Thursday, March 3, 2011

ဆုံမှတ်တစ်ခုဆီမှ….

တကယ်တော့ ဒီနေရာလေးမှာ မတစ်ယောက် ရှိနေနှင့်ခဲ့လို့သာ ကျွန်မတို့တတွေ နေပျော်ခဲ့ကြတာဖြစ်ပါသည်။ မဟုတ်လျှင်တော့ ဒီနေရာလေးဟာ အကျယ်ချုပ် အကျဉ်းကျနေတာနှင့် မခြား စိတ်လေခြောက်ခြားစရာ ကောင်းနေမည်လားမသိ။

စရောက်သည့်နေ့ကစလို့ ကျင့်ကြံလိုက်နာစရာစည်းမျဉ်းများ၊ ရှောင်ရှားရမည့် အမူအကျင့်များ၊ အပြုအမူများ၊ အချိန်ဇယားများ စသည်ဖြင့် ခေါင်းနောက်စိတ်လေချင်စရာချည်းပင်။ ဆယ်တန်းစာမေးပွဲကြီးကို ထူးထူးချွန်ချွန် အောင်ချင်စိတ်တစ်ခုကြောင့်သာ ဒီနေရာသို့ ရောက်လာခဲ့တာဖြစ်သည်။ တကယ်ဆို ကျွန်မ…မေမေနှင့်ခွဲချင်ခဲ့တာ မဟုတ်။ အတူနေစဉ်က သိပ်မတည့်လှသော ညီမလေးကိုလည်း ခုတော့ လွမ်းရကောင်းမှန်းသိနေပြီ။

``တိုတွေက အရင်ဘ၀တုန်းက ရေစက်ရှိခဲ့ကြလို့သာ တစ်နေရာစီကနေရောက်လာပြီး ဒီမှာ တစ်စုတစ်ဝေကြီးနေရဖို့ အကြောင်းဖန်လာတာပေါ့။ ဒါပေမယ့် ခုလိုနေခွင့်ရမှာက အကြာကြီးလည်း မဟုတ်ဘူး။ ဒီစာသင်နှစ် တစ်နှစ်တည်းပဲ။ ပျော်စရာတွေလည်း ရှိမယ်။ စိတ်ညစ်စိတ်ရှုပ်စရာတွေလည်း ရှိမှာပေါ့။ ဒါပေမယ့် တို့…ညီအစ်မတတွေ စုစုစည်းစည်း တိုင်တိုင်ပင်ပင်၊ ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကြမယ်။

သူမ၏ အရပ်အမောင်းက ကျွန်မတို့တတွေထက် အနည်းငယ်မျှသာ မြင့်ပေလိမ့်မည်။ အသားဖြူဖြူ ပိန်သွယ်သွယ်ကလေးမို့ ကျောင်းသူမတွေနှင့် သိသာစွာ မခြားနားလှ။ ကျောလယ်ထိရှည်သော ဆံပင်ကို နောက်သို့စုသိမ်းကာ ကလစ်တစ်ခု၊ သို့မဟုတ် ခေါင်းစည်းကြိုးတစ်ချောင်းနှင့် ထာဝစဉ် စည်းနှောင်ထားတတ်သည်။ သူမ၏ မျက်ဝန်းကြည်ကြည်လေးတွေက နူးညံ့ခြင်း အရိပ်တစ်မျိုး ယှက်သန်းနေလျှက်။ ပန်းသွေးရောင်နှုတ်ခမ်းပါးများကတော့ နွေးထွေးစွာ ပြုံးနေခဲ့လေသည်။

ကျွန်မတို့အားလုံးက သူမကို မ..ဟု တစ်လုံးတည်းအဖျားဆွတ်ကာ ချစ်နိုးစွာခေါ်ခဲ့ကြပါသည်။ မကလည်း ကွန်မတို့အားလုံးကို လိုအပ်သောတစ်ခါတစ်ရံမှလွဲလျှင် နာမည်အရင်းအတိုင်း ခေါ်ခဲလှသည်ပင်။ ဘယ်သူ့ကိုမဆို ညီမလေးဟုသာ ကြင်နာနွေးထွေးစွာ နူးနူးညံ့ညံ့ခေါ်ပြောဆက်ဆံတတ်ခဲ့တာဖြစ်သည်။
``ဘာအကြောင်းပဲ ရှိရှိ မကို အသိပေးပါ။ တိုင်ပင်ပါ နော်။ မ..ညီမလေးတို့ကို ကိုယ့်ညီမလေးအရင်းတွေလို တစ်နှစ်လုံး စောင့်ရှောက်မှာ

မိန်းကလေးတချို့ နှာခေါင်းရှုံ့လိုက်ကြတာ သူမလည်းမြင်လိုက်ရပါလျှက် မသိသလို မျက်နှာလွှဲလိုက်လေသည်။ ကျွန်မလည်း ရောက်စကတော့ သူမကို သိပ်ပြီး ယုံကြည်လို့မရခဲ့ပေ။ သူမဟာ study guide တစ်ယောက်အဖြစ် ကျွန်မတို့နှင့် နေ့နေ့ညည တစ်နှစ်တာလုံးအနီးကပ်ရှိနေမည့်သူဖြစ်သည်။ ဘာသာရပ်တွေကို သင်ယူရာမှာ အခက်အခဲတွေ့လျှင် သူမက လမ်းညွှန်ပြသနိုင်ပေလိမ့်မည်။ အချိန်ဇယားအတိုင်း နေ့စဉ်ပုံမှန် စာစစ်ပေးဦးမည်။ ဒါပေမယ့် ကျွန်မတို့တတွေ ဆရာများ၏အလစ်မှာ တစုံတရာ စည်းကမ်းဖောက်ဖျက်မိလျှင်၊ အပြစ်လုပ်မိလျှင်တော့ အုပ်ချုပ်သူဆရာမကြီးထံ အသိပေး တိုင်ကြားဦးမှာ မဟုတ်လား။

သို့ပေမယ့် ဒီနေရာသို့ရောက်ပြီး ရက်အနည်းငယ်အတွင်းမှာပင် ကျွန်မတို့အားလုံး အသားတကျနေပျော်သွားကြတော့ပြီ။ ရောက်စက ညအိပ်ယာဝင်လျှင် စောင်ခေါင်းမြီးခြုံကာ တိတ်တိတ်ကျိတ်ငိုတတ်ကြသူတွေတောင် ခုတော့ အိပ်ယာထဲမှာ ရေပက်မ၀င်တွတ်ထိုးရင်း တခစ်ခစ် လုပ်နေတတ်ပြန်တာမို့ မက ခဏခဏ သတိပေးရင်း ဟန့်တားခြောက်လှန့်နေရပြီ။ မကို ရောက်စကလောက် မရှိန်တော့သော်လည်း သူ့စကားတော့ နားထောင်မှဖြစ်မည်ဟု အားလုံးက စိတ်ဝမ်းလက်ညီ နားလည်လက်ခံမိနေပြီ။ ကိုယ့်ရဲ့ ဘာသာရပ်ဆိုင်ရာ သင်္ခန်းစာအခက်အခဲများ၊ တစ်ကိုယ်စာလိုအပ်ချက် အသေးအမွှားကလေးများမှသည် နာဖျားမကျန်းကိစ္စအထိ ချက်ချင်းရင်ဖွင့်ပြောပြနိုင်သောသူက မတစ်ယောက်တည်းသာ မဟုတ်လား။ ပြီး လိုအပ်သလို အလေးဂရုပြု ဖြည့်ဆည်းပြုစုတတ်သူကလည်း မပဲဖြစ်နေပြန်ပါသည်။ အုပ်ချုပ်သူဆရာမကြီးနှင့် ဘာသာရပ်သင်ဆရာများကို စကားတစ်ခွန်းတိုက်ရိုက်ပြောဖို့ရန်ကျတော့ ကျွန်မတို့ကျောင်းသူမတွေက နှုတ်နှေးတွန့်ဆုတ်နေကြသေးတာဖြစ်သည်။ လိုအပ်လျှင် မက သူကိုယ်တိုင် သက်ဆိုင်ရာ ဆရာတို့ထံ အသိပေးလေ့ရှိပါသည်။ အခါများစွာကတော့ သူသာတာဝန်ခံကာ လူစေ့တက်စေ့ကို ထောင့်စေ့အောင် တာဝန်ယူပေးတတ်လေ့မြဲ။

မကိုတော့ ကျွန်မတို့တတွေက အချိန်တိုအတွင်းမှာပင် ရင်းနှီးကျွမ်းဝင်နေမိကြတော့တာ။ လိုအပ်တာ၊ လိုချင်တာမှန်သမျှ သူမထံတွင်သာ ရင်ဖွင့်အရေးဆိုနေမိကြတော့တာ။ သူမကလည်း ကျွန်မတို့မိန်းကလေးတွေအားလုံးကို ချော့တစ်ခါ၊ ချောက်တစ်လှည့်ဖြင့် သူလိုရာရောက်အောင် အလျှော့အတင်းညီညီ ကိုင်တွယ်နိုင်သူဖြစ်လေသည်။

********
မက အင်္ဂလိပ်စာ အဓိကဖြင့် ကျောင်းပြီးခဲ့သူဟု သိရပါသည်။ နောက်ဆုံးနှစ်မှာ ကွာလီဖိုင်းတောင် ၀င်ခဲ့သေးသည်တဲ့။

``မကလည်း မဟာဆက်တက်ပြီး တက္ကသိုလ်မှာ ဆရာမပြန်လုပ်ပါတော့လား။

ကိုယ်ဖြစ်စေချင်တာပဲ ဇွတ်တရွတ်ပြောနေမိသော ကျွန်မကို အရိပ်အကဲနားမလည်တတ်သူဟု ကျွန်မ၏ သူငယ်ချင်းမ ဆွေက စွတ်စွဲခဲ့လေသည်။

``ဟိုမှာ မျက်နှာပျက်သွားတာ နင်မတွေ့လိုက်ဘူးလား။ သူလည်း မတက်ချင်ပဲ နေမလား။ အကြောင်းအမျိုးမျိုးကြောင့် ဒီကိုရောက်လာတာ ရှိမှာပေါ့
ကျွန်မသာဆိုလျှင်တော့ ကိုယ်လုပ်ချင်တဲ့အရာကိုသာ နောက်မဆုတ်တမ်း၊ မငဲ့မကွက် လုပ်မှာပင်။ မလွှဲကင်းသာစွာ လုပ်ရသောအလုပ်မျိုးတော့ စိတ်ကို မ၀င်စား။

``ဟဲ့… မိုး။ နင် တယ်ခက်ပါလား။ ဒါ မရှိရင် နင်လုပ်ချင်တာ ဘာမှ လုပ်လို့ မရဘူးဟဲ့

ဆွေက အရန်ကောဟူသည့် အမူအယာအပြည့်ဖြင့် ကျွန်မကို သူငယ်နှပ်စားလိုကြည့်ကာ လက်မနှင့် လက်ညှိုးကလေးကို ကွေးဝိုင်းပြလေသည်။

``မက ဆယ်တန်းတုန်းကလည်း ဂုဏ်ထူးသုံးခုပါခဲ့သေးတာတဲ့။ ဆရာဝန်ဖြစ်ဖို့လည်း စိတ်ကူးယဉ်ခဲ့သေးတယ် ထင်တယ်။ ဒါပေမယ့် သူကတော့ ဆရာဝန်မဖြစ်ချင်ပါဘူးတဲ့။ စာသင်ရတာပဲပျော်တယ်။ ဆရာမပဲဖြစ်ချင်တယ်တဲ့
``စပျစ်သီးချဉ်တယ်ပြောနေတာနေမှာပေါ့ ဟယ်…

တကယ်တမ်းမှာ မတစ်ယောက် ဆရာဝန်ဖြစ်ချင်ခဲ့လျှင်တောင် သူမမှာ မိဘကျောထောက်နောက်ခံ တောင့်တင်းပုံမရပါ။ မတို့အဖေက အစိုးရဌာနတစ်ခုမှ အရာရှိဟောင်းကြီးတစ်ဦးဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် ကျန်းမာရေးကြောင့်ပင်စင်ယူလိုက်ရသည်ဟု ပြောကြသည်။ အမေကတော့ ကုန်စုံဆိုင်ကလေး ဖွင့်ထားသည်တဲ့။ မောင်လေးက ပထမနှစ် အဝေးသင်တက္ကသိုလ်တက်နေကာ ညီမလေးကတော့ ဒီနှစ် ဆယ်တန်းဖြေရမည်ဟု ဆိုပါသည်။

``မရဲ့ညီမလေးကို ဘာလို့ ဒီမှာ မထားတာလဲ

မကခပ်လျော့လျော့ကလေးပြုံးကာ…

``မတို့အိမ်ကနေ ဒီကို ကျောင်းလာတက်ဖို့က ဝေးလွန်းတယ်။ မောင်လေးကလည်း အလုပ်တစ်ဘက်နဲ့ဆိုတော့ အကြို၊ အပို့လုပ်မပေးနိုင်ဘူးလေ။ အိမ်နဲ့နီးတဲ့ ကျူရှင်တစ်ခုမှာ အချိန်ပိုင်းတက်နေတယ်

``ဟင်…ညလေးတို့လို ကျောင်းအိပ်ကျောင်းစား နေလိုက်ပေါ့
``ဟဲ့…

ဆွေက ကျွန်မကို တံတောင်နှင့်တွတ်ပြန်လေသည်။

``ညီမလေးတို့က အရမ်းကံကောင်းကြတာ။ မိဘတွေက တတ်လည်း တတ်နိုင်ကြတယ်။ သားသမီးတွေကိုလည်း ထူးချွန်စေချင်လို့သာ ဒီကို လာပို့ပေးထားကြတာ။ သူတို့ တာဝန်ကျေတယ်။ ညီမလေးတို့လည်း ကိုယ့်ဘက်က တာဝန်ကျေဖို့ ကြိုးစားကြ ဟုတ်လား။

ဘယ်စကားပဲပြောပြော နောက်ဆုံးတော့ ဒီစကားပဲ။ စာကြိုးစားဖို့သာ ဆိုနေပြန်တာကြောင့် ကျွန်မတို့တတွေ စကားမဆက်ရဲကြတော့။

********
ကျွန်မတို့တတွေ ဈေးထွက်ချင်ပြီဆိုလျှင် မကိုပဲ အပူကပ်ရကောင်းမှန်း သိနေကြပြီ။ ကျွန်မတို့အား ဈေးထွက်ခွင့်၊ အပြင်ထွက်လည်ပတ်ခွင့် လုံးဝခွင့်မပြုပါ။ နံနက်စာ မုန့်စားထွက်ရန် ခဏမျှကိုပင် နီးနီးနားနားမှာပဲ စားစေသည်။ ပြီး မပါမှသာ အပြင်ထွက်လို့ရတာ ဖြစ်ပါသည်။

မက အပြင်ထွက်ရန် ၀ါသနာပါပုံမရ။ တစ်ခါလောက် နားပူနားဆာပြုမိလျှင် အင်းအဲနှင့် နေ့ရွှေ့ညရွှေ့လုပ်နေလေ့ရှိပါသည်။ မအိုက်တင်ခံနေသည်ဟု တချို့က ထင်ကြသည်။
``လိုက်ပို့ပါ မရယ်။ မုန့်ကျွေးမယ်လေ…

ဒါပေမယ့် မက ကျွန်မတို့ကျွေးသောမုန့်ကိုတောင် လွယ်လွယ်နှင့် မစားပါ။ သူမမှ ကျွန်မတို့ကျွေးသောမုန့်ကိုမစားလျှင် စိတ်ဆိုးမှာလို၊ ခုပဲ ငိုချလိုက်တော့မှာလို၊ ညပိုင်းစစ်မည့် ကျက်စာတွေကို မကျက်ပဲ ဆန္ဒပြကြတော့မှာလို…နည်းမျိုးစုံအောင် ၀ိုင်းပြောပြီး ကျွေးကြရလေသည်။

ကျွန်မတို့ထံမှ ကတိအမျိုးမျိုးတောင်းကာ ဈေးသို့ရောက်လျှင်တော့ သူမ..ကျွန်မတို့အားလုံးကို စိတ်ရှည်လက်ရှည်အလိုလိုက်လေ့ရှိပါသည်။ တရားလွန်လာလေမှ နာရီလေး မြှောက့်တကြည့်ကြည့်ပြုကာ…

``ဟေး..ကျုပ်တို့ထွက်လာကြတာ ကြာပြီ။ လက်စသတ်ပြီး ပြန်ကြရအောင်

ကျွန်မတို့ကလည်း စကားတစ်ခွန်းတည်းဖြင့် ပြီးပြတ်သောသူများ မဟုတ်ပေ။ ဟိုဆိုင်ဝင်ဦးမယ်။ ဒီဟာဝယ်ဦးမယ်ဆိုကာ အချိန်ဆွဲတတ်ကြသူများဖြစ်သည်။

``မ..ဒီအင်္ကျီလေး မနဲ့လိုက်တယ်။ ယူပါလား

ပြုံးပြုံးလေးခေါင်းခါလေ့မြဲ။

``ယူလိုက်ပါ။ မီးတို့က မကို လက်ဆောင်ပေးချင်လို့

...ဆိုလျှင်တော့ မျက်နှာထားတင်းတင်းဖြင့်

``အပိုတွေ မလုပ်ကြနဲ့။ လာ..ပြန်ကြမယ်

မ မျက်နှာထားညိုလျှင်တော့ ကျွန်မတို့အားလုံးက လန့်ကြပါသည်။

``ရှင်တို့က မိဘပိုက်ဆံနဲ့ ကျုပ်ကို မျက်နှာလုပ်ချင်ကြတယ်ပေါ့လေ….

အပြန်လမ်းတစ်လျှောက်လုံးမှာ ၀ယ်ချင်တာ၊လိုချင်တာမှန်သမျှ လိုတရနေသော ကျွန်မတို့တတွေ ကံကောင်းကြကြောင်း၊ မိဘတွေကို ကျေးဇူးတင်သင့်ကြောင်း၊ ကျေးဇူးတုံ့ပြန်နိုင်ရန်စာကိုသာ ကြိုးစားသင်ယူသင့်ကြောင်းဖြင့် အပ်ကြောင်းထပ်စကားတွေကို နားအူမတတ် သောတဆင်ကြရတော့ပြီ။

********
ထိုကိစ္စကို ကြားလျှင်ကြားချင်း ကျွန်မတို့တတွေ မယုံကြည်နိုင်ခဲ့ပေ။ မကတော့ မျက်နှာကလေး ညို့ရီရီနှင့် သူမ၏ တာဝန်ဝတ္တရားတွေကို တစ်ချက်ကလေးမှ မလစ်ဟင်း၊ မပျက်ကွက်စေခဲ့ရပါ။ ကျွန်မတို့၏ စာသင်ချိန်တိုင်း စာသင်ခန်းထဲအထိလိုက်ပါပို့ပေးနေမြဲ။ အချိန်ဇယားအတိုင်း စာစစ်ပေးနေလေ့မြဲ။ မရှင်းလင်း၊ မကျေညက်သော သင်ခန်းစာများကိုလည်း စိတ်ရှည်လက်ရှည် ရှင်းလင်းသင်ပြပေးလေ့မြဲ။

``ကျုပ်စိတ်တိုတယ်။ ရှက်စရာသိပ်ကောင်းတာပဲ။ ရှင်တို့ကိုသာမငဲ့ရရင် ခုချက်ချင်း အလုပ်ထွက်ပစ်တယ်

မ ဒီကထွက်သွားမှာကိုတော့ ကျွန်မတို့အားလုံးက လုံးဝ လက်မခံနိုင်ကြပါ။ ကျွန်မတို့အတွက် အရာအားလုံးဟာ မနဲ့သာ အသားကျအဆင်ပြေလှတာ။ မကလွဲလို့ အခြားတစ်ယောက်ကို ကျွန်မတို့ အလိုမရှိကြပေ။

``မ…ဧကရီကိုရော စိတ်ဆိုးနေလားဟင်…

မျက်နှာကလေးငယ်နေရှာသော ဧကရီကိုငေးကာ ခပ်ဖွဖွပြုံးနေပြန်ရင်း…

``ကျုပ်စိတ်တိုနေတာ ရှင်တို့ကိုမဟုတ်ဘူး။ အလကားနေရင်း အမနာပ သတင်းပြန့်ရတဲ့ အဖြစ်ကို။ ပြီး.. ဆရာမကြီးကလည်း မေးမေးမြန်းမြန်းမရှိဘူး။ ကျုပ်ကိုခေါ်တော့ အပြင်က သတင်းကို သူက အပြီးယုံထားပြီးသားဖြစ်နေပြီ။ ဆီးကြိုပြီး အပြစ်တင်တော့တာ

``အဲဒါ ဧကရီ့ကြောင့်…

ငိုမဲ့မဲ့ဖြစ်လာသော ဧကရီကအား ချော့ရပြန်သေးသည်။

ဧကရီက ကျွန်မတို့အားလုံးထဲမှာ အချမ်းသာဆုံး၊ မြို့မျက်နှာဖုံး၏မြေး၊ အောင်မြင်တွင်ကျယ်သော လုပ်ငန်းရှင်ကြီး၏ တစ်ဦးတည်းသော ရှုမငြီးမလေးဖြစ်လေသည်။ ချစ်စဖွယ်အပြုံးချိုကလေးနှင့် စာလည်းတော်ပါသည်။ ဥာဏ်ကောင်းသော ကျောင်းသားကျောင်းသူတွေ ထုံးစံအတိုင်း အပျင်းထူချင်သည်။ အပေါင်းအသင်းလည်း မင်သူဖြစ်ပြန်လေသည်။ ဧကရီ့ကိုဆိုလျှင် ဆရာဆရာမတွေရော၊ ကျောင်းသားကျောင်းသူတွေကပါ နှစ်လိုခင်မင်ကြသည်ချည်းပင်။
ဧကရီသည် မအား ကပ်မခွာတမ်း ချစ်ခင်တွယ်တာသူဖြစ်သေးသည်။ မကတော့ မိန်းကလေး အများကြားမှာ သူ့ကိုပိုတယ်၊ ငါ့ကိုကျပစ်ထားတယ်…စသော ကဂျီဂဂျောင်စကားတွေနှင့် စိတ်ဝမ်းမကွဲရလေအောင် ထိန်းထိန်းသိမ်းသိမ်း၊ မျှမျှတတ ဖေးမဆက်ဆံလေ့မြဲ။ ဒါပေမယ့် ဧကရီက…
`` ဖေဖေ ရန်ကုန်ကအပြန် ဂျေဒိုးနပ်က ၀ယ်လာတာလေ။ မေမေက မဖို့ဆိုပြီး တစ်ဘူး သပ်သပ်ထည့်ပေးလိုက်တယ်။ မ မစားရင် ဧကရီက ဒီအတိုင်း အိမ်ပြန်ပေးလိုက်မှာ
အိမ်က လူကြီးတွေ၏ နာမည်သုံးကာ အကျပ်ကိုင်လာလျှင်တော့ မမှာ ငြင်းပယ်ဖို့ရန် ခက်ခဲရတော့သည်။
``ဧကရီကလေ…ဒီအဆင်လေးကို မနဲ့ ဆင်တူဝတ်ချင်နေတာ ကြာလှပြီ။ မေမေ့ကိုပြောတော့…
``ဧကရီ မကိုချစ်ရင် အဲလိုတန်ဖိုးကြီးတွေ ၀ယ်မလာပေးပါနဲ့။ မ…မယူချင်ဘူး။
``အင်းပါ။ နောက် ၀ယ်ပေးတော့ဘူး။ ခုတစ်ခါတော့ မေမေက ၀ယ်ပေးလိုက်ပြီးနေပြီလေ။ ယူထားလိုက်တော့နော်…နော်။ မမှာရှိတဲ နက်ပြာပြောင်လုံချည်လေးနဲ့ဆို အရမ်းလိုက်မှာ။
ဧကရီမှာ ရည်ရွယ်ရင်း မည်မည်ရရရှိပုံ မပေါ်ပါ။ ဒါပေမယ့် သူမက မအား တွယ်တာလွန်းသည်။ သူငယ်ချင်းတွေအားလုံးကြားမှာ သူ့ကို အနည်းငယ်လောက်ကလေးမျှပိုသာ၍ အရေးပေးစေချင်သည်။ မျက်နှာသာရချင်သည်။ သူမက သူမ၏ မိသားစုမှာလည်း အထွဋ်တင်အရေးပေး မြှောက်စားခံ နေလာခဲ့သူမဟုတ်လား။

``ဧကရီနော်။ နောက်တစ်ခါဆိုရင် မစိတ်ဆိုးတော့မှာ…

နှုတ်ကသာပြောနေသော်လည်း မစိတ်ဆိုးမှာ မဟုတ်တာ ဧကရီသိပါသည်။ မသည် သူမ၏ကျောင်းသူမများအား လိုအပ်လျှင် မျက်နှာအနည်းငယ်တည်တင်း မာကျောထားရုံသာရှိကာ စိတ်ဆိုးခြင်းမရှိပါ။

*************
ကျွန်မတို့တတွေက မုန့်ဖိုးကလေးများ ဆုတ်ဆုတ်ခဲခဲရလာလျှင် တစ်ခုခု ၀ယ်ချင်၊ ချမ်းချင်ခဲ့ကြသည်။ ဒါပေမယ့် အပြင်ထွက်ကာ လည်ပတ်ဝယ်ချမ်းခွင့်က အလွန်အင်မတန် ရှားပါးလွန်လှရာ…

``မပဲ သိမ်းထားပေးပါနော်။ ညလေးတို့တွေ ဈေးထွက်ဖြစ်မှ ပြန်ယူမယ်

မက စာရင်းစာအုပ်ကလေးတစ်ခုကို အများမြင်သာအောင်ပင်ပြုလုပ်ကာ ငွေသိမ်းပေးထားတတ်ပါသည်။ စိတ်လိုလက်ရရှိချိန်တွေမှာ ငွေစာရင်းကို အသံလွင်လွင်ကလေးနှင့် ဖတ်ပြသေးတာ ဖြစ်သည်။ ခုတော့…

``study guide က ကျောင်းသူဆီမှာ ပိုက်ဆံချေးပြီး ပြန်မပေးဘူးတဲ့

ဒီသတင်းက ကျွန်မတို့ဝန်းကျင်မှာ တိတ်တိတ်ကျိပ်ကျိပ်ပျံ့လွှမ်းလာခဲ့ပြီ။ ယောက်ျားလေးစာသင်ဆောင်ဘက်တောင် ရောက်နေပြီမို့ အုပ်ချုပ်သူဆရာမကြီးက မအားခေါ်ယူကာ ပြင်းထန်စွာ သတိပေးလေပြီ။

``မ နော်…ဧကရီ အဲလိုမပြောဘူး

ထိုစကားအဓိပ္ပါယ်သို့ရောက်အောင် ဧကရီပြောခဲ့မှာ မဟုတ်တာ သေချာသလောက်ပါပင်။ ဒါပေမယ့် သူ့အိမ်က …..

``မုန့်ဖိုးသုံးတာ ကြမ်းလှချည်လား။

ဧကရီက ဘာသဘောရယ်မဟုတ်ပဲ အလွယ်ပြောခဲ့လိုက်တာပင်။

``မကို ခဏပေးသုံးထားတယ်

မကလည်း ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် ယူသုံးးဖြစ်သွားခဲ့ပါသည်။ ထိုနေ့က လကုန်ခါနီးပြီမို့ မထံမှာ ငွေကြေးလက်ကျန်ခါလီကျနေချိန်ဖြစ်ပါသည်။

``ကျူရှင်လခက နှစ်လစာတောင် ကြွေးကျန်သေးတယ်တဲ့လေ။ ဒီတစ်လထပ်ပေါင်းရင်သုံးလတောင်ရှိပြီဆိုတော့ ကျူရှင်ဆက်မတက်ချင်တော့ဘူးလုပ်နေတယ်
``မကလည်း လဖြင့် မကုန်သေးပဲနဲ့
``လမကုန်ခင် ကြိုတင်ဝမ်နင်ပေးထားတာပေါ့ဟယ်။ ခုက အဖေရောဂါပြန်ထလာလို့လာပြောတာ။ ညနေ အိမ်ကို ခဏပြန်လိုက်ဦးမယ်။ ခက်တာက အဖေ့ကို ဆေးထိုးပေးဖို့ ငွေမရှိလို့လာပြောတာ။ မလက်ထဲမှာလည်း ငွေမကျန်တော့ဘူး
``မ…ဧကရီပိုက်ဆံထဲက ယူသုံးလိုက်လေ

အဲဒီစဉ်ကတည်းက ဧကရီက အလွယ်တကူပြောသော်လည်း မကတွေတွေဝေေ၀နှင့် ဆုတ်ဆိုင်ဆိုင်းလုပ်နေသေးတာမို့…

``ဟုတ်တယ်မ ။ ယူသာသုံးလိုက်ပါ။ ထပ်လိုရင် ညလေးတို့ အားလုံးအပ်ထားထဲက ထပ်ယူသုံးလို့ရတယ်

ကြံရာမရသော အခြေအနေမို့ မလွှဲကင်းသာစွာ ဧကရီ့ ငွေကို မ..ယူသုံးလိုက်ရတာ ကျွန်မတို့အားလုံး သိနားလည်ပါသည်။

``ဧကရီလေးပိုက်ဆံ မပြန်ထည့်ထားလိုက်ပြီနော်

လခထုတ်ပြီးသည်နှင့် မကဆိုလာလေလျှင်….

``ဟင်…ပြန်မပေးနဲ့ဦးလေ။ ဧကရီဖြင့် ဘာမှ သုံးစရာမရှိပဲနဲ့။

တကယ်တမ်းမှာ မတစ်ယောက် တစ်လလုံး အသုံးအစွဲ ကျပ်တည်းနေတော့မှာကို ကျွန်မတို့ရော…မကိုယ်တိုင်ပါ ကြိုတင်သိနေနှင့်ကြသည်ပင်။

``နော်..။ ယူသုံးထားပါမရယ်။ နောက်လကုန်ကျမှ ညလေးတို့ အပြင်ထွက်ခွင့်ရရင် ပြန်ယူမယ်လေ။

ဒီလ လပတ်စာမေးပွဲမှာ ဧကရီတစ်ယောက် အဆင့်အနည်းငယ်ကျသွားခဲ့တာက ပြဿနာ စတင်လေသည်။ စာမေးပွဲမှာ အဆင့်ကျခဲ့သောအပြစ်နှင့်ဆက်နွယ်ကာ မုန့်ဖိုး အသုံးစွဲကြမ်းသည်ဆိုသော နောက်ဆက်တွဲ ပြစ်မှုတစ်ခု ထပ်တိုးလာတော့သည်။

``အရင်လက ပေးထားတာရော
``မကို အပ်ထားတယ်
``ဧကရီ ညည်းကို မယုံဘူးနော်။ ငါ..ပြန်မေးဦးမယ်
``မေးကြည့်လိုက်။ ခုလောလောဆယ် မ အသုံးလိုလို့ ခဏယူသုံးထားတယ်

ဗူးတစ်ရာမဟုတ်ကြသော ပါးစပ်တစ်ပေါက်တို့သည် တစ်ယောက်ထံမှ တစ်ယောက်နားသို့ ဆင့်ကဲကူးပြောင်းလေလျှင် မူလဖြစ်ရပ်နှင့် လွဲချော်တိမ်းစောင်းလုပြီ။

``ကျွန်မကလေးတွေကို မေးကြည့်လို့ရပါတယ်။ အဲလိုမျိုး လုံးဝမဟုတ်ပါဘူး။ ဒါပေမယ့် နောက်တစ်ခါမဖြစ်ရအောင် ကျွန်မ အတတ်နိုင်ဆုံး ဆင်ခြင်ပါ့မယ်ရှင့်

မျက်နှာရဲရဲ၊ အသားတွေ တဆတ်ဆတ်တုန်ကာ လေသံကတော့ ထန်တင်းနေဆဲ။ သူမငိုမည်ထင်ထားသော်လည်း မျက်ရည်တစ်စက်တောင်မကျခဲ့တာ အံ့သြလျှက် မမေ့နိုင်ခဲ့။

***********
မ၏ စကားအတိုင်းဆိုလျှင်တော့ ကျွန်မတို့တတွေဟာ အမှတ်စက်တစ်ခုမှာ ဆုံစည်းမိခဲ့ကြသော မျဉ်းဖြောင့်လေးတွေပေါ့ ။ ဒါပေမယ့် ဆုံမှတ်ကနေ ပြန်လည်ခွဲဖြာထွက်လာခြဲ့ကသည့်တိုင် ဘယ်တော့မှ ပြန်လည်မကြုံဆုံနိုင်တော့မည့် မျဉ်းဖြောင့်များတော့ မဟုတ်ပါ။

``အပူပင်ကင်းတဲ့ ကလေးလေးဘ၀ကို
တစ်ခါပြန်ပြီး ရချင်သေးတယ်….
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀ကို
တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်

မဆိုညည်းနေကျ ဒီသီချင်းလေးကိုတောင် ကျွန်မတို့တတွေရဲ့ နှုတ်ဖျားမှာပါ စွဲစွဲမြဲမြဲ ဆိုညည်းတတ်နေခဲ့ကြပြီ။ ရှေ့လျှောက်ပြီးတော့လည်း ဒီသီသီချင်းလေး၏ အရသာကို ငြိတွယ်မှန်းမသိ ငြိတွယ်မိရဦးတော့မည် ထင်ပါရဲ့။

တဆိတ်ရှိမျက်ရည်ရွဲ၊ ပုလဲခတတ်ကြသော ကျွန်မတို့အား ချော့မော့ဖေးမကာ အငိုတိတ်စေခဲ့တိုင်းမှာ…

``မကလေ ဘယ်တော့မှ မငိုဘူးကွ။ ညီမလေးတို့လည်း မငိုရပါဘူး

ဒါပေမယ့် အခွင့်သင့်လို့ ကျွန်မတို့တတွေ ပြန်ဆုံခွင့်ရခဲ့လျှင် ကျွန်မတို့၏ စာမေးပွဲအပြီး နောက်ဆုံးနေ့အိမ်အပြန်မှာ ကျွန်မတို့နှင့်အတူ ငိုကျွေးခဲ့သော မ၏မျက်ရည်တွေအကြောင်းကို ပြန်ပြောလျှက် ကြည်နူးခွင့်လေးရချင်မိသေးသည်။ ။


သတိုး

3 comments:

  1. ထက်မြက်ရိုးသားတဲ့ ကလေးတွေအတွက် နှစ်လိုဖွယ်ဖြစ်တဲ့ အမျိုးသမီးလေးတစ်ယောက် အကြောင်းလေးကိုဖတ်ရင်း ကျွန်မ ဆရာမတစ်ယောက်ကို လည်းသွား သတိရမိပါရဲ့။

    ခင်မင်လေးစားလျက်

    ReplyDelete
  2. ကျောင်းတက်တုန်းက ကြုံတွေခဲ့ရတာကိုလည်း
    ပြေးပြီး သတိရမိပါတယ်ဗျာ

    ခင်မင်စွာဖြင့်
    ညအလင်္ကာ

    ReplyDelete
  3. မ လိုမိန်းမမျိုးကိုကြိုက်တယ် မိန်းခလေးဆိုတာ မာနလည်းထားတတ်ရသလို၊ မျက်ရည်လည်း ခိုင်မှ ယောက်ကျားတွေရဲ့ လှည့်စားမူကိုမခံရမှာ။
    ဒီပို့စ်လေးလည်းကောင်းတယ် ကိုသတိုးရေ။

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။