Friday, November 18, 2011
ရွက်သစ်ဝေ နွေဦး
တတိယ အကြိမ်မြောက် လူပျိုပေါက်ကလေး ပြန်ဖြစ်သွားပြန်ပြီဟု ခပ်မဲ့မဲ့ တွေးလိုက်မိလေသည်။
နန္ဒသည် အိမ်ပေါ်မှ ဆင်းလာခဲ့သည်နှင့် တွေဝေခြင်းကင်းစွာ အမေ့အိမ်သို့ ခြေလှမ်းပြင်ပြီး ဖြစ်နေပြန်တော့သည်။ အသက် နှစ်ဆယ့်ငါးနှစ်ပြည့်ခဲ့ပြီဖြစ်သော အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်ကို မေမေကတော့ ရင်ခွင်ပိုက်ကလေးငယ် တစ်ယောက်လိုပင် ရင်ဘတ်စည်တီးလျှက် ကြိုဆိုထွေးပွေ့ဦးမှာ သေချာပါသည်။ ဖေဖေကရော…။ နန္ဒ၏ နံဘေးမှာ တွယ်တာစရာ မိန်းမတစ်ယောက်သာ ယှဉ်တွဲပါမလာခဲ့ဘူးဆိုလျှင် ဖေဖေကလည်း သူ့ကို လက်ခံနိုင်မှာပါ။ သူ… အတွေ့အကြုံအရ သိနေခဲ့ပါသည်။
                   ***********
“ငါတော့ မေမေ့ကို နားကို မလည်နိုင်တော့ဘူး”
“အင်း… ငါရောပဲ”
                   အဲဒီလို စကားများဖြင့် ကဉ္စနာနှင့်သူ အတိုင် အဖောက် ညီခဲ့ကြဖူးစဉ်က သူတို့ နှစ်ယောက်စလုံး ခုနစ်တန်းပဲ ရှိကြသေးသည်။  အကောင်းဆုံးကျောင်းဟု သတ်မှတ်ခြင်းခံရသော အခြေခံပညာ အထက်တန်းကျောင်းကြီးမှာ သူတို့နှစ်ယောက်က အတော်ဆုံးအတန်း တန်းခွဲ(A)မှ အတော်ဆုံး ကျောင်းသားနှစ်ယောက် ဖြစ်လေသည်။ အဆင့်တစ် နှင့် နှစ်ကို တစ်လှည့်စီလုယူနေကြသော သူတို့နှစ်ယောက်သည် အချစ်ဆုံး သူငယ်ချင်းတွေလည်း ဖြစ်နေကြစဉ်မှာ သူတို့၏ အမေနှစ်ယောက်ကတော့ အစစ၊ အရာရာ ယှဉ်ပြိုင်ဘက်၊ ကမ္ဘာ့ရန်များအဖြစ် အတော်ကလေး ခရီးတွင်နေခဲ့ပြီ။
“ဒီတစ်ပတ် စာမေးပွဲမှာ ကဉ္စနာ့ထက် ဘာသာစုံ ရမှတ်တွေ သာနေမှ ဖြစ်မယ်နော်။ မဟုတ်ရင် ဟိုမှာတွေ့တယ်မဟုတ်လား ၀ါးခြမ်း”
အသားနာမှာတော့ သူ ကြောက်လှပါသည်။ ဖေဖေရော မေမေပါ လက်သံပြောင်လွန်းလှသူတွေ ဖြစ်ကြသည် မဟုတ်လား။ ပြီး… စာမေးပွဲမှာ အမှတ်နည်းတာ၊ အဆင့် မကောင်းတာကိုလည်း သူ ကိုယ်တိုင်က မကြိုက်နိုင်ပါ။ ဒါပေမယ့် ကဉ္စနာ့လို မိန်းခလေးတစ်ယောက်နှင့် ယှဉ်ပြိုင် အနိုင်ရရေးအတွက်တော့ဖြင့် သူ စိတ်မ၀င်စားပါ။ သူ ကဉ္စနာ့ အပေါ်မှာ အနိုင်မယူချင်ဘူး။ ကဉ္စနာက သူ့ အချစ်ဆုံး သူငယ်ချင်း မဟုတ်လား။
ကဉ္စနာကတော့ မိန်းခလေးဖြစ်နေလို့လား မသိ။ ပြိုင်ဆိုင်ချင်၊ အနိုင်လိုချင်သော စိတ်ကလေး ရှိတာ ရိပ်မိရပါသည်။ သို့သော် ကဉ္စနာကလည်း သူ့တစ်ယောက်ကိုတော့  ကဲကဲလွှားလွား မပြိုင်ဆိုင်ခဲ့ဖူးပါ။  ကဉ္စနာလည်း သူ့အား ခင်မင်သည်သာ မဟုတ်လား။
သို့သော် ကဉ္စနာသည်လည်း သူမ၏ အိမ်မှာ သူ့နည်းတူ မိခင်၏ ကြိမ်းဝါးမှုကို တရံမလပ် ခေါင်းငုံ ခံနေရရှာတာ သူသိပါသည်။ သူတို့တတွေ ဖြေဆိုပြီးခဲ့သော စာမေးပွဲရမှတ်များကို အတန်းထဲမှာ ကြေငြာသောနေ့မျိုးတွင် ကဉ္စနာတစ်ယောက် ဂဏှာ မငြိမ်ပဲ ဖြစ်နေတတ်တာ သူ တွေ့ဖူးလှပြီ။ ဟိုလူ၊ ဒီလူထံမှာ အမှတ်တွေလိုက်မေးရင်း အလုပ်ရှုပ်နေတတ်ပြန်သည်။ အုပ်ထိန်းသူလက်မှတ်ထိုးရန် ရီပို့ကဒ်များ အိမ်သို့ ထည့်ပေးလိုက်သောနေ့ဆိုလျှင် အဆင့်တစ်ဖြစ်နေမှ သူမ.. ရယ်မောနေနိုင်တာ ဖြစ်သည်။ မတော်တဆ အဆင့်တွေများစွာ လျော့ကျသွားခဲ့လျှင်တော့ ငိုမလိုမျက်နှာပျက်လျှက် ဆောက်တည်ရာမဲ့နေတတ်တာ သနားစရာ ကောင်းလှတော့သည်။ အိမ်ရောက်လျှင် သူ့မေမေသည် နားတွေ ညည်းအူလာအောင် ဆူပူမြည်တွန်တော့မည်ကို သူမ သိနေနှင့်သည်လေ။ ပြီး အရိုက်ခံရဦးမှာလည်း မြေကြီးလက်ခတ်မလွဲပါ။
ကဉ္စနာကမှ သူ့မေမေတစ်ယောက်တည်းက ဆူတာ၊ ရိုက်တာမို့ တော်ဦးမည်။ သူမှာတော့ ဖေဖေရော၊ မေမေပါ တစ်လှည့်စီ ဆူကြ ရိုက်ကြတာကို လှိမ့်ပိန့်ခံရတာဖြစ်သည်။ ဖေဖေမောလျှင် မေမေက အလှည့်ယူသည်။ မေမေ ခြေကုန်လက်ပန်းကျလျှင် ဖေဖေက စစ်ကူဝင်သည်။ တစ်နေကုန် အကြောင်းတိုက်ဆိုင်လေတိုင်း ထိုအကြောင်းအရာ တစ်မျိုးတည်းကိုသာ တက်ညီလက်ညီ အပ်ကြောင်းထပ်နေကြတော့ရာ သူ့ခမျာ နေစရာပင် မရှိတော့။
မှတ်မှတ်ရရ ကျောင်းတက်မှန်လှသော ကဉ္စနာတစ်ယောက် အပျင်းဖျားပြီး တစ်ပါတ်နီးပါး ကျောင်းပျက်ခဲ့ဖူးသေးသည်။ နောက်တော့မှ လပါတ်စာမေးပွဲမှာ အဆင့်ကျသွားကြောင့် သူ့မေမေ ရိုက်ရာ အကြောက်လွန်ကာ နေမကောင်းသည်အထိ ဖြစ်ခဲ့ရသည်ဟု သိခဲ့ရ၏။ နောက်တစ်ပါတ် စာမေးပွဲမှာ ကဉ္စနာ့ထက် အမှတ်နည်းစေရန် သူတမင် လျှော့ဖြေခဲ့ရာ အတန်းပိုင်ဆရာမက သူ့အား အတန်းထဲမှာ ရစရာမရှိအောင် ဆူပူမြည်တွန်လွှတ်လိုက်သည်။ အိမ်ပြန်ရောက်လျှင်တော့ မိုးမီးလောင်လေ၏။
***********
တကယ်တော့ သူတို့နှစ်ယောက်၏ နေအိမ်တွေက ကျောင်းနှင့် အတန်ဝေးလှမ်းနေပါသည်။ သို့သော် မိဘတွေအားလုံးက အနီးရှိ အလယ်တန်းကျောင်းကလေးကို လုံးဝ စိတ်မ၀င်စား။ ခါးခါးသီးသီးဟုပင် ပြောနိုင်လောက်သည်။ ထိုကျောင်းကလေးမှာ ကျောင်းတက်ရလျှင်ဖြင့် သူတို့၏သားသမီးတွေ ဒီတစ်သက် ပညာတတ်ဖြစ်လာမည်လို့ကို မယုံကြည်ကြသော ငြင်းပယ်ခြင်းမျိုးနှင့် ဖြစ်သည်။
                   သူ၏ စာမေးပွဲရမှတ်များအပေါ် အားမရလျှင်သော်လည်းကောင်း၊  စာကြည့်စားပွဲ ပုံမှန်ထိုင်ရန် ခဏငယ်ကလေး ပျက်ကွက်လျှင်သော်လည်းကောင်း  မေမေ၏ လက်သုံးစကားမှာ..
“နင့်ကို နွားဖြစ်မှာစိုးလို့ ကျောင်းကောင်းကောင်းမှာ ထားတာဟဲ့။ သိရဲ့လား”
                   …ဟူ၍ ဖြစ်သည်။ မေမေ့စကားအရ ဆိုလျှင်တော့ အိမ်နှင့် အနီးအနားက ကျောင်းမှာနေကြရသည့် ကျောင်းသားတွေသည် ယနေ့ သို့မဟုတ်..မနက်ဖြန်မှာ နွားဖြစ်ကြတော့မည်လား မသိ။ ဒါပေမယ့် ထိုကျောင်းမှ ထွက်သွားသော ကျောင်းသားဟောင်းတွေ တစ်ယောက်မှ နွားဖြစ်သွားကြတယ်ဟု သူ မကြားစဖူး။ သေချာတာကတော့ သူတို့တတွေမှာ သူ့လောက် ကျောင်းစာနှင့် မျက်နှာ အချိန်ပြည့် ကပ်မထားကြရ။ ဆော့ကစားချိန်လည်း ပိုများကြသည်။ ပြီး သူ မသိတတ်သော အရာများစွာကို သူတို့က ပိုမို သိနားလည်နေကြခြင်း ပဲ ဖြစ်သည်။
“နေကြာစေ့ဆိုတာ နေကြာပင်က  ပန်းပွင့်ပြီး အဲဒီအပွင့်က ရတာကွ။ ပြီးတော့ ကွာစေ့ဆိုတာလည်း ကွာပင်က ရတာပဲ”
                    အဲသည်စဉ်အချိန်တုန်းက အလယ်တန်းပင် တက်နေပြီဖြစ်သော သူက အဟုတ်ထင်မှတ်နေခဲ့ဖူးတာ ဖြစ်သည်။
“ငါ.. နေကြာပင်တော့ မြင်ဖူးတယ်။ ကွာပင်တော့ တစ်ခါမှ မမြင်ဖူးဘူး။ သူကရော အပွင့် ပွင့်တာပဲလား”
                   သူတို့ တဟားဟားရယ်မောနေကြသည့်တိုင် သူ နားမလည်နိုင်။
“မင်းကို အလကား နောက်နေကြတာပါကွာ။ ကွာစေ့ဆိုတာ ဖရဲပင်က ရတာ။ ဖရဲသီးထဲက အစေ့မဲမဲတွေ မင်း တွေ့ဖူးတယ် မဟုတ်လား။ အဲ အစေ့တွေကို လှော်ထားတာ”
                   တစ်ယောက်က တည်တည်တံ့တံ့ ၀င်ရှင်းပြတော့ သူ အသိတိုးရသည်။
“ပြီးတော့ အသီးတွေထဲမှာ ဘယ်အသီးက အမာဆုံးလဲ သိလား။ ဂေါက်သီးကွ။ ဂေါက်ပင်ရော မြင်ဖူးလား”
                   သူ ဆတ်ခနဲ ဖြစ်သွားကာ…
“မင်း လာမရွှီးနဲ့ ဟေ့ယောင်။ ဂေါက်သီးကို ငါသိတယ်။ ငါတို့ဖေဖေက ညနေတိုင်း ဂေါ့ဖ်ရိုက်သွားနေကျ”
                   သူတို့တတွေ ရယ်မောလိုက်ကြပြန်သည်။ တကယ်တော့ သက်ရွယ်တူ သူငယ်ချင်းတွေနှင့် ခုလို ရောက်တတ်ရာရာ ပြောဆိုရင်း ရယ်ပွဲဖွဲ့နေရတာ ပျော်စရာကောင်းပါသည်။ ခဏနေရင် ဘောလုံးကန်ကြမည်ဟု တိုင်ပင်ကာ လူစုနေကြသည်။ မေမေ ပြန်ခေါ်ဖို့ အချိန်နီးနေပြီ။ ဒါပေမယ့် ရသလောက် အချိန်ကလေးမှာ သူ.. ဘောလုံးဝင်ကစားသည်။
“နန္ဒရေ….”
                   မေမေ လှမ်းခေါ်တော့ သူ မကြားယောင်ဆောင်ကာ ဆက်ကစားသည်။ နှစ်ခွန်း သုံးခွန်းဆင့်လာတော့…
“လာပြီး မေမေ။ ခဏလေး…”
                   သူ အကစားမပျက်ပါ။ ၀ါးခြမ်းတစ်ချောင်းကိုင်ကာ မေမေ ကွင်းစပ်ဆီ လာရပ်လေမှ ရှေ့မှ ဘောလုံးကို တစ်ချက် အားကုန်ကျုံး ကန်ပစ်ခဲ့ကာ သုန်သုန်မှုန်မှုန် သုတ်ချေတင်ရသည်။ ထိုနေ့က ထုံးစံမပျက် အရိုက်ခံရသော်လည်း သူ ကျေနပ်လေသည်။
*********
 မိဘ၏ အရိပ်တွင် သူ့အတွက် မှေးစက်နားနေရန် တစ်နေရာစာတော့ ရှိနေဆဲပဲဖြစ်သည်။ ဟိုယခင်က ရရှိခံစားခဲ့ဖူးသည့် အဆောင်အယောင်များသည်လည်း ပြောင်းလဲလျော့နည်းမသွားသေးပါ။ သို့သော် သူ မပျော်ရွှင်နိုင်ပါဟုဆိုလျှင် ဖေဖေရော၊မေမေပါ သူ့ကို စိတ်ဆိုးကြဦးမည်။ တစ်အိုးတစ်အိမ်နှင့် အခါခါခွဲနေခဲ့ဖူးတဲ့ သားယောက်ျားတစ်ယောက်ဟာ မိဘအိမ်မှာ အပူပန်မဲ့ နေရသည့်ဘ၀ကို သာယာနေလိမ့်မည်ဟု ဖေဖေနှင့်မေမေတို့ ထင်မှတ်မှားနေကြပါသလား။
သူ့အိမ်ကလေးမှာ ဖေဖေနှင့် မေမေတို့အိမ်ကဲ့သို့ မကျယ်ဝန်း၊ မခမ်းနားပါ။ နှိုင်းယှဉ်မရနိုင်အောင် အပုံကြီး ကွာခြားလွန်းလှတာ သူသိပါသည်။ ဒါပေမယ့် သိမ်နုတ်သော ထိုအိမ်ကလေးမှာ သူက အိမ်ဦးနတ်၊ ဘုရင်တစ်ဆူဖြစ်သည်။ သူ အရိပ်ကြည့်ကာ ကြောက်ရွံ့ခန့်ညားရမည့်သူ မရှိ။ ဒါပေမယ့် သူက အိမ်ထောင်တစ်ခုကို ဦးဆောင်ကာ ရှာဖွေကျွေးမွေးရန် ခုထိ အစွမ်းအစ ကင်းမဲ့နေဆဲလည်း ဖြစ်သည်။ သို့အတွက် သူ လိပ်ပြာငယ်ရသည်။
“ဟယ်တော့…ဆန်အိုးထဲမှာ ဆန်ကုန်နေပြန်ပြီ”
                   သူသီးမခံနိုင်ဆုံးသော စကားပဲဖြစ်သည်။ ပြီး…ဆီမရှိပြန်ဘူး။ ငြုပ်၊ ကြက်သွန်၊ တခြားတိုလီမိုလီ။ သူ… ဘယ်တုန်းဆီကမှ စိတ်မ၀င်စားဖူးတဲ့ အကြောင်းအရာတွေအတွက် တွေးပူနေရတာ ဦးခေါင်းတွေ ပေါက်ထွက်တော့မလား ထင်ရသည်။ အိမ်သူက ကိုယ့်ရှေ့မှောက်မှာ ပြေးလွှားချေငှားရင်း တဖားဖားဖြစ်နေတာ တွေ့ပြန်လျှင်လည်း သူရှက်ရွံ့သိမ်ငယ်နေရသည်။ တကယ်ကအိမ်ထောင်တစ်ခုမှာ စားဝတ်နေမှု အရေးအရာ တာဝန်မှန်သမျှသည် သူ၏ ပခုံးပေါ်မှာသာ ရှိနေသင့်တာ မဟုတ်လား။ သူ.. သိနားလည်နေသော်လည်း မစွမ်းခဲ့တာ ကိုယ်တိုင်သိနေပြန်ရာ ပိုလို့ခံပြင်းမိလေသည်။
ဒါပေမယ့် သူ.. ကိုယ်တိုင် ရွေးချယ်ခဲ့သော ဘ၀ကို  ကြိုးစားတည်ဆောက် ခဲ့ပါသည်။ ပန်းသွေးဖျော့ လက်ဖ၀ါးတွေ နီကျင်သွေးခြေဥသည်အထိ။ လုပ်အားနှင့် အခကြေးငွေဆိုတာကလည်း နေရာအလိုက် တန်ဘိုးလဲလှယ်နှုန်းတွေ အမျိုးမျိုးပါပေ။ သို့သော် လုပ်အားနှင့် ချွေးစက်တွေက အမြဲတန်း လျှော့လျှော့ပေါ့ပေါ့ တန်ဘိုးသင့်ခံနေရတာပဲ။
                   ထိုအချိန်ကျတော့ ဘ၀မှာ အပူပင်မဲ့နေခွင့်ပေးခဲ့ကြသော ဖေဖေနှင့်မေမေ၏ ကျေးဇူးတရားကို အောက်မေ့မိလေသည်။ ဒါပေမယ့် သူ့ကို ခုလိုမျက်နှာလွှဲထားတာကတော့ ဖေဖေနှင့်မေမေက သူ့အား အနုနည်းဖြင့် နှိပ်စက်နေပြန်တာ မဟုတ်ဘူးလား။
“ဆင်းရဲတဲ့ဒဏ်ကို မင်းဘယ်လောက်ခံနိုင်မလဲ”
                   ..ဟု အနားမှာ လာမေးလျှက် လှောင်ပြောင်နေကြသယောင် ထင်မိသည်။
ဖေဖေတို့၏ အကြောင်းပြချက်ကတော့ သူတို့ မကြည်ဖြူနိုင်ခဲ့ သူကို မတိုင်မပင် ဇွတ်ယူ လက်ထပ်ခဲ့သောကြောင့် ဟုဆိုကြပေလိမ့်မည်။ ဆင်းရဲတာအပြစ်လားဖေဖေ ဟု သူ ပြန်မေးတော့ ဒေါသအိုးများ ပေါက်ကွဲခဲ့ကြသည်။
တကယ်တော့ ငြိမ်းငြိမ်းမှာ အပြစ်ပြောစရာဆိုလို့ ဆင်းရဲတာတစ်ခုသာရှိတာပါ။ သို့ပေမယ့် ဘ၀ကိုရောင့်ရဲနေပျော်တတ်သူ ဖြစ်သည်။ လောကဒဏ်၏ ထိုးနှက်မှုကို သူ့ထက်အပုံကြီးပိုမိုကာ ခံနိုင်ရည်ရှိလေသည်။ မာနကင်းသောငြိမ်းငြိမ်းမှာ ချစ်စရာအကောင်းဆုံးကတော့ သူ့ကိုအထင်ကြီးကာ မြတ်နိုးလေးစားတာပဲဖြစ်သည်။
ဘာပဲပြောပြော မရှိသော ဆင်းရဲစကား ကြားရသည့် ကြိမ်ဖန် များလာသော အခါ သူ စိတ်ဆင်းရဲလေသည်။ တစ်သက်လုံး မတောင့်မတ နေခဲ့ရသော ဘ၀ဟောင်းဆီ ပြန်လည် တိုးဝင်ချင်မိပြန်တော့သည်။ တကယ်က သူ သတ္တိနည်းနေတာ၊ သွေးကြောင်တွေဝေနေတာ  ၀န်ခံရပါမည်။
‘မင်းနောက်မှာ ဘာ အဆွယ် အပွားမှ ပါမလာခဲ့စေနဲ့။ တစ်ယောက်တည်းဆိုရင် အချိန်မရွေး ပြန်လာခဲ့”
                   ဖေဖေ့စကားတို့က ဘယ်လောက်များ စာနာညှာတာမှု ကင်းမဲ့လိုက်ပါသလဲ။ သူ မခံချင်စိတ်ဖြင့် အသားတွေ တဆတ်ဆတ်တုန်နေခဲ့ရသည်။ ထိုအချိန်မှာတော့ ဖေဖေ့အိမ်ကို တစ်သက်မပြန်ဟု စိတ်ပိုင်းဖြတ်လိုက်မိခဲ့တာ ဖြစ်သည်။ ဒါပေမယ့် အချိန်တန်လာတော့လည်း ဖေဖေတို့အိမ်ဆီသို့သာ ခြေဦးလှည့်နေမိပြန်ပြီ။
“ရှင် မဆင်းရဲဝံ့ပါဘူး။ အဲဒါကို ရှင်ဝန်ခံလိုက်ပါ ”
                   မကြုံစဖူး ငြိမ်းငြိမ်းတစ်ယောက် ပေါက်ကွဲစွတ်စွဲလာတော့ သူ ငြင်းဆန်အား မရှိခဲ့ပေ။ ဒါပေမယ့် အိမ်ပြန်ရောက်တော့လည်း သူ့စိတ်တွေက နေသားမကျတော့ပါ။ မေမေက သူ့အား ဟိုအရင်ကာလတွေကအတိုင်း အရိပ်ကြည့်ကာ ပူပန်မှု မလျော့သေး။ စိတ်တိုင်းမကျလျှင် ငယ်ငယ်ကလို အပြစ်ပေးချင်နေတုန်းပင်။ ဖေဖေကတော့ သူ့ကို မယုံရဲရဲ ကြားမှ သူ့အလုပ်မှာ နေရာပေးဖော်ရသည်။ သွေးတိုးစမ်းသလို တွဲကူခေါ်သည်။
                    ခက်တာက သူက စီးပွားရေးမှာ လာဘ်မြင်ပြီး ကွက်ကျော်ရိုက်တတ်သော၊ အလုပ်သမားများ အပေါ် နှုတ်ချိုလက်တိုကာ စာနာမှုမဲ့ ဆက်ဆံတတ်သော  ဖေဖေ့စိတ်နေစရိုက်များကို သဘောမကျ။ အတုလည်း မခိုးချင်ပါ။
                   ဖေဖေနှင့်သူ သဘောထားကွဲလွဲကြပြီလားဆိုလျှင် ဖေဖေက သူ့အပေါ် ငယ်စဉ်ကတည်းက အားမရ၊ မကျေနပ်နိုင်ခဲ့သည်များကိုပါ  အမြစ်ပြန်ဖော်သည်။ နင့်နင့်နဲနဲ တိုက်ခိုက် ထိုးနှက်သည်။ သူ ဖေဖေ့အား မည်သို့မျှ ပြန်လည် မတုန့်ပြန်ခဲ့ပေ။ ဖေဖေ့ကို ထိပ်တိုက်ရင်ဆိုင်လို့ မရနိုင်တာ သူသိပါသည်။ ဖေဖေ့အားတုန့်ပြန် ထိုးနှက်ရန် အခွင့်အခါကောင်းတစ်ခုသို့ ရောက်ရှိချိန်အထိ အချိန်ကြာမြင့်စွာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းတတ်သော သူ့အကြောင်းကိုလည်း  ဖေဖေ မေ့မထားသင့်ဟု ထင်သည်။
                   **********
*****နည်းနည်းရှည်သွားပြန်လို့ ခွဲတင်ပါဦးမယ်။း)
Monday, November 14, 2011
အဆုံးမဲ့ နိဂုံး (ဇာတ်သိမ်း)
http://consciouslifestyles.files.wordpress.com/2011/09/stop-violence-agains-women.jpg 
(ခြောက်)
                        ကားအက်ဆီးဒင့်ဖြင့် ကိုကိုကြီးတစ်ယောက် ပွဲချင်းပြီး ဆုံးပါးကွယ်လွန်သွားခဲ့ရသော်လည်း ကိုကိုကြီးနှင့် တစ်ခရီးတည်း ပါသွားခဲ့သော မမရည်ကတော့  သေကံ မရောက်ခဲ့ပေ။ သို့သော် ဆေးရုံမှာ ရက်လများစွာ ကြာမြင့်ခဲ့သည့်တိုင် မမရည်၏ ခြေအောက်ပိုင်းများကတော့ ပြန်လည်မလှုပ်ရှားနိုင်တော့ပြီ။
                        မမရည်၏ မိဘများက မမရည်အား မိဘအိမ်မှာ ပြန်လာနေရန် ကမ်းလှမ်းခေါ်ငင်ကြသည်။ မမရည်ကတော့ မထင်မှတ်စွာ တူးတူးခါးခါး ငြင်းပယ်ခဲလေသည်။
                        မမရည်၏ အကြောင်းပြချက်ကတော့ ကိုယ့်အိမ်ကိုယ့်ယာ ဖြစ်ခဲ့ဖူးသော မိဘအိမ်သည်လည်း တစ်အိုးတစ်အိမ် ခွဲခွာနေထိုင်ပြီးနောက်မှာတော့ သူစိမ်းနှင့် မခြားနားလှတော့ပါတဲ့။ နွေးထွေးမှုတို့ အေးခဲခဲ့ပြီဟု ဆိုပြန်သည်။ ငယ်ရွယ်သူများကလည်း စိမ်းကားနှိမ့်ချကြမှာ မလိုလားပါတဲ့။ မိမိက ဒုက္ခိတဘ၀မှာ ရောက်နေရပြန်သည်မို့  ပိုမိုအောက်ကျကာ မျက်နှာငယ်ရမည့် အဖြစ်မျိုး အရောက်မခံနိုင်ဟု ခပ်တင်းတင်းဆိုသည်။ ကိုကိုကြီးနှင့် မောင်တို့နှစ်ယောက်၏ လေးတော်တင်ပွဲမှာ မျက်နှာလိုက်ခဲ့ကြသော မိဘများအပေါ် စိတ်အနာ မပြေသေးတာလည်း ပါဝင်လိမ့်မည်ဟု ကျွန်မတွေးမိသည်။
                        ပြီး.. ဘယ်လို အခြေအနေမျိုးတွေ ရှိခဲ့ဖူးသည် ဆိုဦးတော့ နှစ်နှစ်ကျော်၊ သုံးနှစ်နီးပါး သစ္စာတည်စွာ ချစ်မြတ်ကြင်နာခဲ့သော ခင်ပွန်းသည်အပေါ် မမရည်တစ်ယောက် နီးစပ်မှုဖြင့် အားကိုးတွယ်ငင်ချင်ခဲ့ပြီ ထင်ပါသည်။ ထိုသံယောဇာဉ်သည် မမရည်အား ကိုကိုကြီး၏ အရိပ်အငွေ့များ ယှက်သန်းဆဲဖြစ်သော သည်နေအိမ်၊ ဋ္ဌာနလေးအပေါ် ခုံမင်တွယ်တာတတ်စေခဲ့ဟန်တူပါသည်။
သို့နှင့်ပင် ဆေးရုံမှ ဆင်းစ အစဦးကာလများမှာမမရည်၏ မိခင်အပါအ၀င် သူမ၏ ဆွေမျိုး အသိုင်းအ၀ိုင်းများ၊ ကျွန်မတို့ လင်မယား စသည်တို့ဖြင့် မမရည်တစ်ယောက် အခြေမပျက်၊ အားမငယ်ကြရလေအောင် ၀ိုင်းဝန်းဖေးမ ကြရတော့သည်။
နောက်တော့ မမရည်က သူ့အတွက် အခြားသူတွေမှာ ဒုက္ခမပိုစေလိုဟု ဆိုကာ စါယ်ရှယ်နာ့စ်တစ်ယောက်သာ အနားမှာ နေစေတော့သည်။
ထို့နောက်မှာတော့ မမရည်၏ ဝေယျာဝစ္စများမှာ ဖြည့်ဆည်းပေးနိုင်မည့်အပြင် အဖော်သဟဲအဖြစ်ပါ အားကိုးအားထားပြုနိုင်မည့် ဆွေးမျိုးနီးစပ် မိန်းကလေးတစ်ယောက်သာပဲ အနားမှာ ပြုစုလျှက် နေစေတော့သည်။
ခင်ပွန်းသည်ဆုံးပြီးစ အလှအရွယ်တင့်ဆဲဖြစ်သော မုဆိုးမ ပူပူနွေးနွေးတစ်ယောက်၊ ပြီးတော့.. မသန်မစွမ်း ဒုက္ခိတတစ်ယောက်၏ အထီးကျန်အားငယ်မှုကို ကျွန်မ စာနာနိုင်ပါသည်။ ယခုလိုဘ၀မျိုး ရင်ဆိုင်ကျရောက်နေရသည့်တိုင် မိဘဆွေမျိုးအားလုံးကို အာခံမာန်ဝင့်နေနိုင်ခြင်းမှာလည်း ထိုမိဘဆွေမျိုးတို့ထက်  ကျွန်မတို့ ဇနီးမောင်နှံအား  ပိုမိုအားကိုးခင်တွယ်၍ ဖြစ်နိုင်ကြောင်း ကျွန်မ တွေးယူကြည့်နိုင်ပါသည်။
ကျွန်မ၏ တာဝန်ဝတ္တရားချိန်များမှ အပဖြစ်သော ကိုယ်ပိုင်အားလပ်ချိန်များကို မမရည်၏ ကရိကထ၊ ဗာဟီရများအတွက် ပေးဆပ် အသုံးးချနေရခြင်းအပေါ် ကျွန်မ အနည်းငယ်မျှပင် မတွန့်တိုခဲ့မိပါ။ ၀န်ထုတ်ဝန်ပိုါ်ကြီးတစ်ခုအဖြစ် မမရည်အား ထင်မှတ် မငြိုငြင်ခဲ့ဖူးတာလည်း အမှန်ပင်ဖြစ်ပါသည်။
ဒါပေမယ့် မောင်နှင့် ပတ်သက်လာလျှင်တော့ ကျွန်မသည် မမရည်အား အနည်းငယ်မျှပင် သဘောထား မကြီးနိုင်ခဲ့။
မမရည်၏ ဝေယျာဝစ္စ အသေးအမွှားကလေးများမှအစ ၀တ္တရားထက်ပိုလွန်ကာ စေတနာပို ဂရုတစိုက် ပြုစုယုယမှုမပျက်သော ကျွန်မက…
“ဒီနေ့ နေကောင်းရဲ့လား မမရည်”
                        …ဆိုသော မောင့် နှုတ်စကားတစ်ခွန်းကိုပင် စောင့်ကြည့်ဝန်တိုနေမိတတ်ပြန်သည်။ ထိုစကားထဲမှာ သာမန်ထက်ပိုလွန်သော ကြင်နာမှု အရိပ်အငွေ့တွေ အဘယ်မျှအထိ ပျော်ဝင်ပါရှိနေနိုင်သလဲ။  ကြွင်းကျန်ရစ်ဆဲဖြစ်သော အတိတ်က သံယောဇာဉ် အရိပ်ငွေ့တွေကိုရော မောင့်မျက်နှာပေါ်မှာ ဝေ့ကဲဖိတ်လျှံကျနေမလားဟု စောင့်ကြည့်အကဲခပ် ခွဲခြမ်းစိတ်ဖြာရတာ အမော။
                        မမရည်အားလည်း  စောင့်ကြည့်ရန်မမေ့ပါ။ ထိုအချိန်မှာ ကျွန်မ၏ အပြုအမူ၊ စကားသံတို့သည် ‘ မမရည်နော်…သတိထား။ ကျွန်မရဲ့မောင့်အပေါ် နည်းနည်းလေးမှ ရှင် စိတ်မလည်မိစေနဲ့’ ဟု နှုတ်မှ ထုတ်ဖော် မပြောသည့်တိုင် သိသာလွန်းနေပေလိမ့်မည်။
                        မမရည်၏ ကွယ်ရာမှာတော့…
“ မမရည်က ခုထိ လှနေတုန်းပဲနော်.. မောင်”
                        ..ဟု မောင့်အား သွေးတိုးစမ်းမိတတ်ပြန်သည်။ ထိုအခါ မောင်က…
“မောင့် မျက်စိထဲမှာတော့ ခင်မင်းကို မီမယ် မထင်ပါဘူးကွာ”
                        ပြုံးမြမြ ၊ ချစ်မက်ဖွယ်ရာ ဆိုလာခဲ့လျှင်တော့ ထိုခဏငယ်မှာ ကျွန်မ နှစ်သိမ့်ကြည်နူးမဆုံး ရှိနေပြန်တော့ကာ အရာရာကို ပေါ့ပါးစွာ မေ့လျော့ထားနိုင်ပြန်သည်။
                        ဒါပေမယ့် မကြာခင်မှာပဲ…
“မမရည်က မောင့် အချစ်ဟောင်း မဟုတ်ဘူးလား။ သံယောဇဉ် အကြွင်းအကျန် နည်းနည်းလေးတောင် မရှိတော့ဘူးဆိုတာ ကျွန်မက ယုံရမှာလား”
                        …ဟု စကားစစ်ထိုးမိပြန်တော့သည်။
“အား.. သွားစမ်းပါကွာ။ ဒီမှာ ခုချိန်မှာ မောင်ချစ်နေရမှာက မောင့်ဇနီးမယားပဲလေ။ ခင်မင်းပဲလေ..”
                        မောင်ကတော့ ပါးနပ်လိမ္မာစွာ ချော့မော့ နှစ်သိမ့်တတ်လေသည်။ မောင့်ရဲ့ စောင့်စည်းမှု၊ တည်တံမှုတို့ကို ကျွန်မ အကြွင်းမဲ့ ယုံကြည်ချင်ပါသည်။ သို့သော် အဘယ်သို့သော သံသယနတ်ဆိုးတို့က ကျွန်မ၏ နှလုံးအိမ်ကို ပူးကပ်နှောင့်ယှက်နေကြသည် မသိတတ်နိုင်။
                        ထိုအချိန်မှာပင် ကျွန်မတွင် ရှိနှင့်ပြီးသော သံသယမြူမှုန်တို့ စုဖွဲ့ပေါက်ကွဲစေရန် အကြောင်းအချက်များက အတိအပ တိုးဖွဲဖြစ်တည် လာခဲ့တော့တာ ဖြစ်ပါသည်။
                        ************
                        (ခုနစ်)
                        ပြဿနာ၏ အစကို သယ်ဆောင်လာခဲ့သူကတော့ မမရည်၏ မွေးသမိခင်ပဲ ဖြစ်သည်။
                        မမရည်ခံစားနေရသော ဝေဒနာဒုက္ခများကို အကြောင်းပြုကာ မမရည်၏ ကံဇာတာအား နာမည်ကြီး ဗေဒင်လက္ခဏာ ဆရာ အကျော်အမော် တစ်ဦးထံမှာ တွက်စစ်မေးမြန်းလာခဲ့သည်တဲ့။ ထိုဆရာ၏ ပညာအလိုအရ မမရည်သည် နေအိမ်မှ ခေတ္တယာယီ ပြောင်းရွှေ့နေထိုင်ရမည်ဟု အခါတော်ပေးလိုက်သည်တဲ့။
                        အစဦးကတည်းက တင်ကြိုငြင်းဆန်ထားပြီးဖြစ်သော မမရည်၏ မိဘများအိမ်မှာ ကိန်းခန်းအလိုအရ အရပ်မတည့်ပြန်ပါ။  ထိုအခါ မမရည်အတွက် အသင့်လျော်ဆုံးသော နေရာဋ္ဌာနသစ်မှာ ကျွန်မတို့၏ နေအိမ်ပင် ဖြစ်လာရတော့သည်။
                        စကားအစမှာကတည်းက မနှစ်မြို့၊ သဘောမကျနိုင်ခဲ့သော ကျွန်မအတွက်တော့ မမရည်က ကျွန်မတို့၏ နေအိမ်မှာ ပြောင်းရွှေ့ဗနထိုင်ဖို့  ကြည်သာအေးဆေးစွာ ခေါင်းညိတ်လိုက်သောအခါ ပို၍ပင် ဒေါသ ဆူဝေချင်စရာ ကောင်းနေပြန်တော့သည်။
                        ဗေဒင်မေးလာခဲ့သူသည် မမရည်၏ မိခင်ဖြစ်နေလို့သာပေါ့။ ကျွန်မကိုယ်တိုင်သာ ဖြစ်ခွင့်ရှိလျှင် အဲဒီအိမ်ကလည်း မမရည်အတွက် မကောင်းသေးဘူး မမရည်။ အဲဒီမှာ မမရည်ရဲ့ အူ၊ အသည်းတွေကို နုတ်ယူစားသောက်မယ့် စုန်းမတစ်ယောက်လည်း ရှိသေးတယ်ဟု ဇွတ်ပြောမိမည် ထင်သည်။ ခုနေ ကျွန်မမှာသာ ဖန်ဆင်းတတ်သူတစ်ယောက်၏ တန်ခိုးသြဇာမျိုး ရှိနိုင်ခဲ့လျှင် မမရည်အား ဟိုး.. အဝေးကြီး မောင်းနှင့်ကင်းလွတ်ရာ ဆီ ဝေးလွင့်အောင် ဖန်တီးလွှင့်ပစ်လိုက်ချင်သည်။ ခုတော့ မတတ်သာ။
                        အရေးထဲမှာပင် မမရည်၏ အဖော်၊ အကူကောင်မလေးကလည်း မမရည် ကျွန်မတို့အိမ်မှာ ပြောင်းရွှေ့နေထိုင်စဉ် သူ့မိဘတွေရှိရာ ရွာသို့ခဏ ပြန်ချင်းသေးသတဲ့။ သေလိုက်တော့။
                        ကျွန်မသည် မမရည်နှင့် ပတ်သက်လေမှ မောင့်အား မြေမှာမပုံရဲ၊ ချုံမှာလည်း မတင်ရဲသော ဗြဟ္မာဦးခေါင်း ကိုင်ထားမိသူနှယ် ရူးနှမ်းတွန့်တိုနေမိတော့သည်။
                        **********
(ရှစ်)
                        ကျွန်မသည် မမရည်အပေါ် အဘယ်မျှအထိ မုန်းမျက်နေမိသည်လည်းဆိုတာ ထိုည အိပ်မက်မှ လန့်နိုးချိန်ရောက်မှပင် ဆင်ခြင်ထိတ်လန့်စွာ သိတတ်နိုင်ခဲ့တော့သည်။
                        ကျွန်မတို့အိမ်သို့ မမရည်ရောက်ရှိခဲ့တာ ရက်သတ္တ တစ်ပါတ်ခန့်ပင် ရှိဦးမည်။ ထိုကာလတစ်လျှောက်လုံးမှာ ကျွန်မသည် မမရည်အပေါ် ၀တ္တရား ကျေပြွန်ရုံမျှမက စေတနာယုယမှုတို့ ပိုလွန်ခဲ့တာ ကျိန်တွယ်သစ္စာဆိုဝံ့ပါသည်။ မမရည်အပေါ် သံသယနှင့် မုန်းမျက်ဝန်တို နေမိခြင်းတို့ကိုလည်း အထူးဆင်ခြင် ထိန်းသိမ်းနေမိသေးသည်။
                        ကာလတစ်လျှောက်လုံး မစ္ဆရိယ အတွေးတို့နှင့် နစ်မွန်းပူလောင်နေမိခြင်းသည် မိမိထက် ကြီးမြတ်သူနှစ်ဦးအပေါ် ပြစ်မှားနေမိခြင်းပဲ မဟုတ်လား။ ကျွန်မ ဆင်ခြင်ရတော့မည်။ မောင့်ကိုလည်း အားနာစရာ..။ တကယ်ဆို မမရည်လည်း သနားစရာ ကောင်းပါသည်။
                        ကျွန်မ ထိုသို့ ဆင်ခြင်ထိန်ချုပ်နေမိသည့်ကြားမှပင်  ထိုညက မြင်မက်ခဲ့သော အိပ်မက်က ဆိုးရွားပြင်းထန်လွန်းတော့သည်။
                        မောင်နှင့် မမရည်တို့သည် ကျွန်မ တင်ကြိုထိတ်လန့်၊ စိုးရိမ်နေသည့်အတိုင်းပင် ကျွန်မ၏ မျက်ကွယ်မှာ ဖြစ်ပျက်နေခဲ့ကြသည်တဲ့။  အိပ်မက်မှာတော့ မောင်က မမရည်အား ကယုကယင်နှင့် နှစ်ဦးသား တွယ်မှီးနီးကပ်လွန်းလှသော အနေအထားမှာ ကျွန်မက ပက်ပင်းမိခဲ့တာ ဖြစ်ပါသည်။ သူတို့ နှစ်ယောက်၏ အခြေအနေမှာ ဘယ်လိုမှ ငြင်းဆန်ရှောင်လွှဲ၍ မရနိုင်သော အခြေအနေပဲ ဖြစ်သည်။
                        ကျွန်မ၏ ၀မ်းနည်းယူကျုံးမရ ခံစားမှုများကို ပြောမပြတတ်တော့ပါ။ အမြင်တွင် မျက်ရည်ငွေ့တို့ ကာဆီးပိတ်ဖုံးနေခဲ့သည်။ နောက်တော့ ကျွန်မ… ဒေါသတွေ တရိပ်ရိပ် ဆူဝေလာတော့သည်။
                        ထိုအချိန်ခဏမှာ မောင်ကတော့ ဘယ်ဆီ ရောက်ရှိ ပျောက်ကွယ်သွားသလဲ မသိ။  ကျွန်မ၏ ဒေါသများကို ကြောက်ရွံ့ကာ မောင် ပြေးပြီပေါ့။
                        မမရည်ကတော့ သတ္တိကောင်းလှစွာ ကျွန်မကိုပင် ထီမထင်ဟန်ဖြင့် အံတုချင်နေခဲ့သေးသည်။ ကျွန်မ၏ ဆင်ခြင်မဲ့ ဒေါသတရားတို့သည် ထိုအခါမှ မမရည်အပေါ် အထိန်းသိမ်းမဲ့ ကျရောက်သင့်လောင်စေခဲ့တော့တာ ဖြစ်သည်။
                        ကျွန်မသည် မမရည်အား အငြိုးတကြီး ၊ သဲသဲမဲမဲ တိုက်ခိုက်သတ်ပုတ်မိတော့သည်။ မမရည်က ကျွန်မအား တန်ပြန်မခုခံ။ ထွက်ပြေးပုန်းရှောင်ခြင်းလည်း မပြု။ ထိုအခါ ကျွန်မသည် မမရည်၏ လည်မြိုအား အားကုန်သုံးကာ စိတ်ရှိ လက်ရှိ  ဖျစ်ညှစ်နေမိတော့ပြီ။
                        မမရည်၏ မျက်လုံးအစုံတို့ ပြူးကျယ်လာ။  လျှာ အလျားလိုက် ထွက်ကျလျှက် ကျွန်မ၏ လက်တွင်းမှာ သူမ၏ ကိုယ်ခန္ဒာ တောင့်မတ်စန့်ထွက်လာသောအခါမှ ကျွန်မ ထိတ်လန့်တကြား ဟစ်အော်မိလျှက် အိပ်မက်မှ လန့်နိုးလာခဲ့တော့သည်။
                        ထိုညက ကျွန်မ ပြန်လည်အိပ်စက် မပျော်နိုင်တော့ပဲ တလူးလွန့်လွန့်ဖြင့်သာ နံနက်လင်းခဲ့ရတော့သည်။ မောင်ကတော့ ကျွန်မ၏ နံဘေးမှာ အပူပင်ကင်းမဲ့စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ အပြစ် ကင်းသန့်ဟန်ရှိသော မောင့်မျက်နှာဆီ တစိမ့်စိမ့်စိုက်ငေးကြည့်ရင်း ကျွန်မ မျက်ရည်ကျနေမိပြန်သည်။ အားနာပါတယ် မောင်ရယ်။ ကျွန်မ မောင့်ကို စော်ကားမိပြန်ပြီ။ ကျွန်မ၏ မသိစိတ်ကပင် မောင့်အပေါ် သံသယတွေ စွန်းထင်းနေခဲ့ပြီ မဟုတ်လား။
                        ထိုအချိန်မှာ အိပ်ယာထက်တွင် မလှုပ်သာ မလှည့်သာဖြင့် ညောင်းချိပင်ပမ်းမှုအား အန်တုသီးခံကာ အိပ်ပျော်အောင် ဇွတ်နှစ်ကြိုးစားနေရရှာမည့် မမရည်ကိုလည်း စာနာသနားစိတ် ၀င်မိသေးသည်။ မမရည်လည်း ကျွန်မကို ခွင့်လွှတ်ပါ။
                        သုံးလောကတွဋ်ထား ရှင်တော် မြတ်ဘုရား…။
                        ကျွန်မ၏ နှလုံးအိမ်တွင် ပူးကပ် နှောင့်ယှက်ကာ ပူပန်သောကတို့ကိုသာ တိုးပွားပျံ့နှံ့စေသော သံသယနတ်ဆိုးတို့အား မဟာကရုဏာတော်ဖြင့် ဖယ်ရှင်းပေးလှည့်ပါ။
                        **********
(ကိုး)
                        နံနက်လင်းလျှင် နီရဲကျိန်းစပ်နေသော အိပ်ပျက်မျက်ဝန်းများနှင့် ကျွန်မ မီးဖိုဆောင် အတွင်းမှာ ထုံးစံမပျက် အလုပ်ရှုပ်နေပြန်တော့ပြီ။ မောင့်အတွက် နံနက်စာအား ထုံးစံများထက် စေတနာပိုလွန်၊ ဂရုစိုက်စွာ ပြင်ဆင်ပေးနေမိသည်။ ပြီးတော့ မမရည် အတွက်…။
                        ခဏကြာလျှင်တော့ ကျွန်မ မမရည်၏ အခန်းသို့ သွားရဦးမည်။ မမရည် အိပ်ယာနိုးနေနှင့်ပြီလား။
“နိုးနေတာ ကြာပြီလား မမရည်။ ညက အိပ်ပျော်ရဲ့လား”
                        ပဋိသန္ဒာရစကား ဆိုဖြစ်ချိန်မှာတော့ ကျွန်မ၏ အပြုံးမျက်နှာသည် အခါတိုင်းနေ့များထက် ထူးခြားကြည်စင်နေစေဖို့ မျှော်လင့်ယုံကြည်ပါသည်။ ပြီးလျှင် မမရည်၏ ဝေယျဝစ္စများကို ကြည်ဖြူစွာ လုပ်ကိုင်ဆောင်ရွက်ပေးရပါဦးမည်။
“ခင်မင်းလည်း နေ့တိုင်း အဖို့ ပင်ပန်းလှတယ်ကွယ်။ မမရည် အားနာလှပြီ”
                        မမရည်က ပြောလာခဲ့လျှင်တော့ ကျွန်မ ကြည်လင်စွာ ပြုံးပြ နှစ်သိမ့်ရဦးမှာပေါ့။
                        ကျွန်မသည် ညက အိပ်မက်အတွက် မမရည်အား တိတ်တဆိတ် အားနာနေမိသည်မှ အပ လိပ်ပြာသန့်စင်စွာပင် မမရည်၏ အခန်းသို့ ခြေလှမ်းပြင်နေမိတော့သည်။
“ဒေါက်… ဒေါက်…။ မောင်ရေ…”
                        မောင့် အခန်းရှေ့ အရောက်မှာ အသံပြုလိုက်မိသေးသောအခါ မောင်လည်း အိပ်ယာမှ နိုးထနေနှင့်ဟန်ဖြင့် တုန့်ပြန်အသံပြုသည်။
“မမရည်ရေ…။ နိုးနေပြီးလား”
                        မမရည်၏ အခန်းရှေ့ အရောက်မှာကျွန်မ အသံပေးကာ ရပ်တန့်နားစွင့်မိသေးသည်။  တုန့်ပြန်သံ မကြားရ။ မမရည် အိပ်ယာက မနိုးသေးဘူးလား။ မဖြစ်နိုင်ပါ။ မမရည် သည်အချိန်အထိ အိပ်စက်နေတတ်သည့် အကျင့် မရှိပါ။
                        မမရည်၏ အခန်းတံခါးသည် ဘယ်အခါမျှ ချက်ချမထားတတ်သော အလေ့ကြောင့် ကျွန်မ အခန်းတ့ခါးကို ပေ့ပါးညင်သာစွာ တွန်းဖွင့်ဝင်လိုက်မိတော့သည်။
“ဟင်…”
                        ကျွန်မအား စောင့်ကြိုလျှက်ရှိသော မမရည်၏ အနေအထားမှာ ကျွန်မ လုံးဝ မမျှောင်လင့်ဖူးသော အခြေအနေဖြစ်ပါသည်။  ကျွန်မ၏ ခန္ဒာကိုယ် တစ်ခုလုံး အေးစက်တောင့်တင်းကာ အသက်ရှူရပ်တန့သြွးတော့ မတတ်ပင်။
“ မောင်ရေ…”
                        ကျွန်မ၏ အသံက စူးရှအက်ကွဲနေမှာ အလွန်သေချာပါသည်။
                        ကျွန်မ၏အသံနှင့် မရှေးမနှောင်းမှာပင် မောင် အပြေးအလွှား ရောက်ရှိလာခဲ့သည်။ ထိုအချိန်အထိ ကျွန်မ ရွေ့လျား လှုပ်ရှားမရပဲ ရှိနေလေသည်။
“မမရည်..”
                        မျက်နှာပေါ်မှာ ခေါင်းအုံးကြီးပိကာ တောင့်မတ်စန့်ရံ့ ပုံစံကြီးနှင့် လဲလျောင်းနေသော မမရည်၏ ပုံစံ မူမမှန်မှုအား မောင်လည်း မြင်တွေ့သွားလေပြီ။
                        မောင်က ကျွန်မ၏ ပခုံးကို တစ်ချက် ဖျစ်ညှစ်အားပေးဟန်ပြုကာ မမရည်၏ အနီးသို့ အလျှင်စလို တိုးကပ်သွားသည်။ မမရည်၏ အနီးတစ်ဝိုက် လှည့်လည်စစ်ဆေးနေကာ ညစ်ညူး စိတ်ရှုပ်ဟန်ပြသည်ကို ကျွန်မ မျက်တောင်မခပ်၊ အသက်ရှူရပ်တန့်ကာ စောင့်ကြည့်နေမိသည်။
                        ဟော.. မောင် ကျွန်မဘက်သို့ မျက်နှာလှည့်လာပြီ။ ဟင့်အင်း မောင်။ မမရည်ကို ကျွန်မ မသတ်ဘူးနော်။
                        ဒါပေမယ့် မောင့် မျက်ဝန်းမှာ ကျွန်မ မတွေ့မြင်လိုသော (ရင်ဆိုင်ရန် အင်အားမရှိသော)  သံသယတွေ စွန်းပေနေသည်ဟု ကျွန်မ ထင်လိုက်သည်။
                         မောင် ကျွန်မထံ တရွေ့ရွေ့ လျှောက်လာနေပြီ။ ကျွန်မ ဦးခေါင်းကို ပြတ်ထွက်မတတ် ပြတ်ထွက်မတတ် ရမ်းခါထားနှင့်ခဲ့သည်။
“ခင်မင်း”
“ဟင့်အင်း ။ ခင်မင်း သတ်တာ မဟုတ်ဘူး။
                        ကျွန်မ ဗလုံးဗထွေး ငြင်းဆန်မိစဉ် မောင် ကျွန်မအနီးသို့ ရောက်လာကာ ကျွန်မ၏ ပခုံးနှစ်ဘက်အား ညင်သာဖွဖွ ဆုတ်ကိုင်လျှက်…
“ခင်မင်း..”
“ဟင့်အင်း”
                        ငြင်းဆန်ခိုက်မှာပင် ကျွန်မ မိုက်ခနဲ မူးဝေပြာမှောင်ကာ အသိကင်းပျောက် သွားရတော့၏။                ။
                                                                                                                              သတိုး
အဆုံးမဲ့ နိဂုံး
(တစ်)
မမရည်အပေါ် ကျွန်မ၏ မုန်းမျက်ခြင်းတို့သည် ကိုကိုကြီး ရုတ်တရက် သေဆုံးသွားခဲ့ချိန်မှ စတင်ခဲ့ပါသည်။
*******
(နှစ်)
တကယ်က ကိုကိုကြီး သေသွားရမည့်အစား မောင်ဖြစ်ဖြစ်၊ မမရည်ဖြစ်ဖြစ် တစ်ယောက်ယောက် သေလွန်သွားကြဖို့ ကောင်းသည်ဟု ကျွန်မ မကြာခဏ တွေးနေမိတတ်သည်။ သို့သော် ထိုအတွေးမျိုး တွေးမိခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နောင်တစိတ်က ထိုအတွေးနောက်မှာ တစ်ပြိုင်နက်ကပ်လျှက် ပူးတွဲပါလာခဲ့ပြန်သည်။ ဘယ်လောက်များ အခြေမမြစ်မရှိတဲ့ အတွေးပါလဲ။ ဘယ်လောက်တောင် မိုက်မဲရူးသွပ်လိုက်ပါသလဲ။
မောင့်အပေါ် တွယ်တာချစ်မက်ဆဲ၊ မြတ်နိုးကိုးစားဆဲဖြစ်သော ကျွန်မအတွက် မောင် သေလွန်သွားခဲ့လျှင် ဆိုသော အတွေးသည် အလွန်တရာ သွေးပျက်ထိတ်လန့်ဖွယ်ရာပင် ဖြစ်တော့သည်။ ဟင့်အင်း..။ ဘယ်လို အကြောင်းကြောင့်မှ မောင်မသေစေရ။ ကျွန်မ၏ဘ၀အဓိပ္ပါယ် ရှင်သန်ပြည့်စုံစေရန်အတွက်မှာ မောင် မရှိလို့ မဖြစ်ပါ။ မောင်သည် ကျွန်မအတွက် မရှိမဖြစ် လိုအပ်တောင့်တမှု တစ်ခုပဲဖြစ်သည်။
သို့ဆိုလျှင် မမရည် သေလွန်သွားဖို့ ဆိုသော ကျွန်မ၏ စိတ်အတွေးသည်လည်း တစ်ဖက်စောင်းနင်း ဆန်နေပေတော့မည်။
အကောင်းဆုံးကတော့ မောင်တို့၊ မမရည်တို့ မသေပဲ တကယ့်တကယ် သေဆုံးသွားသင့်သူမှာ ကျွန်မကိုယ်တိုင်ပဲ ဖြစ်နေမလား မသိ။ ညစ်ညူးချောက်ခြားဖွယ် စိတ်အတွေးဒုက္ခတွေကို မောင်နှင့်အတူ ချန်ထားရစ်ခဲ့။ ဤကမ္ဘာလေကမှာ ကျွန်မ မရှိတော့သောအခါ ကျွန်မ တင်ကြိုထိတ်လန့် သွေးပျက်နေခဲ့ရသော အဖြစ်တွေဟာ အမှန်တကယ် ဖြစ်ပျက်ပေါ်ပေါက်လာခဲ့ကြမည် ဆိုလျှင်လည်း ဖြစ်လာကြပါစေတော့။ ကျွန်မက ဘာတစ်ခုမှ သိတတ်ခံစားနိုင်တော့မှာ မဟုတ်။
အို..။ ကျွန်မ၏ အတွေးတို့ မှာယွင်းလွဲချော်နေပြန်ပြီ။ ဟင့်အင်း.. ကျွန်မအပေါ် ထောက်ထားငဲ့ကွက်မှုမဲ့ သစ္စာပျက်ယွင်းကြမည့် အဖြစ်ကိုလည်း ကျွန်မ မလိုလားပါ။ ကျွန်မ တမလွန်ဘ၀မှာ ရောက်ရှိနေခဲ့ဦးမည် ဆိုလျှင်တောင် ထိုအဖြစ်မျိုးကို ရောက်ရာဘ၀မှ မကြည်ဖြူ။ ခွင့်မလွှတ်နိုင်။
ဘ၀ကူးပြောင်းသွားချိန်ထိတောင်မှ မောင့်အပေါ် ချစ်မြတ်တွယ်တာမိသော ကျွန်မ၏ အချစ်တွေက တည်တံ့ခိုင်မြဲ နေဦးမှာပါ မောင်ရယ်။
ပြီး.. ကျွန်မ ခုံမင်တွယ်တာလှသော မောင်ပါဝင်သည့် ဘ၀ကလေးကိုလည်း စောစီးစွာ စွန့်ခွာမသွားလိုသေးပါ။ မောင်ပါဝင်သည့် ကျွန်မတို့၏ နှစ်ကိုယ်တူဘ၀ကလေးအား (မောင်ဖြစ်ဖြစ်၊ ကျွန်မဖြစ်ဖြစ်) တစ်စုံတစ်ယောက်၏ သေလွန်ခြင်းဖြင့် ကွေကွင်းရမည့်အဖြစ်ကို ကျွန်မ အတွေးနှင့်ပင် ရင်ဆိုင်ရန်မရဲ။
နောက်ဆုံးတော့ ကျွန်မ၏ အတွေးထွက်ပေါက်များအားလုံး ပိတ်ဆို့ကုန်ရသမျှ မမရည်အပေါ် ရှိနှင့်ပြီးဖြစ်သော မုန်းမျက်ညိုးတေးမှုများကိုသာ သိုမှီးတိုးပွားမိစေခဲ့တော့သည်။
********
(သုံး)
“ခင်မင်းက အချစ်နဲ့ ပတ်သက်လာရင် အလိုလောဘ ကြီးလွန်းတယ်”
                        မောင်က စွတ်စွဲသလို ဆိုလေလျှင် ကျွန်မ ဘယ်ခါမှ မငြင်းခဲ့မိပါ။ “အထူးသဖြင့် မောင့်ရင်ထဲက ချစ်ခြင်းတွေနဲ့ ပတ်သက်ရင်ပေါ့” ဟု စိတ်စကားဖြင့်ပြန်ဖြေကာ ပြုံးငြိမ်နေမိတတ်သည်။
                        စင်စစ် ခင်မင်းဖြူဆိုသော ကျွန်မက ဟိုး… ငယ်နုစဉ်ဘ၀မှာကတည်းက ချစ်ခြင်းငတ်မွတ်ခဲ့ရသူပေပဲ။ ကျွန်မ၏ ဘ၀တစ်လျှောက်လုံးမှာ ကံခေလွန်းလှသောအရာသည် ထို ချစ်မြတ်ယုယခံဘ၀ပဲ ဖြစ်သလို လောဘတကြီး လိုချင်တောင့်တခဲ့သော အရာလည်း ဖြစ်လေသည်။
                        ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ ချိနဲ့နုံခဲ့ရသော ကျွန်မ၏ ငယ်ဘ၀ကိုဖြင့် ကျွန်မ နည်းနည်းမျှ ပြန်မတွေးချင်။ ၀မ်းနည်းနာကျင် ရလွန်းသောကြောင့် ဖြစ်ပါသည်။
                        ကျွန်မတို့ မောင်နှမတွေအားလုံးက ဖခင်ကို  ‘ဖေကြီး’ ဟု အားကိုးရိုကျိုးစွာ အထွဋ်တင်ခေါ်ဝေါ်ခဲ့ကြသည်။ မိခင်ကိုတော့ ‘မေကြီး’ ဟု ကျွန်မ ခေါ်ခွင့်မသာခဲ့ပါ။ ကျွန်မတို့ မောင်နှတတွေ မေကြီးဟု ခေါ်ခွင့်ရှိသူမှာ ဖေကြီး၏ထိပ်ခေါင်တင် ဇနီးမယားကြီး ဖြစ်လေသည်။
                        ဖေကြီး၏ ‘ပထမ’ ဘ၀ကို အနားမျှ မသီနိုင်ရှာသော ကျွန်မ၏မေမေကတော့ ‘ဒုတိယ’ တစ်ယောက်၏ နောက်ပင်ကျခဲ့ရသေးသည်။ (မေမေ့နောက်မှာ စတုတ္ထ မရှိတော့ခြင်းအတွက်တော့ ကျွန်မတို့တတွေ ဖေကြီးကို ကျေးဇူးတင်ရလေမလား မသိ။ )
                        ဖေကြီးအား ကျေးဇူးတင်စရာ တစ်ခုရှိသေးသည်။ ဖေကြီး၏ ဒုတိယမြောက် မေမေဆွေ ငယ်ရွယ်စောစီးစွာ ဆုံးပါးကွယ်လွန်သွားခဲ့ချိန်မှာ ဖေကြီးက မေကြီးနှင့်မေမေ့အား တစ်အိမ်တည်း အတူနေစေကာ လက်ဝဲလက်ျာရံစေလျှက်  သွေးစည်းစေခဲ့ခြင်းပဲဖြစ်သည်။
                        ဖေကြီးသည် ကျွန်မတို့သားအမိအား နေရာပေးရှာပါ၏။ မေကြီးနှင့် အခြားသား၊သမီးများကလည်း ဖေကြီး၏သြဇာအတိုင်း တည်ကြသည်သာဖြစ်ပါသည်။
                        မည်သို့ဆိုစေ ကျွန်မတို့သားအမိ ခမျာမှာတော့ အနေအစား ကျဉ်းကျပ်သိမ်ငယ်ခဲ့ရတာ အမှန်။ မေမေက ဘ၀ကို နာကျည်းတတ်လာသည့်အခါ ကျွန်မအတွက် အိပ်ယာဝင်တေးများသည် ကြားဖူးနားဝ သားချော့တေးများ မဟုတ်ခဲ့ပဲ  အနောက်နန်းမတော်မမြကလေး၏ ‘ပြာပြာညိုယောင်’ ပတ်မျိုးသာ ဖြစ်ခဲ့တော့သည်။
“ မမြကလေးထက်စာရင်တော့  မေမေက တော်ဦးမှာပေါ့။ သူ့ခေတ်အခါအရဆို လက်ဝဲ၊ လက်ယ်ျာစံ မဟုတ်ခဲ့ပေမယ့် မေမေက အရှေ့နန်းလောက်တော့ စံရဦးမှာ မဟုတ်လား။ ဒါပေမယ့် သမီးရယ်။ ဘယ်ဇနီးမယားပဲ ဖြစ်ဖြစ် ကိုယ့်ခင်ပွန်းသည်ရဲ့ တစ်ဦးတည်းသောမူပိုင်သာ ဖြစ်လိုဆန္ဒရှိကြမှာပါ”
                        ထိုစကားကို မေမေက ဖေကြီးကြားသာနိုင်သော အခြေအနေမျိုးမှာ ပြောတတ်လေ့ရှိခဲ့တာဖြစ်သည်။ ဖေကြီးက ကျွန်မ စိတ်အနာ ကြီးမားသွားမှာ ပူပန်စိုးရိမ်ဟန်ဖြင့် မေမေ့အား ချော့မော့ဟန့်တားလေ့မြဲ။  ဒါပေမယ့် ကျွန်မက အရွယ်နှင့်မမျှအောင် နားလည်လွန်တတ်နေခဲ့ပြီ။
                        ကျွန်မသည် မေမေ၏ တစ်ဦးတည်သောသမီး ဖြစ်ခဲ့သော်လည်း ဖေကြီးနှင့်ပတ်သက်လျှင်တော့ အလယ်အလတ်ခံရသူသာ ဖြစ်ခွင့်သာခဲ့ပါသည်။ ဖေကြီး၏ ချစ်ခြင်းမေတ္တာမိုးတွေ ဘယ်လောက်ပဲ ပုံအောသွန်ကျဲနိုင်သည်ဖြစ်စေ ကျွန်မ ရရှိခံစားခွင့်ရှိသည့် ဝေစုကတော့ အကြီးဆုံးမမကြီးနှင့် အငယ်ဆုံးမောင်လေးတို့ တစ်ဝစားသုံးယူငင်ပြီးမှ ကျန် မောင်နှမများနှင့် ခွဲဝေရောင့်ရဲရနိုင်တာ မဟုတ်လား။
                        ဤ​လောက ကမ္ဘာမှာ ကျွန်မ လောဘတကြီး လိုချင်တောင့်တဆုံးသောအရာမှာ တစ်စုံတစ်ယောက်ထံမှ ကျွန်မအပေါ် ပုံအောထားရှိနိုင်မည့် ချစ်ခြင်းမေတ္တာများဟုဆိုလျှင် စာနာနားလည်ကြစေချင်ပါသည်။
                        *********
                        (လေး)
                        ကျွန်မ၏ ဘ၀တစ်လျှောက်လုံးမှာ ငတ်မွတ်တောင့်တခဲ့ရသော ချစ်ခြင်းမေတ္တာတို့အတွက် မောင့်ထံမှ ရင်းစားမက ပိုလျှံစွာ ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ခဲ့မိသည်။ ယနေ့တိုင် ရူးနှမ်းစွာ ယုံကြည်မျှော်လင့်နေဆဲလည်း ဖြစ်ပါသည်။
                        သို့သော် ကျွန်မ၏ နိမ့်ကျကံဆိုးမှု သတင်းငွေ့ငွေ့တို့ကို မောင်နှင့် ကျွန်မတို့၏ အိမ်ထောင်သက် တစ်နှစ်ကျော်ကာလ ရောက်လေမှ ကျွန်မ ရိပ်မိသိတတ်နိုင်ခဲ့တာ ဖြစ်ပါသည်။ စေ့ငုမိသမျှ ဟိုတစ်စ၊ သည်တစ်စကို စုစည်းခြုံငုံမိသောအခါ  ကျွန်မ ဇာတ်ရည်လည်ခဲ့ပြီ။ ကျွန်မ အမှန်တကယ် ကံဆိုးခဲ့ပြန်ပြီ ဖြစ်ပါသည်။
                        တကယ်တော့ မောင့်မှာ ချစ်တတ်သမျှ ချစ်ခြင်းအားလုံးကို ပိုင်စားရရှိခဲ့သူမှာ ကျွန်မဖြင့် မဟုတ်ပေပဲ။ ထို ကံကောင်းသူကလေးကတော့ မမရည်ပင် ဖြစ်နေခဲ့သည်တဲ့လေ။ (မမရည်တို့ မနာလိုချင်စရာ ကံကောင်းပုံကတော့  ကိုကိုကြီးထံမှရော..၊ မောင့်ထံမှပါ အရူးအမူး စွဲလန်းချစ်မြတ်မှုအားလုံးကို ပိုင်စားရရှိနိုင်ခဲ့သည်တဲ့လေ။ ) မမရည်၏ ရွေးချယ်မှုကတော့ မောင်သာဖြစ်ခဲ့ပြီး မောင့်ထံသို့သာ ချစ်မြတ်မှုအားလုံးကို တုန့်ပြန်နှင်းဆက်ခဲ့လေသည်။
                        ဒါပေမယ့် မောင်နှင့် မမရည်တို့၏ ကိန္နရာချောင်ခြား ဇာတ်လမ်းမှာ ကိုကိုကြီးသည် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်ပတ်သက်ခဲ့ပြန်သည် မသိပါ။ ကိုကိုကြီးသည် ဗီလိန်နေရာမှ ပါဝင်ပတ်သက်ခဲ့တာဖြစ်ရမည်ဟု ကျွန်မ ဥာဏ်မီသမျှ တွေးကြည့်မိခဲ့သည်။ ကိုကိုကြီးနှင့် မောင်တို့၏ မိဘနှစ်ပါးကတော့ ကိုကိုကြီးနှင့် အလိုတူအလိုပါ၊ သားကြီးဘက်မှ ဘက်ပင်းခဲ့ကြပေလိမ့်မည်။
                        မမရည်ကလည်း နှစ်ဘက်သောမိဘများအတွက် သမီးအလိမ္မာအဖြစ် ဇွတ်မှိတ်ခံယူခဲ့ချိန်မှာတော့ မောင်တစ်ယောက် သွေးပျက်မတတ် ရူးသွပ်ခံစားခဲ့ရရှာပေလိမ့်မည်ဟု ကျွန်မ သနားကြင်နာရသေးသည်။
                        ထိုအချိန်မှာ ကျွန်မက အဖြည့်ခံနေရာကို မသိနိုးနားရောက်ရှိလာကာ မောင်နှင့် ပတ်သက်ခဲ့ရတော့တာ..။
                        ထိုအကြောင်းခြင်းရာ အားလုံးကို ကျွန်မ စောစီးစွာ ရိပ်မိသိတတ်နိုင်ခဲ့လျှင် သားပေး၊ သမီးယူ ကြည်ဖြူခဲ့ကြသော မောင့်မိဘနှစ်ပါးနှင့် ဖေကြီးတို့ကို ပြစ်တင်စွတ်စွဲကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပစ်ခဲ့မိမည် ထင်သည်။
                        ထိုစဉ်ကတော့ ကျွန်မအား ‘ဖေကြီးရဲ့ သမီး’ ဆိုသော အကြောင်းအချက် တစ်ခုတည်းနှင့်ပင် လိုလားကြည်ဖြူစွာ စပ်ဟပ်ကမ်းလှမ်းလာခဲ့ကြသော မောင့်ဖေဖေနှင့် မေကို နှစ်လိုလေးစားမိခဲ့သေးသည်။ ဖေကြီးအပေါ်မှာလည်း ကျွန်မတစ်သက်တာ ခံစားလာခဲ့ရသမျှ စိတ်ဒဏ်ရာတို့အတွက် မောင့်အားပိုင်ဆိုင်ခွင့် တစ်ခုတည်းနှင့်ပင် ပြေအေးကြည်လင်ခဲ့မိတော့တာ ဖြစ်သည်။
                        ကျွန်မက မောင်နှင့် ပတ်သက်၍ ထိုမျှအထိ ရူးသွပ်ခဲ့ဖူးတာ ဖြစ်ပါသည်။
                        ***********
                        (ငါး)
                        တကယ်လို့သာ…
                        မောင်တို့ ကိုကိုကြီးတို့၏ မိဘနှစ်ပါးသည် ရှေ့ဆင့်နောက်ဆင့် ဆုံးပါးကွယ်လွန် မသွားခဲ့ကြဘူး ဆိုလျှင်……
                        ကိုကိုကြီးလည်း ခရီးလမ်းတစ်ခုမှာ ကားအက်ဆီးဒင့်ဖြင့် သေလွန်မသွားခဲ့ဘူးဆိုလျှင်…….
                        ကျွန်မ ခုလို ၀န်တိုပူပန်မှုတွေ ခံစားဖိစီးနေစရာ အကြောင်းမရှိပါ။
                        ထို့ပြင် မောင်တို့၏ မိဘများရှိကြစဉ် အခါကတည်းက မောင်နှင့် ကျွန်မက မောင့်မိဘများနှင့် တစ်အိမ်တည်း အတူနေပြီး ကိုကိုကြီးနှင့် မမရည်တို့က ခြံဝန်းကျယ်ကြီးထဲရှိ မလှမ်းမကမ်းမှာပုံစံတူ တစ်ထပ်တိုက်ကလေးနှင့် နေထိုင်ခဲ့ကြသော အစဉ်အလာသည် အလွန်တရာ ဆိုးရွားသော (ဖျက်ပြင်ရန် မလွယ်ကူတော့သော) မနှစ်မြို့နိုင်စရာ အခြေအနေပဲ ဖြစ်ပါသည်။
                        မမရည်၏ ခေါင်းမာမှု၊ ဇွတ်တရွတ်ဆန်မှုများကတော့ ကျွန်မ၏ သံသယ အကြိတ်အခဲကို ပိုမိုရင့်သန်စေရန် အကူအပံ့များပဲ ဖြစ်တော့သည်။
                        ************
ဝတ္ထုတိုက နည်းနည်း ရှည်သွားတော့ နှစ်ပိုင်းခွဲတင်လိုက်ရတာ နားလည်ပေးကြပါဦး။ ဒုတိယပိုင်း ဆက်တင်ပေးပါ့မယ်။
Wednesday, October 5, 2011
လေပြေထဲက ရနံ့ဆိုးများ
\http://www.gigleader.com/pics/4a938d57fd4512a8dc65d50ebd99a0df.jpg
ခုတလောအတွင်းမှာ သွားလေရာ ရှောင်မလွတ်နိုင်သော သီချင်းကလေးတစ်ပုဒ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရသည်ဟု ဆိုလျှင် နီလာနီ့ကို မနာလိုစိတ်ကြီးမားသူအဖြစ် အထင်လွဲကြဦးမည်။ နီလာနီ့မှာ ၀န်တိုပူပန်သော မစ္ဆရိယစိတ်အတွေး မရှိတာ ကျိန်တွယ်၍ ဆိုဝံ့ပါသည်။ သူတပါး၏ အောင်မြင်မှုကိုလည်း မုဒိတာပွားနိုင်ပါ၏။
                     တစ်ခါကတော့ တေးရေးဆရာသည် ထိုသီချင်းကို  နီလာနီ ဆိုဖို့ရန် နီလာနီ့အတွက် တည်ရေးပေးခဲ့တာဖြစ်ပါသည်။ ထိုသီချင်းကို နီလာနီ ဆိုစေချင်သောစေတနာ သူ့မှာ အမှန်တကယ်ပင်ရှိခဲ့တာ နီလာနီက အကြွင်းမဲ့ ယုံကြည်ပါ၏။ သီချင်းလေးက ပရိတ်သတ်အများကြားမှာ ပေါက်မှာအသေအချာဟူ၍ မျှော်လင့်နေခဲ့သေးသည်။
                        သို့ပေမယ့် ကံဖယ်ခဲ့သည်။ 
နီ.. ၀မ်းနည်းရပါသည်။
တကယ်က နီလာနီကိုယ်တိုင် ထိုသီချင်းကို  ရူးမိုက်စွာ ငြင်းဆန်မိခဲ့တာဖြစ်သည်။
                        နီလာနီ၏ ငြင်းဆိုမှုအတွက် သူလည်း အလွန်ဝမ်းနည်းထိခိုက်ခဲ့ရမည် ထင်ပါသည်။ ရှက်ရွံ့ဒေါသများကိုတော့ နီလာနီ သိအောင် ဖော်ပြခဲ့သေးသည်။ နီလာနီ စိတ်မကောင်းပါ။ 
                        တကယ်တော့ နီလာနီလည်းပဲ သူရေးပေးသော သီချင်းကို ဆိုခွင့်ရချင်၊ ဆိုချင်ခဲ့သည်မှာ အရူးတစ်ပိုင်း ဖြစ်နေခဲ့တာပင်။ သို့ပေမယ့် ထိုသီးချင်းကိုတော့ နီလာနီက ငြင်းပယ်ခဲ့သည်။ ငြင်းမှလည်း ဖြစ်မည်ဟု ခိုင်မာစွာ ဆုံးဖြတ်ခဲ့ပြီးလည်း ဖြစ်ပါသည်။
“မင်း.. ငါ့ကို ဘယ်တော့မှ သီချင်းမအပ်နဲ့တော့”
                        သူ ပေါက်ကွဲသောအခါ နီလာနီ ၀မ်းနည်းခဲ့ရသည်။
“ကိုသိုက်မှာ တခြားသီချင်းတွေ ရှိသေးတယ် မဟုတ်လား။ အဲဒါတွေထဲက နီနဲ့ လိုက်မယ့် တစ်ပုဒ်ပေးလေ”
                        မျက်နှာအောက်ချကာ အယူခံဝင်ကြည့်သေးသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရပါသည်။ သူ့ သီချင်းအား ငြင်းပယ်ခဲ့မိသည့်အတွက် ဒီတစ်သက်  နီလာနီ့အား အခဲမကျေနိုင်တော့ဘူး ထင်ပါသည်။ သူ့ဘက်က ကြည့်လျှင်လည်း မှန်ချင်မှန်မှာဟု နီလာနီက ဖြည့်တွေးပေးနိုင်ပါသည်။ သူသည် လက်ရှိ ဂီတလောက လမ်းကြောင်းပေါ်တွင် တေးရေးဆရာအဖြစ် နေရာရစ ပြုနေပြီ။ တစ်နှစ်၊ နှစ်နှစ်အတွင်း ထွက်လာသော စုပေါင်းခွေတချို့မှာ၊ မိန်းကလေး အဆိုတော်တစ်ယောက်၏ တစ်ကိုယ်တော်ခွေမှာ သူ့သီချင်းလေးတွေ ပေါက်ခဲ့သည်။
                        သူ့လို နာမည်ရစ တေးရေးဆရာတစ်ယောက်ကို သီးချင်းတစ်ပုဒ်တလေမျှ ဆိုဖူးရုံ၊ ရီကောဒင်းအခန်းကိုပင် သူ့ကျေးဇူးကြောင့် တစ်ခေါက်တကျေးမျှ ရောက်ဖူးရုံရှိသော အဆိုတော်ရူး နီလာနီက စောဒက တက်ဝံ့ခဲ့သည့် အဖြစ်ကို သူ ခံပြင်းလေသလားမသိ။ ပြီး.. သူ့သီချင်းကို နီလာနီက မတတ်တတတ်ဖြင့် ဝေဖန်ခဲ့သေးသည်။
“ကိုသိုက် စာသားတွေကလည်း”
                        သူ မျက်မှောင် ကုတ်သွားသည်။ နီလာနီက သူ့ဆရာ နားခံသာစေမည့် အညင်သာဆုံးစကားလုံးတွေကို အလျှင်အမြန် ရွေးစီလိုက်ရသည်။
“ တအားလန်းလွန်းတယ်”
“ညည်းကြိုက်တတ်တဲ့ မယ်လိုဒီကိုလည်း ကြည့်ဦးလေ။ ဒီလို စားသားမျိုးတွေနဲ့မှ လိုက်မှာပေါ့”
                        နီလာနီက ဆရာရွှေဂျော်ဂျော်၏ စာသားတွေနှင့် နီနီခင်ဇော်၏ ဆိုဟန်ကို အရူးအမူးအာရုံကျနေခဲ့တာ ဖြစ်သည်။ ဆရာ့ စာသားများသည် ခေတ်ကို ထင်ဟတ်လျှက် အလွန်လတ်ဆတ်လှပလွန်းနေသည်။ နီနီခင်ဇော်သည်လည်း အဆိုသင်တစ်ယောက် ဘ၀မှာပင် ၀ါရင့်အဆိုတော်ကြီးအလား အဆိုပညာလိမ္မာထူးချွန်လွန်းလှသည်။ ပါရမီရှင်သည် ဆရာကောင်းတို့နှင့် ဆုံခွင့်ရသောအခါ အရောင်တလက်လက် ပွဲဝင်လှခဲ့တော့တာ အံသြစရာမရှိပါ။ နီလာနီ အားအကျကြီး ကျနေမိခဲ့တာ ကိုသိုက်လည်း ရိပ်မိနားလည်နေပုံပင်။
                        နီလာနီတစ်ယောက် ဂုဏ်သိက္ခာအဆင့်အတန်းတစ်ခု သတ်မှတ်နိုင်သော အဆိုပြိုင်ပွဲတချို့မှာ လျှောက်လွှာဝင်တင်ကာ ပြိုင်ပွဲဝင်ဖြစ်ခဲ့သေးသည်။ အတွေ့အကြုံတွေ ရခဲ့သည်။ ပညာတစ်ချို့လည်း ရခဲ့သည်ပင်။ နီလာနီသည် အဆိုပြိုင်ပွဲ တစ်ခုမှာ LEVEL3 အဆင့်အထိ တက်လှမ်းနိုင်ခဲ့ချိန်တွင် ကိုသိုက်နှင့် ရင်းနှီးပတ်သက်ခွင့် ရခဲ့တာပဲ ဖြစ်ပါသည်။
                        ကိုသိုက်က သီချင်းရေးသူတစ်ယောက် အဖြစ်သာမက တေးစီးရီးတစ်ချို့ကိုပါ စီစဉ်ဖြစ်နေပါသည်။ ပရိုဂျူဆာတချို့က အကူအညီတောင်းသောကြောင့် မလွှဲရှောင်သာစွာ ကူညီပေးရင်း စီစဉ်သူလမ်းကြောင်းပေါ်သို့ ရောက်လာရသည်ဟု ကိုသိုက်စကားများအရ သိရပါသည်။ ဗယ်လင်တိုင်းဒေးအမှတ်တရ အတွက် ကိုသိုက်စီစဉ်နေသော စုပေါင်းခွေတစ်ခွေမှာ နီလာနီ ပါဝင်ခွင့်ရခဲ့တာ ကိုသိုက်၏ ကျေးဇူးကြောင့် ဖြစ်ပါသည်။ သည်စဉ်တုန်းကလည်း နီလာနီက ကိုသိုက်၏ သီချင်းကိုသာ ဆိုဖြစ်ခဲ့တာပင်။ ထိုအခွေလေးသည် ပရိတ်သတ်ကြားသို့ အတန်အသင့်မက  ပျံနှံ့ခဲ့ပုံရပါသည်။ လိုက်ဖ်ရှိုးပုံစံ ဗွီစီဒီပါရိုက်သေးသည်ဖြစ်ရာ မူရင်းခွေထက် ခိုးကူးဒီဗွီဒီကလေးတွေက နိုင်ငံအ၀ှမ်း ပျံ့နှံတွင်ကျယ်သွားခဲ့တာ ကျေးဇူးတင်စရာပင်။ စီးရီးတွင် ပါဝင်သော နီလာနီတို့တတွေကို လူတွေ အထိုက်အလျှောက် သိသွားခဲ့သည်။ နီလာနီသည်ပင် ဧည့်ခံပွဲနှင့် နယ်ရှိုးပွဲ တစ်ချို့တစ်လေမှာ ရှေ့ဆုံးမှထွက်ကာ သီချင်းတစ်ပုဒ်စ၊ နှစ်ပုဒ်စဆိုရင်း ပရိတ်သတ်ထိန်းနေရပြီ။ 
ခုတစ်ကြိမ်မှာလည်း ပထမစီရီးတွင် ပါဝင်သူအားလုံးနှင့် ကံစပ်သည်ဟု ယုံကြည်သွားသော ပရိုဂျူဆာက ဒုတိယစီးရီးအတွက် စီစဉ်ရန် ကိုသိုက်ကိုသာ အားကိုးတကြီး ပုံအပ်ပြန်တော့သည်။ ထိုအခွေမှာ နီလာနီက သီချင်းနှစ်ပုဒ် ဆိုခွင့်ရမည်ဟု ကိုသိုက်က အခွင့်အရေးပေးလာပါသည်။   ကျေးဇူးတင်ရသည်။ သို့သော် ထို ကျေးဇူးတရားသည် အချစ်တစ်ခု နေ့ချင်းညချင်း  ဖြစ်ထွန်းပေါ်ပေါက်စေနိုင်သည် အထိတော့ ခရီးမရောက်စေချင်ပါ။ နီလာနီသည် ကိုသိုက်အား လေးစားပါသည်။ အခြားတကာသော ယောက်ျားတို့ထက်လည်း ခင်မင်တွယ်တာ ရပါ၏။ ဒါပေမယ့် ချစ်ရေးမလွယ်ချင်သေးပါ ကိုသိုက်ရယ်။
ကိုသိုက်သည် စကားနည်းသူ ဖြစ်သည်။ လူမှုရေး ကျေညက်သော်လည်း မည်သူ့ကိုမျှ လိုအပ်သည်ထက်ပိုမိုကာ ရောနှောလုံးထွေးနေလေ့မရှိတာ သတိထားမိပါသည်။ နီလာနီတို့လို အဆိုတော် ပေါက်စကလေးမတစ်ချို့သည် ကိုသိုက်တို့အား လေးစားချစ်ခင်ရင်းစွဲထက်ပိုသော မျက်နှာသာပေးမှုမျိုးတွေကိုလည်း ရှိတတ်တာ ကိုယ်တိုင်မြင်တွေ့နေရသည်ပင်။ ကိုသိုက်ကတော့ ဘယ်သူ့ကို မဆို မျှမျှတတ၊ အေးအေးမှန်မှန်မို့ နီလာနီက ကျိတ်၍ အမှတ်ပေးကာ လေးစားနေခဲ့မိတာတော့ ၀န်ခံရမည်ပင်။ ဒါကြောင့်လည်း ကိုသိုက်၏ သီချင်းတွေကို ယုံကြည်ခဲ့တာ ဖြစ်ပါသည်။
ခုတော့ ကိုသိုက်၏ သီချင်းသည် ခေါင်းစဉ်ကတည်းကပင် ဘာလိုလို။ စာသားတွေကလည်း လူရွှင်တော်တစ်ချို့၏ ခါးအောက်ပိုင်း ပျက်လုံးတွေလောက် တစ်တစ်ခွခွမဟုတ်သော်လည်း အဓိပ္ပါယ်နှစ်ခွထွက်အောင် တွေးယူရနိုင်သည်။ ထိုကဲ့သို့သော သီချင်းစာသားတွေကို အချို့ ရေးနေ၊ ဆိုနေကြတာ နီလာနီလည်း နား၊မျက်စေ့နှင့်မို့ မြင်ရ၊ ကြားနေရပါသည်။ လူငယ်ကလေးတွေကြားမှာလည်း ပျံ့နှံ့လွယ်နေတာခဲ့တာ အသိပင်။ အချို့တွေ လိုက်ပါအော်ဟစ် ဆိုညည်းတတ်ကြတာလည်း ကြားနေရသည်ပင် မဟုတ်လား။  ဒါပေမယ့် ဒီစာသားမျိုးတွေကို ကိုသိုက်ရှေ့မှာ နီလာနီက ဘယ်လို မုဒ်မျိုးနှင့် ဆိုပြရဲမည်လဲ။ မျက်နှာပြောင်နှင့် ဆိုပြ၀ံ့လောက်အောင် နီလာနီ့တွင်သတ္တိမရှိပါ။
“ကိုသိုက်။ နီ့ကို သီချင်းပြောင်းပေးပါ”
                        အရဲစွန့်ကာပြောမိသောအခါ ကိုသိုက် မျက်နှာပျက်လေသည်။ သီချင်းဂီတဆိုတာ လူသားတွေရဲ့ စိတ်နှလုံးကို ညှို့နိုင်စွမ်းသော အရာတစ်ခု မဟုတ်ဘူးလား ကိုသိုက်ရယ်။ နီက နီဆိုသော သီချင်းကြောင့် သူတို့ရဲ့ ရင်ထဲက ခွန်အားနှင့် ကောင်းသော ခံစားတွေးမြင်မှုတွေ လင်းပွင့်စေချင်မိတာ ဖြစ်သည်။ နှလုံးသားတွေလည်း နူးညံ့သန့်စင်စေချင်ပါသေးသည်။
“နီ..။ နီ မဆိုရဲဘူး”
                        ခေါင်းငုံ့လျှက် ခပ်တိုးတိုးဆိုမိလျှင် ကိုသိုက် ပေါက်ကွဲခဲ့လေသည်။ 
        နီ…. ကိုသိုက်အနီးမှ ပြေးထွက်ခဲ့ရပါသည်။ သို့ပေမယ့် သီချင်းသံစဉ်တွေကြားက ဒီကမ္ဘာငယ်ထဲကတော့ ထွက်မပြေးနိုင်သေးဘူး။ ရုန်းမထွက်ချင်ပါဘူး။ နီ.. သီချင်းတွေကို ချစ်ပါသည်။ သီချင်းတွေ ဆိုချင်နေသေးသည်။
သို့ပေမယ့် ခုတလောအတွင်းမှာ သွားလေရာ ရှောင်မလွတ်နိုင်သော သီချင်းကလေးတစ်ပုဒ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရသည်ဟု ဆိုလျှင် နီလာနီ့ကို မနာလိုစိတ်ကြီးမားသူအဖြစ် အထင်လွဲကြဦးမည်။ နီလာနီ့မှာ ၀န်တိုပူပန်သော မစ္ဆရိယစိတ်အတွေး မရှိတာ ကျိန်တွယ်၍ ဆိုဝံ့ပါသည်။ သူတပါး၏ အောင်မြင်မှုကိုလည်း မုဒိတာပွားနိုင်ပါ၏။
နီလာနီ ကိုယ်တိုင်အတွက်တော့ ထိုသီချင်းမျိုးတွေ ဆိုမှသာ သီချင်းဆိုခွင့်ရမည်ဆိုလျှင် ကိုယ့်လျှာကို ကိုယ်တိုင်ကိုက်ဖြတ်ပစ်လိုက်တော့မည်။      ။