Friday, November 23, 2012
အင်ဂျလီနာ မသိတဲ့ ဂျိုလီ
                                အစားအသောက် အင်မတန်ခုံမင်ပြီး အလွန်လည်း အကောင်း ကြိုက်တတ်တဲ့ ကိုထွေးလေးက ထမင်းဝိုင်းမထိုင်ခင်…
“မေ့.. ဘာဟင်းချက်လဲ”
 ဟင်းကို အလျှင် မေးတတ်လေ့မြဲ။
“ဒီနေ့တော့ ဈေးသွားဖို့ နောက်ကျနေတာနဲ့ ဖြစ်သလိုပဲ၊ ကြာရိုးချဉ်ရည်ဟင်းပဲ ချက်လိုက်တော့တယ် အထွေးလေးရေ။ ဂျိုလီရယ်လေ…”
                                အမေ့စကားမှ မဆုံးသေးခင် ကိုထွေးတစ်ယောက် ထမင်းစားပွဲနံဘေးမှာ ၀ုန်းဒိုင်းကျဲနေပြန်တော့တာပဲ။ နှုတ်ကလည်း…
“အမေကလည်း တစ်နေ့လာလည်း ကန်စွန်းရွက်ကြော်။ တစ်နေ့လာလည်း ချဉ်ရည်ဟင်းပဲ… ဒါပဲ။ ကြက်ဥ၊ ဘဲဥတောင် ဂျိုလီယူလာရောင်းပေးမှ စားရတယ်.. ဟွန်း။ အသားလေး၊ ငါးလေးများ ချက်ရကောင်းမှန်း မသိတော့ဘူးလား”
                                အမေ့ကို မျက်ရည်လေး တလည်လည်နဲ့ ဂျီကျနေရင်းက…
“အဲဒီ ဂျိုလီကလည်း အသား၊ ငါး မရောင်းတတ်ဘူးလား မသိဘူး။ တော်ကြာ ဗူးသီး၊ ခရမ်းသီးတွေ လာရောင်းလိုက်။ ချဉ်ပေါင်ရွက်တွေ၊ ကန်စွန်းရွက်တွေ လာရောင်းလိုက်။ သူ့ အသီးအရွက်တွေက ရောင်းလို့ကို မကုန်နိုင်ဘူး”
“အခု အသီးအရွက်တွေ ရောင်းလို့ကုန်သွားလို့ ကြာရိုးချိုးပြီး လာရောင်းသွားပြီလေ”
                                ကိုကိုကြီးက ရယ်မြူးရိပ်ပါးပါးနဲ့  လှမ်းစတော့ ကိုထွေးတစ်ယောက် ရှူးရှူးရှားရှား ဖြစ်လာပြီး …
“အဲဒီ ဂျိုလီ နေနှင့်ဦး။ ဒီတစ်ခါ သပွတ်သီးတွေ၊ ခ၀ဲသီးတွေ၊ ဂေါ်ရခါးသီးတွေ လာရောင်းလို့ကတော့ တုတ်နဲ့ကို ရိုက်လွှတ်မယ်”
                                ချောချော့မော့မော့နဲ့ပဲ ထမင်းဝိုင်းထိုင်ဖြစ်သွားတော့လည်း ကိုထွေးတစ်ယောက် ကြာရိုးချဉ်ရည် ဟင်းရည်ပူပူတွေကို ထမင်းပူပူပေါ် ရွှဲအိုင်နေအောင်ဆမ်းကာ ခေါင်းမဖော်တမ်း ငုံ့လွေးနေပြန်တာပဲ။ နူးအိထွေးနေတဲ့ ကြာရိုးလေးတွေ မြုံ့ဝါးနေပြန်တာပါပဲ။ လူကြီးတွေကို တုပပြီး အတို့အမြုပ်ပါ ကြိုက်တတ်ချင်သေးတဲ့ ကိုထွေးဟာ အမေကိုယ်တိုင် အချဉ်တည်ထားတဲ့ ကြာရိုးချဉ်ဖတ်ကို ထမင်းထဲထည့်မြုတ်ပြီး ငါးပိရည်ဖျော်တို့တိဆမ်းကာ ပလုတ်ပလောင်းဝါးနေပြန်ရင်း ငရုပ်သီးစပ်လာရင် ကြာရိုးချဉ်ရေကိုပဲ အရည်သောက် လုပ်ပစ်ရပြန်ရင်း တရှူးရှူးနှင့်  ထမင်းမြိန်နေပြန်တာပင်။
“ကိုထွေးက ကြာရိုးဟင်း ကြိုက်ပါတယ် အမေရ။ ချဉ်ဖတ်လည်း သူ့လက်ချည်းပဲ တွေ့လား။ မနက်ဖြန် ဂျိုလီလာရင် ကြာရိုးတွေ ချိုးခဲ့ဖို့ မှာထားဦး”
“မမှာနဲ့။ အဲဒီ ဂျိုလီ အိမ်ရှေ့လာရပ်ရင် တကယ် ရိုက်လွှတ်မှာ…”
                                                                                *******
                                ဒါပေမယ့် အချိန်တန်ရင် ဂျိုလီက အိမ်ရှေ့ ရောက်လာပြန်တာပဲ။ တစ်နေ့မှ မပျက်ကွက်စဖူး။ ရောက်လာတိုင်းလည်း ပလပ်စတစ်ဇလုံ ပြာညစ်ညစ်ကြီးတစ်လုံးက ခေါင်းပေါ်မှာ ရွက်တင်လျှက်သားပဲ။ သူ့ဇလုံကြီးထဲမှာ ခြံထွက် အသီးအနှံတွေ ပါလေ့မြဲပေါ့။ ဗူးသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ သခွားသီး၊ သပွတ်သီး၊ ခ၀ဲသီး၊ ရုံးပတီသီး..။ မျိုးစုံလို့ပဲ။  ကြက်ဟင်းခါးသီး၊ ဂေါ်ရခါးသီး၊ ရှောက်သီး၊ သံပုရာသီးတို့လည်း ပါတတ်သေးတယ်။ ဒညင်းသီး၊ မရမ်းသီး၊ သရက်သီးတို့ကတော့ ရာသီအလိုက်ပဲ ရတတ်လေတာ။ ခါတလေကျ အမေက …
“ဂျိုလီရေ…။ သရက်ကင်းလေးများ ပေါ်ဦးပေါ်ဖျား ရရင် ချန်လာခဲ့စမ်းပါ”
                                အဲလို ကြိုတင်မှာထားရင် ဂျိုလီက သရက်ကင်းပေါ်တာနဲ့ မမေ့မလျော့ ဖယ်ချန်ပေးထားပြီး တခုတ်တရ ယူလာပေးတတ်သူပါ။ တချို့ကျတော့ …
“အသားတွေ ယားလို့ ဂျိုလီရယ်။ တစ်အိမ်လုံး လိုလို ဖြစ်နေတာ”
                                စကားမှ မဆုံးသေးခင်…
“ဒါများ အစ်မရယ်။ ကျွန်မ အလာ၊ လမ်းမှာ လောက်သေရွက်တွေ ပေါက်နေတာ တောထနေတာပဲ။ လောက်သေရွက်ကို အခြောက်လှမ်းပြီး လက်ဘက်ခြောက်ခပ်သလို ရေနွေးကြမ်းထဲ ခပ်သောက်စမ်း။ အသားအရေ ယားတာယံတာ အရမ်းကောင်းတာပေါ့။    သောက်လို့လည်း အင်မတန်ကောင်းတာ။ မွှေးနေတာပဲ။ ကျွန်မ နက်ဖြန် ခူးလာပေးမယ်”
                                စေတနာ အရင်းခံကောင်းသလောက် လောကွတ်လည်းကောင်းလှတဲ့ ဂျိုလီပါပဲ။
                                သူ့ဇလုံပြာပြာညစ်ညစ်ကြီးပေါ်မှာ ဇကာကြီးတစ်ထပ် တင်ထားလိုက်သေးတာ။ ဇကာထဲမှာလည်း ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ မြင်းခွာရွက်၊ မှိုနတို တို့လို အရွက်စိမ်းစိမ်းလတ်လတ်တွေ စုံလို့ပဲ။ နံနံပင်တို့၊ ပင်စိမ်းတို့လို ဟင်းမွှေးရွက်ကလေးတွေလည်း ပါရဲ့။ ပဲတောင့်ရှည်၊ ပဲဇောင်းလျားတို့လို့ သီးတောင့်ရှည်တွေလည်း အစည်းလိုက်ကလေးတွေ ပါတတ်သေးတာ။ အာဝါးသီး၊ ငြုပ်သီးစိမ်းတွေလည်း အပုံလိုက်ကလေးတွေ…။ မိုးဦး၊ လေဦးဆို ကောက်ရိုးမှို နုနုလေးတွေ ဖူးတံချီလို့ ပါလာတတ်သေးတယ်။ မနိုင်မနင်း ရွက်သယ်လာရတဲ့ သူ့ဈေးဗန်းက တစ်အိမ်ဝင်တိုင်း တစ်ခါ လူကူခေါ်ပြီးမှ ခေါင်းပေါ်က ချလို့ရတတ်တာ..။
                                သူ့ဈေးဗန်းမို့ တစ်အိမ်ဝင်ဖြစ်ရင် အရှေ့အိမ်၊ အနောက်အိမ်၊ ခြေရင်း၊ ခေါင်းရင်း အိမ်တွေပါမကျန် ၀ိုင်းအုံလာရတော့တာ။ ဂျိုလီကတော့ ခေါင်းခုပုဆိုးပိုင်းလေးနဲ့ ချွေးသုတ်ရင်း၊ စိတ်အေးလက်ချ ထိုင်နားအမောဖြေရင်း ဘယ်သူရေ၊ ဘယ်ဝါရေ တရင်းတနှီး အသံပြုလို့ ဆိုင်းခင်းကာ ရောင်းဝယ်မပျက်တတ်သူ…။
                                                                ***********
                                ဂျိုလီ အိမ်ရှေ့လာရပ်ရင် ရိုက်လွှတ်ဖို့ အကြောင်းစပ်ဆိုင်တိုင်း ကြိမ်းဝါးတတ်တဲ့ ကိုထွေးကလည်း တကယ်တော့ ဂျိုလီ့ကို ခင်မင်ကာ မျှော်နေတတ်သူတွေထဲမှာ အ၀င်အပါတစ်ယောက်ပါ။ ဂျိုလီက ဈေးတောင်းအလေးအပင်ကြီးကို မနိုင်မနင်း ရွက်သယ်လာရတဲ့ကြားက သူလာရာ လမ်းတစ်လျှောက်မှာ အလေ့ကျပေါက်နေတတ်တဲ့ တောပန်းကလေးတွေ၊ ကစားစရာ အသီးကလေးတွေ ခူးလာပေးတတ်သူကိုး။  ကိုထွေးက ယောက်ျားလေးတန်မဲ့ တောစံပါယ်ပွင့်ဖြူတွေရဲ့ အနံ့မွှေးမွေးကို နှစ်ခြိုက်စွဲလန်းသူ။ အရောင်ဆန်းတဲ့ ပျဉ်းမပန်းရဲရဲလေးတွေကိုလည်း နှစ်လိုချစ်မက်သူကိုး။ ခါတလေ ငှက်ပေါက်စ သေးသေးလေးသဏ္ဍန် ချစ်စဖွယ် ခင်မွန်သီး ချိုချိုကလေးတွေ စားရတတ်သေးတာ။ မိုးနံသီး နီရဲရဲလေးတွေကလည်း မြမြကလေးချိုရဲ့။ တစ်ခါက ဂျိုလီခူးလာပေးတဲ့ အိုးပုတ်သီးတွေစားပြီး ကိုထွေးတစ်ယောက် လျှာတစ်ချောင်းလုံး ပြာနှမ်းနေတာကြောင့် အမေ့မှာ အထိတ်တလန့် ဖြစ်ရသေးတာ။ ကိုထွေးအပေါ် ဂျိုလီ သံယောဇဉ်ပိုလွန်းလှတာကို မြင်တွေ့နေရတဲ့ မမလတ်ကတော့…
“ဂျိုလီ့ သား”
                                ဒီလို စနောက်ခံရတိုင်း ကိုထွေးခမျာ ငိုမဲ့မဲ့နဲ့ ဟုတ်များဟုတ်နေမလားလို့ သံသယ ၀င်မိတတ်သေးရဲ့။
“ဂျိုလီက ကလေး ချစ်တတ်လွန်းတာ။ ကလေးသည်းညည်းများ သူမို့ ခံနိုင်လွန်းတယ်”
                                တကယ်က ဂျိုလီ့မှာ ကလေးတွေ ဒီလောက်များလှတာ။ အကြီးဆုံးကလေးတောင် လူပျိုပေါက်စန အရွယ်ဖြစ်နေပြီ။
“ဆရာတော်ယူပြီး ရှင်ပြုပေးထားတာလေ။ ရှင်လိန်ပြန်ပြီးကတည်းက ထွားလာလိုက်တာ..”
                                ဂျိုလီက သူ့သားကြီးအတွက် ဂုဏ်ယူကျေနပ်နေတဲ့ပုံ။ သူ့အောက်က သမီးကတော့ မူလတန်းပြီးလို့ ကျောင်းကထွက်ပြီး အိမ်မှာ ချက်ပြုတ်လျှော်ဖွတ်။  အိမ်သိပ်လုံတဲ့ ကောင်မလေးဆိုပြီး ရှာကြံ အမွှန်းတင်နေပြန်သေးတာ။ ကောင်မလေးအောက်က ကလေးက ကိုထွေးနဲ့မှ သက်ရွယ်တူ။ ဒီနှစ်  ရွာက မူလတန်းကျောင်းမှာ သုံးတန်းတက်နေရပြီဆိုတော့ အတန်းလည်း အတူတူပဲပေါ့။ ကိုထွေးထက် လူကောင်သေးတယ်ဆိုတော့ အမေက ကိုထွေးရဲ့ ကျောင်းစိမ်းလုံချည်၊ အကျီ  င်္အကျလေးတွေ လျှော်ဖွတ်ထုတ်ပိုး ပေးလိုက်တတ်တယ်။ သူ့အောက်မှာ အငယ် နှစ်ယောက်အနက် တစ်ယောက်ကတော့ ဂျိုလီ မွေးစားထားတာတဲ့။ ပထမယောက်ျားရဲ့ နောက်အိမ်ထောင်ကမွေးတာ။ ပုလုကွေးဘ၀နဲ့ အမိမဲ့သွားခဲ့ရရှာတဲ့ ကလေးငယ်ကို ဂျိုလီက တတိယယောက်ျားနဲ့ ဆန့်ကျင်ကာ အိမ်ထောင် အကွဲခံပြီးကို မွေးခဲ့တာ ဆိုရဲ့။  အငယ်ဆုံးကလေးက လာမယ့်နှစ်မှ မူလတန်းတက်ရမှာ..။
“တစ်ဖအေစီဆိုပေမယ့် ချစ်ခင်စည်းလုံးကြတဲ့ ကလေးတွေ”
                                လို့လည်း ဆိုတတ်ပြန်သေးတာ။ အသက် သုံးဆယ့်ငါးနှစ်လောက်သာ ရှိဦးမယ့် ဂျိုလီက ကလေး လေးယောက် (မွေးစား တစ်ယောက် မပါ)ကို အဖေ သုံးယောက်နဲ့ မွေးထားတာလို့  အံ့သြတကြီး သိလိုက်ရချိန်မှာ ကိုကိုကြီးက သူ့ကို ဂျိုလီလို့ နာမည်ပေးလိုက်တော့တာပဲ။
“ဟဲ့ အဲဒါ ဘာ နံမည်လဲ”
                                မသိနိုးနားဟန်လေးနဲ့ မေးလာရှာတဲ့ ဂျိုလီ့မျက်နှာကို ရယ်ချင်ပက်ကျိအပြုံးနဲ့ ကိုကိုကြီးက…
“နိုင်ငံခြားက အကယ်ဒမီ ရုပ်ရှင် မင်းသမီးပေါ့။ အရမ်းချောတာပဲ…”
                                ..ဆိုတော့ ဂျိုလီက အလန့်တကြားနဲ့…
“ဟဲ့  နင်တို့ ဖင်ပေါ်၊ ခေါင်းပေါ် မင်းသမီးတွေနဲ့တော့ ငါ့ကို မနှိုင်းကြနဲ့နော်”
                                မမလတ်နဲ့ ကိုထွေးတို့မှာ ဂျိုလီ့ အပြောကြောင့် ရယ်လိုက်ရတာ။
                                                ************
                                တကယ်က ဂျိုလီဟာ အကျည့်တန်လှသူတော့ မဟုတ်ဘူးလို့ မမလတ်ကပြောလေ့ရှိတယ်။ အသားလတ်လတ်၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း မနိမ့်မမြင့်ပဲ။  လုံးတန်ရပ်တန်ကလေး။ မျက်နှာက လုံးလုံးသေးသေးလေးနဲ့ မျက်လုံးတွေကတော့ ညိုဖျော့ဖျော့။  ဒါပေမယ့် သနပ်ခါးဘဲကျား ထူပိန်းပိန်းကြီးနဲ့ ဆီဝေးတဲ့ ဆံပင်နီကြောင်က စုတ်တိစုတ်ဖွား။ တီရှပ်တစ်ထည်ပေါ်မှာ အကွက်ကျဲကျဲ ယောက်ျားရှပ် အကျီ င်္ညစ်နွမ်းနွမ်း ပွပွကြီးတစ်ထည်ကို ကြယ်သီးမတပ်ပဲ ကြုံသလို ထပ်စွပ်ထားပြန်တော့  အမြဲ ဖရိုဖရဲကြီး။ အပွင့်မပေါ်တော့တဲ့ လုံချည်နွမ်းနွမ်းကို ခပ်တိုတို၊ စွန်ထောင်စွဲ ၀တ်ထားတတ်သေးတာ။
“သပ်သပ်ရပ်ရပ်ကလေး ၀တ်စားလာပါတော့လား ဂျိုလီရယ်။ ညည်းကိုများ ယောက်ျားတွေက ဘယ်လို ကြိုက်ကြပါလိမ့် ဟယ်”
                                ဂျိုလီက မလျှော့ဘူး။
“လူမလှပေမယ့် အသည်းနှလုံးက လှတာကိုး အစ်မတို့ရယ် ဟီ ဟီ”
                                သူ့စကားကို သူပြန် သဘောကျကာ တဟိဟိ ရယ်နေတတ်သေးတာ။
“အဲဒီ အကောင်တွေအားလုံး လက်ကြောမတင်းတဲ့ ကောင်တွေဖြစ်မှာပဲ။ ညည်းလုပ်စာကို မှီခိုစားချင်လို့သာ ..။ ဟုတ်တယ် မဟုတ်လား”
“အစစ်ပဲ။ အားကိုးအားထားလေးများ ရမလားလို့ လင်ယူမိခဲ့တာ။ တစ်ခါမှ ကံမကောင်းသေးဘူး”
                                ရှုံ့ရှုံ့မဲ့မဲ့နဲ့ ပြောပြီး ရယ်ပြန်တာပဲ။
“ဒါပေမယ့် လင် တစ်ယောက်ကွဲရင် အနည်းဆုံးကလေးတစ်ယောက်တော့ ကျန်ခဲ့တာချည်းပဲ မဟုတ်လား ဟွန်း”
                                ဂျိုလီ ပြန်ဖြေပုံကို ကြည့်ဦးလေ။
“အဲ.. ကလေးတွေ မွေးရတာတော့ ကျွန်မ ပျော်ပါတယ် အစ်မရဲ့”
                                … တဲ့။ ဒါဆို ညည်းက နောက်အိမ်ထောင်သစ် ထူဦးမယ် ဆိုပြီး ရည်ရွယ်နေသေးတာလား ဆိုပြီး ၀ိုင်းမေးကြတော့ ဂျိုလီက ချက်ချင်း မဖြေဘူး။ နဖူးပေါ်မှာ စို့နေတဲ့ ချွေးစတွေကို ခေါင်းခုပုဆိုးနဲ့ တို့သုတ်နေရင်း တွေးတွေးဆဆ ဟန်နှင့်…
“အားကိုးအားထားပြုလို့ ရမလားလို့ ပြုခဲ့တဲ့ အိမ်ထောင်တွေကလည်း အရက်သမား၊ လောင်းကစားသမားနဲ့ ကိုယ်လုံချည်နား ခိုစားမယ့်သူရယ်…ပဲ ။ တစ်သက်လုံး လင်ကုန်ရှုံးလာခဲ့တာဆိုတော့ စိတ်ပျက်နေပါပြီ။”
“အေးလေဟယ်။ အိမ်ထောင်ပြုတော့လည်း ညည်းပဲ ဦးဆောင်ရှာကျွေးရဦးမှာပဲ။ ခုအတိုင်းလည်း ကိုယ့်ဘာသာ လုပ်စားနေရတာပဲ မဟုတ်လား”
“ ဒီအတိုင်းနေဖို့ကျတော့လည်း ကျွန်မဘ၀က သိပ် မလုံခြုံလှဘူး အစ်မတို့ရဲ့။ ကိုယ်ရှာကျွေးရရင် လည်း ကျွေးရပါစေ။ ကိုယ့်မိသားစုကို တန်ဘိုးထားပြီး ရှေ့က မားမားမတ်မတ် ရပ်တည်ပေးမယ့် သူ တွေ့ရင်တော့လည်း…”
                                မမလတ်က နှာခေါင်းရှုံ့နေပေမယ့် ကိုကိုကြီးကတော့ အဲဒါမှ ဂျိုလီဆိုပြီး ကောင်းချီးပေးနေလေရဲ့။
                                                *******
                                ကိုကိုကြီးက အဲဒါမှ ဂျိုလီကွလို့ အော်ဟစ်ကောင်းချီးပေးရင်း လက်တို့ပြောပြလာတော့ ကိုထွေးခမျာ မယုံကြည်နိုင်ခဲ့ဘူး။ ကိုထွေးအသိမှာ အသက် ခြောက်ဆယ်ကျော် အဖိုကြီးနဲ့ ဂျိုလီ့အရွယ် အမျိုးသမီးတစ်ယောက်ကို ဇနီးမောင်နှံအဖြစ် ဘယ်လိုမှ ဆက်စပ်လို့ မရခဲ့ဘူး။ ဂျိုလီက မေမေ့ အရွယ်၊ ဟိုလူကြီးက ဖိုးဖိုးတို့ အရွယ် ဖြစ်နေပြီ မဟုတ်လား။ ကိုထွေးကတော့ အဖိုးကြီးကို ဂျိုလီ့ အဖေလို့ပဲ စွဲထင်နေမိတာပဲ။
                                ဂျိုလီတစ်ယောက် ဈေးရောင်းထွက်တဲ့ အခါတိုင်း သူ့အဖိုးကြီးက တရွေ့ရွေ့နဲ့ နောက်က လိုက်ပါလာတတ်မြဲပဲ။ အဖိုးကြီးက ဟင်းရွက်စုံတွေ၊ သစ်သီးတွေပါတဲ့ ဆိုင်းထမ်းကြီးကို ရှေ့နောက်ထမ်းပိုးလျှိုထမ်းလို့။ ဂျိုလီက ရှေ့ကနေ ပိုက်ဆံအိတ်ကလေး ချိုင်းကြားညှပ်လို့ ကော့ပက်၊ ကော့ပက်နဲ့။ အလဲ့ကွယ်.. ဂျိုလီရယ်လေ။ သနပ်ခါး ပါးပါးမှုန်မှုန်နဲ့ သပ်ရပ်သားနားလို့ရယ် ။
                                ဂျိုလီက သူတစ်ခုခု ခိုင်းစရာ ရှိတိုင်း အိမ်ကလူကြီး၊ ဟိုလူကြီးနဲ့ ခမျာ အနားမနေရရှာပါဘူး။ သူများခြံဝိုင်းလေးကို ပိုင်းငှားပြီး သီးပင်၊ စားပင်တွေလည်း ကိုယ်တိုင် စိုက်ထားသေးတာတဲ့။
“ဂျိုလီတို့ကတော့ သူဋ္ဌေးဖြစ် ကြံနေတာပေါ့လေ”
“မဟုတ်ရပါဘူး အစ်မတို့ရယ်။ စားမယ့် ပါးစပ်ပေါက်တွေက တိုးလာဦးမှာဆိုတော့လေ”
                                ဂျိုလီ့ဆီက ရှက်စနိုးဟန်ကလေးကို အမြင်မှာ သူ့ဝမ်းဗိုက် ပုံ့ပုံ့လေးဆီ အကြည့်ရောက် အကဲ ခပ်မိကြတော့တာ။
“ဂျိုလီတို့ကတော့ စံပဲဟယ်”
                                ဂျိုလီကတော့ ကျေနပ်ရွှင်မြူးနေဟန်နဲ့ မျက်နှာကလေးကိုတောင် ပင့်မော့ကာ မာန်ဝင့်နေပြန်သေးရဲ့။ 
                                                ***********
                                ဂျိုလီတို့ ရွာက ကိုထွေးတို့မြို့ရဲ ဆင်ခြေဖုန်းမှာ။ မြို့နဲ့ တစ်ဆက်တစ်စပ်တည်းမို့  ဝေးလှမ်းလှတယ် မဆိုနိုင်ပေမယ့်  ခြေကျင်ခရီးက တစ်နာရီခွဲလောက် လျှောက်ရမှာပါ။ ဒါပေမယ့် ဂျိုလီကတော့ တစ်နေ့ ဘယ်နှစ်ခေါက်လောက် အသွားအပြန် လျှောက်နေလဲတော့ မသိဘူး။ ဗိုက်ကြီး တကားကားနဲ့လည်း ခြေကုန်သုတ်နေတာပဲ။
                                ဂျိုလီတို့ရွာကလေးက သဲကုန်းမို့မို့ ရွာတန်းရှည်လေးတဲ့။ ရွာရဲ့ အရှေ့ဘက်၊ အနောက်ဘက်မှာ လယ်ကွင်းတွေရှိပေမယ့် တစ်ရွာလုံးက ရာသီပေါ်သီးနှံ စိုက်ပျိုးခြင်းကိုပဲ အဓိကထားကြတာပါ။
တစ်နှစ်လုံး ရင်းနှီးထားပြီး တစ်နွေဆန်းမှ ငွေပေါ်တဲ့ လယ်အလုပ်ကို မိရိုးဖလာ လုပ်ကိုင်နေကြပေမယ့်  အခက်အခဲအမျိုးမျိုး၊ အဆင်မပြေခြင်း အကြောင်းတရား များစွာတို့နဲ့ နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေရတာ ကြာလာတော့ ငြီးငွေ့ စိတ်ပျက်နေခဲ့ကြပြီ။ ကျွဲနဲ့ နွားနဲ့ ဖက်ရုန်းပြီး တစ်မိုးတွင်းလုံး ပင်ပမ်းဆင်းခံခဲ့ ရပေမယ့် ရာသီဥတုက နှစ်တိုင်း ဖောက်ဖြန်နေလေ့မြဲ။ အခါမဲ့မိုးကဖျက်လို့၊ ပိုးကျလို့ စတဲ့ အကြောင်းပြချက်တွေနဲ့  မိုးတွင်းဝမ်းစာတောင် မချန်နိုင်ခဲ့တဲ့ နှစ်တွေ ကြာလှပေါ့။ ပိုလျှံစပါးလေး ဖြိုးဖျောက်မြင်ဖူးရတဲ့ နှစ်တွေမှာလည်း စပါးဈေးက စိုက်ဆင်းကျနေနှင့်တာချည်းပဲ။ ဆန်ဝယ်စားရတဲ့ နှစ်တွေဆိုရင်တော့ ဆန်ဈေးက ၀ီခေါ်နေပြန်တော့ပြီ။ လယ်သမားဖြစ်ပြီး ဆန်ကို လက်လီစိတ် ၀ယ်စားနေရတဲ့ ဘ၀မှာ  ထင်သာမြင်သာ နေ့စဉ် ၀င်ငွေရနေတဲ့ ရာသီကုန် စိုက်ပျိုးခြင်းကို ပိုလို့ အားသန်နေမိကြတယ်။
                                ညနေညိုမှာ ရေလောင်း၊ ပေါင်းသင်ပြီး ခူးဆွတ်စရာ ရှိတာတွေ ခူးဆွတ်၊ စည်းနှောင်ကာ ရေစိုပုဆိုးပိုင်းကလေးနဲ့ အုပ်ထား။ နံနက်မလင်းမီ ဖောက်သယ်ပေးဖို့ မြို့ဈေးကို ခြေကျင်အပြေးလျှောက်ကြ။ ပါလာတဲ့ အသီးအနှံတွေ ရောင်းချလို့ လက်ထဲငွေရောက်လျှင်တော့ ဈေးထဲလှည့်ကာ လိုအပ်သမျှ ဆန်၊ ဆီ၊ ငြုပ်၊ ကြက်သွန်ကအစ ၀ယ်ခြမ်းလို့ ပြန်ကြ။
ကိုယ်ပိုင်မြေယာကွက်ကွက်ကလေးတောင် မပိုင်ဆိုင်ဖူးတဲ့ ဂျိုလီက…
“စိတ်မပူပါဘူးနော်။ ကျွန်မသေသွားရင်တော့ ကိုယ်ပိုင်မြေ ခြောက်ပေလောက်တော့ ပိုင်ခွင့်ရဖူးမှာပါ”
                                သူ့စကား သူ သဘောတွေကျလို့ မျက်ဝန်းလေးတွေ ဝေရီရီနဲ့ တသိမ့်သိမ့်ရယ်နေတတ်ပြန်တယ်။
ဂျိုလီက ကိုယ်ပိုင်ခြံ မရှိသေးတော့ သူများခြံမှာ အသီးအရွက်တွေ ခူးဆွတ်ရာမှာ၊ စည်းနှောင်ရာမှာ အငှားကူနေကျ။ နံနက်ကျ ဈေးလိုက် ပို့ပေးပါဦးဆိုလည်း လရောင် မှုန်ပြပြမှာ တစ်နိုင်ဝန်ရွက်ပိုးပြီး မညည်းမငြူ လိုက်ပို့ပေးတာပဲ။ အဲတော့ ကိုထွေးတို့ဆီ လက်လီပြန်ရောင်းဖို့ ဂျိုလီ့ကို ဖောက်သည်ပေးကြတော့လည်း သူတကာထက် ဦးစားပေးခံရတော့တာပေါ့။
                                ဒီရက်တွေမှာတော့ ဂျိုလီတစ်ယောက် ဘယ်သူ့ကိုမှ မကူနိုင်အားတော့သလို ကိုထွေးတို့ဆီကိုတောင် ဈေးရောင်း မလိုက်နိုင်ပြန်တော့ဘူး။ သူ့အဖိုးကြီး ဈေးရောင်းလာရင်းပြောသွားတာတော့ ဂျိုလီတစ်ယောက် တရှောင်ရှောင်နဲ့ ချူချာလာခဲ့တော့ကာ အရမ်းပိန်သွားသတဲ့။ ကိုယ်ဝန်လရင့်လာသလို ခြေလက်ကလေးတွေ ရောင်အမ်းနေပြန်သတဲ့။ သူ့အဖိုးကြီးကတော့ ဆိုင်းထမ်းလေး တလှုပ်လှုပ်နဲ့ နေ့တိုင်း ရောက်လာနေတတ်တယ်။ ဂျိုလီ့ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ တရရ ၀ိုင်းမှာကြတာ ကိုထွေးကြားနေတယ်။ ဂျိုလီတစ်ယောက် ကျန်းကျန်းမာမာနဲ့ ရင်သွေးလေးဖွားမြင်နိုင်ဖို့သာ ဆုတောင်းပေးကြရတော့မှာ..။
                                ဒါပေမယ့် ဂျိုလီတစ်ယောက် ခုတစ်ကြိမ်မှာ ကံမကောင်းခဲ့ဘူးထင်ပါရဲ့။ ကလေးတစ်ယောက် မွေးဖွားဖို့ ဘယ်အခါမှ မတွန့်ဆုတ်၊ ပင်ပန်းတကြီးလည်း မခံစားခဲ့ရတဲ့ ဂျိုလီတစ်ယောက် လုံလောက်တဲ့ အဟာရ မပြည့်ဝနိုင်ခဲ့တော့ အရမ်းကိုအားနည်းဖျော့တော့နေပြန်ကာ မွေးဖွားချိန် နှောင်းလွန်သွားခဲ့ပြန်တယ်တဲ့။  အရပ်လက်သည်ရဲ့ တတ်သိသမျှ လက်တည့်စမ်းမှုမှာ ကလေးငယ်ကလေးဟာ အမေ့ဝမ်းထဲမှာတင် သက်တမ်းကုန်နှင့်ခဲ့တယ်။ ၀ိညဉ်မဲ့ သားငယ်ကို ပြင်ပရောက်ဖို့ ကြိုးစားအားထုတ်ရင်း ဂျိုလီတစ်ယောက် ဆေးရုံဆီ ပြေးလိုက်ရသေးသတဲ့။
“သူ့ကလေး အဖတ်မတင်တာ သိရင် ဂျိုလီ စိတ်ကောင်းမှာကို မဟုတ်ဘူး”
မမလတ်က စာစာနာနာ ညည်းရှာတယ်။ ဒါပေမယ့် ဂျိုလီကို ယဲ့ယဲ့ကလေးအဖြစ်မျှ နာလန်ထူခွင့် ပြန်ပေးခဲ့တဲ့ ကံကြမ္မာကို ကျေးဇူးတင်သင့်ကြတယ် မဟုတ်လား။
                                မကြာခင်မှာပဲ ဂျိုလီတစ်ယောက် ဟင်းရွက်စုံတွေ ခေါင်းပေါ် မနိုင်မနင်း ရွက်တင်လို့ ဟိုအိမ်၊သည်အိမ်၊ ဟိုလူ၊ ဒီလူ ဟစ်အော် ဈေးခေါ်ရင်း ရောက်လာဦးမှာလား။
                                                                ***********
“ဟာ.. ဂျိုလီ၊ ဈေးပြန်ထွက်နိုင်ပြီလား။ ရှင်းရှင်း နေကောင်းသွားပြီလား”
                                ဂျိုလီတစ်ယောက် ဈေးပြန်ထွက်လာတော့ သတင်းမေးကြသူတွေနဲ့ အုံဖွဲ့နေတော့တာ။ ခနာကိုယ်ကလေးကတော့ ဖြူလျော်ပါးလှပ်နေတော့တာ။ သူ့အဖိုးကြီးရောဆိုတော့ ကိုယ်တစ်ခြမ်း လေဖြန်းချင်သလို ဖြစ်သွားလို့တဲ့။ လက်တစ်ဖက်က မြှောက်ရွှေ့လို့ မရပဲ ပါးတစ်ဖက်လည်း ရွဲ့စောင်းသွားပြန်သည်တဲ့။ ဂျိုလီ့မျက်နှာသေးသေးလေးပေါ်က မြင်တွေ့နေကျ အပြုံးရိပ်ကလေးတွေ ပျောက်ကွယ် မသွားသေးတဲ့တွက် စိတ်သက်သာရာရပေမယ့် အံ့သြမိနေမိကြပြန်တယ်။
                                သည့်ထက်အံ့သြစရာကောင်းတာကို နောက်ထပ်မကြာခင် ရက်အနည်းငယ် အတွင်းမှာ ဂျိုလီတစ်ယောက် ဖန်းတီးခဲ့ပြန်တယ်။
                                အဲဒီနေ့က ဂျိုလီတစ်ယောက် ဈေးဗန်းကြီးနဲ့ လမ်းထဲရောက်လာတာ ဘယ်သူမှ သတိမပြုမိကြဘူး။ တစ်လမ်းလုံးကလည်း အံ့အားသင့်ဖွယ်ရာ မကြုံစဖူး အဖြစ်အပျက်မှာ မင်သက်မိမော နစ်မျောနေမိကြတာ။ နောက်ဖေးလမ်းကြားတစ်ခုမှာ ဘယ်သူ၊ ဘယ်အချိန်က လာပစ်သွားမှန်းမသိတဲ့ မွေးကင်းစ ကလေးငယ်လေးရဲ့ ငိုသံကို ကြားမိကြတာ ဂျိုလီရောက်မလာခင် မိနစ်ပိုင်း အလိုမှာပဲလေ။ 
                                   ကိုထွေးတို့ နောက်ဖေးလမ်းကြားက မြေနိမ့်ပိုင်းဆိုတော့ တစ်မိုးလုံး ရေ၀ပ်နေတတ်တာ။ မိုးနှောင်းပိုင်းမှာတော့ တချိုနေရာတွေသာ ရေစပ်စပ်ပေမယ့် ရေမတင်တော့တဲ့ နေရာမြေသားတွေကတော့ စိုစိစိ ၊ အိပျော့ပျော့။ အချိုရည်ဗူးခွံ၊ ရေသန့်ဗူးခွံ၊ ကြွပ်ကြွပ်အိတ်သာမက စွန့်ပစ်ပစ္စည်းမှန်သမျှ စည်းကမ်းမဲ့ စွန့်ပစ်ထားခဲ့ကြတာကြောင့် ညစ်တီးညစ်ပတ်။ အနံ့အသက်ကလည်း ဆိုးလွန်းလှတော့ ဘယ်သူမှ ခြေချဖို့ မ၀ံ့ရဲကြဘူး။ ကလေးငယ်လေးရဲ့ ငိုသံကို ဘယ်သူက စကြားသိ၊ တွေ့မြင်ခဲ့တယ် မသိပေမယ့် ဘယ်သူမှလည်း ရုတ်တရက် အနားမကပ်ရဲသေးဘူး။ တ၀ါးဝါး အော်ဟစ်ရင် အသံပျောက်လုလု ကလေးငယ်ကို တချို့က တုတ်တံကလေးနဲ့ လှမ်းပြီး တို့ထိဖို့ ကြိုးစားနေပြန်တာကြောင့် ၀ိုင်းအော်၊ ဟန့်တားကြရပြန်တာ။
                                အဲဒီအချိန်မှာ လူအုပ်ကြားထဲကနေ တိုးထွက်လာတဲ့ခြေလှမ်းတွေက နောက်ဖေး လမ်းကြား ရွှံ့မြေပျော့ပျော့မှာ  တစွပ်စွပ်၊ မတန့်မနား။ ဂျိုလီရယ်လေ။ အနီးအနား ရှိသမျှ လူအားလုံးရဲ့ တဟင်ဟင်၊ တဟယ်ဟယ် အံသြရေရွတ်သံတွေ ကြားမှာ အနှီးမလုံမလဲနဲ့ အော်ဟစ်ငိုယိုတွန်းထိုးရင်း ပေလူးခဲ့ဟန်ရှိတဲ့ ရွှံ့စက်တချို့နဲ့ စိုလူးပေကျံနေတဲ့ ကလေးငယ်လေးကို ကောက်ယူပွေ့ချီလို့ ပါးချင်းအပ်ထားလိုက်တော့တာ။
“ဒီလိုပဲ ၀ိုင်းကြည့်နေကြရင် ကလေး သေသွားလိမ့်မယ်”
                                ကလေးငယ်ကို ခပ်တင်းတင်းပွေ့ပိုက်လို့ လူအုပ်ကို လှမ်းပြောပြစ်တင်နေပြန်သေးတာ။
“ပိုင်ရှင်က ဘယ်သူမှန်းမသိ”
“ပိုင်ရှင် ဘယ်သူဆိုတာ နောက် တစ်ကိစ္စလေ။ လောလောဆယ် ကလေး အန္တရာယ် မဖြစ်ဖို့ ပို အရေးကြီးတယ်”
                                လူအုပ်ထဲက ထွက်လာတဲ့အသံကို ချက်ချင်းတုန့်ပြန်တယ်။ ပြီး…
“ပိုင်ရှင် စုံစမ်းလို့ မရလည်း အရေးမကြီးပါဘူး။ ကျွန်မ မွေးစားမယ်”
                                အဲဒီအချိန်မှာ အမေ လှမ်းအော်ဟန့်တားနေတာကို ဂရုပြုရကောင်းမှန်း မသိတတ်တော့ပဲ လူအုပ်ကြားထဲကနေ တိုးထွက်လာတဲ့ ကိုထွေးက …
“ဂျိုလီ။ ဒီစောင်ပိုင်းလေးနဲ့ ထွေးထားပေးလိုက်”
                                ဂျိုလီက ကလေးငယ်ကို လက်တစ်ဖက်နဲ့ ရင်ခွင်မှာ ထွေးပွေ့ရင်း ကျန်လက်တစ်ဖက်က ကိုထွေးကို လက်လှမ်းတွဲကာ လူအုပ်ကြားထဲ တိုးဝင်လာတော့ ၀ိုင်းအုံနေတဲ့ လူစုကြီးက ရှဲခနဲ လူစုကွဲလေတယ်။ တချို့က သူတို့ကိုယ်တွေဆီက နောက်ဖေးလမ်းကြားနံ့ကြောင့် မနှစ်မြို့သလို နှာခေါင်း ရှုံလိုက်ကြသေးရဲ့။
                                ရပ်ရွာလူကြီးတွေ ရောက်လာတော့လည်း ဂျိုလီက ကလေးငယ်ကို ဘယ်သူ့ဆီမှ လက်လှမ်းမနေပါဘူး။ ဘယ်သူကမှလည်း ဂျိုလီ့လက်ထဲက မွေးကင်းစကလေးငယ်ကို လက်လှမ်းယူဖို့ ဟန်ပြင် မနေကြပါဘူး။ ဂျိုလီနဲ့ အနီးဆုံးမှာတောင် ကိုထွေးကလွဲရင် ဘယ်သူမှ ရှိမနေဘူးထင်ရဲ့။
“ပိုင်ရှင် စုံစမ်းမရဘူးဆိုရင် ဒီကလေးကို ကျွန်မ မွေးစားမယ်နော်။ မွေးစားပါရစေ”
                                ဒီစကားတစ်ခွန်းပဲ အထပ်ထပ် ဆိုနေပြန်တော့တာ။
                                                **************
“မင်းသမီး ဂျိုလီဆိုရင်လေ။ သူကိုယ်တိုင် မွေးထားတဲ့ ကလေးတွေအပြင် နိုင်ငံပေါင်းစုံက တခြားကလေးတွေ အများကြီးကိုလည်း မွေးစားခဲ့တာ…”
                                ကိုကိုကြီး ပြောပြခဲ့ဖူးတာကို မှတ်ထားပြီး ကိုကိုကြီးရဲ့ စကားအတိုင်း ကိုထွေးက ပြန်ပြောတော့ ဂျိုလီက သဘောတကျ ၊ အားကျမခံ…
“ဟုတ်လား။ ဒီ ဂျိုလီလည်း သူ့လောက်သာ ချမ်းသာရင် သူ့ထက်မကတဲ့ ကလေးတွေအများကြီးကို ကောက်ယူမွေးစားပြီးသားပဲ။ သိလား အထွေးလေး”
                                မှေးမှိတ် အိပ်ပျော်နေတဲ့ ကလေးငယ်လေးရဲ့ ပန်းသွေးဖျော့ မျက်ခွံမို့ကလေးတွေ၊ ပါးစုံ့ဖောင်းဖောင်းလေးတွေ၊ နှင်းဆီပွင့်ချပ်လွှာသွေး နှုတ်ခမ်းနုထွေးလေးတွေကို ဖွဖွကလေးတို့ထိကြည့်ကာ မြှူချော့နေရင်း ညွတ်ပျောင်းကြည်နူးမှု တစ်မျိုးဖြင့်  ကိုထွေးတစ်ယောက် ရင်ငြိမ့်ငြိမ့်ခုန်လာပြန်ရဲ့။ နေပျော်စရာ ၀န်းကျင်လေးက စိမ့်သက်နွေးထွေးလို့ပါလား ။           
                                                                                              သတိုး                                    
Thursday, October 4, 2012
အရပ်ထဲ ဇာတ်ပွဲကနေတယ်
“ပွဲဟု ကရန် ခုနစ်သံချီဆွယ်….
သြော်… သွားလိုက်ကြတာ
 လူတွေ၊ မနည်း တယ်
လာလေ…
စော စော သွားမှ တို့ နေရာ ရမယ်”
                   ငယ်ငယ်ကတော့ အရပ်ထဲ ဇာတ်ပွဲကမည် သတင်းကြားလျှင် သူတို့ ကလေးတစ်သိုက်မှာ ဂဏှာမငြိမ်ကြတော့ပြီ်။ ဘယ်တော့လဲ၊ ဘယ်သူတွေ လာက ကြမှာလဲ။ နေ့နေ့ညည လူစုစု စကားဝိုင်းမှာ ထိုအကြောင်းအရာသာ မင်းမူနေတော့တာ။ ကလေးတွေ ခမျာ နံဘေးမှာ ရပ်ငေးကာ နားစွင့်ရင်း လူကြီးတွေထက်ပင်  စိတ်စောမျှော်မောနေနှင့်ခဲ့ပြီ။
အဝေးကြီးမှ ကြားနေရသော ကြော်ငြာလှည်းဆီ အပြေးသွားကာ ကြိုနှင့်ကြသည်။ ဂီတသံ မြိုင်မြိုင်ဆိုင်ဆိုင်နောက်ခံဖြင့် အပြောကောင်း အညွှန်းကောင်းလှသည့် ကြော်ငြာစကားတွေဟာ အရှိထက်ပိုမို ချဲ့ကားထားတတ်မြဲဆိုတာ မရိပ်မိ၊ နားမလည်တတ်သေးသော ကလေးဘ၀တွေမို့ နားစွင့်မိသမျှ အလုံးစုံကို အဟုတ်ထင်၊ ယုံမှတ်နေကြပြန်တော့တာ ဖြစ်သည်။ တိုးတိုးဝှေ့ဝှေ့ လုယက်ယူထားရသော ကြော်ငြာစာရွက်ကလေးကိုလည်း ပျောက်ရှသွားမှာ၊ စုတ်ပြဲသွားမှာ ပူပန်ကြသည်။ ရွရွကလေး ခေါက်ကာ အိပ်ကပ်ထဲမှာ ဖွဖွကလေး ထည့်သည်။ ကြော်ငြာလှည်းနောက် တစ်ကောက်ကောက် လျှောက်လိုက်နေကြသော ကလေးတန်းကြီးမှာ တရှည်တလျား။ သူတို့သွားရာ ရွာလမ်းတစ်လျှောက်မှာ ဖုံလုံးတွေ တလိမ့်လိမ့် ထလျှက်ကျန်ရစ်သည်။
                   တချို့မိန်းမတွေ အိမ်ရှေ့ထွက်ကာ လက်ကမ်းကြော်ငြာ မျှော်နေကြပြန်သည်။ တချို့မှာ ကလေးနို့စို့တွေ ခါးထစ်ခွင်ထားလိုက်သေးသည်။ အပျိုမတစ်ချို့ ခွင်ပေါ် တင်ထားလျှက်သား ထမင်းအိုးက ဆူဝေပျော့ပြဲကာ ပစ်လိုက်ရတော့မလိုမို့ ဆူပူကျိန်းမောင်းခံနေရပြီ။
                   ပြောမယ့်သာ ပြောရ။ သက်ကြီးရွယ်အိုတွေလည်း ပုတီးတစ်ချောက်ချောက်၊ ဟန်မပျက်ကြသယောင် နေကြပေမယ့် မသိမသာ နားစွင့်နေကြတာပဲ မဟုတ်လား။
                   အမှန်တကယ် ပြောကြကြေးဆိုလျှင်တော့ သူတို့ဘ၀မှာ ပွဲငတ်နေကြတာ ဖြစ်သည်။ တစ်နှစ်လုံးနေလို့တောင် ပွဲတစ်ချီ ကြည့်ခွင့်ကြုံကြရသည်မဟုတ်။ ထို့ကြောင့် ဆိုက်ဆိုက်မြိုက်မြိုက်၊ ကြုံတောင့်ကြုံခဲ သည်လိုပွဲမျိုးကို ဘယ်သူမှ လက်မလွှတ်ချင်ကြတာ ဖြစ်ပါသည်။ ကလေးတွေသာမက လူကြီးတွေလည်း မကျန် အားလုံးလူကုန် မျှော်လင့်တက်ကြွစွာ ပြင်ဆင်နှင့်နေခဲ့ကြတာ ဖြစ်သည်။ ရွာဦးကျောင်းဆရာတော်ကတောင် ပွဲရက်နီးပြီလားဟု သတင်းမေးနေသေး ဆိုပဲ။
                             *************
                   ရုံအ၀င်မှာ ရုံဆင်ဆိုင်းဘုတ်ကြီးတွေက ဟီးထ နေပါသည်။ မင်းသားကလည်း ချိုရွှင်သော အပြုံးနှင့် တောက်ကြွားလှပနေပြန်သည်။ မျက်နှာပြည့် ကိုယ်တစ်ပိုင်းပုံလည်း တွေ့ရသည်။ ကိုယ်လုံးပြည့်ပုံတွေလည်း ပါသည်။ တစ်ချို့ပုံတွေမှာ မြန်မာဝတ်စုံပြည့်နှင့်။ တစ်ချို့မှာတော့ ခေတ်မီ ၀တ်စားဆင်ယင်မှုတွေနှင့် ဖြစ်သည်။
                   ပွဲဈေးတန်းလည်း အတော်စည်ကားနေပြီ။ တစ်သက်လုံးက ဈေးမရောင်းစဖူး၊ လယ်ထဲချောင်းထဲမှာသာ ကောက်စိုက်ပျိုးနုတ်လုပ်နေကြသော လယ်သူမတွေလည်း ခါတော်မီ ဈေးသည်တွေ ဖြစ်ကုန်ကြပြီ။ မတတ်တတတ်နှင့် လုပ်ထားသော သူတို့၏ မုန့်တွေမှာ အသုတ်၊ မုန့်ဟင်းခါး။ ကောက်ညှင်းထုပ်၊ ကောက်ညှင်းကျည်ထောက်..။ ဒါလောက်သာဖြစ်သည်။ ဒီ့ထက်ပိုမို ဖွယ်ရာအောင်လည်း မလုပ်တတ်၊ မရောင်းတတ်ကြပါ။ အမြတ်ရရေးအတွက် ဒီလောက်ကြီးလည်း မြော်မြော်မြင်မြင် ရှိကြတာတော့ မဟုတ်ပါ။ ဘာပဲပြောပြော  အချိန်တန်တော့လည်း  ရောင်းသမျှ မုန့်အားလုံး ရောင်းကုန်ရသည်ပဲ။
ပွဲခင်းကြီးကြပ်သူတွေလည်း ပွဲခင်းအနှံ့ လမ်းသလားရင်း အလုပ်ရှုပ်ဟန် ဆောင်နေကြပါသည်။ သူတို့၏ လမ်းလျှောက်ပုံက ဟိုအရင်နှင့်မတူ။ မြောက်ကြွားကြွားနိုင်လှသည်ဟု ထင်ကြသော်လည်း ဘယ်သူမှတော့ ထုတ်ဖော်ဝေဖန်ရန် မရဲ။ ဇရှိသော ကာလသားတစ်ချို့ပင် သူ့တို့ကိုယ်မှ အရက်နံ့ကို ကြီးကြပ်သူတွေ မရှူရှိုက်မိ၊ မရိပ်မိကြစေရန် ဝေးဝေးက ရှောင်သွားကြရသည်။ ကြီးကြပ်သူတွေကလည်း အမူးသမားတို့ကိုတော့ မမြင်မသိယောင်ဆောင် ပေးဖော်ရကြပါသည်။
မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ ဆိုသော ‘မူ’နှင့် အရက်ပုန်းဆိုင်လေးတွေလည်း မနည်းမနော။ အံသြစရာ ကောင်းသည်မှာ ထိုဆိုင်လေးတွေအားလုံးမှာ တစ်ညတာလုံး သောက်သုံးသူ မပြတ်ကြတာပဲ ဖြစ်သည်။
ပွဲခင်းနှင့် မနီးမဝေးဆီမှ ခြောက်ကောင်ဂျင်ဝိုင်းကလည်း တိုးတိုးတိတ်တိတ်  ခိုးလုပ်နေရသည်သာဆိုလျှက် အုန်းတသဲသဲပေ။ တိတ်တိတ်ပုန်း အပေါင်ဆိုင်လေးတွေလည်း တစ်ညလုံးဖွင့်ထားရသည် ဆိုပါလား။
                   မြန်မာဆိုင်းဝိုင်းကြီးက ဗေထိဆော်ကာ ပွဲကြည့်ခေါ်ချေပြီ။ ရုံထဲမှာ အမျိုးသမီးမျာ့းနှင့် ကလေးငယ် အရွယ်စုံတို့ဖြင့် ပြည့်နက်လုပြီ။ ဖျာနေရာ ရှာကြသည်။ သူ့နေရာ၊ ငါ့နေရာ ငြင်းခုန်ရင်း ရန်ဖြစ်ကြရပြန်သည်။ တချို့ကလေးငယ်တွေကတော့ ပြေးလွှားခုန်ပေါက် ဆော့ကစားမပျက်ကြပြန်။
                   ယနေ့ည တင်ဆက်မည့် အစီအစဉ်ကြေငြာသံကို  ပြေးလွှား၊ လှုပ်ရှားမပျက် နားစွင့်ထားကြသည်။ ဧည့်ခံဆိုင်းဝိုင်းနှင့် ခေတ်ပေါ်တီးဝိုင်းမှ မြိုင်ဆိုင်မြူးကြွစွာ တီးမှုတ်ကာ ဧည့်ခံသီချင်းဆိုလျှင် ဆိုင်းဝိုင်းအနီးမှာ လူတွေ စုဝေးရောက်သွားပြန်တော့သည်။
                   ရုတ်တရက် မီးတွေမှောင်သွားသည်။ ဇာတ်စင်ထောင့်ဆီမှ ရောင်စုံဆလိုက်မီးတွေ ပွဲခင်းအနှံ့ ပျံ့ကျဲဝဲဖြာကျလာသည်။။ ဆူလောင်လှုပ်ရှားနေမှုများ ခဏတော့ ငြိမ်သွားကြသလို ရှိသည်ကို အခွင့်ကောင်းယူကာ စင်နောက်ဆီမှ ကြေငြာသံ ထွက်ပေါ်လာသည်။
“မင်္ဂလာပါ ရွှေပွဲလာ…”
                   ကြက်သွေးရောင် ကတ္တီပါ ကန့်လန့်ကာကြီးက တလွန့်လွန့်လှုပ်ရှားလာကာ ခုပဲ ရင်ကိုခွဲကာ ပွင့်အာလိုက်တော့မှာလို။ ဒါပေမယ့် ချက်ချင်းတော့ ပွဲမစနိုင်ကြသေးတာ သိနေနှင့်ကြသည်မို့ ကြော်ငြာသူက ပြောမြဲပြောနေစဉ် ပရိတ်သတ်ကလည်း ဆူမြဲ ဆူညံနေပြန်ဆဲ။ ပြေးမြဲ ပြေးလွှားနေကြဆဲ။
                             *****************
                   ဇာတ်သမားပြန်လျှင် မှတ်သားစရာကျန်မည်ဟု လူကြီးတွေပြောကြသော်လည်း ကလေးတွေက သူတို့ထက်ပိုမိုကာ မှတ်မိစွဲမြဲလွယ်ကြတာ ဖြစ်ပါသည်။ မိုးလင်းလျှင် သူတို့ကလေးတွေ၏နှုတ်ဖျား၌ ရေပန်းစားနေတော့သည်မှာ ညက ဇာတ်ထဲမှာ ပြောကြသော ဇာတ်စကားများ၊ သီချင်းများဖြစ်သည်။ မိန်းကလေးတစ်ချို့မှာ သစ်ပင်အရိပ်တွင် ယိမ်းကနေနှင့်ကြပြီ။ ယောက်ျားလေးတစ်စုကတော့ သေနပ်တကားကားနှင့် ပြဇာတ်ထဲက စကားတွေကို အပြန်အလှန်၊ အချီအချ ဆိုနေကြပြန်သည်။
                   သူတို့တတွေသည် ညဦးမှာတော့ မိဘတွေနှင့်အတူ ပွဲခင်းထဲသို့ ၀င်ခဲ့ကြသည်သာ ဖြစ်ပါသည်။ သို့သော် မီးရောင်အားကိုးဖြင့် တမော့တမော မျှော်ကြည့်နေရသောဇာတ်စင်ပေါ်မှ မင်းသား၊ မင်းသမီးတို့၏ မျက်နှာမူယာကို စင်အောက်အဝေးမှ အကဲဖမ်းရတာ အားမရ။ အမေ့အလစ်အငိုက်ကို အခွင့်ကောင်းယူကာ တိုးရင်းဝှေ့ရင်း ဇာတ်စင်ပေါ်ရောက်သွားကြရတော့သည်။ ဇာတ်စင်ပေါ်မှ တာဝန်ရှိသူများမှာလည်း တဟင်ဟင်း တားရင်းဆီးရင်းဖြင့် ကလေးတစ်အုပ်ကိုတော့ လျစ်လျှူရှုနေရတော့သည်ပင်။
                   ထိုအခါ ဇာတ်စင်ပေါ် တက်ခါနီးအချိန်အထိ ဇာတ်တိုက်၍မပြီးနိုင်သော ယိမ်းအဖွဲ့ကိုလည်း ခိုးရယ်ဖြစ်ရသည်။
                   ဇာတ်စင်ကွက်ကွက် တစ်နေရာထဲမှာပင် နောက်ခံကားချပ်တွေ တစ်ချပ်ပြီး တစ်ချပ် ပြောင်းကာ တဲကုတ်ဖြစ်လိုက်၊ နန်းတော်ဖြစ်လိုက်။ ခါတရံ တောလမ်းကလေးလည်းဖြစ်သွားသည်။  ခါတလေ မြစ်ပြင်ကျယ် လှိုင်းဖွေးဖွေးနောက်ခံမှာ တံတားကြီးတစ်စင်းလည်း ပေါ်လာတတ်သည်။ ဇာတ်သေတ္တာကြီးကို ရွှေရောင်ကားချပ်ဖုံးလိုက်လျှင် ရာဇပလ္လင် ဖြစ်သည်တဲ့လေ။ ပြဇာတ်ထဲမှာ သွေးတွေအိုင်ထွန်းလျှက် ဆန့်တငင်ငင် သေခဲ့ရသူကလည်း ဇာတ်စင်နောက်ဖက် ဇာတ်သေတ္တာတစ်လုံးမှာ အကျအနထိုင်ကာ ဆေးပေါ့လိပ်တငေါ့ငေါ့ လုပ်နေပြန်ပေါ။
ပရိတ်သတ်တွေ သနားမျက်ရည် ဖြာဖြာဝေနေရသော မင်းသားလေး၏ မျက်နှာငယ်ငယ်မှာ တစ်ဖက်လှည့်ကာ ခိုးပြုံးနေသည်ကိုလည်း မြင်ဖြစ်အောင် မြင်ရတော့သည်သာ။ အ၀တ်အစားထည်လဲ ပြောင်းလျှက် လူကြမ်းဖြစ်လိုက်၊ ဇာတ်လိုက်သူတော်စင်ဖြစ်လိုက် လုပ်တတ်သေးတာလည်း မကြည့်ချင်၊ မြင်လျှက်သား။ တခါတရံ သူပဲအဖေ၊ သူပဲသား…။ မျက်စေ့ရှေ့ တစ်ထိုင်တည်းမှာပင် ရုပ်ပြောင်းရုပ်လွဲလုပ်ပြနေပြန်တာ သဘာဝ မကျ။ ယုံကြည်၍မရသော်လည်း သူဇာတ်မှာ သူပဲ အခရာ မဟုတ်လား။
“တောင်းပန်ပါတယ်။ ဒီတစ်ကြိမ်တော့ဖြင့် ခွင့်လွှတ်ပေးပါ”
                   သနားစဖွယ် ဆိုအပြီး ကားလိပ်အချမှာ…
“--- မ။ နေနှင့်ဦး။ ပြဇာတ်ပြီးမှ နင်နဲ့ငါ တွေ့မယ်”
                   ကြိမ်းမောင်းစကားနှင့်အတူ `ဇာတ်စင်ထောင့်မှ ပယင်းရည်တွေ ပြေးမော့လိုက်ပြန်တာ။
တစ်ခါတစ်ရံ နှစ်ပါးခွင်အတွက် ကြိုတင်ပြင်ဆင်နေသော မင်းသားထံမှ မျက်လုံးရွှေ့မရပဲ ဇာတ်စင်ပေါ် အာရုံမရောက်နိုင်တာလည်း ရှိသေးသည်။
                   သူတို့က မင်းသားဟု ခေါ်ကြတာ ကြားရသောကြောင့်သာ မင်းသားဟု သိရတာ ဖြစ်သည်။ ဘယ်လိုမှ ယုံကြည်ချင်စရာ မကောင်း။ အသားကလည်း နေလောင်သမန်းဆီတက်နေသော တောသားတွေနှင့် နင်လား၊ငါလားပေ။ မျက်နှာကလည်း လိမ္မော်သီးတစ်လုံးနှယ် ဖုထစ်ပွယောင်းနေပြန်တာ။ ထိုမျက်နှာပေါ်မှာ မိတ်ကပ်ဖြူဖြူတွေ တပြင်ကြီးဖွေးအောင်လိမ်းလျှက် ဟိုဒီလျှောက်သွားကာ ဟိန်းဟောက်နေပြန်တော့ လန့်ဖျပ်အော့အန်ချင်သည်။
                   ဒါပေမယ့် မျက်နှာပေါ်မှာ အချိုးမညီစွာ နေရာလွဲမှားတည်ရှိနေသော မျက်ခုံး၊မျက်လုံး၊ နှာတံ၊ နှုတ်ခမ်းမှန်သမျှကို မိတ်ကပ်နှင့်ဖုံးပစ်ကာ တစ်ခုချင်းစီကို နေရာတကျ၊ လှပအောင် ပန်းချီရေးသလို ပုံဖော်ယူပြီးသောအခါ အစောက တွေ့လိုက်ရသော တစ်ယောက်နှင့် တခြားစီ။ မျက်ခုံးမည်းကလေးက ဇင်ယော်တောင်ဖြစ်နေပြီ။ မျက်လုံးမျက်တောင်လေးတွေကလည်း နက်မှောင်ကော့ရွှန်းကာ သက်တံရောင်စုံ လက်ဖြာနေပြန်တာ။ နှာတံကလေးစင်းဖျောင့်လျှက် နှုတ်ခမ်းဖူးဖူးကလေးမှာ စိုရဲကာ ပွင့်အာတော့မည့် နှင်းဆီငုံကလေးပမာ။ တောင်ရှည်ပုဆိုးလေးမကာ ခေါင်းပေါင်းစကလေး တစ်ခါခါနှင့် မီးရောင်အောက်ကို ၀င်လိုက်လျှင်တော့ သူတို့၏ မင်းသားလေးသည် အဝေးကြည့်အမြင်မှာ နတ်သားလေးတစ်ပါးနှင့် မခြားနားလှတော့။ ရွာ၏ကွမ်းတောင်ကိုင်များသာမက ကလေးအမေ၊ တစ်ခုလတ်၊ မုဆိုးမပါ မကျန် ရင်ခုန်မြန်တော့ပြီ။ လက်ခုပ်သံတွေ တဖြောင်းဖြာင်း။ ရုံပွင့်ထွက်တော့မလား ထင်ရသည်။ ပန်းစည်းတွေ ပလူပျံတော့သည်။ မိုးလင်း၍ ပတ်စာခွာ၊ ဖျာသိမ်းချိန်ရောက်သည့်တိုင် ဇာတ်စင်ပေါ်မှာ ၀ါစာကမာ ဆို၊ငို၊ပြောနေလိုက်၊  စင်နောက်ဖက်ဆီ ပြေးဝင်ကာ  တဖျတ်ဖျတ်၊ တဖတ်ဖတ် မိတ်ကပ်ဖို့နေလိုက်သည်မှာ စင်ပေါ်တက် ကပြရသည်ထက် ပိုမိုပင်ပန်းသောဟူ၏။
                   ***********
                   ပွဲသွားကြော့ကြော့၊ ပွဲပြန်မော့မော့လို့သာ ဆိုကြတာ။ ပွဲခင်းမှာ တစ်ညလုံး တမော့မော့၊ တသောသော ပွဲကျလာခဲ့ရသမျှ နံနက်လင်းလျှင်တော့ အအိပ်ပျက်ဒဏ် ခံကြရပြီ။ အအိပ်ပျက်တော့ အစားလည်း ပျက်ချင်သည်။ အလုပ်အကိုင်လည်း လစ်ဟင်းရပြန်သည်။ ကလေးတချို့ နာဖျားမကျန်းဖြစ် ကျန်ရစ်လျှင်တောာ့ အမိ၊အဖနှင့်တကွ နီးစပ်ရာ လူကြီးမိဘတွေပါ အလုပ်ရှုပ်ကျန်ရစ်သည်။
                   မိုက်မဲသော မိန်းမ တချို့ကတော့ မင်းသားလေး၏ နုပျိုလှပမှုအကြောင်း မစားရ၊ ၀ခမန်း ရွှန်းရွှန်းဝေလျှက် လက်ရှိသောက၊ ဒုက္ခတို့ကို လျစ်လျှူရှုချင်နေကြပြန်သည်။ မြော်မြင်တတ်သော လူကြီးသူမ တချို့ကတော့ တရားကျစွာ ခေါင်းတစ်ညိတ်ညိတ်ပေ။ ဇာတ်စင်၏ အတွင်း၊အပြင်ကို သိမြင်နှံ့စပ်ခဲ့ကြသော ကလေးတစ်ချိုမှာလည်း သူတို့၏ အတွေ့အကြုံကို မှုမှတ်မထားစွာ အလွယ်တကူ မေ့ပျောက်ပစ်ခဲ့ကြပြီ။ အချိန်တန်လျှင်တော့ သူတို့အားလုံး ပွဲကြည့်ချင်ပိုးတွေ တရွရွ ထလာခဲ့ပြန်ပြီ။ ပွဲမျှော်ကြပြန်ပြီ။
                             *************
“ပွဲဟု ကရန် ခုနစ်သံချီဆွယ်….
သြော်… သွားလိုက်ကြတာ
 လူတွေ၊ မနည်း……တယ်
လာလေ
 စော စော သွားမှ တို့ နေရာ ရမယ်”
                   ဟော… အရပ်ထဲ ဇာတ်ပွဲ ကပြန်တော့မည်။  ပွဲပြီးမီးသေ မဖြစ်ကြဖို့တော့ လိုအပ်မည်ထင့်။   ။
                                                                                         သတိုး