Thursday, October 4, 2012

အရပ်ထဲ ဇာတ်ပွဲကနေတယ်


                                                                                        
“ပွဲဟု ကရန် ခုနစ်သံချီဆွယ်….
သြော်… သွားလိုက်ကြတာ
 လူတွေ၊ မနည်း တယ်
လာလေ…
စော စော သွားမှ တို့ နေရာ ရမယ်”
                   ငယ်ငယ်ကတော့ အရပ်ထဲ ဇာတ်ပွဲကမည် သတင်းကြားလျှင် သူတို့ ကလေးတစ်သိုက်မှာ ဂဏှာမငြိမ်ကြတော့ပြီ်။ ဘယ်တော့လဲ၊ ဘယ်သူတွေ လာက ကြမှာလဲ။ နေ့နေ့ညည လူစုစု စကားဝိုင်းမှာ ထိုအကြောင်းအရာသာ မင်းမူနေတော့တာ။ ကလေးတွေ ခမျာ နံဘေးမှာ ရပ်ငေးကာ နားစွင့်ရင်း လူကြီးတွေထက်ပင်  စိတ်စောမျှော်မောနေနှင့်ခဲ့ပြီ။
အဝေးကြီးမှ ကြားနေရသော ကြော်ငြာလှည်းဆီ အပြေးသွားကာ ကြိုနှင့်ကြသည်။ ဂီတသံ မြိုင်မြိုင်ဆိုင်ဆိုင်နောက်ခံဖြင့် အပြောကောင်း အညွှန်းကောင်းလှသည့် ကြော်ငြာစကားတွေဟာ အရှိထက်ပိုမို ချဲ့ကားထားတတ်မြဲဆိုတာ မရိပ်မိ၊ နားမလည်တတ်သေးသော ကလေးဘ၀တွေမို့ နားစွင့်မိသမျှ အလုံးစုံကို အဟုတ်ထင်၊ ယုံမှတ်နေကြပြန်တော့တာ ဖြစ်သည်။ တိုးတိုးဝှေ့ဝှေ့ လုယက်ယူထားရသော ကြော်ငြာစာရွက်ကလေးကိုလည်း ပျောက်ရှသွားမှာ၊ စုတ်ပြဲသွားမှာ ပူပန်ကြသည်။ ရွရွကလေး ခေါက်ကာ အိပ်ကပ်ထဲမှာ ဖွဖွကလေး ထည့်သည်။ ကြော်ငြာလှည်းနောက် တစ်ကောက်ကောက် လျှောက်လိုက်နေကြသော ကလေးတန်းကြီးမှာ တရှည်တလျား။ သူတို့သွားရာ ရွာလမ်းတစ်လျှောက်မှာ ဖုံလုံးတွေ တလိမ့်လိမ့် ထလျှက်ကျန်ရစ်သည်။
                   တချို့မိန်းမတွေ အိမ်ရှေ့ထွက်ကာ လက်ကမ်းကြော်ငြာ မျှော်နေကြပြန်သည်။ တချို့မှာ ကလေးနို့စို့တွေ ခါးထစ်ခွင်ထားလိုက်သေးသည်။ အပျိုမတစ်ချို့ ခွင်ပေါ် တင်ထားလျှက်သား ထမင်းအိုးက ဆူဝေပျော့ပြဲကာ ပစ်လိုက်ရတော့မလိုမို့ ဆူပူကျိန်းမောင်းခံနေရပြီ။
                   ပြောမယ့်သာ ပြောရ။ သက်ကြီးရွယ်အိုတွေလည်း ပုတီးတစ်ချောက်ချောက်၊ ဟန်မပျက်ကြသယောင် နေကြပေမယ့် မသိမသာ နားစွင့်နေကြတာပဲ မဟုတ်လား။
                   အမှန်တကယ် ပြောကြကြေးဆိုလျှင်တော့ သူတို့ဘ၀မှာ ပွဲငတ်နေကြတာ ဖြစ်သည်။ တစ်နှစ်လုံးနေလို့တောင် ပွဲတစ်ချီ ကြည့်ခွင့်ကြုံကြရသည်မဟုတ်။ ထို့ကြောင့် ဆိုက်ဆိုက်မြိုက်မြိုက်၊ ကြုံတောင့်ကြုံခဲ သည်လိုပွဲမျိုးကို ဘယ်သူမှ လက်မလွှတ်ချင်ကြတာ ဖြစ်ပါသည်။ ကလေးတွေသာမက လူကြီးတွေလည်း မကျန် အားလုံးလူကုန် မျှော်လင့်တက်ကြွစွာ ပြင်ဆင်နှင့်နေခဲ့ကြတာ ဖြစ်သည်။ ရွာဦးကျောင်းဆရာတော်ကတောင် ပွဲရက်နီးပြီလားဟု သတင်းမေးနေသေး ဆိုပဲ။
                             *************
                   ရုံအ၀င်မှာ ရုံဆင်ဆိုင်းဘုတ်ကြီးတွေက ဟီးထ နေပါသည်။ မင်းသားကလည်း ချိုရွှင်သော အပြုံးနှင့် တောက်ကြွားလှပနေပြန်သည်။ မျက်နှာပြည့် ကိုယ်တစ်ပိုင်းပုံလည်း တွေ့ရသည်။ ကိုယ်လုံးပြည့်ပုံတွေလည်း ပါသည်။ တစ်ချို့ပုံတွေမှာ မြန်မာဝတ်စုံပြည့်နှင့်။ တစ်ချို့မှာတော့ ခေတ်မီ ၀တ်စားဆင်ယင်မှုတွေနှင့် ဖြစ်သည်။
                   ပွဲဈေးတန်းလည်း အတော်စည်ကားနေပြီ။ တစ်သက်လုံးက ဈေးမရောင်းစဖူး၊ လယ်ထဲချောင်းထဲမှာသာ ကောက်စိုက်ပျိုးနုတ်လုပ်နေကြသော လယ်သူမတွေလည်း ခါတော်မီ ဈေးသည်တွေ ဖြစ်ကုန်ကြပြီ။ မတတ်တတတ်နှင့် လုပ်ထားသော သူတို့၏ မုန့်တွေမှာ အသုတ်၊ မုန့်ဟင်းခါး။ ကောက်ညှင်းထုပ်၊ ကောက်ညှင်းကျည်ထောက်..။ ဒါလောက်သာဖြစ်သည်။ ဒီ့ထက်ပိုမို ဖွယ်ရာအောင်လည်း မလုပ်တတ်၊ မရောင်းတတ်ကြပါ။ အမြတ်ရရေးအတွက် ဒီလောက်ကြီးလည်း မြော်မြော်မြင်မြင် ရှိကြတာတော့ မဟုတ်ပါ။ ဘာပဲပြောပြော  အချိန်တန်တော့လည်း  ရောင်းသမျှ မုန့်အားလုံး ရောင်းကုန်ရသည်ပဲ။
ပွဲခင်းကြီးကြပ်သူတွေလည်း ပွဲခင်းအနှံ့ လမ်းသလားရင်း အလုပ်ရှုပ်ဟန် ဆောင်နေကြပါသည်။ သူတို့၏ လမ်းလျှောက်ပုံက ဟိုအရင်နှင့်မတူ။ မြောက်ကြွားကြွားနိုင်လှသည်ဟု ထင်ကြသော်လည်း ဘယ်သူမှတော့ ထုတ်ဖော်ဝေဖန်ရန် မရဲ။ ဇရှိသော ကာလသားတစ်ချို့ပင် သူ့တို့ကိုယ်မှ အရက်နံ့ကို ကြီးကြပ်သူတွေ မရှူရှိုက်မိ၊ မရိပ်မိကြစေရန် ဝေးဝေးက ရှောင်သွားကြရသည်။ ကြီးကြပ်သူတွေကလည်း အမူးသမားတို့ကိုတော့ မမြင်မသိယောင်ဆောင် ပေးဖော်ရကြပါသည်။
မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ ဆိုသော ‘မူ’နှင့် အရက်ပုန်းဆိုင်လေးတွေလည်း မနည်းမနော။ အံသြစရာ ကောင်းသည်မှာ ထိုဆိုင်လေးတွေအားလုံးမှာ တစ်ညတာလုံး သောက်သုံးသူ မပြတ်ကြတာပဲ ဖြစ်သည်။
ပွဲခင်းနှင့် မနီးမဝေးဆီမှ ခြောက်ကောင်ဂျင်ဝိုင်းကလည်း တိုးတိုးတိတ်တိတ်  ခိုးလုပ်နေရသည်သာဆိုလျှက် အုန်းတသဲသဲပေ။ တိတ်တိတ်ပုန်း အပေါင်ဆိုင်လေးတွေလည်း တစ်ညလုံးဖွင့်ထားရသည် ဆိုပါလား။
                   မြန်မာဆိုင်းဝိုင်းကြီးက ဗေထိဆော်ကာ ပွဲကြည့်ခေါ်ချေပြီ။ ရုံထဲမှာ အမျိုးသမီးမျာ့းနှင့် ကလေးငယ် အရွယ်စုံတို့ဖြင့် ပြည့်နက်လုပြီ။ ဖျာနေရာ ရှာကြသည်။ သူ့နေရာ၊ ငါ့နေရာ ငြင်းခုန်ရင်း ရန်ဖြစ်ကြရပြန်သည်။ တချို့ကလေးငယ်တွေကတော့ ပြေးလွှားခုန်ပေါက် ဆော့ကစားမပျက်ကြပြန်။
                   ယနေ့ည တင်ဆက်မည့် အစီအစဉ်ကြေငြာသံကို  ပြေးလွှား၊ လှုပ်ရှားမပျက် နားစွင့်ထားကြသည်။ ဧည့်ခံဆိုင်းဝိုင်းနှင့် ခေတ်ပေါ်တီးဝိုင်းမှ မြိုင်ဆိုင်မြူးကြွစွာ တီးမှုတ်ကာ ဧည့်ခံသီချင်းဆိုလျှင် ဆိုင်းဝိုင်းအနီးမှာ လူတွေ စုဝေးရောက်သွားပြန်တော့သည်။
                   ရုတ်တရက် မီးတွေမှောင်သွားသည်။ ဇာတ်စင်ထောင့်ဆီမှ ရောင်စုံဆလိုက်မီးတွေ ပွဲခင်းအနှံ့ ပျံ့ကျဲဝဲဖြာကျလာသည်။။ ဆူလောင်လှုပ်ရှားနေမှုများ ခဏတော့ ငြိမ်သွားကြသလို ရှိသည်ကို အခွင့်ကောင်းယူကာ စင်နောက်ဆီမှ ကြေငြာသံ ထွက်ပေါ်လာသည်။
“မင်္ဂလာပါ ရွှေပွဲလာ…”
                   ကြက်သွေးရောင် ကတ္တီပါ ကန့်လန့်ကာကြီးက တလွန့်လွန့်လှုပ်ရှားလာကာ ခုပဲ ရင်ကိုခွဲကာ ပွင့်အာလိုက်တော့မှာလို။ ဒါပေမယ့် ချက်ချင်းတော့ ပွဲမစနိုင်ကြသေးတာ သိနေနှင့်ကြသည်မို့ ကြော်ငြာသူက ပြောမြဲပြောနေစဉ် ပရိတ်သတ်ကလည်း ဆူမြဲ ဆူညံနေပြန်ဆဲ။ ပြေးမြဲ ပြေးလွှားနေကြဆဲ။
                             *****************
                   ဇာတ်သမားပြန်လျှင် မှတ်သားစရာကျန်မည်ဟု လူကြီးတွေပြောကြသော်လည်း ကလေးတွေက သူတို့ထက်ပိုမိုကာ မှတ်မိစွဲမြဲလွယ်ကြတာ ဖြစ်ပါသည်။ မိုးလင်းလျှင် သူတို့ကလေးတွေ၏နှုတ်ဖျား၌ ရေပန်းစားနေတော့သည်မှာ ညက ဇာတ်ထဲမှာ ပြောကြသော ဇာတ်စကားများ၊ သီချင်းများဖြစ်သည်။ မိန်းကလေးတစ်ချို့မှာ သစ်ပင်အရိပ်တွင် ယိမ်းကနေနှင့်ကြပြီ။ ယောက်ျားလေးတစ်စုကတော့ သေနပ်တကားကားနှင့် ပြဇာတ်ထဲက စကားတွေကို အပြန်အလှန်၊ အချီအချ ဆိုနေကြပြန်သည်။
                   သူတို့တတွေသည် ညဦးမှာတော့ မိဘတွေနှင့်အတူ ပွဲခင်းထဲသို့ ၀င်ခဲ့ကြသည်သာ ဖြစ်ပါသည်။ သို့သော် မီးရောင်အားကိုးဖြင့် တမော့တမော မျှော်ကြည့်နေရသောဇာတ်စင်ပေါ်မှ မင်းသား၊ မင်းသမီးတို့၏ မျက်နှာမူယာကို စင်အောက်အဝေးမှ အကဲဖမ်းရတာ အားမရ။ အမေ့အလစ်အငိုက်ကို အခွင့်ကောင်းယူကာ တိုးရင်းဝှေ့ရင်း ဇာတ်စင်ပေါ်ရောက်သွားကြရတော့သည်။ ဇာတ်စင်ပေါ်မှ တာဝန်ရှိသူများမှာလည်း တဟင်ဟင်း တားရင်းဆီးရင်းဖြင့် ကလေးတစ်အုပ်ကိုတော့ လျစ်လျှူရှုနေရတော့သည်ပင်။
                   ထိုအခါ ဇာတ်စင်ပေါ် တက်ခါနီးအချိန်အထိ ဇာတ်တိုက်၍မပြီးနိုင်သော ယိမ်းအဖွဲ့ကိုလည်း ခိုးရယ်ဖြစ်ရသည်။
                   ဇာတ်စင်ကွက်ကွက် တစ်နေရာထဲမှာပင် နောက်ခံကားချပ်တွေ တစ်ချပ်ပြီး တစ်ချပ် ပြောင်းကာ တဲကုတ်ဖြစ်လိုက်၊ နန်းတော်ဖြစ်လိုက်။ ခါတရံ တောလမ်းကလေးလည်းဖြစ်သွားသည်။  ခါတလေ မြစ်ပြင်ကျယ် လှိုင်းဖွေးဖွေးနောက်ခံမှာ တံတားကြီးတစ်စင်းလည်း ပေါ်လာတတ်သည်။ ဇာတ်သေတ္တာကြီးကို ရွှေရောင်ကားချပ်ဖုံးလိုက်လျှင် ရာဇပလ္လင် ဖြစ်သည်တဲ့လေ။ ပြဇာတ်ထဲမှာ သွေးတွေအိုင်ထွန်းလျှက် ဆန့်တငင်ငင် သေခဲ့ရသူကလည်း ဇာတ်စင်နောက်ဖက် ဇာတ်သေတ္တာတစ်လုံးမှာ အကျအနထိုင်ကာ ဆေးပေါ့လိပ်တငေါ့ငေါ့ လုပ်နေပြန်ပေါ။
ပရိတ်သတ်တွေ သနားမျက်ရည် ဖြာဖြာဝေနေရသော မင်းသားလေး၏ မျက်နှာငယ်ငယ်မှာ တစ်ဖက်လှည့်ကာ ခိုးပြုံးနေသည်ကိုလည်း မြင်ဖြစ်အောင် မြင်ရတော့သည်သာ။ အ၀တ်အစားထည်လဲ ပြောင်းလျှက် လူကြမ်းဖြစ်လိုက်၊ ဇာတ်လိုက်သူတော်စင်ဖြစ်လိုက် လုပ်တတ်သေးတာလည်း မကြည့်ချင်၊ မြင်လျှက်သား။ တခါတရံ သူပဲအဖေ၊ သူပဲသား…။ မျက်စေ့ရှေ့ တစ်ထိုင်တည်းမှာပင် ရုပ်ပြောင်းရုပ်လွဲလုပ်ပြနေပြန်တာ သဘာဝ မကျ။ ယုံကြည်၍မရသော်လည်း သူဇာတ်မှာ သူပဲ အခရာ မဟုတ်လား။
“တောင်းပန်ပါတယ်။ ဒီတစ်ကြိမ်တော့ဖြင့် ခွင့်လွှတ်ပေးပါ”
                   သနားစဖွယ် ဆိုအပြီး ကားလိပ်အချမှာ…
“--- မ။ နေနှင့်ဦး။ ပြဇာတ်ပြီးမှ နင်နဲ့ငါ တွေ့မယ်”
                   ကြိမ်းမောင်းစကားနှင့်အတူ `ဇာတ်စင်ထောင့်မှ ပယင်းရည်တွေ ပြေးမော့လိုက်ပြန်တာ။
တစ်ခါတစ်ရံ နှစ်ပါးခွင်အတွက် ကြိုတင်ပြင်ဆင်နေသော မင်းသားထံမှ မျက်လုံးရွှေ့မရပဲ ဇာတ်စင်ပေါ် အာရုံမရောက်နိုင်တာလည်း ရှိသေးသည်။
                   သူတို့က မင်းသားဟု ခေါ်ကြတာ ကြားရသောကြောင့်သာ မင်းသားဟု သိရတာ ဖြစ်သည်။ ဘယ်လိုမှ ယုံကြည်ချင်စရာ မကောင်း။ အသားကလည်း နေလောင်သမန်းဆီတက်နေသော တောသားတွေနှင့် နင်လား၊ငါလားပေ။ မျက်နှာကလည်း လိမ္မော်သီးတစ်လုံးနှယ် ဖုထစ်ပွယောင်းနေပြန်တာ။ ထိုမျက်နှာပေါ်မှာ မိတ်ကပ်ဖြူဖြူတွေ တပြင်ကြီးဖွေးအောင်လိမ်းလျှက် ဟိုဒီလျှောက်သွားကာ ဟိန်းဟောက်နေပြန်တော့ လန့်ဖျပ်အော့အန်ချင်သည်။
                   ဒါပေမယ့် မျက်နှာပေါ်မှာ အချိုးမညီစွာ နေရာလွဲမှားတည်ရှိနေသော မျက်ခုံး၊မျက်လုံး၊ နှာတံ၊ နှုတ်ခမ်းမှန်သမျှကို မိတ်ကပ်နှင့်ဖုံးပစ်ကာ တစ်ခုချင်းစီကို နေရာတကျ၊ လှပအောင် ပန်းချီရေးသလို ပုံဖော်ယူပြီးသောအခါ အစောက တွေ့လိုက်ရသော တစ်ယောက်နှင့် တခြားစီ။ မျက်ခုံးမည်းကလေးက ဇင်ယော်တောင်ဖြစ်နေပြီ။ မျက်လုံးမျက်တောင်လေးတွေကလည်း နက်မှောင်ကော့ရွှန်းကာ သက်တံရောင်စုံ လက်ဖြာနေပြန်တာ။ နှာတံကလေးစင်းဖျောင့်လျှက် နှုတ်ခမ်းဖူးဖူးကလေးမှာ စိုရဲကာ ပွင့်အာတော့မည့် နှင်းဆီငုံကလေးပမာ။ တောင်ရှည်ပုဆိုးလေးမကာ ခေါင်းပေါင်းစကလေး တစ်ခါခါနှင့် မီးရောင်အောက်ကို ၀င်လိုက်လျှင်တော့ သူတို့၏ မင်းသားလေးသည် အဝေးကြည့်အမြင်မှာ နတ်သားလေးတစ်ပါးနှင့် မခြားနားလှတော့။ ရွာ၏ကွမ်းတောင်ကိုင်များသာမက ကလေးအမေ၊ တစ်ခုလတ်၊ မုဆိုးမပါ မကျန် ရင်ခုန်မြန်တော့ပြီ။ လက်ခုပ်သံတွေ တဖြောင်းဖြာင်း။ ရုံပွင့်ထွက်တော့မလား ထင်ရသည်။ ပန်းစည်းတွေ ပလူပျံတော့သည်။ မိုးလင်း၍ ပတ်စာခွာ၊ ဖျာသိမ်းချိန်ရောက်သည့်တိုင် ဇာတ်စင်ပေါ်မှာ ၀ါစာကမာ ဆို၊ငို၊ပြောနေလိုက်၊  စင်နောက်ဖက်ဆီ ပြေးဝင်ကာ  တဖျတ်ဖျတ်၊ တဖတ်ဖတ် မိတ်ကပ်ဖို့နေလိုက်သည်မှာ စင်ပေါ်တက် ကပြရသည်ထက် ပိုမိုပင်ပန်းသောဟူ၏။
                   ***********
                   ပွဲသွားကြော့ကြော့၊ ပွဲပြန်မော့မော့လို့သာ ဆိုကြတာ။ ပွဲခင်းမှာ တစ်ညလုံး တမော့မော့၊ တသောသော ပွဲကျလာခဲ့ရသမျှ နံနက်လင်းလျှင်တော့ အအိပ်ပျက်ဒဏ် ခံကြရပြီ။ အအိပ်ပျက်တော့ အစားလည်း ပျက်ချင်သည်။ အလုပ်အကိုင်လည်း လစ်ဟင်းရပြန်သည်။ ကလေးတချို့ နာဖျားမကျန်းဖြစ် ကျန်ရစ်လျှင်တောာ့ အမိ၊အဖနှင့်တကွ နီးစပ်ရာ လူကြီးမိဘတွေပါ အလုပ်ရှုပ်ကျန်ရစ်သည်။
                   မိုက်မဲသော မိန်းမ တချို့ကတော့ မင်းသားလေး၏ နုပျိုလှပမှုအကြောင်း မစားရ၊ ၀ခမန်း ရွှန်းရွှန်းဝေလျှက် လက်ရှိသောက၊ ဒုက္ခတို့ကို လျစ်လျှူရှုချင်နေကြပြန်သည်။ မြော်မြင်တတ်သော လူကြီးသူမ တချို့ကတော့ တရားကျစွာ ခေါင်းတစ်ညိတ်ညိတ်ပေ။ ဇာတ်စင်၏ အတွင်း၊အပြင်ကို သိမြင်နှံ့စပ်ခဲ့ကြသော ကလေးတစ်ချိုမှာလည်း သူတို့၏ အတွေ့အကြုံကို မှုမှတ်မထားစွာ အလွယ်တကူ မေ့ပျောက်ပစ်ခဲ့ကြပြီ။ အချိန်တန်လျှင်တော့ သူတို့အားလုံး ပွဲကြည့်ချင်ပိုးတွေ တရွရွ ထလာခဲ့ပြန်ပြီ။ ပွဲမျှော်ကြပြန်ပြီ။
                             *************
“ပွဲဟု ကရန် ခုနစ်သံချီဆွယ်….
သြော်… သွားလိုက်ကြတာ
 လူတွေ၊ မနည်း……တယ်
လာလေ
 စော စော သွားမှ တို့ နေရာ ရမယ်”
                   ဟော… အရပ်ထဲ ဇာတ်ပွဲ ကပြန်တော့မည်။  ပွဲပြီးမီးသေ မဖြစ်ကြဖို့တော့ လိုအပ်မည်ထင့်။   ။

                                                                                         သတိုး
                  






Friday, September 21, 2012

သက်တံ့ ဆယ်စင်း




စာအုပ်လေးကို အားလုံးအတွက် အမှတ်တရဖြစ်အောင်၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။

ကိုရန်အောင် မေးလ်ပို့ပြီး ပြောလာတဲ့နေ့က တော်တော် ပျော်ရွှင်ကြည်နူးမိပြီး အမျှော်ကြီး မျှော်နေမိတဲ့ အဲဒီနေ့က မနက်ဖြန်ဆို ရောက်တော့မယ်။ 


သက်တံ့ဆယ်စင်း မျက်နှာဖုံးလေးပါ။
အိပ်မက်တစ်ချို့ဟာ တိုတောင်းပေမယ့် ရင်ထဲမှာ ထိရှတယ်။

အိပ်မက်တစ်ချို့ကတော့ ရှည်လျားပေမယ့် နှလုံးသားထဲမှာ စွဲကျန်ရစ်တယ်။

http://yanaung.blogspot.com/2012/09/blog-post.html



ပရိုဖိုင်း စာမျက်နှာ


ကျွန်တော့်ရဲ့ ပရိုဖိုင်းပုံလေးက ဒီဇိုင်းဆရာရဲ့ ကျေးဇူးနဲ့ သားသားနားနား..။  
(ကျွန်တော်က တိုက်ပုံအင်္ကျီ မပိုင်ဖူးဘူးဗျို့)  

 
ကျွန်တော့်ကို မကြိုဆိုနိုင်ရှာတော့တဲ့ တပည့်တစ်ယောက်ရဲ့ ရွာကိုအသွား သူ့အတွက် လွမ်းစာရေးဖို့ ကြိုးစားနေတုန်း ဒီအက်ဆေးလေးကို ရခဲ့ပါတယ်။

http://www.thatoe.com/2012/02/blog-post_06.html 

ဒီလင့်ခ်လေးမှာ ဖတ်လို့ရပါတယ်။


 
 ဒါလေးက ကိုရန်က အသစ်တစ်ပုဒ်တော့ လိုချင်တယ်ပြောလို့ ရေးလိုက်တာ။ ခုနေပြန်ဖတ်ကြည့်တော့ သိပ် အားမရလှတော့ဝူး။ ဒါပေမယ့် ကိုယ့်လက်ရာလေးဆိုတော့ သံယောဇဉ် တော့ ရှိတာပေါ့။  ဘလော့ဂ်မှာ မကြာခင် တင်ပေးပါဦးမယ်။




Monday, September 17, 2012

ရင်ဝေးကြယ်



                                                                                 shade ဂျာနယ်ထဲက...

လူချင်း မတွေ့နိုင်ကြသေးတဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်က လေထဲကနေ အစိမ်းရောင်မီးလုံးလေး တလက်လက်နဲ့ လှမ်းကြွားလာတယ်။ လွန်ခဲ့တဲ့လက အမေ့အိမ် ခဏပြန်ခွင့်ရခဲ့တဲ့အတွက် သူ့ကိုယ်သူ ထူးခြားရှားပါး၊ ကံအကောင်းဆုံး လူသားလေးလို ပြောနေပြန်တော့ အမြင်ကပ်ပေမယ့် တိတ်တိတ်ကလေး အားကျမိသေးရဲ့။
                        သူ့အဖေ၊ အမေနဲ့ မိသားစုတွေ နေကောင်းကြလား။ ငါတို့အိမ်ရော ရောက်ဖြစ်သေးလား မေးမိတော့ သူငယ်ချင်းက..
                        ရောက်တာပေါ့။ ရောက်နိုင်သမျှနေရာမှန်သမျှ ရောက်အောင်သွားတယ်။ ‘အိပ်မက်သစ်’ ကိုလည်း ရောက်ခဲ့တယ် တဲ့။
                        ရင်ထဲမှာ ဆွေးလျလို့သွားတယ်။ ‘အိပ်မက်သစ်’ ကို အမေ့အိမ်နဲ့ ထပ်တူ လွမ်းနေမိပြန်ရဲ့။ ပြီးတော့ ‘အိပ်မက်သစ်’ မှာ အိပ်မက်အသစ်တွေ အတူမက်ခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေ..။
                        ကျွန်တော်တို့ သူငယ်ချင်းတွေက စားချိန်၊ အိပ်ချိန်ကလွဲလျှင် အိပ်မက်သစ်ကို အိမ်လုပ်နေခဲ့ဖူးကြတာ။ ညညတွေ ဆယ်နာရီကျော်၊ ဆယ့်တစ်နာရီလောက်မှ လူစုခွဲလို့ အိမ်ပြန်ကြဖို့ သတိရတတ်ကြတာ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကဆို သူ.. အိမ်စောစောပြန်ဖြစ်တဲ့ ညတွေဆို သူ့အိမ်က စိတ်ပူကြလို့ ဟိုမေး၊ သည်စုံစမ်းနဲ့ အလုပ်ရှုပ်ကြရရောတဲ့။ သူ့အိမ်သားတွေ အတွက်တော့ အဲဒီကောင် အခါတိုင်း အိမ်ပြန်ချိန်ထက် စောလွန်းလှတာဟာ ထူးခြားဖြစ်စဉ်ပဲ။ သူငယ်ချင်း အချင်းချင်း စိတ် အခန့်မသင့်ခဲ့လို့လား။ တခြားသူတွေနဲ့ ရန်တွေဘာတွေ ဖြစ်ခဲ့ကြလို့လား။ အမျိုးမျိုး တွေးပြီး စိတ်ပူပန်ကြတာတဲ့။ အိမ်ထောင်မကျမချင်း အိမ်စောစော မပြန်တော့ဘူးလို့ သန္ဒိဋ္ဌာန်ပြုလိုက်ရတော့ သတဲ့။
                        ကျွန်တော့်အိမ်ကလည်း မထူးပါဘူး။ အိမ်ကို စောစောပြန်ဝင်ရင် အမေက လူကို ခြေဆုံးခေါင်းဖျား ကြည့်ပြီး မေးဖျားကလေးကိုင်လို့ ဘာဖြစ်လာခဲ့သလဲ။ ဘာလို့ စောပြန်လာတာလဲ။ စစ်ဆေးမေမြန်းလို့ မဆုံးတော့ဘူး။ တခြားကောင်တွေ အိမ်လည်း အတူတူပါပဲ။
                        တခါတလေတော့ အဖေက မေးတတ်တယ်။ မင်းတို့ကောင်တွေ ဒီလောက် အချိန်တကုန် ဘယ်တွေသွား၊ ဘာတွေ လုပ်နေကြတာလဲတဲ့။ တကယ်ကို စိတ်ဝင်စားလို့ မေးတာပါတဲ့။ ပြောပြတော့လည်း မဲ့ရွဲ့ရှုံချချင်သလို မျက်နှာထားနှင့် တစ်ဖက်လှည့်ထွက်သွားပြန်ရော..။
                        အဖေတို့က ကျွန်တော်တို့တတွေကို ယောင်ခြောက်ဆယ်တွေလို့ စကားကြုံတိုင်း အသားလွတ် ကောတတ်ကြတယ်။ ကျွန်တော်တို့ကတော့ ထူးပြီး နာကျင်ခံစားမနေကြပါဘူး။ ကိုယ့်အဖွဲ့ကို ဘယ်သူမှ နားမလည်နိုင်ကြတော့လည်း ဘာအရေးလဲ။ ကျွန်တော်တို့ အချင်းချင်း အပြန်အလှန် နားလည်နေတယ်။ ဖေးကူဖြည့်ဆည်းကြတယ်။ လုံလောက်နေသားပဲ။ ကျေနပ်စရာ ကောင်းပါတယ်။
                        ကျွန်တော်တို့ အဖွဲ့မှာ ကဗျာဆရာချည်း သုံးယောက်လောက်ပါတယ်။ စကားပြေသမားက နှစ်ယောက်။ အချင်းချင်းကြားမှာသာ အားပေးခံရရုံ သီချင်းလေးတွေရေးသိမ်းထားတဲ့ ဂစ်တာသမားတွေလည်း ရှိတာပဲ။ ကျွန်တော်တို့တတွေ ဘာသာစကားချင်း နီးစပ်ကြတော့ တစ်နေ့ တစ်နေ့ ပြောစရာ အကြောင်းအရာ၊ ခေါင်းစဉ်ငယ်တွေက မကုန်နိုင်ဘူး။ နိုင်ငံရေးလည်း တစ်စေ့တစ်စောင်း လှမ်းကြည့်ချင်ကြသေးတာ။ လူမှုရေးအဖွဲ့တွေမှာလည်း နိုင်သလောက်တော့ ၀င်ကူနေဖြစ်ကြတာပဲ။ ကျွန်တော့်တို့တတွေ ခါတစ်ရံ ငြင်းခုန်ဆွေးနွေးရင်း စကားဝိုင်းက သောသောညံနေတဲ့အခါ ပတ်ဝန်းကျင်က မျက်စောင်းထိုးချင်တတ်ကြတယ်။ ကျွန်တော်တို့ကတော့ မမှုပါဘူး။ အဲလိုလူတွေကို မှုစရာလား။ ကိုယ့်အိမ်က ဆန်အိုးထဲမှာ ဆန်ရှိနေရုံ၊ ဆီဈေးကျရုံနဲ့ နေပျော်ပြီ မှတ်ထင်နေတဲ့သူတွေ။ ကိုယ့်အိတ်ဖောင်းနေရင် ကျေနပ်ပျော်ရွှင်ပြီး ကမ္ဘာကြီး မီးလောင်နေတာတောင် မသိလိုက်မယ့်လူတွေ။ အိမ်တံခါးအလုံပိတ်၊ စောင်ခေါင်းမြီးခြုံအောက်မှာ ကမ္ဘာတည်လို့ နား၊ မျက်စိ ကန်းနေတဲ့သူတွေ…။ သူတို့ကို ကြည့်မရရင် ကျွန်တော်တို့က တစ်ယောက် စာတစ်ကြောင်းစီ ကဗျာသီပစ်လိုက်ကြတာပဲ။
                        ကျွန်တော်တို့ စုဝေးရာ ဋ္ဌာနချုပ်ကတော့ ‘အိပ်မက်သစ် ကဖေး’ ပဲ။ နာမည်ကသာ အိပ်မက်သစ်ပါ။ လူကတော့ ငယ်ငယ်က ဆောင်းခဲ့ဖူးတဲ့ ရွှေထီးရိပ်ကလေးကိုပဲ တမ်းတ အိပ်မက်နေတော့တာ။ ကျွန်တော်တို့ကိုလည်း စီးပွားရေးအရသာ သီးခံနေရတာ။ မဟုတ်လျှင်လား။  ဆိုင်အရိပ် မနင်းရ အမိန့်တောင် ထုတ်ချင်နေသလား မသိဘူး။
                        ကျွန်တော်တို့ကလည်း ကျွန်တော်တို့ပဲ။ သူတို့ဆိုင်က စားပွဲထိုး အလုပ်သမား ကလေးငယ်လေးတွေ အသစ်ရောက်လာတိုင်း သူတို့ကို ရန်စချင်ကြသေးတာ။ ကိုယ့်အိမ်မှာ ဖူးဖူးမှုတ်ထားတဲ့ သားနဲ့မှ သက်ရွယ်တူကလေးတွေကို မညှာမတာ ခိုင်းရက်သလား။ မစာနာတတ်ဘူးလား။ လုပ်ခလစာ တူတူတန်တန်မပေးချင်လို့ အရွယ်မရောက်သေးတဲ့သူတွေကို မလိမ့်တပတ် ခိုင်းနေတာ မဟုတ်လား။ စွဲချက် အကြီးကြီးတွေနဲ့ ၀ိုင်းဝန်းတိုက်ခိုက်တတ်ခဲ့ ကြတာ။
“ငါတို့ မခိုင်းရင် သူတို့ ဘယ်လိုစားကြမလဲ။ သူတို့အားလုံး ကိုယ့်လုပ်စာ ကိုယ်စားဖို့ အလုပ်လာလုပ်နေတာ မဟုတ်ဘူးနော်။ မိသားစု အတွက် လာလုပ်နေတာ။ သူတို့ အလုပ်မလုပ်လို့ စားစရာမရှိတော့ရင် သူတို့နောက်က မိသားစုကို မင်းတို့ ကျွေးမလား.. ကဲ”
                        ဟွန်း.. သူတို့ ပေးတဲ့ လုပ်ခလစာကဖြင့် မစို့မပို့၊ မဖြစ်စလောက်ကလေးကို။ ကျွန်တော်တို့က အောက်ကလိအာမိပြန်တော့…
“ငါတို့ ပေးထားတဲ့ လုပ်အားခထက် ပိုပေးနိုင်ရင် မင်းတို့ ခေါ်သွားကြလေ။ အသက်မွေးပညာတွေလည်း သင်ပေးလိုက်ကြဦးပေါ့”
                        လက်ဘက်ရည်ဖိုး မပြည့်လို့ ဘေမှတ်ခိုင်းရဦးမှာဆိုတော့ အချင်းချင်းမျက်ရိပ်ပြလို့ စစ်ပြေငြိမ်းလိုက်ရတယ်။ မချိလို့ သွားဖြဲပြတာကို မျက်နှာချိုသွေးတယ် ထင်နေတယ်။ လူတွေမှာ  နိစ္စဓူဝ ရှေ့မျက်နှာ နောက်ထားပြီး မိဘဆီ လက်ဖြန့်ခံနေရတာ။ စီးကရက်ကလေးတောင် မှန်မှန် ခဲနိုင်ကြတာ မဟုတ်ဘူး။ တစ်ခါတစ်လေ ဆေးပေါ့လိပ်တစ်တိုကို လက်လှည့်နဲ့ ဖွာနေကြရတာတွေ ရှိသေးတယ်။ ကောင်မလေးအိမ်နဲ့ အနီးဆုံးလမ်းဆုံမှာ ဂစ်တာတီးချင်လျှင်တောင် ပက်ထရမ်ဝယ်ဖို့ မနည်း စုဆောင်းကြရတာ။ ခါတလေ ကော်ပြားကို ကျောက်နဲ့စားပြီး တန်ဘိုးနည်း တီထွင်မှုလုပ်ကြရသေးတာ။
                         အိပ်မက်သစ်ကတော့ အဟောင်းအတိုင်း သစ်နေဆဲပါပဲလို့ လေထဲကနေ သူငယ်ချင်းက ပြောခဲ့တော့ ပြုံးဖြစ်သေးရဲ့။ ငါတို့လို ၀င်လာထွက်သွားသူတွေ အသင်္ချေရှိပေမယ့် စည်စည်ကားကားပါပဲတဲ့။ တစ်နေကုန် ရော့ခ်သီချင်းတွေဖွင့်ပေးတတ်တဲ့ အိပ်မက်သစ်က ခုတော့ ဘန်နီဖြိုးတို့ အောင်လတို့ သီချင်းတွေပဲ ခါတရံ ဖွင့်တော့သတဲ့။ ဂြိုလ်တုကနေ ဘောလုံးပွဲတွေ၊ ကမ္ဘာ့သတင်းတွေ တိုက်ရိုက်ကြည့်နိုင် နေပြီလို့လည်း ပြောလာတယ်။ ကျွန်တော်က သတိတရနဲ့ ဖိုးချို တစ်ယောက်ကိုရော မြို့မှာ တွေ့ခဲ့မိသေးလား လို့မေးတော့  …
“ဖိုးချိုအသစ်ကလေးတွေတော့ အများကြီး တွေ့ခဲ့တယ်”
                        …တဲ့။ ငါမေးတာ ဖိုးချိုပါ လို့ ဆိုနေတုန်း သူငယ်ချင်းရဲ့ ဂျီးမေးလ်အကောင့် မီးစိမ်းလေးက ရုတ်တရက် ဖြူလျော့ဖျော့မှိန်သွားပြန်ရော။
အိပ်မက်သစ်ကို ဖိုးချိုရောက်စက သူ့အသက်ကလေးက ဆယ်နှစ်လောက်သာ ရှိသေးတာ။ သူနဲ့အတူ ပါလာတဲ့ တစ်ရွာထဲသား ကောင်လေးက တစ်ညနေခင်းလောက် စားပွဲထိုးပြီးတာနဲ့ အိမ်ပြန်မယ် ဆိုပြီး တငိုငိုလုပ်နေပါရော..။ ဖိုးချိုကတော့ သူ့သူငယ်ချင်းကို ရုပ်တည်လေးနဲ့ ငေးလို့သာနေတယ်။ မင်းရော.. အိမ်ကို သတိမရဘူးလားမေးတော့ အမေက အိမ်ပြန်ရင် အသေသတ်ပစ်မယ်လို့ မှာလိုက် သတဲ့။
                        အသားညိုညို၊ လူကောင်ညှက်ညှက်ကလေးတစ်ယောက် ဖြစ်တဲ့ ဖိုးချိုက သိပ်ကို ပေါ့ပါးလှတာ။ အလုပ်မှာလည်း မခိုကပ်တတ်ဘူး။ လဘ်လည်း မြင်တတ်သူပါ။ ပြုံးချိုချို မျက်နှာကလေးနဲ့ နှုတ်ကလေးကလည်း ယဉ်ကျေးဖွယ်ရာ စကားဆိုတတ်တော့ ကျွန်တော်တို့အားလုံးက ချစ်ကြတယ်။ သူက ကျွန်တော့်တစ်ယောက်ကိုတော့ သူတကာထက် ပိုလို့ ခင်တွယ်လေတယ်။ အမေ့နောက်အိမ်ထောင်ကို အဖေမခေါ်ချင်ဘူးဆိုတဲ့ ဖိုးချိုက ကျွန်တော့်ကိုကျတော့ တခါတရံ ဖေကြီးတဲ့။ ကျွန်တော်က ညနက်ပိုင်း လူရှင်းချိန် သူအိပ်ငိုက်လာလျှင် သူ့ကို အနားမှာခေါ်ထားပြီ ပေါင်ပေါ်မေးတင်စေကာ မှေးငိုက်စေတတ်တာ။ ဆိုင်ရှင်မမြင်အောင် ကိုယ်နဲ့ကွယ်ကာ ပေးထားရတာ။ ကျွန်တော်တို့ ထိုင်နေကျ စားပွဲဝိုင်းက  လမ်းမနံဘေး ကောင်တာနဲ့ အဝေးဆုံး၊ လမ်းမီးရောင်လည်း မကျရောက်တတ်တော့ ဆိုင်ရှင်က ရုတ်တရက် မမြင်ဘူးပေါ့။ မြင်လျှင်လည်း ကျွန်တော်က ကာဆီး ကာဆီးနဲ့ ခေါင်းဝင်ခံတတ်သေးတာ။ ပြီး သူ့အတွက် အမေ့အိမ်ဆိုင်က မုန့်ထုတ်တွေ၊ သကြားလုံးတွေ အလစ်နှိုက်ယူလာပြီး ကျွေးတာကိုး။ သူမှိုင်နေလျှင် နေမကောင်းဘူးလား မေးကာ သူ့ဆိုင်ရှင်ဆီမှာ ဆေးတောင်းပေးနေကျ။ ညီဝမ်းကွဲတွေဆီက အင်္ကျီ၊ ဘောင်းဘီလေးတွေ ချော့မော့တောင်းလာပြီး သူ့ကိုပေးတော့ ချက်ချင်းလဲဝတ်ပြီး သူ့ကိုယ်သူ သဘောတွေ ကျနေတတ်သေးတာ။
                        ဖိုးချိုတစ်ယောက် အိပ်မက်သစ်ကနေ ထွက်ပြေးတော့ ကျွန်တော့်မှာ မြို့ပတ်လို့ တိတ်တိတ်ကလေး ရှာပုံတော် ဖွင့်ခဲ့ရသေးတယ်။ ကျောက်စရစ်သယ်နေတယ် သတင်းကြားလို့ မြစ်ကမ်းနားလည်း ရောက်သွားလိုက်သေးတယ်။ ဖိုးချိုကတော့ အစ်ကို ဘာလို့ လိုက်လာတာလဲ။ နေပူလိုက်တာတဲ့။ ကျွန်တော်အတွက်ကတော့ နေပူခံရင် ပိုက်ဆံပိုရတယ် အစ်ကိုရ ဆိုပြီး ပြုံးကျဲကျဲလေး လုပ်နေခဲ့သေးတာ။
                        ပြီး အလိုက်မသိတတ်တဲ့ ကောင်လေးက အစ်ကိုတို့ကျတော့ ကံကောင်းလိုက်တာ။ အလုပ်မလုပ်ပဲ လက်ဘက်ရည်ဆိုင် နေ့တိုင်းထိုင်နိုင်နေတယ်တဲ့။ ကျွန်တော် ဖျန်းခနဲ  အရှက်အိုးကွဲခဲ့ရတယ်။
                        ဒီလိုချည်း အမြဲတမ်းတော့ ဘယ်နေနိုင်မလဲ ဖိုးချိုရာ။ လူတိုင်းမှာ လူ့တာဝန်ရှိတာပဲ။ အလုပ်လည်း လုပ်ရမှာပဲပေါ့။ ဒါတောင်မှ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်မှာဆိုတော့ မိုက်တာပေါ့ အစ်ကိုရဲ့။ ပြန်လာရင် ပိုက်ဆံတွေအများကြီး ပါလာမှာပဲနော်။ ဟား..ဟား..ငါ့ အစ်ကိုက နိုင်ငံခြားပြန်ကြီးပေါ့ တဲ့။
                        တပြည်ရပ်ခြားမှာ နောက်လှည့်ပြန်ပြေးချင်လောက်အောင် စိတ်ပျက်ပင်ပန်းရ တဲ့အခါ ဖိုးချိုပြောခဲ့ဖူးတဲ့ စကားတွေကို ဖျတ်ခနဲ သတိတရ။ နေပူခံရင် ပိုက်ဆံပိုရတယ် ဆိုတဲ့ ဖိုးချိုရယ်။ နေပူခံရုံနဲ့ ပိုက်ဆံရတာ မဟုတ်ပါဘူး။ ယုံကြည်ချက်တွေ၊ မာနတွေ၊ ရပ်တည်မှုတွေ၊ ပြီး…  နာကျင်ပင်ပန်းရခြင်းတွေ..။ ကြည့်မမြင်နိုင်တဲ့ ခံစားမှု အရင်းအမြစ်တွေကို   ဘယ်သူမှ တန်ဘိုးထားလို့ ထည့်တွက် မပေးတတ်ကြပါဘူးကွာ။
                        သူငယ်ချင်းဆီက message ရောက်လာတော့ ချက်ချင်း ဖွင့်ကြည့်ဖြစ်တယ်။
“စိတ်မကောင်း မဖြစ်နဲ့ဦး သူငယ်ချင်း။ ဖိုးချို ဆုံးသွားတာ နှစ်နှစ်နီးပါးရှိခဲ့ပြီတဲ့ ကွာ။ ရေခဲသယ်ပို့တဲ့ မော်တော်လိုက်နေတာတဲ့။ စက်လှေပန်ကာမှာ ဒိုက်ငြိလို့  မြစ်ထဲ ဆင်းပြီး ဒိုက်တွေ၊ အမှိုက်တွေရှင်းရင်း ပြန်ပေါ်မလာတော့ဘူး တဲ့”
                        ရှေ့က ဖန်သားပြင်စကရင်က အမြင်မှာေ၀၀ါးမှုန်ရီလာခဲ့တော့ မျက်ရည်ဝေ့မျက်ဝန်းမှ မျက်တောင်ဖျားတွေကို တဖျတ်ဖျတ်ခတ်ထုတ်နေမိရပြန်ကာ အကြာကြီး ငိုင်နေမိသေးတယ်။ ဆောက်တည်ရာမဲ့သလို ကြံရာမရတဲ့အဆုံးမှာတော့ အသံမဲ့ တစ်ချက်ရှိုက်ငင်လိုက်လျှက် Gtalk box  မှာ message တစ်ခု တင်ဖြစ်ခဲ့တာ…
“ကောင်းကင် မျက်နှာလွှဲ ရက်သလား
တဖျတ်ဖျတ်၊ တလက်လက်..
တဖြုတ်ဖြုတ် ကြယ်တွေ
မြေမှာ…..”


                                                                                     သတိုး


Sunday, September 9, 2012

အရိပ်ပမာ..


                  



အစဉ်တစိုက် မျှော်မောနေမိတာတော့ မဟုတ်ပေမယ့် အကြောင်းတိုက်ဆိုင်လာလျှင် ဖျတ်ခနဲ သတိရသည်။ နက်ဖြန်..၊ သို့မဟုတ်..ဒီနေ့..။  သူ.. ကိုယ့်ထံရောက်လာမလား။ 

                                    ******
‘လူ့ဘ၀မှာ အနေကြာလာလေ… အသက်ရှည်ရမှာ ကြောက်ရွံ့လာလေပဲ’… ဟု အသက်အရွယ်၊ အတွေ့အကြုံ ကြီးရင့်သူ တစ်ယောက်ယောက်က ပြောလာလျှင် ငယ်ငယ်တုန်းကတော့ ပခုံးတွန့်ကာ ထီမထင်ဟန်မျက်နှာပေးနှင့် ပျက်ရယ်ပြုချင် ခဲ့ဖူးတာဖြစ်သည်။ ခုတော့ ကိုယ်တွေလည်း ပျမ်းမျှလူ့သက်တမ်းဆီ ခေါက်ချိုးမက လှမ်းချီနိုင်ခဲ့ပြီမို့ အိုမင်းခြင်းဆင်းရဲ၏ အနက်သဘောကို နောဧက နောမကျေနိုင်သေးငြား အတော်အတန် ရိပ်စားနားလည်နှင့်ခဲ့ပြီ။ တကယ်တော့ လူ့ဘ၀အဖြစ်ကို  ရရှိခဲ့ချိန်၊ ပဋိသန္ဓေအစမှာ ကတည်းက ဆင်းရဲခြင်းနှင့်အတူ သန္ဓေယူခဲ့ကြရတာ မဟုတ်လား။ 

ဆရာတော်ကြီးထံ ဖူးရောက်ဖြစ်တိုင်း ကုလားထိုင်အိုကလေးပေါ်မှာ အကြောပြိုင်းပြိုင်း၊ အရိုးငေါငေါနှင့် ငုတ်တုတ်ကလေး ဖူးတွေ့ရတတ်လေတာ။ ဝေသီမှုန်ဝါးနေပြီဖြစ်သော မျက်လုံးမွဲကလေးတွေကို မှေးကျဉ်းယောင်ပြုကာ… မေးကလေး ဆတ်လိုက်ပြန်လျှက်… ‘မင်း ဘယ်သူ လဲ’ ‘ဆရာတော် မမှတ်မိဘူးလား ဘုရား။ တပည့်တော်လေ…’ လျှောက်ထားလို့မဆုံးမီ အသံကို မှတ်မိကာ ဖွေးဖွေးညီညီ သွားကလေးတွေ လှစ်ခနဲပေါ်အောင် ချက်ချင်း ပြုံးမြသွားတတ်ပြန်လေ့မြဲ။ သတိအင်မတန် ကောင်းလွန်းလှကာ၊ သက်တော် ကိုးဆယ် ကျော်လွန်လာခဲ့သည့်တိုင် သွားတစ်ချောင်းမကြွေသေးသော ဆရာတော်ဘုရားကြီး၏ သီလကောင်းပုံကို အမှတ်မဲ့ ချီးမွမ်းခန်းဖွဲ့ဆို မိပြန်သည်။

“လျှောက် ပြောမနေနဲ့ ဒကာကြီး။ အသက်ကြီးလာရင် ဘာမှ မကောင်းဘူးဗျ”

                        ဒီဘ၀၊ ဒီခန္ဓာကြီးကို ဆရာတော်ကြီး ဘယ်လောက်များ စက်ဆုတ်နေခဲ့ပြီလဲ မသိ။ နဂိုနေ စိတ်မြန်လက်မြန်သမားမို့ အထိုင်အထ လေးကွေးနှေးအီလာတာ ကိုယ်တိုင် အားမရနိုင်ဘူးဟု ဆိုနေပြန်သည်။ ဟိုနားက နာကျင်သလို၊ ဒီနေရာက တစစ်စစ် ကိုက်ခဲနေပြန်သလို။ ခါတရံ မူးရီမောဟိုက်နေပြန်သည်တဲ့။ ‘တကယ့် သုံးပါးလေးထွေပါကွာ’ ပြောရင်း ချောင်းတစ်ချက် ဟတ်လိုက်မိပြန်ရာ အဆက်မပြတ်ချင် ပြန်တော့။ ထွေးခံခွက်ကလေး အနားတိုးပေးသောအခါ ဖွီခနဲ တံတွေးထွေးချလိုက်သည်။ နှုတ်ခမ်းမှာ သလိပ်တံတွေးစအချို့ ပေစွန်းကျန်ရစ်သည်ကို လက်ကိုင်ပုဝါလေးနှင့် တို့သုတ်ပေးရင်း ရေတစ်ဖန်ခွက် ငှဲ့ကာ ဆက်ကပ်ရပြန်သည်။ 

“ဟိုဘုန်းကြီးတွေဆီ သွားပေးပါဦး။ မအားကြဘူးလား မသိ။  ရောက်မလာတာ အတော်ကြာနေပြီ”

                        ဆရာတော်ဘုရားကြီးက ညီနောင်ဆရာတော်နှစ်ပါးကိုတော့ ညီငယ်တွေနှယ် ခင်တွယ်အားကိုး လေသည်။  သူ့ထံ ရောက်မလာနိုင်တာ အချိန်နည်းနည်းကြာလျှင် မျှော်နေတတ်သည်။ ဒါပေမယ့် ညီနောင်ဆရာတော်များမှာလည်း သူ့ထံ ပုံမှန် ရောက်လာဖူးတွေ့ရန် မလွယ်ကူပါ။ ဆရာတော်ကြီး၏ ကျောင်းက မြို့၏ အောက်ဖက်အစွန်အဖျားမှာ ရှိနေတာဖြစ်သည်။ ညီနောင်ဆရာတော်တို့၏ စာသင်တိုက်ကြီးက မြို့၏အထက်ပိုင်းမှာ..။ နောင်တော်ဖြစ်သော  ကျောင်းထိုင်ဆရာတော်ဘုရားက အနေအေးကာ စကားနည်းသော်လည်း တရားပွဲတွေ ဆက်နေတတ်ပြန်တာ..။ ညီတော် တိုက်အုပ်စာချ ဆရာတော်သည်လည်း စာသင်သားတို့အား ထိန်းကျောင်းရင်း၊ စာချရင်း၊ တရားပွဲတွေ ဆက်နေပြန်ရင်း အားလပ်သည် မရှိပြန်။ ဆရာတော်ကြီးကိုတော့ ‘အဖိုးကြီး’ ဟု ဦးညွတ်ရိုသေမှု မလျှော့ကြပေ။ 

“လပြည့် ဥပုသ်ကျရင် ငါ့ကျောင်းမှာ သီလ လာပေးဦး”

                        ဆရာတော်ကြီးကမိန့်လျှင် ဘယ်အခါမှ မငြင်းစဖူး။ နောင်တော်ကိုယ်တိုင် မကြွနိုင်လျှင်သော်မှ ညီငယ်ဆရာတော်ကို စေလွှတ်ကာ သီလပေးစေခဲ့တာ ဖြစ်သည်။ ကထိန်တရားပေးလှည့်ပါဦးဆိုလည်း တစ်ပါးတစ်လှည့်စီ မရောက် ရောက်အောင် ကြွချီကာ အားပါးတရ တရားချီးမြှင့်တတ်ကြသော သာသနာ့အာဇာနည် ညီအစ်ကိုများပေ။ ဒီဘက် နှစ်တွေမှာတော့ နောင်တော်ကြီးတစ်ပါး အသွားအလာ နည်းသွားခဲ့ပါသည်။ အကြောင်းကိစ္စရှိလျှင် ညီဆရာတော်သာလျှင် သုတ်သုတ်သွား၊ သွက်သွက်ပြန်ရတော့သည်။ ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချသောအခါ မှာလည်း အန္တိမပွဲသဘင်ကို ညီတော်သာ ရောက်လာကာ ကြီးကြပ်စီစဉ်ပေးခဲ့ရပြန်သည်။

“ခင်ဗျားတို့ဘုန်းကြီး အတော် သီလကောင်းတယ်ဗျ”

                        ဆရာတော်ဘုရားကြီးသည် သက်တော် ကိုးဆယ့်ရှစ်နှစ်ရောက်လေမှ ဘ၀နတ်ထံ ပျံလွန်တော် မူခဲ့တာဖြစ်သောကြောင့် သက်တော်ရှည်ဆရာတော်ရယ်ဟု တဖွဖွ ချီးမွမ်းချင်ခဲ့သည် ထင်၏။ သို့သော်လည်း ဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်ကတော့ နာဖျားမကျန်းတိုင်း ရောက်လာကာ အားပေးပြုစုရင်း …

“ခင်ဗျားတို့ အဖိုးကြီး နေရပ်ဇာတိ ပြန်ရခါနီးပြီ ထင်တယ်နော်”

                        ဒကာ၊ ဒကာမတွေမှာ ရယ်မောလျှက် တရားတက်ခဲ့ ကြရသေးသည်။ သို့ပေမယ့် တရှောင်ရှောင် နားဖျားမကျန်းလျှက် သဲ့သဲ့ကလေးအဖြစ်နှင့် နှစ်များစွာ ဒကာ၊ဒကာမများက ပြုစုလိုက်ရသေးသော ဆရာတော်ဘုရားကြီးနှင့် မရှေးမနှောင်းမှာပင် နောင်တော် ဆရာတော်ဘုရားလည်း ဘ၀နတ်ထံ ပျံလွန်နှင့်ခဲ့ပြန်ပြီ။

သတင်းစကား ကြားသိရစဉ် ရုတ်တရက်မှာ ဒကာ၊ ဒကာမများခမျာ ဘယ်သူမှ မယုံကြည်နိုင်ကြ။ နောင်တော်ဆရာတော် နေထိုင်မကောင်းသတင်းကို တင်ကြို မကြားမိခဲ့ဘူးလေ။ ညနေခင်းတိုင်း လမ်းလျှောက်ထွက်နေကျမို့ အဝေးမှ လှမ်းငေးဖူးတွေ့နေကျလည်း ဖြစ်သည်။ ဒါပေမယ့် မယုံလို့တော့ မဖြစ်ဘူးလေ။ ဧကုတင်ပေါ်မှာ ကျိန်းစက်နေသည်နှင့် မခြားသော်လည်း သေခြင်းတရားဆိုတာ ကိုယ်တို့ဆီ အချိန်မရွေး ရောက်လာနိုင်တယ် ဆိုတာ နောင်တော်ဆရာတော်က ကိုယ်တိုင်ပုံဆောင်ပြခဲ့ပြီ။ ယခင်အခါတွေကလည်း ညီနောင်ဆရာတော်များ ဟောပြောခဲ့လွန်းလို့ သိနေနှင့်ပြီးသား မဟုတ်လား။

မအိုမီ၊ မနာမီ၊ မသေမီ…
အသေမဦးခင် ဥာဏ်ဦးအောင်…

သို့ပေမယ့် သံသရာနွံထဲ၊ မကျွတ်ပဲ တပေပေ၊ နေပျော်ဆဲ အမိုက်အမဲတွေ အဖို့တော့ အသိလွယ်လျှက် အကျင့်ခက်နေကြဆဲပါ ဘုရား။

                                    **********
                        ဇာတိ၊ ဇရာ၊  ဗျာတိ၊ မရဏ..ဆိုတာ ရှောင်မလွတ်နိုင်သော မြဲမြံလှသည့် မမြဲခြင်းတရားတွေ မဟုတ်ဘူးလား။ သေခြင်းတရား ဆိုတာလည်း ကိုယ်တို့နှင့် သူစိမ်းတရံ ဆန်သူမှ မဟုတ်လေပဲ။ ခရီးတာလည်း ဝေးလှမ်းလို့ မနေ။ သူ၏ အမြဲတမ်း နေရပ်လိပ်စာက ကိုယ်တို့ရဲ့ လက်တစ်ကမ်းမှာသာမို့ ကံအလှည့်သင့်လျှင် ချက်ခြင်းရောက်လာ နိုင်ပြန်သည်တဲ့လေ…။ 

အစဉ်တစိုက် မျှော်မောနေမိတာတော့ မဟုတ်ပေမယ့် အကြောင်းတိုက်ဆိုင်လာလျှင် ဖျတ်ခနဲ သတိရသည်။ နက်ဖြန်..၊ သို့မဟုတ်..ဒီနေ့…။  သူ.. ကိုယ့်ထံရောက်လာမလား။

                                                                                သတိုး