Saturday, September 7, 2013

လှပသော ဒဏ်ရာ


ဆေးခန်းပိတ်ချိန် ဆရာဝန် အိမ်အပြန်ကို အကြိုထောက်သည့်ကားက ဆေးခန်းရှေ့မှာ ရပ်ထားဆဲမို့ အဝေးမှပင် လှမ်းမြင်ရလျှင် စိတ်ပူပန်မှု အနည်းငယ် လျော့ပြေရလေသည်။
“ကံကောင်းတယ် သမီးရေ…။ ဆရာဝန်မ မပြန်သေးဘူးဟ။ ဆေးခန်း မပိတ်သေးဘူး”
သမီးကို အားပေးရင်း ဆိုက္ကားကို အားကုန်ကျုံးနင်းပစ်လိုက်သည်။ ဆေးခန်းမျက်နှာစာရှိ ခေါက်တံခါးတချို့က ပိတ်လက်စ ဖြစ်နေပြီ။ လူနာစောင့် ထိုင်ခုံတန်းလျားမှာပင် စောင့်ဆိုင်းလက်စ လူနာ တစ်ယောက်တလေမျှ မကျန်တော့ပြီ။ ဆရာဝန်မ… ပစ္စည်းပစ္စယတွေ သိမ်းဆည်းပြီးပြီလား။ တအောင့်ခဏတော့ အချိန်ပေးကာ သမီးကို ကြည့်ပေးဖို့ တောင်းပန်ရမည်ပင်။ သမီးကြီး ဖျားနေတာ သုံးရက်ရှိပြီ။ သမီးကြီးက ပင်ကိုယ်နှုတ်နည်းလွန်းလှသည်သာမက အားငယ်ပူပန်တတ်လွန်းသူလည်း ဖြစ်သည်။ မိဘကို သိတတ်ငဲ့ညှာသူလည်း ဖြစ်သေးသည်မို့ တော်တန်ရုံ နာဖျားမကျန်းကိစ္စကို ဘယ်တော့မှ ဖွင့်ဟမပြော။ ခပ်နုံးနုံးနွမ်းလျဟန်နှင့် နီမြန်းမျက်နှာပျက်နေတတ်သည်ကို အမေက ရိပ်မိကာ မေးစမ်းလာလျှင်တောင် မပွင့်တပွင့်သာ ၀န်ခံတတ်သူ ဖြစ်သည်။ မိဘက နဖူးကလေးစမ်းကာ ယုယဟန်ပြလျှင် မျက်ရည်က လည်ချင်ပြန်သည်။ ခါတရံ တိတ်တိတ်ကလေးကြိတ်ကာ ကွယ်ရာမှာ မျက်ရည်ကျတတ်သေးသူဖြစ်သည်။
“နင်ကလည်း လူကသာ တဲကုတ်ထဲနေပြီး စိတ်ကတော့ မင်းသမီး..”
                        ပြောပေမယ့် သမီးကြီးဖျားနာလျှင် အငယ်တွေထက်ပိုလို့ စိတ်ရှုပ်ဗျာများရပါသည်။ စိတ်ဓါတ်ပျော့ပြောင်းရပါမည်လားဟု စိတ်မရှည်၊ ဆူပူချင်သော်လည်း နာလန်ထရက် နောက်ကျနှေးကွေးနေလျှင်တော့ ပူပန်ရသည်။ ကျောင်းစာမှာ စိတ်ဝင်တစား ကြိုးစားပြီး ထူးချွန်ပြန်လှတဲ့ သမီးက ကျောင်းပျက်ရက်များလာလျှင် စာခြောက်ကာ တငိုငို တရယ်ရယ် ပြုတတ်ပြန်သေးသည်။
“ဆရာဝန် မပြန်သေးဘူး မဟုတ်လား”
                        သူတို့ဆိုက္ကားကို ကြိုတင်မြင်တွေ့ကာ စောင့်ကြည့်နေပုံရသော မျက်နှာလေးတစ်ခုက ကားပြတင်းမှထွက်ပြူကာ အကဲခပ်နေတာ သိသာလှစွာ။
“ရှိပါတယ်။ အထဲမှာ…”
                        ယဉ်ကျေးဖွယ်ရာ တုန့်ပြန်စကားကြောင့် ဖျတ်ခနဲ အမှတ်မဲ့ကြည့်မိစဉ် လွင့်ခနဲ မျက်စောင်းတစ်ချက်ပစ်လွှတ်ကာ မျက်နှာတစ်ဖက်လွှဲသွားလေသည်။ ဇဝေဇ၀ါနှင့် အံ့အားသင့်သွားရသော်လည်း တုန့်ပြန်စူးစမ်း မပြုအားသေး။ တဟီးဟီးအဖျားတက်နေဆဲမို့ စောင်ခေါင်မြီးခြုံကာလိုက်ပါလာခဲ့သော သမီးကြီးကို သူ့အမေတစ်ယောက်တည်း တွဲကူဖို့မနိုင်နင်းသည်မို့ သူပဲ ပွေ့ယူချီမလိုက်ရပါသည်။
“ဒေါက်တာ့ကို အားနာလိုက်တာဗျာ။ သမီးရယ် ဖျားနေတာ သုံးရက်ရှိပြီ။ အဲဒါ.. အဖျားမကျလို့…”
                        ပါရာစီတမောလ်ဖြစ်ဖြစ်၊ ဒီကိုဂျင်ဖြစ်ဖြစ် လက်သင့်ရာဆေးတစ်လုံးကို ရေနွေးပူပူနှင့်သောက်စေကာ စောင်ခြုံအိပ်ပျော်စေပြီး ချွေးထုတ်ပေးသည့် သူတို့ရပ်ကွက်၏ ကုထုံးကို ဆရာဝန်မလည်း အကျွမ်းတ၀င်ဖြစ်နေပုံ။ အဖျားမကျသောကြောင့် သုံးရက်မြောက်နေ့မှ ဆေးခန်းရောက်လာရသည့်အတွက် ထူးခြားစွာခံစားပြစ်တင်ခြင်း မပြုပါ။
“ဖြစ်ဖြစ်ချင်း လာပြဖို့ပါပဲ ဒေါက်တာရယ်။ တစ်ရက်.. တစ်ရက်နဲ့..”
                        ပြောလျှက်မှ နှုတ်စကားတွေ တစ်ဆို့ပျောက်ဆုံးကုန်ပြန်သည်။ အဖျားသွေးတိုင်းသည့် ဖန်ပြွန်ချောင်းလေးကို သမီး၏ ချိုင်းကြားသို့ ထိုးညှပ်ပေးရင်း ဆရာဝန်မက နားလည်စွာ ခေါင်းတစ်ချက်ညိတ်ဆတ်ပြလေသည်။ မျက်နှာတစ်ချက်မပျက်၊ စိတ်ငြိုငြင်ဟန် နည်းနည်းမျှ မပြပဲ ကြည်ကြည်လင်လင် ကြိုဆိုကာ သမီးအား အရေးတယူ စမ်းသပ်ပေးနေသော ဆရာဝန်မကို အားနာကျေးဇူးတင်လှစွာ…
“ခုလည်း အလုပ် သိမ်းပြီးပြီးချင်း ကမန်းကန်းပြေးလာခဲ့တာ။ ဒေါက်တာ ဆေးခန်းပိတ်နေပြီလားလို့ တထင့်ထင့်နဲ့…”
သွေးပေါင်ချိန်တိုင်းကိရိယာမှ လေဘောလုံးလေးကို ဆုတ်ညှစ်နေရင်း…
“ဘာ အလုပ် လုပ်လဲ”
“ဆိုက္ကား နင်းပါတယ်”
                        သူ့ ဇနီးက ၀င်ဖြေပေးသည်။ ထိုစဉ် လူနာကြည့်သည့် အခန်းဝမှ ခန်းဆီးစလေး လှုပ်ခါသွားလျှင်…
“ဟန်နီ…အခန်းထဲ ၀င်မလာနဲ့လေ”
                        ကားထဲမှာ တွေ့ခဲ့သော သူငယ်မကလေးက သူ့မာမီစကားကို အပြုံးတစ်ပွင့်ဖြင့် လှစ်ခနဲ ခြေဖျက်ပစ်ကာ လူနာကုတင်နားအထိ ထော့နဲ့နဲ့ကလေး တိုးရွှေ့လာခဲ့တော့သည်။ ချိုရွှင်မြူးထူးသော ချစ်စဖွယ်ဟန်ပန်ကလေးသည် သူ့တစ်ယောက်တည်း အပေါ်တွင်တော့ ၀ဲခနဲ စိမ်းတောက်ကျွတ်ဆတ်သွားတော့ပြန်။
“ကျူရှင်တက်ရင်း ဒဏ်ရာရလာတယ်လေ။ ခါတိုင်း အိမ်ကကားနဲ့ ကြိုပို့နေကျကို ဒီနေ့မှ သူငယ်ချင်းတွေနဲ့ အတူသွားချင်တာတဲ့။ တစ်နေ့တလေ ပေးလွှတ်လိုက်တာ..။ လမ်းပေါ်ရပ်နေတုန်း ဆိုက္ကားက ခြေဖမိုးပေါ် ဖြတ်ကြိတ်သွားလို့တဲ့။ တော်သေးတာပေါ့.. ဆိုက္ကားမို့လို့…”
                        ကလေးမ၏ ဖြေမိုးပေါ်မှ ပတ်တီးဖွေးဖွေးကို မ၀ံ့တ၀ံ့ ခိုကြည့်ရင်း အသိစိတ်မှာ နံနက်ခင်းက အဖြစ်ကို ဒိန်းခနဲ  ပြန်လည် အမှတ်ရမိသွားဆဲ…
“ဆိုက္ကားဆရာတွေကလည်း ဂျိန်းစဘွန်းတွေပဲ ဆရာမရဲ့။ အိမ်ကယောက်ျားလည်း အတူတူပဲ။ အတင်း တရကြမ်းနင်းကြတာ…”
                        မိန်းမက မသိနိုးနားနှင့် ၀င်ပါဖြည့်စွက်ပေးနေပြန်သည်မို့ တင်းခနဲ ဖြစ်ရပြန်သည်။ ဒါပေမယ့် သူပြောတာ အမှန်တွေဆိုတော့ နာသာခံခက်ပေ။ သူ့ အကြောင်းသိနေသော ခရီးသည်တချို့က သူ့ဆိုက္ကားကို ရှောင်ဖယ်ချင်တတ်ကြသည် မဟုတ်လား။ မရှောင်သာ၊ မရှောင်ရက်လို့ ဆိုက္ကားပေါ် ထိုင်မိကြလျှင်တောင်…
“ငါတို့ အလျှင် မလိုဘူးနော်။ ဖြည်းဖြည်းနင်း…”
“ခင်ဗျားတို့ မလိုပေမယ့် ကျုပ် ကျောင်းကြိုပေးဖို့ ရှိသေးတယ်”
                        သူက မခိုမခန့် ရယ်စစမျက်နှာပေးဖြင့် အရှိန်မလျှော့ချင်။
“သမီး အမြန်ဆုံး ပြန်နေကောင်းအောင် ဆေးထိုးပေးလိုက်မယ်နော် သမီး”
                        ဆေးထိုးအပ်ဖြင့် ပုလင်းငယ်မှာ ဆေးရည်များကို စုတ်ယူနေစဉ်…
“ဟိုတစ်ဘက် ဆိုက္ကားဆရာကလည်း ကလေးကို ဘယ်နား နာသလဲ။ ထိမိခိုက်မိသလား.. ဘာညာ မမေးမမြန်းနဲ့ ကလေးကိုတောင် ပြစ်တင်ငေါက်ငန်းသွားသေးတာတဲ့။  သူ့ဒက်ဒီရော.. ကျွန်မရော စိတ်တွေတိုလို့…။ ကျိုးပဲ့ မသွားတာ ကျေးဇူးတင်ရဦးမယ်”
                        ဆေးထိုးအပ်မြင်သည်နှင့် ငိုမဲ့မဲ့ဖြစ်လာသော သမီးကို သူ့အမေက ချော့နေသည်။
“မြန်မြန် နေကောင်းအောင်လို့ပါ။  သမီး မနာအောင် ထိုးပေးပါ့မယ် နော်။ ခဏလေး…”
                        ဆရာမကြီးကပါ ၀င်ချော့နေပေမယ့် ဆေးထိုးကြောက်သောသမီးက ကုတင်ပေါ် လျှောင်းနေလျှက်ကနေ မျက်ရည်တလည်လည်နှင့် သူ့အမေကို လှမ်းဖက်တွယ်ထားသည်။
“ သမီး.. ညည်း ကလေးပေါက်စန မဟုတ်ဘူးနော်”
                        ရှစ်တန်းကျောင်းသူမဖြစ်သော သမီးသည် အဖေ လေသံတင်းလျှင်တော့ ရွံ့ရှိန်ကြောက်လန့်တတ်ပြန်သည်။ သမီးတို့နှင့် သက်ရွယ်တူလောက်ရှိမည့် ဟိုကလေးမတွေလည်း သူ.. သဟောက်သဟန်းပြုခဲ့တော့ ရုတ်တရက်ကြောက်လန့်ကျန်ရစ်ကာ စကားတစ်ခွန်းတစ်စတောင် မတုန့်ပြန်နိုင်ခဲ့ကြဘူး မဟုတ်လား။ အဲဒီကလေးမတွေ အုပ်စုထဲက ကာယကံရှင်ကောင်မလေးက သူ့ရှေ့မှောက်မှာ ရောက်ရှိနေတဲ့ ကလေးမတဲ့လား။ ဆရာဝန်မရဲ့ သမီးလေး…။
                        တကယ်က လွတ်မည်အထင်နှင့် ဆိုက္ကားကို ကပ်အကွေ့မှာ သူမ၏ ခြေဖမိုးဖျားကလေးကို အမှတ်မဲ့ ဖြတ်ကြိတ်မိသွားခဲ့တာဖြစ်သည်။ အိမ်ကသမီးကို ဆေးခန်းပြဖို့တောင် တစ်ရက်က နှစ်ရက် ရက်ရွှေ့လာခဲ့ရတာမို့ စိတ်ညစ်စိတ်ရှုပ်နေရသည့်ကြားမှာ စကားတွေ ရှည်နေ၊ ရှုပ်မနေချင်တော့သည်မို့ ကလေးမကို သေချာတောင် မကြည့်ခဲ့။
“ညည်းတို့ကရော… လမ်းဘေး ကပ်မရပ်ပဲ ဘာလို့ လမ်းမလည် ထွက်ရပ်နေကြတာလဲ”
                        နှုတ်တွေ့သလို ခပ်ငေါက်ငေါက် တစ်ချက်အော်ပစ်ခဲ့လိုက်ကာ နောက်ကြောင်းမျှ လှည့်မကြည့်ခဲ့တော့ပြီ။
“မြို့ပေါ်မှာလည်း ဆိုင်ကယ် ကယ်ရီတွေ ပိုများလာသလိုပဲနော်။ ဆိုက္ကား နင်းရတာ အဆင်ပြေရဲ့လား”
                        ဆရာဝန်မ၏ အမှတ်မဲ့စကားက မိန်းမကို ငိုချင်လျှက် လက်တို့ပေးလေသည်။
“ဒီလိုပါပဲ ဆရာမရေ..။ မရတမော့၊ ရတမော့ ဆိုသလိုပါပဲ။ ဟိုနား၊ ဒီနား ဆိုင်ကယ်လေးနဲ့ သွားရတာ ပိုမြန်မြန်လည်းရောက်၊ ကြော့ကြော့ကလေးလည်း လိုက်ရတာ မဟုတ်လား။ မနိုင်ရင်ကာ ကုန်တွေ၊ ၀န်စည်စလယ်တွေပါမှပဲ ဆိုက္ကားငှားကြတော့တယ်လေ..။ အိမ်က ဆိုက္ကားလည်း ကိုယ်ပိုင်မို့သာပဲ။ အုန်နာခ မပေးရလို့ မငတ်သေးပေမယ့် မပြင်ဆင်နိုင်တာကြာတော့ ဂျုံးဂျုံးကျနေပြီလေ။ သမီးနေမကောင်းတာတောင် ဒီနေ့မှ ဆေးခန်းရောက်လာတာသာကြည့်တော့….”
                        ပြောလျှက်က လက်ထဲ ခပ်ကျစ်ကျစ်ဆုတ်ထားသော ငွေစက္ကူလိပ်ကလေးကို ဖြန့်ဖြည်နေပြန်ရင်း…
“ဆရာမ.. မရိုမသေ၊ ကျွန်မတို့  ဘယ်လောက်…”
“မာမီ…”
                        သူ.. ထိတ်ခနဲ ဖြစ်သွားသည်။ ကလေးမက သူ့မာမီအနားသို့ လှစ်ခနဲ ပြေးကပ်လိုက်လေကာ သူတို့ မိသားစုထံ အကြည့်တစ်ချက်ဝေ့လိုက်လျှက်…
"မာမီ… ဆေးဖိုး မယူပါနဲ့နော်။ သူက ဟန်နီတို့ ကျောင်းကပဲ။ တန်းခွဲချင်း မတူပေမယ့် စာအရမ်းတော်တော့ ဟန်နီက သူ့ကို အားကျပြီး သိနေတာပေါ့။ သူကတော့ ဟန်နီ့ကို သိမှာ မဟုတ်ပါဘူး။ ဟုတ်တယ် မဟုတ်လား”
                        ကုတင်ပေါ်မှာ သူမိခင်၏ ရင်ခွင်ထဲ မှေးမှီထားဆဲ သမီးအား ရွှန်းလဲ့စွာ စိုက်ကြည့်လျှက် လှမ်းပြုံးပြလေလျှင် သမီးကလည်း ခပ်နွမ်းနွမ်း တုန့်ပြန်ပြုံးပြဖော်ရလေသည်။
“သိပါတယ်။ နင်လည်း စာတော်တာပဲကို..”
                        သမီး၏ စကားသံခပ်တိုးတိုးလေးကြောင့် သူမ၏ မျက်နှာကလေးလည်း ကျေနပ်ဟန်ဖြင့် ပြုံးလဲ့ချိုရွှင်နေလေသည်။ လက်လှမ်းတော့မလို ဆရာဝန်မက သူ့မိန်းမလက်ထဲမှ ငွေစက္ကူတွေကို ခပ်ပြုံးပြုံးပြန်တွန်းလိုက်ကာ…
“ဟန်နီက အဲဒီလိုပဲ..”
                        ဂုဏ်ယူကျေနပ်နေဟန် အထင်းသား။ မိန်းမ၏ ကျေးဇူးတင်စကားတဖွဖွကို မကြားတစ်ချက်ကြားတစ်ချက်မှ မျက်ဝန်းတွင်စိမ့်အိုင်လာသော မျက်ရည်တို့ကို မျက်တောင်တဖျတ်ဖျတ် ခပ်ထုတ်ရင်း မနိုင်မနင်းရှိနေဆဲ…။
“ဦးလေး…က သူ့အဖေကိုး။ ဟန်နီက ပါစင်ဂျာ လိုက်ပို့ပေးတယ် ထင်နေတာ..”
ပွင့်လင်းစွာ ဆိုနေပြန်ရင်း…
“ဟန်နီ့သူငယ်ချင်း ကျောင်းပျက်ရက်တွေ များလှပြီ။ မြန်မြန်နေကောင်းအောင် ဂရုစိုက်လိုက်ပါဦးနော်။ နောက်နေ့လည်း မာမီ့ဆီ ထပ်လာပြပါဦး”
                        အိမ်အပြန်ခရီးမှာတော့ မသိနိုးနားမိန်းမက မျက်စောင်းတချီချီ၊ တဖျစ်တောက်တောက်…။
“ရှင့် သမီး နားချင်နေပြီရှင့်။ ဆိုက္ကားကို ဘယ်လိုနင်းနေတာလဲ…။ တုန့်နှေးနှေးနဲ့…တကတည်း”

                                                                                      သတိုး

Sunday, September 1, 2013

မှတ်မှတ်ရရ မှတ်တမ်း



ကျပျောက်ခဲ့တဲ့ နှစ်လိုစရာ သီးသန့်ဘ၀သစ်  တစ်ခုကို ဘလော့ဂ်ရေးဖြစ်တဲ့အချိန်မှာ  ပြန်လည်ရရှိပိုင်ဆိုင်ခွင့်ရခဲ့တာအတွက် အမှတ်ရကျေးဇူးတင်ရမယ့် လေးစားခင်မင်ဖွယ်သူတွေ များပြားလွန်းလှတယ်။
ဆယ်စုနှစ် တစ်ခုကျော် မေ့ပျောက်ထားတဲ့ ၀တ္ထုတွေ ပြန်ရေးဖို့ အမြဲမပြတ် တိုက်တွန်းနေတတ်တဲ့ ဆရာ ငြိမ်းစိုးဦး
အွန်လိုင်းပေါ် ဖေးမခေါ်ခဲ့ပြီး ဘလောဂ်မှာ လိုအပ်သမျှ မငြီးမငြူ ရောင်စုံခြယ်သအလှဆင်ပေးခဲ့တဲ့ ကိုကြည်နိုင်  
တင်သမျှပို့စ်တွေကို ဖတ်ပေးပြီး ကောင်းရာကောင်းကြောင်း ပြောသွားတတ်ကြတဲ့ လူဇိုးရီး ကိုရီး၊ ညီ စိုးမိုး၊ ညလေး သော်တာ (ကျွန်တော့်ရဲ့ ပထမဆုံး ၀တ္ထုတိုပို့စ်တွေကို ဖတ်ပေးခဲ့ကြသူတွေပါ) နဲ့ မြန်မာ မာတီပလိုင်းမှ ညီအစ်ကို၊ မောင်နှများ…..
Blogspots မှာ ၀တ္ထုတိုလေးတွေ တင်ရင်း ဟိုဝင်သည်ထွက်ကာလတစ်ခုရဲ့ ဘလော့ဂါဒေးမှာ ကိုယ့်ဘလော့ဂ်လင့်ခ်လေးကို သူ့စာမျက်နှာမှာ တခုတ်တရ ဖော်ပြပေးခဲ့ပြီး စာတွေဆက်ရေးဖို့ အားပေးခဲ့တဲ့ ဆရာမ ပန်ဒိုရာ
ပထမအကြိမ် အွန်လိုင်းရွှေဝတ္ထုတိုပြိုင်ပွဲကို ၀တ္ထုတိုတွေ ပို့ပေးဖို့ တိုက်တွန်းရင်း လင့်ခ်တွေပေး၊ ပို့စ်တစ်ချို့မှာ လိုအပ်အားနည်းတာတွေကို ထောက်ပြပေးခဲ့တဲ့ ဆရာ မြစ်ကျိုးအင်း နဲ့ မရွှေဇင် (ရွှေစင်ဦး)  ( တိတ်ဆိတ်ငြိမ်သက်၊ ခြောက်ကပ်နေတဲ့ ကျွန်တော့် ဘလော့ဂ်လေးဟာ ပထမအကြိမ် အွန်လိုင်းရွှေဝတ္ထုတိုပြိုင်ပွဲ ကျမှ လူဝင်လူထွက် စတင်ဝေစည်စ ပြုခဲ့တယ် ထင်ပါတယ်)
သက်တံ့ဆယ်စင်း” စိတ်ကူးအတွက် သတိတရ ရောက်လာပြီး သက်တံ့ပေါ်မှာ ကစားခွင့်ပေးခဲ့တဲ့ ကိုရန်အောင် နဲ့ ရေးဖော်များ အားလုံး
ကြယ်စင် ဆယ့်တစ်” စိတ်ကူးရှင် ဆရာသက်တံ့ချို  နှင့်ရေးဖော်ကြယ်စင်များ
မိုင်တိုင်နှစ်ဆယ်” ပိုင်ရှင် ညီမငယ် အိန်ဂျယ်လ်လှိုင် နှင့် ရေးဖော်များ
စကားစမြည်စိုက်ခင်း” စာအုပ်မှ အွန်လိုင်း လင်းရောင်ခြည် ရေးဖော်များ
ညီငယ်ကိုကိုးအိမ်နဲ့ စာရေးဖော် စကားဝါပန်းများ…
တကယ်တော့ ကျေးဇူးမှတ်တမ်းဟာ ဒီထက်မက အဆများစွာ ရှည်လျားသင့်ပါတယ်။ အထက်မှာ ဖော်ပြခဲ့သူတွေက ကျွန်တော့်ရဲ့ ဘလော့ဂ်မှတ်တိုင်လေးကို ခိုင်မတ်မြဲမြံစေဖို့ ၊ စိတ်ဓါတ်အင်အားတိုးဖြည့်ပေးခဲ့သူတွေထဲက အထင်ကရ၊ မမေ့မလျော့ အမှတ်ရနေရမယ့် သူတွေမို့ပါ။
နောက်… ပို့စ်အသစ်တင်တိုင်း ရောက်လာပြီး တဆွေးတနွေး ကွန်မန့်ပေးတတ်တဲ့ ဆရာ ဦးဟန်ကြည်၊ သူကြီးမင်း ကိုကိုမောင် (ပန်းရနံ့)တီတင့်၊ မမြသွေးနီ၊ လင်းခေတ်ဒီနို၊ ကိုညီသစ်….အများကြီး ကျန်နေပါသေးတယ်။ တစ်ဦးချင်း၏ အမည်များကို တန်းစီရေးမပြနိုင်ပေမယ့် အမြဲ ကျေးဇူးတင် အမှတ်ရနေမှာပါ။
ဘလော့ဂ်ကနေ စာမျက်နှာတွေဆီအကူးမှာ ဖေးကူတဲ့ တွဲလက်များအဖြစ် ဆရာမင်းဝေဟင်၊ ဆရာ ချမ်းထက်ဟန်၊ ဆရာမ ဝေ (စီးပွားရေးတက္ကသိုလ်) ၊ ဆရာမ အဖြူရောင် (ရွှေ)၊ ဆရာမ မီမိုး.. စသည်တို့ကိုလည်း ချန်မထားခဲ့ချင်ပြန်ဘူး။
နောက် … ညီငယ် ကိုဏီ (ဏီလင်းညို) နဲ့ ညီမငယ် ရွှေအိမ်စည်
မေ့တော့မလို့…။ အရေးအကြောင်းရှိတိုင်း လှမ်းပြီး နားပူနားဆာပြုသမျှ မငြီးမငြူ ဖြည့်ဆည်းကူညီပေးနေကျ မမေ့နိုင်စရာ ၊ ကျေးဇူးတင်ချစ်ခင်စရာလူတစ်ယောက်။ ဆြာ ဇောင်း… ပါတဲ့။
နေ့စွဲတွေကို အမှတ်မဲ့ ဖြတ်သန်းတတ်တဲ့ ကျွန်တော့်အတွက် ဘလော့ဂ်သက်တမ်းလေး ဘယ်လောက်ရှိပြီလဲမေးလာရင် ဇဝေဇ၀ါ ပေမယ့် ချစ်ခင်ရတဲ့ ဘလော့ဂါစာရေးဖော်များနဲ့ စာလာဖတ်သူတွေ ရှိနေဦးမယ်ဆိုတဲ့ အသိက နေပျော်ကျေနပ်စရာ အင်အားနဲ့ ပျော်ရွှင်မှုပေးတာမို့ ဘလော့ဂ်အိမ်ကလေးကို တွယ်တာချစ်မက်နေမိဦးမှာပါ။  

Tuesday, August 20, 2013

ရှေ့တိုး နောက်ငင်



                        အရွယ်ရောက် သားတော်မောင်အား ကျိုးကြောင့်သင့် ဆိုဆုံးမမည်ကြံတိုင်း သူ၏အဖွား၊ ကျွန်မ၏ ဒေါ်လေးက မြေးဘက်မှ အစဉ် ဖေးမကွယ်ကာလေ့မြဲမို့ အလွန်စိတ်ပျက်စရာ ကောင်းလှတော့သည်။ တခါတရံ “ညည်းတို့ငယ်တုန်းက ဒီ့ထက်ဆိုးသေး”… ဟု သားရှေ့မှာ မဆင်မခြင် အမြစ်ဖော်၊ အကြေးလှန်တတ်ပြန်သေးရာ သားက တပြန် ပြုံးစစ၊ ခနဲ့ကြည့်ခံရပြန်တော့ တနုံ့နုံ့ ဒေါသဖြစ်ရပြန်သည်။ ဒေါ်လေးဟာ ကျွန်မအား ၀မ်းနှင့်မလွယ်ခဲ့ရရုံတမည် ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သူလည်းဖြစ်၊ တစ်သက်လုံးက နှုတ်လှန်ပြန်ပြောသည့် ထုံးစံလည်း မရှိခဲ့စဖူးမို့ ကျွန်မ ငြိမ်ဆိတ်ကြိတ်မှိတ်ခံနေခဲ့ရသော်လည်း သားကိုတော့ နေနှင့်ဦးဟု အံတကြိတ်ကြိတ်၊ လက်ညှိုးတစ်ထောင်ထောင် ပြုမိပြန်သည်။
                        ယခုနှစ်မှ ဆယ်တန်းအောင်ပြီးစ၊ ဖွံ့ထွားဖြူစင်ကာ အရပ်ကြီးမိုးထိုးထွက်လာသော သားသည် ပြောမနိုင်၊ ဆိုမရ လူဆိုးလေးတော့ မဟုတ်ရှာပါ။ ဒါပေမယ့် သူတို့ခေတ်၊ သူတို့လို လူငယ်လေးတွေ၏ ပြောဆိုပြုမူပုံ။ ၀တ်စားဆင်ယင်တတ်ပုံလေးတွေကအစ… တခါတရံ မိခင်မျက်စေ့မှာပင် အချိုးသိပ်မပြေချင်တတ်ပြန်ပါ။ အင်္ကျီ ကျပ်ကျပ်၊ ဘောင်းဘီကျပ်ကျပ်ဝတ်တတ်တာ အပြစ်မပြောချင်သော်လည်း အထိုင်၊ အထမှာပင် ခါးနားတစ်ဝိုက်မှာ လက်တစ်ဝါးခန့်လွတ်နေတတ်ပြန်တာ သဘောမကျပါ။ လူကြီးသူမရှေ့မှာ မလွဲကင်းသားစွာ လက်ခြေမြှောက် ပြုရလျှင် သူတို့အင်္ကျီက ရင်ညွန့်ရောက်လုတော့မလိုမို့ အရိုသေတန်ရာ မရောက်ပေဘူးလား။ သူ့အဘွားကတော့…
“ယောက်ျားလေးပဲအေ…။ ကိုယ်ဗလာနဲ့နေလည်း ဘာဖြစ်မှာ လိုက်လို့…”
“ကိုယ်ဗလာကမှ တော်ဦးမယ်။ ခုတော့ ခါးတိုပြတ်ကလေးတွေနဲ့ မိန်းခလေး ဘလောက်စ်တွေကျနေတာပဲ။ ပြီးတော့ အင်္ကျီတစ်ထည်လုံးလည်း ဒေါက်တွေက ပတ်ချာလည်။ သူတို့မှာ ရှိုက်ဖိုအသွယ်သွယ် ဘာများဖော်စရာ ရှိလို့တုန်း”
“အဲဒါတွေ ခုမှ ၀တ်ကြတာ မဟုတ်ပါဘူးအေ..။  ညည်းတို့ငယ်ငယ် ၀င်းဦးတို့၊ ဇော်ဝမ်းတို့၊ ကျော်ဟိန်းတို့ ခေတ်ကတည်းက ဒေါက်တွေနဲ့ ကျပ်ထုတ်စည်းတွေ ၀တ်ခဲ့တာပဲကို။ ခုမှ အဆန်းလုပ်နေကြတာ။ ကလေးတွေခေတ်ကမှ ယဉ်သေးတယ်။ အဲဒီခေတ်တုန်းကဆို ညည်းဦးလေးတွေလည်း လိုက်ဝတ်ကြတာပဲ။ လက်တွေကလည်း အလိန်တွေ။ မီးပူတိုက်ရ၊ ခေါက်သိမ်းရတာ သိပ်လက်ဝင်တာပေါ့။ ကော်လံတွေကလည်း အပြားကြီးတွေ ချွန်မြလို့…။ လက်ဖတ်ပြားကြီးတွေကလည်း အကြီးကြီးကြီးတွေ…”
                        ဒေါ်လေးအောက်က မောင်နှစ်ယောက်ရှိသေးသည်မို့ ဦးလေးတို့ခေတ် အဆင်အယင်ကို ဒေါ်လေးတစ်ယောက် ယဉ်ပါးခဲ့ဟန်တူပါသည်။ ပရက်စလေကို ဒေါ်လေးမသိတာ ကျွန်မ ကံကောင်းသွားသည်။ သိများသိလျှင် ထည့်သွင်းကိုးကားဖို့ နောက်ထပ်တစ်ယောက် တိုးဦးတော့မည်။                                           
                                                @@@@@
တကယ်တော့ ကျွန်မတို့ ဇနီးမောင်နှံနှစ်ဦးစလုံးအား ယခုလိုဘ၀ အခြေတကျ ဖြစ်လာသည်အထိ အရိပ်ကြည့်ပြုစုခဲ့ရသူမှာ ဒေါ်လေးသာ ဖြစ်ပါသည်။ ကျွန်မတို့နှစ်ဦးမှ ထပ်ဆင့်ပေါက်ပွားလာခဲ့သည့် သားလက်ထက်မှာလည်း ဒေါ်လေး၏ အသက်ရှူသံတိုင်းသည် သားမှ သားသာ ဖြစ်နေပြန်တော့ပြီ။ သား၏ အဖေရော၊ ကျွန်မပါ နှစ်ယောက်စလုံးက ပွဲရုံအလုပ်မှာ မိုးလင်းမိုးချုပ် ခေါင်းစိုက်နစ်မြုတ်နေရချိန်မှာ သားသည်လည်း ဒေါ်လေး၏ လက်ပေါ်မှာသာ လူလားမြောက်ခဲ့ရတာ မဟုတ်လား။
                        သားက တစ်ခုခု လိုချင်ပူဆာလျှင် အဖေနှင့် အမေက ချင့်ချိန်နေဆဲ အဖွားကို ခေါင်းဝှေ့လိုက်လျှင် ချက်ချင်းရတတ်တာ သားတစ်ယောက် နောကျေနေခဲ့ပြီ။ ဟင်းဒ်ဖုန်းပူဆာလာခဲ့ချိန်မှာလည်း ၀ယ်ပေးသင့်၊ မပေးသင့် ကျွန်မက သူ့အဖေနှင့် ခေါင်းချင်းရိုက်နေဆဲ …
“ဆယ်တန်းအောင်ရင် အဖွားလေး ၀ယ်ပေးမယ်”
                        ပြောကာ ဆယ်တန်းအောင်စာရင်းပင် မစောင့်ချင်ခဲ့သောသားအား စာမေးပွဲ ပြီးလျှင်ပြီးချင်း လက်ထဲသို့ ဖုန်းထည့်ပေးခဲ့သူဖြစ်သည်။
“ဒေါ်လေးကလည်း.. တစ်ထောင့်ငါးရာတန် ကဒ်တွေ ထွက်တော့မယ့်ဟာ…”
“ညည်းတို့ဟာက ဆောက်ဖြစ်မှ ကျောင်းဒကာပါအေ…။ ကျုပ်လည်း စုံစမ်းကြည့်ပြီးပါပြီ။ ကျုပ်မြေးက ငယ်ငယ်ကတည်းက ခုဆိုခုမှ ကြိုက်တာ။ ကိုယ်လည်း တတ်နိုင်နေတာကို…”
                        နှစ်သိန်းတန် ဂျီအက်စ်အမ် ကိုင်ထားသော သားက ခုတစ်ခါ စီဒီအမ်အေက အင်တာနက်လိုင်းဆွဲအားပိုကောင်းသည် ဆိုလာပြန်ပြီ။
“လက်ရှိကို လက်မဲ့မလုပ်ရဘူး”
                        ကျွန်မ စကားမှ မဆုံးခင် ဂျီအက်စ်အမ်ကို တစ်သိန်းရှစ်သောင်းနှင့်ရအောင်ရောင်းကာ တစ်ထောင့်ငါးရာတန် စီဒီအမ်အေ ဆင်းမ်ကဒ်ကို ခုနစ်သောင်းခွဲနှင့် ၀ယ်ပေးခဲ့ပြန်သည်။
“မတန်မရာ ဈေးတွေကို ဒေါ်လေးကလည်း…”
“ခင်မျာများ နေကုန်နေခမ်း အလုပ်အကိုင်ဖျက်ပြီး တန်းစီစောင့်တိုး ထားရတာပါအေ။ ဒါတောင် ကံတရားက မျက်နှာသာပေးလို့ မဲပေါက်လို့ ရကြတာပါ။ ကိုယ်က လိုချင်တဲ့အချိန် အဆင်သင့်ရတာ တန်ပါတယ်”
                        ဒေါ်လေးတွေးသလို တွေးကြည့်တော့လည်း ဟုတ်နေသယောင်ပါပင်။ ဆင်းကဒ်ရပါမည့်အရေး ဓါတ်ပုံပြေးရိုက်ကြ၊ မိတ္တူပြေးဆွဲရ။ မဲနှိုက်သည့်နေရာမှာလည်း တစ်နေကုန် တမော့တမော စောင့်ဆိုင်းမျှော်မောမဆုံးမို့ ကိုယ်စိတ်ပင်ပန်းကြရရှာပါသည်။ သတိထားကြည့်မိတော့ ဆင်းကဒ်လျှောက်ထားကြသူ အားလုံးနီးပါးဟာ ကိုယ်တိုင်သုံးစွဲဖို့ ရည်ရွယ်သူ မရှိသလောက် နည်းပါးလှသည် ဆိုတာပင်။ မဲပေါက်လျှင် ပြန်ရောင်းစားမည် ဆိုတဲ့သူတွေချည်းသာဖြစ်သည်။ ဖုန်းကိုင်မည့်သူအားလုံးမှာ တစ်ဆင့်ခံ ပြန်ဝယ်သုံးနေကြသူချည်းပင်။ ကျွန်မကတော့ ဟင်းဒ်ဖုန်းမကိုင်သေးပဲ ခုထိတောင့်ခံနေဆဲ။ ဘာလုပ်ရမည်လဲ။ ပွဲရုံမှာရော..၊ အိမ်မှာပါ ကြိုးဖုန်းတစ်လုံးစီ ရှိပြီးသား မဟုတ်လား။ သားတို့အဖေမှာလည်း ဟင်းဒ်ဖုန်းတစ်လုံးရှိနေသေးသည်ပင်။ တစ်ထောင့်ငါးရာတန် ဆင်းမ်ကဒ်ကို တစ်ထောင့်ငါးရာကျပ်ထက် တစ်ကျပ်တောင် ပိုမပေးချင်ပါ။ ဒေါ်လေးကတော့ ကျွန်မအား လှောင်ပြုံးသဲ့သဲ့ဖြင့် ထောပနာပြုလေသည်။
                                                @@@@@
“ဘွားလေးက မေမေ့ထက် အများကြီး ပိုပြီး ခေတ်အမြင်ရှိတယ်”
                        သားက ကျီစယ်သလိုဆိုလာတိုင်း မခံချိလှသော်လည်း ကျွန်မ တုန့်ပြန်အား လျော့နေတတ်သည်။ ဒေါ်လေးတစ်ယောက် နေထိုင်ဝတ်စားတာကအစ ခေတ်မီသပ်ရပ်ကြော့မော့တာလည်း ကျွန်မ မငြင်းနိုင်ပါ။ အသက်ခြောက်ဆယ်ကျော်သီသီစွန်းလာပြီဖြစ်သော အမျိုးသမီးကြီးပေမယ့် မိတ်ကပ်ပါးပါးခြယ်လေ့မြဲ။ မျက်ခုံးမွေးသေးသေးတင်ကာ နှုတ်ခမ်းကိုလည်း ဆိုးဆေးဖျော့ဖျော့တင်ပြန်မြဲ။ အလှူအတန်း၊ အခမ်းအနားတချို့မှာသာ မြန်မာရင်ဖုံးအင်္ကျီ ၀တ်လေ့ရှိတာဖြစ်သည်။ အများအားဖြင့်တော့ ပါတိတ်အဆင်နုတ်နုတ်၊ အရောင်စိုနုနုဝမ်းဆက်နှင့်။ ရင့်စေ့၊ ခါးတင်လေးတွေနှင့် နုပျိုလန်းဆန်းနေတတ်ပြန်သည်။ ဆံပင်ကိုလည်း ထာဝစဉ်နက်မှောင်ပြောင်လက်နေစေကာ ဆံထုံးပုံ့ပုံ့မှာ ၀တ်စုံနှင့်အဆင်အသွေးတူ ပန်းတစ်ပွင့်ကို ယဉ်စစ ပန်ထားလေ့မြဲ။
                        ဒေါ်လေးအား သိဟောင်း၊ ကျွမ်းဟောင်းများက အရွယ်တင်နုပျိုသည်ဟု အံ့သြချီးကျူးလျှင် ပြုံးပီတိ တဝေေ၀ ရှိနေတတ်သည်။ တကယ်လည်း ဒေါ်လေးဟာ ရှိရင်းစွဲအသက်ထက် အပုံကြီး နုပျိုစိုလန်းနေသူ ဖြစ်ပါသည်။
“ဒေါ်လေး.. ခုတောင် ဒီလောက် နုတုန်း၊ ချောတုန်း။ ငယ်ငယ်ကဆို ချစ်ကြိုက်သူတွေ ၀ိုင်းဝိုင်းလည်နေမှာပဲ။ ဘာလို့ အပျိုကြီး ဖြစ်ရတာလဲ”
                        ကျွန်မတော့ ထိုမေးခွန်းမျိုး တစ်သက်လုံးမမေးရဲခဲ့သူဖြစ်ပါသည်။ ကျွန်မ၏ ၀မ်းကွဲ အစ်ကို၊ အစ်မတွေကတော့ ကြုံလျှင်၊ ဆုံလျှင် ရယ်ရွှန်းဖတ်ရွှန်း မေးရဲကြသည်။ ထိုအခါတိုင်း..
“ကျုပ်က အပျိုမဖြစ်ခင်ကတည်းက ကလေးအမေဖြစ်လာတာကိုး”
                        ကျွန်မတို့ ဇနီးမောင်နှံအား ချစ်နိုးမှုကို ဖုံးကွယ်မရနိုင်သည့်ကြားမှ ငြူစူယောင်ပြုတတ်ပြန်သည်။ ကျွန်မက မွေးကတည်းက မိဘမဲ့ခဲ့ရတာ ဖြစ်သည်။ မေမေ… ကျွန်မကိုယ်ဝန်ကို လွယ်ပိုးထားရစဉ်မှာပင် ဖေဖေတစ်ယောက် ရေလမ်းခရီးမှာ သဘောင်္နစ်မြုတ် သေဆုံးခဲ့ရသည်။ သောကတွေနှင့် ယိုင်နဲ့ကာ ပြိုလဲလုလု မေမေကတော့ ကျွန်မအား မွေးဖွားအပြီး မှာပင် ဆုံးပြန်သည်။ ကျွန်မသည် ဖိုးဖိုးဖွားဖွားလက်ထဲမှာ ဒေါ်လေး၏ ပြုစုစောင့်ရှောက်မှုတို့ဖြင့် ကြီးပြင်းလူလားမြောက်ခဲ့ရပါသည်။
                        သားတို့အဖေ၏ မိခင်ကတော့ ဒေါ်လေး၏ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်သည်။ သားတစ်ယောက်အမေ၊ မုဆိုးမဘ၀ဖြင့် ဆင်းရဲပင်ပန်းစွာ ရုန်းကန်နေရစဉ် ဒေါ်လေးက အစဉ်စောင့်ရှောက် ကူညီပေးခဲ့ဖူးတာလည်း ဖြစ်ပါသည်။ အမျိုးသမီးရောဂါဖြင့် မျက်ကွယ်ပြုမည့်အချိန်မှာတော့ ဒေါ်လေး၏လက်သို့ သားလူမမည်ကို စိတ်ချလက်ချ အပ်နှံသွားခဲ့သည်။ သူ.. ကျွန်မတို့အိမ်ရောက်ရှိသည့်နှစ်မှာ ကျွန်မတို့နှစ်ယောက် မူလတန်းကျောင်း စတက်ခဲ့ရတာ မှတ်မိသေးသည်။
                                                @@@@@
                        ဒေါ်လေး၏ လက်ထဲမှ စီဒီအမ်အေ ဆင်းမ်ကဒ်များကို အမှတ်မဲ့ မြင်တွေ့လိုက်လေလျှင် အံ့သြမင်သက်မိလျှက် မယုံကြည်နိုင်ခဲ့။
“ဘာခက်လို့တုန်းအေ..။ ကျုပ်တစ်သက်လုံး ဒီအလုပ်လုပ်ပြီး ညည်းတို့ကို ဒီအခြေအနေအထိရောက်အောင် မွေးကျွေးခဲ့တာ ဥစ္စာ”
                        မှန်သောစကားသာဖြစ်သည်ကြောင့် ကျွန်မ မငြင်းဆန်သာပြန်။
                        ကျွန်မတို့ငယ်စဉ် သမ၀ါယမအရောင်းဆိုင်လေးတွေ ရပ်ကွက်တိုင်းမှာ တွင်ကျယ်နေခဲ့သောကာလကို ကျွန်မ ပြေးသတိရမိပြန်သည်။ သွားတိုက်ဆေးနှင့် ဆပ်ပြာ ခွဲတမ်းရမည်ဟု ရပ်ကွက်သ/မဆိုင်ရှေ့ရှိ သင်ပုန်းမှာ ကြေငြာထားတာတွေ့လျှင် တစ်ရပ်ကွက်လုံး မျှော်ကြ၊ ပျော်ကြသည်။ ရေနံဆီ၊ ဖယောင်းတိုင်၊ ဓါတ်ခဲ  စသည်ဖြင့်လည်း ထုတ်ရောင်းပေးတတ်သေးသည်။ ခါတရံ ပုဆိုးကြမ်း၊ ဂွမ်းစောင်၊ မောင်ဗမာစက်ဘီး.. စသည်ဖြင့်ကိုတော့ မဲနှိုက်ပေးတတ်ပါသည်။ စက်ဘီးမဲပေါက်သူဟာ သိန်းဆုပေါက်သလို ပျော်ရွှင်ရကာ အများက ကြည့်ငေးအားကျကြရသည်။ ။ စက်ဘီးက တစ်ဆင့်ပြန်ရောင်းလျှင် အမြတ်ငွေအများဆုံး ရတတ်သည်ကိုး။ စက်ဘီးမှ မဟုတ်ပါ။ သမဆိုင်က ရောင်းချပေးသမျှ ခွဲတမ်းပစ္စည်းတွေကို မည်သည့် မိသားစုတွေမှ ကိုယ်တိုင် သုံးစွဲကြတာ မဟုတ်ပါ။ သုံးစွဲနိုင်သော အင်းအား၊ အခြေအနေလည်း ဘယ်သူ့မှာမှ မရှိကြပေ။ ထုတ်ရောင်းပေးသမျှကို ငွေကြေးတတ်နိုင်သူအား လက်လွှဲပြန်လည်ရောင်းချခြင်းဖြင့် လတ်တလော စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းတတ်ကြသည်ချည်းပင်။
                        ကျွန်မတို့ ရပ်ကွက်မှာ အိမ်ထောင်စု တစ်ထောင်နီးပါးရှိသည်။ အိမ်ထောင်တစ်စုလျှင် ကုန်ဝယ်စာအုပ် တစ်အုပ်စီ ရှိကြလေသည်။ ဒေါ်လေးထံမှာ ကုန်ဝယ်စာအုပ် သုံးရာကျော်ရှိသည်ဟု ဒေါ်လေး ခဏ.. ခဏ ပြောဖူးတာ မှတ်မိသည်။ ဒေါ်လေး၏ အလုပ်က အရပ်အခေါ် “ဆွဲခြင်းသည်”…။ အိမ်ရှင်မများက ဒေါ်လေးထံမှာ ကုန်ဝယ်စာအုပ်ကို အပြီးအပ်ထားကာ လိုအပ်သောငွေကိုလည်း ကြိုတင်ယူငင် သုံးစွဲလို့ ကုန်နှင့်ကြပြီ။ သ/မဆိုင်မှ သကြား၊ ဆပ်ပြာ၊ သွားတိုက်ဆေးမှ အစ ရောင်းချပေးသမျှ ခွဲတမ်းပစ္စည်းအားလုံးကို သူတို့၏ ကုန်ဝယ်စာအုပ်ဖြင့် ဒေါ်လေးက ကိုယ်စားထုတ်ယူရသည်။ ထုတ်ဈေးမှာ ပြင်ပပေါက်ဈေးနှင့်ဖြတ်၍ တစ်ဦးချင်းကို အမြတ်ငွေပြန်ရှင်းပေးချိန်မှာတော့ ကြိုတင်ငွေကိုလည်း ခုနှိမ်ယူထားလိုက်ရသည်ပင်။ ကြိုတင်ငွေအတွက် အတိုးမပေးရသောကြောင့် အိမ်ရှင်မတို့လည်း ကရိကထ မများပဲ အဆင်ပြေလှသည်။ ဒေါ်လေးအတွက်လည်း ကုန်ပစ္စည်း များများရသည်။ ကုန်ပစ္စည်းများကို ဒေါ်လေးက မြို့မဈေးမှ ကုန်စုံဆိုင်ကြီးသို့ တဖန်ပြန်ပေးသွင်းရာ အမြတ်မြိုးမျက်ခဲ့သည် ဆိုပါစို့။
                        ဖုန်းကဒ်တွေ ထုတ်ရောင်းပေးလာစဉ် သူ့မူလလက်ငုတ်စီးပွားနှင့် သဘောသဘာဝ ဆင်တူလှကြောင်း ဒေါ်လေးတစ်ယောက် ဘယ်အချိန်ကတည်းက တွေးမိလိုက်ပါလိမ့်ဟု အံ့သြချီးကျူးရတော့သည်။
“ဒေါ်လေးရဲ့ ဆင်းမ်ကဒ်တွေကို ဘယ်သူတွေ ၀ယ်မှာလဲ။ နောက်ထပ် ကဒ်အသစ်တွေ ထွက်လာရင် ဒေါ်လေးလက်ထဲ ပိုက်မိနေမှ ဒုက္ခ”
“ညည်းလောက်တော့ ကျုပ်လည်း တွေးတတ်ပါ့ အေရယ်။ အခုက အရပ်ထဲ မဲပေါက်တဲ့သူတွေဆီက ၀ယ်ထားတာလေ။ အခုအချိန်က ကဒ်ထုတ်ပေးစဆိုတော့ ဈေးသိပ်မမြောက်ခင် ၀ယ်ထားလိုက်တာပေါ့။ မကြာဘူး..။ တကယ်သုံးမယ့်သူတွေလိုက်လာရင် ဈေးက ထပ်မြောက်သွားတော့မှာ..။ အဲအချိန်မှ ထုတ်ရောင်းမှာပေါ့”
“ဒေါ်လေးဆီ ဘယ်သူတွေ လာဝယ်ကြမှာလဲ”
                        ဒေါ်လေးက စိတ်မရှည်သလို နှုတ်ခမ်းမဲ့ပြပြန်သည်။
“ညည်းပွဲရုံမှာ တင်ထားမှ ရောင်းရမှာ လို့ ညည်းက ထင်နေလို့လား။ မြို့ပေါ်က ဖုန်းဆိုင်တွေအားလုံး ဆင်းမ်ကဒ် လိုက်ဝယ် စုနေကြတာပဲ။ ခုအချိန်က ထုတ်ပေးပြီးစမို့ နည်းနည်း အ၀ယ်အေးနေသေးလို့။ နောက်တစ်သုတ်ထုတ်မပေးခင် စပ်ကူးမတ်ကူးကျ အ၀ယ်လိုက်လာတော့မှာ။ အဲဒီကျ သူတို့မှာ ရောင်းလို့ကုန်ရင် ငါ့ဆီက လာယူဖြုန်းပေးကြမှာပေါ့။ ဆိုင်အားလုံးကို သေချာဆက်သွယ်ပြောထားပြီးသား…”
                        တုန့်ပြန်စကား ဆွံ့ရှားရပါ၏။
                                                @@@@@
                        သားက မပြောမဆို ၀မ်းဝေးခေါ်သလား မပြောတတ်သော ဆံပင်ပုံစံသစ်နှင့် တသွင်ထူးနေရာ ကျွန်မ ဆွေ့ဆွေ့ခုန်ရပြန်သည်။ ဆေးရောင်စုံ အမျိုးမျိုးပြောင်းဆိုးနေသော ဆံပင်ကို နောက်စေ့နှင့် ဘေးနှစ်ဘက် အပြောင်နီးပါး တိုတိုပါးကာ ငယ်ထိပ်ပေါ်မှာတော့ ရှည်လျားထိုးထောင်ဖွာရာခွေကောက်နေရာ မျက်နှာပြည်ဖောင်းသော သားမျက်နှာက ပန်းအိုးလေးတစ်လုံးနှယ် အမြင်တော့ ဆန်းလှသည်ပင်။
“ကိုယ်မွေးထားတဲ့ရုပ် ကိုယ်မမှတ်မိတော့တဲ့ အဖြစ်ပါလားဟယ်။ ကာတွန်းရုပ်ကလေးကျနေတာပဲ”
                        ထုံးစံအတိုင်း မြေးဘက်မှ ၀င်ပါကာ ပြောလာပုံက…
“ညည်းတို့တုန်းကလည်း ပန့်ကေဆိုလား.. အဲဒီဆံပင်ပုံစံကလည်း အဲလိုပဲ ခပ်ဆင်ဆင် မဟုတ်ဘူးလား။ ညည်းရော.. ညည်းယောက်ျားရော.. တပန့်ထဲ ပန့်ခဲ့ဖူးတာ မေ့နေပြီလား။ ဟွန်း…ပြောလိုက်ချင်ဘူး”
                        အဲသည်စဉ်က ကျွန်မက ထမီတိုတို၊ ဆံပင်အကျေကောက်နှင့်..။ သား၏ အဖေကလည်း ရခိုင်လုံချည်ကို ဒူးဆစ်ထိရောက်လုခမန်း ခပ်တိုတိုပင်။ ခွေကောက်ရှုပ်ထွေးနေသော ပန့်ခ်ဆံပင်ပုံလေးကတော့ သား၏ အဖေနှင့် ကျွန်မတို့ နှစ်ယောက်စလုံး၏ နဖူးပေါ်မှာဆင်တူ…။ ငယ်ကဓါတ်ပုံတွေက သက်သေအဖြစ် မိသားစုအယ်လ်ဘမ်ထဲမှာ ခုတိုင်ရှိဆဲမို့ ကျွန်မ ရှောင်လွဲမရစွာ ၀န်ခံရအံ့ဆဲဆဲ။
“ညည်းတို့ ပြောနေတော့... ခေတ်က ဆန်းသစ်ပြောင်းလဲလာ ဆို…၊ အပိုတွေ။ အရင်အဟောင်းတွေ ပုံစံပြောင်းပြီး တစ်ပတ်လည်လာတာများ…ကျုပ်အဘွားကြီးတောင် မြင်တယ်။ ဟွန်း …ပြောလိုက်ချင်ဘူး”

                                                                        သတိုး