Thursday, August 19, 2010

မျက်ရည် ၀ယ်/ရောင်း


ခုချိန်လောက်ဆိုလျှင် မင်းညိုတစ်ယာက်တော့ လည်တစ်ဆန်ကဆန့် မျှော်မောနေလောက်ပြီ။
စာနာမိသော စိတ်အတွေးဖြင့် ရန်ကုန်မြစ်အတွင်း လှိုင်းထန်၊လေဆန်ကြား ကူးဖြတ်ခုတ်မောင်း နေရရှာသော စက်တပ်မော်တော်ကလေး၏ အသွားနှုန်းကိုနှေးကွေးလှချည့်ဟု အားမလိုအားမရ ရှိလှတော့သည်။
ရေအလှည့်သင့်သော နေ့ရက်များနှင့် ကြုံကြိုက်တိုက်ဆိုင်လာလျှင်တော့ ချိုရီတို့တတွေ ကြည့်မြင်တိုင်
ကမ်းနားဆိပ်ကမ်းကို နံနက်ခင်း ဝေလီဝေလင်း၊ အလင်းရောင်ပြပြကြားမှပင် လှမ်းမြင်နိုင်ခွင့် ရခဲ့ကြသားပင်။
ဒါပေမယ့်…ချိုရီတို့၏ ရွာဆိပ်ဆီ မော်တော်ယာဉ်ကလေး ထွက်ခွာရပ်နားချိန်က ပုံမှန်၊ အချိန်မှန် မဟုတ်ပါ။
တစ်နေ့ထက်တစ်နေ့ တစ်နာရီနီးပါးခန့်နောက်ကျလို့ သွားရသည်။ ချိုရီတို့ရွာမှ ရန်ကုန်မြစ် အတွင်းဝင်ရန် ရေကျော်ချောင်းကျဉ်းကလေးကို ဖြတ်သန်းခုတ်မောင်းရဦးမည်လေ။
ချိုရီတို့ရွာနံဘေး ၊ ထိုရေကျော်ချောင်းကလေးသည် `ရေ၀က်ကျချိန်´ အထိသာ စက်တပ်ရေယာဉ် ငယ်
ဖြတ်သန်းသွားနိုင်သည်။ ရေ၀က်ကျချိန် ကျော်လွန်သွားခဲ့လျှင်တော့ ချောင်းကွေ့တစ်နေရာမှာ သောင်တင်တော့မည် ပြင်ပေရော့။ ရှေ့ဆက်မရ၊ နောက်ပြန်ဆုတ်ရန်လည်း မလွယ်ကူသော အခြေအနေမှာ ချောင်းကြမ်းခင်း၊ ရွံ့နုံးလတာပြင်ပေါ် မို့မောက်မြင့်တက်လာသော သောင်ခုံငယ် တွေကိုသာ စိတ်ပျက်လက်ပျက် စိုက်ငေးနေကြရုံ ရှိတော့သည်။ ချောင်းရေစစ်ကာ မြစ်ရေ ပြန်တိုးလာမည့် အချိန်ကို တမော့တမော စောင့်ဆိုင်းနေကြရုံသာ ရှိတော့သည်။
ဒီနေ့လည်း ချိုရီတို့တတွေကို တင်ဆောင်ခုတ်မောင်းပြေးနေကျ`လိုင်းမော်တော်´ကလေးသည်
ရေတက်ချိန်ကို စောင့်ဆိုင်းနေခဲ့ရသေးသည်မို့ နံနက် ၈း၀၀ နာရီကျော်လေမှ ရွာဆိပ်မှ ခွာနိုင်ခဲ့လေသည်။ ရန်ကုန်မြစ်တွင်း ၀င်မိတော့ နံနက် ၁၀း၀၀ နာရီထိုးလုပြီ။
မော်တော်ဝမ်းထဲမှာ ပူးကပ်ကျပ်ညပ်စွာ တိုးတိုးဝှေ့ဝှေ့တွတ်ထိုးနေနိုင်သေးသော သူငယ်ချင်းမတွေကြားမှာ
ချိုရီတစ်ယောက်တည်းဘေးထွက်ကာ ငြိမ်ငေးနေမိသည်။
``ဟဲ့…ချိုရီ၊ စကားလေး၊ ဘာလေးပြောဦးလေ ဟယ်´´
``အေးလေဟယ်…။ ခဏနေရင် ရောက်တော့မှာကို…´´
``လာပါတော့…ခါခါမော့…။ မာလာဖော့…မျှော်တဲ့ လေးနာရီ…´´
တစ်ယောက်က စပေးလိုက်သည်နှင့် ကျန်အဖော်များကပါ အတိုင်အဖောက်ညီစွာ ၀ိုင်းအော် အားပေး ကြရင်း အုန်းတသဲသဲ၊ ရယ်မောစနောက် မဆုံးကြတော့ပြန်။
ဒီနေ့…ရွာဆိပ်ကမ်းမှ မော်တော်ထွက်ခွာချိန် နောက်ကျခဲ့သောကြောင့် မိန်းခလေးတွေအားလုံး အစွမ်းကုန်
ပြင်ဆင်ခြယ်သကာ လှပနေကြပါသည်။ ခါတလေ…နံနက် ၄း၀၀နာရီလောက်ကြီး  ချမ်းအေးစောစီးစွာ မော်တော် ထွက်စောင့်ကြရသော နေ့ရက်တွေမှာတော့ ဘယ်သူမှ လှဖို့မစဉ်းစားအားကြပါ။ ဖုတ်ပူမီးတိုက်၊ အပြေး တစ်ပိုင်း၊ ဒရောသောပါး ကမ်းစပ်ဆီပြေးကြရသူတွေချည်းသာ။ အိပ်ယာထ နှောင့်နှေး၊ ဖင့်နွဲ့လှသော ချိုရီအတွက်တော့ ဆိုစရာပင်မရှိ။ ရေတစ်ခွက်လောင်းဆေးပြီး မျက်နှာကို ကြုံသလိုသစ်ခဲ့ရတော့သည်။ အထုတ်တစ်ထုတ် ခေါင်းပေါ်ပစ်တင်ကာ ဒယဥ့်တိုက်ပြေးရသည်ချည်းပင်။ မျက်နှာပေါ် သနပ်ခါး တစ်မှုန်တစ်စတောင် မတင်ခဲ့အားနိုင်။
သနပ်ခါးလိမ်း၊ အလှပြင်တားလည်း ဘာထူးမှာလဲ။ မော်တော်ဝမ်းထဲရောက်ဖို့ရန် နုံးထဲ၊ ရွှံှ့ဗွက်ထဲ ရုန်းရ
ဦးမှာပင်။ မော်တော်က ကမ်းပါးနှင့် အတန်အလှမ်းဝေးသော ရေစပ်အထိသာ ကမ်းကပ်ရပ်နား ပေးနိုင်တာ ဖြစ်သည်။ ကုန်းဘောင်တံတားထိုးရန်လည်း အလှမ်းမမီပါ။ ရေဆင်းတံတားလည်း မရှိသောကြောင့် ကမ်းနားဦးမှ လုံချည်ခပ်တိုတို၊ တင်းတင်းပြင်ဝတ်ကာ ရွှံ့နုံးလတာတောထဲ တစွက်စွက်ရုန်းလျှေက်ခဲ့ကြရုံသာ။
ကြည့်မြင်တိုင်ဘက်ကမ်း ကမ်းနားဆိပ်ရောက်လေမှ ကမန်းကတန်း၊ မစင့်တစင်ပွတ်ဆေးလာခဲ့ရသော
ခြေလက်တွေကို အချိန်ယူ ဆေးကြော ကြရတော့သည်။ နီးရာလူထံမှတဘက်တစ်ထည်ဆွဲယူကာ မျက်နှာကို တစ်ချက်၊ နှစ်ချက် ပုတ်လိုက်ရသည်။ ဖွာလံကျဲနေသော ဆံပင်များကို လက်နှစ်ဘက်စုံဖြင့် ကြုံသလို၊ ပြီးစလွယ် သိမ်းသပ်လိုက်ရသည်။
ဆန်တစ်တင်းခွဲဝင် ပီနံအိတ်တစ်ထုတ်စီ ကိုယ်စီခေါင်းပေါ်စွေ့ကနဲပစ်တင်ပြီးလျှင်တော့ ကားဂိတ်ဆီ
ခြေလှမ်းညီညီ အမီလှမ်းကြပြီ။

                                                         * * *
ခေါင်းပေါ်မှာ ရွက်တင်လာခဲ့သော အထုတ်အပိုးများကို တဖုတ်ဖုတ်ပစ်ချစုပုံကာ အခန်းထောင့်တစ်နေရမှာ
ချိုရီတို့တစ်သိုက် ထိုင်နား၊ အမောဖြေ နေကြပါသည်။ ကားမှတ်တိုင်မှ မင်းညိုတို့၏ အရောင်းဆိုင်သို့ရောက်ရန် ခရီးအတော်လှမ်းလှမ်း ခြေကျင်လျှောက်ခဲ့ကြရတာမို့ ချွေးတွေတောင်ရွှဲနစ်နေကြပြီ။
မင်းညိုသည်လည်း ချိုရီတို့ထံ လွင့်ခနဲ အကြည့်တစ်ချက်သာပို့နိုင်ကာ ချိုရီထံ ပြုံးယောင်ပြုလျှက်
အလုပ်ဆက်ရှုပ်နေပြန်တော့သည်။
“ကိုမင်းညိုကြီး၊ နီလေးတို့ ရောက်တာနောက်ကျနေလို့ ဗျိုင်းလည်ပင်းဖြစ်နေတာ မဟုတ်လား”
အနားကပ်ကာ ခပ်တိုးတိုးကျီစယ်နိုင်သေးသော နီလေးအား မင်းညိုသည် မအားမလပ်ကြားကပင်
လက်သီးဆုတ်ထောင်ပြဖေါ်ရသေးသည်။ လူဖြောင့်၊စိတ်ကို ကိုမင်းညိုသည် အလုပ်ဇောလည်း သန်လွန်းသူ တစ်ယောက်မို့ သူ…အလုပ်ရှုပ်နေချိန်မှာ စကားအပိုတွေကို သီးမခံတတ်ပါ။ နီလေးတစ်ယောက် ကိုသာ….။
နီလေး၏ အသက်က ခုမှဆယ့်လေးနှစ်ထဲ ၀င်ရုံရှိသေးသည်။ ဒီနှစ် ရှစ်တန်းတက်ရမည်ဖြစ်သည်။ ဒါပေမယ့်
လူကြီးမိဘများ၏ မပြေလည်မှု၊ အကျပ်အတည်းအခက်အခဲတွေကို အရွယ်နှင့်မမျှ နားလည်နေတတ်သူမို့ ကျောင်းသို့ စေလွှတ်လို့ဘယ်လိုမှမရတော့။
“နီ…ပိုက်ဆံရချင်တယ် မမချိုရီရဲ့။ ချမ်းသာဖို့ ဟုတ်ပါဘူး။ အဖေနဲ့ အမေ့ကို သနားလို့ပါ”
“ပိုက်ဆံက ဘယ်အချိန်ရှာရှာပါ နီလေးရယ်။ ပညာဆိုတာ ငယ်တုန်းသင်ကြရတာ။ ကျောင်းတက်လိုက်ပါဦး…”
“ဟင့်အင်း…။ ကျောင်းတက်နေလို့ ဒီအကျဉ်းအကျပ်ကြားမှာ နီလည်းပျော်မှာမဟုတ်ဘူး”
ပြောမရသည့်အဆုံးတော့ နီလေးတစ်ယောက် ချိုရီ၏ သင်္ကန်းချုပ်သင်တပည့်မ ဖြစ်လာခဲ့တော့သည်။
မိကြောင်း၊ဖကြောင်း သိတတ်သူလေးရယ်လို့ ချိုရီက မင်းညိုအား ပြောပြမိတ်ဆက်ပေးကတည်းက နီလေးကို သနားနေခဲ့သော မင်းညိုသည် ထိုကောင်မလေးအပေါ် မြို့မှာကျန်နေခဲ့သော ညီမအငယ်ဆုံးလေးနှင့်မခြား
သံယောဇဉ် တွယ်နေမိတော့ပြီ။
“နီလေးလက်ရာကို ချိုရီ…တာဝန်ယူပါတယ် မင်းညိုရဲ့။ ချိုရီတပည့်မက လက်ရာကောင်းပါ။ သေသေသပ်သပ်လည်းရှိပါတယ်”
ချိုရီတာဝန်ခံနိုင်သည်ဆိုလျှင် မင်းညိုကလည်း အထည်စိမ်းပေးရန် ၀န်မလေးပါ။ ဒါပေမယ့်…
“ဟို..နီလေးမှာ အပ်ချုပ်စက်လည်းမရှိဘူး မင်းညိုရဲ့…”
မင်းညို၏ ကူညီစီစဉ်မှုဖြင့် နီလေးတစ်ယောက် စက်အဟောင်းကလေးတစ်လုံးကို ငှားရမ်းလိုက်နိုင်ခဲ့သည်။
ထိုအချိန်မှစကာ နီလေးကလည်း မင်းညိုကို ချိုရီနှင့် လွှတ်သဘောတူနေတော့ကာ သူတကာထက် ခင်မင်တွယ်တာ နေခဲ့တော့သည်။
ချိုရီတို့ရှေ့မှာ သင်္ကန်းစုံပြန်အပ်ကာ အထည်စိမ်းပိတ်အုပ်ပြန်ယူကြသော“ကင်းရွာသူ” အုပ်စုရှိနေနှင့် နေလေသည်။ စားရင်းနှင့် တိုက်စစ်ကာ အထည်အရေအတွက်၊ အလျား၊အနံ ပြည့်၊ မပြည့် ၊ချုပ်ရိုးအစိတ်အကျဲ
ညီ၊မညီ စစ်ဆေးနေရတာမို့ မင်းညိုနှင့်အတူ ကျန်ဝန်ထမ်းသုံးယောက်ပါ လက်မလည်အား။
“ဟာ…မကျင်စောအထည်တွေက ချုပ်ရိုးတွေကျဲလိုက်တာဗျာ။ တစ်လက်မ ရှစ်ပေါက် ဘယ်က မလဲ။”
“ငါလည်း ဂရုစိုက်ပါတယ် မင်းညိုရယ်။ ငါ့စက်က အောက်ချည်တွေရှုပ်ပြီး ဘာဖြစ်မှန်းမသိတာနဲ့ ပြင်ရင်းချုပ်ရင်း ..ဒီတစ်ထည်မှာ ပါသွားတာပါ။”
“ဟွန်း …ပြောလိုက်ရင် …ဒီ..စက်ပဲ ကြောင်းပြတော့မှာ သိနေတယ်”
မင်းညိုတစ်ယောက် တဖျစ်တောက်တောက် ဆက်လက်မြည်တွန်နေသောလည်း မကျင်စောကတော့
ခပ်အေးအေးပါပင်။
ချိုရီ့အထည်တွေကို ကိုင်နေရင်း…
“ပြီးရင် ခဏစောင့်ဦးနော်”
“ဟို..ချိုရီတို့ အချိန်မရှိတော့ဘူး မင်းညိုရဲ့”
မျက်နှာငယ်ငယ်နှင့် ချိုရီက ဖြေလေလျှင် မင်းညိုလည်း မျက်နှာတော့ ညိုချင်ပြီ။ ပြီးခဲတဲ့ တစ်ပါတ်
ကတည်းက “နောက်တစ်ခေါက်ကျ ဘုရားတက်ကြရအောင်” ဟု မင်းညိုမှာလိုက်ပါသည်။ ချိုရီလည်း ၀မ်းသာအားရ ခေါင်းညိတ် လက်ခံခဲ့သည်ပင်။
ဒါပေမယ့် …..
“….ချိုရီတို့ ဒီနေ့ ရန်ကုန်အ၀င် နောက်ကျသွားတာကို။ လိုင်း မော်တော်လေးက ခဏကြာရင် ပြန်ထွက်မယ်လို့ မှာလိုက်တယ်”
ချိုရီတို့တတွေသည် ရန်ကုန်မြေကို တစ်ပတ်လျှင် တစ်ခေါက်တော့ နင်းဖြစ်နေကြသူချည်းပင်။ ဒါပေမယ့်
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေတော်ရင်းကို ခေါက်တုန့်ခေါက်ပြန်ကွေ့ဝိုက်၍သာ သွားလာနေ ဖြစ်သည်က အကြိမ်ရေ ပိုများပါသည်။ ဗာဟီရ ကိစ္စ၀ိစ္စတွေ များမြောင်ရှုပ်ထွေးနေရသည်ကြောင့် စေတီတော်ကြီးအား အဝေးမှသာ လှမ်းမျှော်မော်ဖူးနိုင်ခဲ့ကြသည်။
“ချိုရီတို့က ရန်ကုန်ကို နံနက်ပိုင်းကရောက်၊ နေ့လည်ပြန်ကြရတာမို့ ထားပါတော့။ ကိုယ်တို့တွေက ဘုရားခြေတော်ရင်းမှာ မှီခိုပြီးနေလာခဲ့ကြတာ နှစ်တွေကြာလှပြီ။ ဒါပေမယ့် တနင်္ဂနွေနေတိုင်း ဘုရားကုန်းတော်ပေါ် ပုံမှန်ရောက်နိုင်ဖို့ မနည်းအချိန်ယူကြရတယ်။ ဘုရားပွဲရက်တွေ၊အခါကြီး၊ ရက်ကြီးတွေ ဆို ပိုဆိုးသေးတယ်။ အဲဒီအချိန်ဆို…. နေ့ရော၊ ညပါ ကိုယ်တို့အားလုံး အလုပ်မနိုင်မနင်း ဖြစ်ရဆုံးအချိန်ပဲ”
ဝါဆိုလပြည့်၊ သီတင်းကျွတ်၊တန်ဆောင်မုန်းလပြည့်နှင့် တပေါင်းလပြည့်ရက်များသည် မင်းညိုတို့၏ ဗဟန်းဝန်းကျင်တစ်ဝိုက်သာမက ကြည့်မြင်တိုင်၊ မြို့ထဲ ကုန်ဈေးတန်းဝန်းကျင်ရှိ သင်္ကန်းပရိက္ခရာ တိုက်ကြီးတွေအားလုံး စည်ကားနေလေ့မြဲ။ သင်္ကန်းကပ်ကြမည့် အလှူရှင်တွေ၊ ရဟန်းခံ၊ ရှင်ပြုနားသ ကုသိုလ်ပြုကြမည့် ဈေးဝယ်တို့ဖြင့် တိုးမပေါက်တော့ပြီ။ သင်္ကန်းတိုက်ကြီးတွေအားလုံး တစ်ညလုံး မအိပ်မနေပြင်ဆင်ထုတ်ပိုးကြ၊ နံနက်လင်းသည်နှင့် ပျားပန်းခပ်ဝယ်ကြ၊ ရောင်းကြရသည်မှာ အနားမရနိုင်။
ထိုအချိန်ဆိုလျှင် ချိုရီတို့ သင်္ကန်းချုပ်သမတွေလည်း အခါတိုင်းထက် အလုပ်ပိုရှုပ်လေ့မြဲ။ တစ်နေ့လျှင်
ဒွိစုံသင်္ကန်း သုံးစုံ၊ လေးစုံမျှပြီးသူတွေကို လေး၊ငါးစုံမက စုံအရေအတွက် ပိုထွက်နိုင်သမျှ ထွက်နိုင်စေရန် တွန်းအားပေးကြပြီ။ ချိုရီတို့တတွေ ညမီးဆက်ကာ အပ်ချုပ်စက်ပေါ်မှာပင် ထမင်းစားကြရတော့သည့် အဖြစ်။ ပရိက္ခရာ တိုက်ကြီးတွေအားလုံးက ချိုရီတို့အား ရန်ကုန်အထိ သင်္ကန်းပို့၊ယူ မလုပ်စေတော့ပြီ။ ရွာအထိ ရောက်အောင် လူလွှတ်၍သိမ်းစေတော့သည်။
ခုချိန်ကတော့ ၀ါတွင်းကာလလည်ဖြစ်သောကြောင့် ဥပုသ်နှင့် အဖိတ်နေ့တွေကလွဲလျှင် အတန်ငယ်တော့
အလုပ်ပါးပြီဆိုနိုင်ပါ၏။
ထို့ကြောင့်လည်း မင်းညိုက ချိုရီ့အား ဘုရားပို့ပေရန် ချိန်းခဲ့တာဖြစ်ပါသည်။
ဒါပေမယ့် ချိုရီက မော်တော်အမီ ကမ်းနားပြန်ဆင်းရပါဦးမည်။
“နောက်တစ်ပတ်ပေါ့ မင်းညိုရယ်”
မင်းညိုတစ်ယာက် အလိုမကျသော မျက်နှာဖြင့် ကျန်ရစ်ခဲ့ပါသည်။

                                               * * *
ချစ်သူသက်တမ်း သုံးနှစ်တာကာလအတွင်း `လက်ထပ်ချင်ပြီ´ ဆိုစကားကို မင်းညိုထံမှ အကြိမ်ကြိမ်ကြား
ခဲ့ရဖူးပါသည်။
ဒါပေမယ့် ထိုစကားက ချိုရီ့ထံ ခွင့်တောင်းတိုင်ပင်နေတာဖြင့် မဟုတ်ဘူးထင်ပါသည်။ သူ့ဆန္ဒ သက်သက်ကို ဖွင့်ထုတ်သိကြားစေရုံ သက်သက်သာဟု ချိုရီနားလည်ရပါသည်။
ဆယ်တန်းအောင်ပြီးကတည်းက နယ်မြို့ကလေးတစ်ခုမှ ရန်ကုန်တက်လာခဲ့ပြီး အလုပ်လုပ်နေသော မင်းညိုသည် ရိုးသားအေးဆေးကာ အလုပ်ထဲမှာလည်း မခိုမကပ် ကြိုးစားနိုးကြားသူအဖြစ် နာမည်ကောင်း သတင်း မွှေးလွင့်လှသူပင်။ သင်္ကန်းတိုက်ပိုင်ရှင် သူဋ္ဌေးကိုယ်တိုင်က နှစ်လိုအရေးပေးခြင်းကိုလည်း ခံရသူဖြစ်ပါသည်။ ၀န်ထမ်း အလုပ်သမား အားလုံးထဲမှာ ပိုင်ရှင်မှလွဲလျှင် မင်းညို၏ သြဇာသာ အတည်းဆုံး ဖြစ်ပါသည်။ မန်နေဂျာ၊ လူယုံသဘောမျိုး သက်ရောက်နေသော မင်းညို၏ လုပ်ခလစာသည်လည်း အများတကာထက် ပိုလွန်ပါ၏။
ဒါပေမယ့် မြို့တွင်ကျန်ရစ်သော မိခင်၊ ဖခင်တို့၏ စားဝတ်နေရေး၊ ညီ၊ညီမငယ်များ၏ ပညာသင်စရိတ်
စသည်တို့မှာ မင်းညို၏ အထောက်အပံ၊အကူညီကို မဖြစ်မနေ ငံ့လင့်နေကြရသော အခြေအနေမှာ ရှိပါသည်။ တစ်လ၊ တစ်လ…ရသမျှ လစာငွေကို ခြစ်ကုတ်ခြိုးခြံနေသည့်ကြားမှပင် ကြိုတင်လစာငွေ ကျောပိုးတက်နေတတ်သူပင်။
``နှစ်ချုပ်နဲ့တိုက်ခန်းလေး တစ်ခန်းလောက် ငှားနိုင်ချင်လိုက်တာကွာ´´
သည်မျှလောက်ဆိုလျှင်ပင် မင်းညို၏ ရင်တွင်းစိတ်ကူးနှင့် သောကအတိမ်အနက်ကို ချိုရီမြင်နိုင်ပြီ။
``ခုမတတ်နိုင်သေးလည်း နောက်တော့ဖြစ်လာမှာပေါ့ မင်းညိုရယ်။ အားမလျှော့ပါနဲ့´´
ချိုရီသည်လည်း နှုတ်ဖြင့် နှစ်သိမ့်ရန်မျှသာ တတ်နိုင်သူ ဖြစ်ပါသည်။

                                                    * * *
``ချိုရီရေ…ညည့်နက်လှပြီမဟုတ်လား။ သိမ်းတော့လေ…´´
``ခဏလေးအမေ။ အနားပတ်ကလေး နှစ်ကြောင်းဆွဲနေတာ။ ပြီးတော့မှာပါ´´
မျက်စောင်းထိုးအိမ်က ဝေလွင်တို့လည်း မီးမှိန်ပြပြနှင့် အလုပ်ကောင်းနေကြဆဲထင်သည်။
ချိုရီတို့၏ “သပြေဝေ”သာမက ခရမ်းဝ၊ ကင်းရွာ…စသည့် ရွာနီးချုပ်စပ်အားလုံးတွင် အိမ်တိုင်းနီးပါးမှာ
အပ်ချုပ်စက် ကိုယ်စီရှိကြပါသည်။ မိန်းကလေး ရွယ်လတ်အားလုံးတို့သည်လည်း အပ်ချုပ်စက် နင်းနိုင်သည်။ သင်္ကန်းချုပ် နိုင်ကြပါသည်။ ရွာကျောင်းမှ ထွက်သည်နှင့်အပ်ချုပ်စက်ခြေနင်း စမ်းကြသူ တွေ ချည်းပင်။
အပ်ချုပ်စက်မှ မနင်းလိုလျှင်လည်း မိရိုးဖလာ လယ်ယာလုပ်ငန်းမှာ ကောက်စိုက်၊ပျိုးနုတ် ကြရုံသာ
ရှိတော့သည်။ လယ်ထဲ၊ချောင်းထဲကိုတော့ ဘယ် မိန်းကလေးမှ မဆင်းလိုကြပါပေ။ ရွှံ့နွံဗွက်ထဲမှာ စိုစွတ်ပေကျံကာ ချွေးသံတစ်လုံးလုံး ရုန်းကန်ရသောဘ၀ထက် အိုးမကွာ၊ အိမ်မကွာ အပ်ချုပ်စက် ကလေးနင်းနေတာက လူနေလှသလို ထင်ကြပါသည်။ ယောက်ျားအများစုနှင့် အမျိုးသမီးကြီးတွေသာ လယ်ထဲဆင်းကြပါသည်။ အမျိုးသမီးငယ်အများစု တို့ ကတော့ အပ်ချုပ်စက်သာ ကုန်းနင်းကြလေသည်။
သင်္ကန်းချုပ်သော အလုပ်မှာလည်း ၀ါမ၀င်မီ ၀ါဆိုသင်္ကန်း၊ ၀ါမထွက်မီ ကထိန်သင်္ကန်း၊ နွေကျောင်းပိတ်ရက်
မတိုင်မီ ဒုလ္လဘသင်္ကန်း စသည်ဖြင့်သာ လှိုင်လှိုင်ချုပ်ကြရတာ ဖြစ်ပါသည်။ စပ်ကူးမတ်ကူး ကြားကာလ တွေမှာတော့ အားကစားဘောင်းဘီ၊ ဒူးကျဘောင်းဘီ ဆိုတာတွေ ယူချုပ်ကြရပြန်သည်။
ချိုရီကတော့ ရိုးရိုး ဒွိစုံသင်္ကန်းအပြင် ဒူးကုဋ်နှစ်ထပ်သင်္ကန်းလည်း ချုပ်တတ်နေသေးသူဖြစ်သည်။
ပိတ်စလည်း ကိုယ်တိုင်ဖြတ်တောက်ခွဲစိတ်တတ်သေးသူမို့ သင်္ကန်းတစ်မည်ထဲ ချုပ်နေလည်းပင် တစ်နှစ်လုံး အလုပ်မပြတ်ပါ။
နှစ်ထပ်သင်္ကန်းကြီးက ပိတ်စငယ် အပိုင်းပေါင်းများစွာဖြစ်အောင် ခွဲစိတ်ဖြတ်တောက်ပစ်ပြီးမှ နှစ်ထပ်
သင်္ကန်းပြန် ဖြစ်အောင် လေးထောင့်ကွက် ပိတ်အပိုင်းအစလေးတွေကို အုတ်နံရံကွက်ဖေါ်ကာ စိတ်ရှည်လက်ရှည် စပ်ချုပ်ရပြန်သည်မို့ လက်ဝင်ခက်ခဲသယောင်ရှိပါသည်။ နှစ်ထပ်သင်္ကန်းမှာ (၁၅)ခဏ်းမှသည် (၁၅၅)ခဏ်းအထိ အခဏ်းစုံ ခွဲခြားချုပ်ကြလေ့ရှိပါသည်။ အခဏ်းဝင်များလေ …ပို၍ လက်ဝင် ခက်ခဲလေပါပင်။ ဒွိစုံသင်္ကန်းချုပ်နေကြ အများစုကတော့ နှစ်ထပ်သင်္ကန်းကို လက်ရှောင်ကြပါသည်။
ဒါပေမယ့် ကထိန်သင်္ကန်းနှင့် ဒုလ္လဘ ရဟန်းခံ အလှူရှင်များအတွက်တော့ နှစ်ထပ်သင်္ကန်းကို အမွန်အမြတ်
အထွဋ်ထားထားကာ ၀ယ်ယူလှူဒါန်းလေ့မြဲ။
မင်းညိုတို့တိုက်မှာ ဆိုင်တင်သမျှ နှစ်ထပ်သင်္ကန်းများအားလုံးနီးပါးကို ချိုရီတစ်ယောက်တည်း အလျင်မီအောင် ချုပ်ပေးနေတာဖြစ်ပါသည်။ မင်းညိုတို့ကလည်း ချိုရီ့လက်ရာကို စိတ်ချသည်ကြောင့် ချိုရီ ချုပ်ချိန်ပိုရစေရန် တစ်ရာသီစာ အော်ဒါပေးလျှက် စောစီးကြိုတင်အပ်နှံနေကျပင်။ အချို့သော အလှူရှင်များကတော့ စပယ်ရှယ်အော်ဒါချုပ် နှစ်ထပ်သင်္ကန်းကိုမှ အမွန်အမြတ်၊ ထူးထူးခြားခြား လှူဒါန်းလိုကြပါသည်ဆိုလာလျှင် ချို့ရီကိုသာ အားကိုးရသည်ပင်။ ဒါပေမယ့် အချိန်နှင့်လုပ်အားက ချိုရီ့လောဘကို အမီမလိုက်နိုင်ပါ။
ချိုရီလည်း မင်းညို၏တာဝန်များကို ဝေမျှယူချင်ပါသည် မင်းညိုရယ်…။

                                           * * *
ဒီနေ့တော့ ဘုရားခြေတော်ရင်းဆီ နှစ်ယောက်အတူ ရောက်နိုင်တော့မည် ထင်ပါသည်။
ဒီနေ့ရလာမည့် ၀င်ငွေထဲမှ ဦးဦးဖျားဖျားဖယ်ချန်ကာ နှစ်ဦးအတူ ရွှေသင်္ကန်းကပ်လှူကြမည်ဟု
ရည်ရွယ်တိုင်ပင်လာခဲ့ကြပါသည်။
အေးအေးဆေးဆေး ဘုရားဖူးပြီးမှ ဆေးရုံကိုလူနာသတင်းမေးသွားတော့မည်။
နီလေးတစ်ယောက် ဆေးရုံတင်ထားရတာ သုံးရက်ခန့်ရှိခဲ့ပြီ။ ရွာမှ ရန်ကုန်သို့ သင်္ကန်းပို့ရန်အလာ၊
လမ်းပေါ်မှာတင် ဗိုက်အောင့်သည်ဟု ရှုံ့မဲ့အော်ဟစ်နေခဲ့သော နီလေးအား နီးရာဆေးခန်းတစ်ခုမှာ ၀င်ပြပေးကြသည်။ အူအတက်ယောင်တာဟု ဆရာဝန်က မှတ်ချက်ပေးကာ အားချင်းပင် ဆေးရုံတင်စေပါတော့သည်။
ခုတော့ ခွဲစိတ်ပြိးစီးခဲ့ပြီမို့ စိတ်အေးရမည့် အခြေအနေမှာ ရှိပါပြီ။ ဒါပေမယ့် ငါးရိုးမျက် လက်တို ဖြစ်နေ
ရှာသော ကလေးမ၏ မိသားစု သည် ဆေးရုံပေါ်မှာ လက်ဖ၀ါးဗလာဖြင့် အားငယ်လှရော့မည်။
ခွဲစိတ်ခန်းမ၀င်မီ တစ်ကြိမ်တော့ မင်းညို ဦးဆောင်ကာ ဆိုင်ဝန်ထမ်းတွေ၊ သင်္ကန်းချုပ်သမတွေထံမှ ရတတ်သမျှ စုဆောင်းပေးခဲ့ပါသေးသည်။ အလုပ်ရှင် သူဋ္ဌေးကလည်း စိတ်လိုလက်ရထည့်ဝင်ပေးလိုက်သေး သည်မို့ ခွဲစိတ်ခန်းကိစ္စ အဆင်ပြေခဲ့ရသည်။
ချိုရီက မင်းညိုအနားကပ်ကာ လေသံတီးတိုးဖြင့်…
“ချိုရီ့မှာ နှစ်ထပ်သင်္ကန်း တစ်ထည်ရှိနေတယ် မင်းညိုရဲ့”
                        မင်းညိုက နားမလည်ဟန်ဖြင့် ဇဝေဇ၀ါ တုန်ပြန်ကြည့်လေသည်။
“ပိတ်စ အပိုလေးတွေ စုထားပြီး ကိုယ်ဘာသာ ဖြည်းဖြည်းချင်းပြန်စပ်ချုပ်ထားတာပေါ့။ ပိတ်စအကြီး
လည်းမရတော့ အကွက်သေးလေးတွေနဲ့ပဲ ချုပ်ရတာ။ (၁၅၅)ခဏ်း လေ။”
                        ထိုသင်္ကန်းကို ချိုရီတစ်ယောက် စိတ်ကူးတယဉ်ယဉ်ဖြင့် ချုပ်ခဲ့ရကြောင်း မင်းညိုအား ပြောမပြချင်ပါ။
တကယ်လို့များ ချိုရီတို့ နှစ်ယောက်လက်ထပ်ဖြစ်ခဲ့လျှင် သံင်္ဃာတော်တစ်ပါးပါးကို အိမ်ပင့်၍ ဆွမ်းကပ်မည်။ မင်္ဂလာဦးအလှူအဖြစ် တိစိဝရံ သင်္ကန်းလည်း လှူချင်သေးသည်။ ဒွိစုံသင်္ကန်းကိုတော့ မင်းညိုဝယ်လိမ့်မည်။ နှစ်ထပ်သင်္ကန်းကလေးတော့ ကိုယ်တိုင်လုပ်အားဖြင့် တဖြည်းဖြည်း အချိန်ယူချုပ်၍ လှူမည်ဟု စိတ်ရှည်၊ လက်ရှည် ကျနသေသပ်စွာ ချုပ်ယူခဲ့တာ နှစ်လကျော် ကြာခဲ့ပါသည်။
                        ချိုရီ့စိတ်ကူးများကို မင်းညိုသိလျှင် ချိုရီ့အား သနားအားနာလျှက် အနေခက်ရဦးမည်မို့ ရှင်းပြမနေချင်တော့။ ဒါပေမယ့် မင်ညိုက မေးလွန်းမက မေးလာသောကြောင့်သာ….
“ချိုရီ နောက်တစ်ထည်း ပြန်ချုပ်ဦးမှာပါ မင်းညိုရဲ့။ ဒီအထည်လေးကိုတော့ ပြန်ရောင်းပြီး ချိုလေးတို့ မိသားစုကို ပေးချင်လို့”
                        “ချိုရီရယ်…”ဟု နာကျင်သလို တစ်ချက်ညည်းငြူကာ မင်းညိုငြိမ်ငေးသွားပါသည်။

                                         * * *
                        နောက်ဆုံးတော့လည်း ချိုရီတို့နှစ်ယောက် ဒီနေရာ၊ ၀န်းကျင်လေးကိုပဲ ရွေးချယ်ဖြစ်ခဲ့ကြပါသည်။
                        ချိုရီ့ သင်္ကန်းကို မင်းညိုတို့ဆိုင်မှာ အကျိုးကြောင်းပြောပြ၊ အကူအညီတောင်းကာ ဆိုင်ပြန်တင်ရန်ပြောလျှင်
အဓ္ဓိပါယ်တစ်မျိုးဖြင့် ကြည့်လာကြမည်ကို မင်းညိုက ပူပန်ပါသည်။ တခြားဆိုင်ကြီးတွေမှာလည်း မျက်နှာအောက်ချ မ၀င်ချင်ပါ။ အဲတော့ လမ်းဘေးတစ်နေရာ၊ အဆင်ပြေမည် ထင်ရသူတစ်ယောက်ကို ရွေးချယ်ရတော့ပြီ။
“အသစ်စက်စက်ပါ အစ်မရဲ့။ ဆိုင်တံဆိပ်လည်း မကပ်ရသေးပါဘူး”
                        ပြောမည့်သာ ပြောရသော်လည်း ထိုမိန်းမက ပြန်ဖြန့်လိုက်၊ခေါက်လိုက်၊ လက်ထဲမှာ မသိမသာ လုံးချေ
နေလိုက်ဖြင့် ကြိမ်ဖန်များစွာရှိလာတော့ အထည်ကလေးက နွမ်းကြေနေခဲ့ပြီ။
“………………..တော့ ပေးလိုက်မယ်”
                        အင်တင်တင်ဖြင့် မလွှဲကင်းသာပုံစံ အပြည့် ဖမ်းထားလိုက်သေးသည်။ ချိုရီတို့နှစ်ယောက်သား
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျှက် ရှုံ့မဲ့သွားကြရပါသည်။ သည်အထည်မျိုးက ချုပ်ခတင် သောင်းချီနေတာ မဟုတ်လား။ သူမပေးသော ဈေးနှုန်းက သုံးပုံ၊ တစ်ပုံတောင်မရှိ။
“ဆိုင်တင်တဲ့ဈေးကို ကျွန်တော်တို့သိပါတယ် အစ်မရယ်။ အဲလောက်ကြီးတော့ မနှိမ်ပါနဲ့ ဗျာ”
“ဒါဆိုလည်း ဆိုင်တင်ရောင်းပါလား။ ဒီမှာတော့ ဒီဈေးပဲ…”
                        သူ့ဘက်က ခပ်တင်းတင်းဆိုလေတော့ ချိုရီတို့ကလည်း ကိုယ်ပစ္စည်း ကိုယ် ပြန်ယူကာ နောက်ကြောင်း
လှည့်ကြဖို့သာ ရှိတော့သည်။
“နေဦး။ နည်းနည်း ထပ်တိုးပေးလို့ ရမလား၊ မေးလိုက်ဦးမယ်”
                        ရှက်စရာကောင်းလှပြီ။ ဒီနေရာသည် မင်းညိုနှင့် မစိမ်းသောပတ်ဝန်းကျင်ဖြစ်သလို ချိုရီ့အဖို့လည်း
ဆန်းကြယ်လှတာတော့ မဟုတ်ပါ။ ဒါပေမယ့် ကိုယ်တိုင်အခြေအတင်ပြောနေရသော အတွေ့အကြုံမျိုးက နှစ်ယောက်စလုံးအတွက် ခုတစ်ကြိမ်က ပထမဆုံးပင်။ ကိုယ်တွေကို ပတ်ဝန်းကျင်ဖြတ်သွားဖြတ်လာ အသိတွေ တွေ့သွားကြတော့မလား ။နောက်ကျောမလုံချင်ပြီ။
                        ထိုမိန်းမကတော့ ချိုရီအထည်ခေါက်ကလေးကို မလွှတ်တမ်း ဆုတ်ကိုင်ထားကာ မနီးမဝေးမှ
အဖော်တစ်ယောက်ထံ လှမ်းအော်ပြီး အခြေအတင်ပြောနေပြန်တော့ပြီ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရန်ပင် ရှက်လန့်နေရတော့မည့် အခြေအနေမှာ ချိုရီကတော့ နောက်ကြောင်းပြန် ပြေးချင်နေမိပြီ။
                        အသားညိုနက်နက်နှင့် ကွမ်းတစ်ပစ်ပစ်မိန်းမသည် စကားဟောင်ဖွာမပျက် ချိုရီတို့အနားသို့ ရောက်လာလေပြီ။ အထည်ကလေးက သူ့လက်ထဲ ရောက်သွားပြန်ပြီ။ စိမ်ပြေနပြေ အထည်ကလေး နွမ်းရိတော့မတတ် လိမ်ခြေမွှေနှောက်နေရာက မျက်နက်ထောင့်ကပ်ကာ၊ ဟန်မူတွေပိုလျှက်…
“ခိုးရာပါတွေ၊ ဘာတွေတော့ မဟုတ်ပါဘူးနော်”
                        ချိုရီ မျက်လုံတွေ ပြာပြာဝေသွားသည်။ လူတစ်ကိုယ်လုံး ထူပူနေကာ နတ်ကျသလို ကတုန်ကရင်
ဖြစ်လာရသည်။
“မရောင်းတော့ ဘူး”
                        သူမ၏ လက်ထဲမှ အထည်ကလေးကို အပြေးတစ်ပိုင်းဖြင့် ဆောင့်ဆွဲယူလိုက်ပါသည်။ မင်းညို…။ အံကို
တင်းတင်းကြိတ်လျှက် လက်သီးကျစ်ကျစ်ဆုတ်ကာ တဆတ်ဆတ်တုန်နေသော မင်းညိုအား မနိုင်မနင်းဆွဲခေါ်လာခဲ့ရသည်။
“ အလုပ်သဘောအရ မေးတာပဲ။ အဖြစ်သည်းနေလိုက်တာ…”
                        မျက်လုံးမှာ မျက်ရည်တွေ ဆိုင်းဝေနေတော့ကာ ဘာဆိုဘာမှ မြင်မရချင်။ ဒါပေမယ့် မလိုတမာ စကားတွေက နောက်ပါးမှာ ကပ်ပါလာနေတုန်း။
                        နှစ်ယောက်သား တစ်ယောက်လက် တစ်ယောက် မလွှတ်တမ်း တွဲဆုတ်ထားလျှက် ဦးတည်ရာမဲ့
တရွေ့ဆက်လျှောက်နေမိသေးသည်။
                        ထိုနေ့ကလည်း ချိုရီတို့နှစ်ယောက် ဘုရားမဖူးဖြစ်ကြပြန်ပါ။ ။


                                                                                                               သတိုး

2 comments:

  1. စာတွေများများ ဆက်တင်ပါ။
    ဘလော့ဂ်မှာ ညွှန်းထားပါတယ်။

    ReplyDelete
  2. သနားစရာပို့စ်လေး သူတို့လည်း သိချင်လို့မေးတာဖြစ်မှာပါ ဒါပေမဲ့ တဘက်ကကြည့်တော့လည်း ခံစားရမှာပါဘဲ ကိုယ်ချင်းစာမိပါတယ်...

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။