာတာပါ မေမေရဲ့။ မေမေ့သားက အဲလောက်မိုက်ပါ့မလား”
‘ဒါဆို သူ့ကို ဘယ်မှာ တည်းခိုင်းရင် ကောင်းမလဲ”

                        သားက ပေါ့ပါးစွာ…

“ဒီမှာပဲလေ။ သားတို့အိမ်မှာပဲ တည်းမှ ဖြစ်မှာပေါ့ မေမေရဲ့။ တခြားမှာ တည်းဖို့ သူ့မှာ အသိအကျွမ်းမှ ဒီမြို့မှာ မရှိတာ။ တည်းခိုခန်းတည်းရအောင်လည်း မိန်းကလေးတစ်ယောက်တည်း ဆိုတော့…”

                        ရင်ဖိရင်းသာ ဖိနေရတော့သည်။ သူကလေး သည်ခရီးကို တစ်ယောက်တည်းရောက်လာတာ မိဘတွေသာသိလျှင်တော့ ရင်ကျိုးမည်။ သားကြီး၏ အပြောအရတော့ သူငယ်ချင်းတွေနဲ့ ကမ်းခြေခရီးထွက်မယ် ပြောလာခဲ့သည် ဆိုပဲ။ အမှန်တကယ် ကမ်းခြေခရီးထွက်သွားသော သူငယ်ချင်းတွေနှင့် အပြန်ဆုံရန် ပုသိမ်မြို့ပေါ်မှာ ချိန်းထားရစ်ခဲ့သည်ဟု ဆိုပါသည်။ ကျွန်မထိတ်ခနဲ သတိရသွားသည်။

“ သားရော… သူတို့မြို့ကို အလည်ရောက်ဖူးပြီးပြီ မဟုတ်လား”

                        သားက မကွယ်မ၀ှက် ၀န်ခံဖော်ရလေသည်။

“သူငယ်ချင်းတွေနဲ့ သွားတာပါ မေမေရာ။ သူတို့မြို့မှာလည်း သားသူငယ်ချင်းတစ်ယောက် ရှိတယ်လေ။ အဲဒီ သူငယ်ချင်းအိမ်မှာ တည်းကြတာ”

                        မိန်းခလေးကို တစ်လမ်းထဲရှိ သား၏ ညီမ၀မ်းကွဲတွေထံ ပို့ပေးကာ ညအိပ်စေရသည်။ အိမ်ချင်းကလည်း မဝေးလှသည်မို့ ကလေးမက ညအိပ်ရုံသာ ပြန်ကာ မိုးလည်းမှ မိုးချုပ်အထိ သားနှင့်မခွဲ။

“သားတို့က လက်ထပ်ဖို့အထိ ရည်ရွယ်ထားကြတာလား”

                        သားက ပြုံးလိုက်သည်။

“မေမေက သဘောတူလို့လား”
“ခုချိန်မှာ မေမေ့သဘောထားက အရေးမကြီးသေးဘူး မဟုတ်လား”

                        သားက ခေါင်းညိတ်ကာ…

“မသေချာသေးပါဘူး မေမေရာ။ ဘယ်လို ပြောရမလဲ။ အဲ...သူရော…သားရော… တစ်ယောက်ကို တစ်ယောက် လေ့လာနေကြဆဲ ဆိုပါတော့”

                        ကျွန်မ စိတ်တွင်းမှ ဘုရားတမိသည်။

                        သူတို့ကတော့ ဆိုင်ကယ်တစ်စီးဖြင့် မြို့လုံးပတ်ကာ တစ်ယောက်၏ သဘောအထာကို တစ်ဦးက အကဲစမ်းနေကြသလားမသိ။

“နွယ့်သားလေး မိန်းမရနေပြီလား”

                        ဘယ်ကစလို့ ရှင်းပြရမလဲတောင်မသိတော့။  မြို့ငယ်ကျဉ်းကျဉ်းလေးမှာ သူတို့ နှစ်ယောက်ကို သတိမထားမိသူလည်း မရှိသလောက် ဖြစ်နေပြီ။ ဘယ်သူ့ရှေ့မှ မရှောင်ပဲ နွယ့်တို့ကိုတောင် ဒက်ဒီ၊ မာမီ ခေါ်နေပြန်သေးရာ သားတို့အဖေပါ အနေခက်ရတော့သည်။ ကျွန်မ၏ ဒေါ်လေးတို့လည်း သည်တစ်ကြိမ်မှာတော့ သူတို့ အသည်းကျော် မြေးနှင့် ပတ်သက်နေကြလို့ပဲလား မသိ။ ပြစ်တင်ကဲ့ရဲ့ရန် သတိမရကြ။ နှာစေးနေကြတာလည်း ဖြစ်နိုင်သည်။

                        ထိုမိန်းခလေး မြို့သို့ပြန်သွားပြီး တစ်နှစ်မပြည့်မီ သူမ၏ စေ့စပ်ကြောင်းလမ်းသတင်း ရောက်ရှိလာသောအခါ သားက တက်တစ်ချက်ခေါက်ရုံမျှဖြင့် ပြီးပျောက်ကျေနပ်သွားခဲ့သော်လည်း နွယ်တို့ကတော့ တစ်ခါတစ်ရံ သူကလေးကို အလွမ်းငွေ့ငွေ့နှင့် အောက်မေ့နေမိသေးသည်။       ။

သတိုး

No comments:

Post a Comment

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။