Thursday, March 3, 2011

ဆုံမှတ်တစ်ခုဆီမှ….

တကယ်တော့ ဒီနေရာလေးမှာ မတစ်ယောက် ရှိနေနှင့်ခဲ့လို့သာ ကျွန်မတို့တတွေ နေပျော်ခဲ့ကြတာဖြစ်ပါသည်။ မဟုတ်လျှင်တော့ ဒီနေရာလေးဟာ အကျယ်ချုပ် အကျဉ်းကျနေတာနှင့် မခြား စိတ်လေခြောက်ခြားစရာ ကောင်းနေမည်လားမသိ။

စရောက်သည့်နေ့ကစလို့ ကျင့်ကြံလိုက်နာစရာစည်းမျဉ်းများ၊ ရှောင်ရှားရမည့် အမူအကျင့်များ၊ အပြုအမူများ၊ အချိန်ဇယားများ စသည်ဖြင့် ခေါင်းနောက်စိတ်လေချင်စရာချည်းပင်။ ဆယ်တန်းစာမေးပွဲကြီးကို ထူးထူးချွန်ချွန် အောင်ချင်စိတ်တစ်ခုကြောင့်သာ ဒီနေရာသို့ ရောက်လာခဲ့တာဖြစ်သည်။ တကယ်ဆို ကျွန်မ…မေမေနှင့်ခွဲချင်ခဲ့တာ မဟုတ်။ အတူနေစဉ်က သိပ်မတည့်လှသော ညီမလေးကိုလည်း ခုတော့ လွမ်းရကောင်းမှန်းသိနေပြီ။

``တိုတွေက အရင်ဘ၀တုန်းက ရေစက်ရှိခဲ့ကြလို့သာ တစ်နေရာစီကနေရောက်လာပြီး ဒီမှာ တစ်စုတစ်ဝေကြီးနေရဖို့ အကြောင်းဖန်လာတာပေါ့။ ဒါပေမယ့် ခုလိုနေခွင့်ရမှာက အကြာကြီးလည်း မဟုတ်ဘူး။ ဒီစာသင်နှစ် တစ်နှစ်တည်းပဲ။ ပျော်စရာတွေလည်း ရှိမယ်။ စိတ်ညစ်စိတ်ရှုပ်စရာတွေလည်း ရှိမှာပေါ့။ ဒါပေမယ့် တို့…ညီအစ်မတတွေ စုစုစည်းစည်း တိုင်တိုင်ပင်ပင်၊ ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကြမယ်။

သူမ၏ အရပ်အမောင်းက ကျွန်မတို့တတွေထက် အနည်းငယ်မျှသာ မြင့်ပေလိမ့်မည်။ အသားဖြူဖြူ ပိန်သွယ်သွယ်ကလေးမို့ ကျောင်းသူမတွေနှင့် သိသာစွာ မခြားနားလှ။ ကျောလယ်ထိရှည်သော ဆံပင်ကို နောက်သို့စုသိမ်းကာ ကလစ်တစ်ခု၊ သို့မဟုတ် ခေါင်းစည်းကြိုးတစ်ချောင်းနှင့် ထာဝစဉ် စည်းနှောင်ထားတတ်သည်။ သူမ၏ မျက်ဝန်းကြည်ကြည်လေးတွေက နူးညံ့ခြင်း အရိပ်တစ်မျိုး ယှက်သန်းနေလျှက်။ ပန်းသွေးရောင်နှုတ်ခမ်းပါးများကတော့ နွေးထွေးစွာ ပြုံးနေခဲ့လေသည်။

ကျွန်မတို့အားလုံးက သူမကို မ..ဟု တစ်လုံးတည်းအဖျားဆွတ်ကာ ချစ်နိုးစွာခေါ်ခဲ့ကြပါသည်။ မကလည်း ကွန်မတို့အားလုံးကို လိုအပ်သောတစ်ခါတစ်ရံမှလွဲလျှင် နာမည်အရင်းအတိုင်း ခေါ်ခဲလှသည်ပင်။ ဘယ်သူ့ကိုမဆို ညီမလေးဟုသာ ကြင်နာနွေးထွေးစွာ နူးနူးညံ့ညံ့ခေါ်ပြောဆက်ဆံတတ်ခဲ့တာဖြစ်သည်။
``ဘာအကြောင်းပဲ ရှိရှိ မကို အသိပေးပါ။ တိုင်ပင်ပါ နော်။ မ..ညီမလေးတို့ကို ကိုယ့်ညီမလေးအရင်းတွေလို တစ်နှစ်လုံး စောင့်ရှောက်မှာ

မိန်းကလေးတချို့ နှာခေါင်းရှုံ့လိုက်ကြတာ သူမလည်းမြင်လိုက်ရပါလျှက် မသိသလို မျက်နှာလွှဲလိုက်လေသည်။ ကျွန်မလည်း ရောက်စကတော့ သူမကို သိပ်ပြီး ယုံကြည်လို့မရခဲ့ပေ။ သူမဟာ study guide တစ်ယောက်အဖြစ် ကျွန်မတို့နှင့် နေ့နေ့ညည တစ်နှစ်တာလုံးအနီးကပ်ရှိနေမည့်သူဖြစ်သည်။ ဘာသာရပ်တွေကို သင်ယူရာမှာ အခက်အခဲတွေ့လျှင် သူမက လမ်းညွှန်ပြသနိုင်ပေလိမ့်မည်။ အချိန်ဇယားအတိုင်း နေ့စဉ်ပုံမှန် စာစစ်ပေးဦးမည်။ ဒါပေမယ့် ကျွန်မတို့တတွေ ဆရာများ၏အလစ်မှာ တစုံတရာ စည်းကမ်းဖောက်ဖျက်မိလျှင်၊ အပြစ်လုပ်မိလျှင်တော့ အုပ်ချုပ်သူဆရာမကြီးထံ အသိပေး တိုင်ကြားဦးမှာ မဟုတ်လား။

သို့ပေမယ့် ဒီနေရာသို့ရောက်ပြီး ရက်အနည်းငယ်အတွင်းမှာပင် ကျွန်မတို့အားလုံး အသားတကျနေပျော်သွားကြတော့ပြီ။ ရောက်စက ညအိပ်ယာဝင်လျှင် စောင်ခေါင်းမြီးခြုံကာ တိတ်တိတ်ကျိတ်ငိုတတ်ကြသူတွေတောင် ခုတော့ အိပ်ယာထဲမှာ ရေပက်မ၀င်တွတ်ထိုးရင်း တခစ်ခစ် လုပ်နေတတ်ပြန်တာမို့ မက ခဏခဏ သတိပေးရင်း ဟန့်တားခြောက်လှန့်နေရပြီ။ မကို ရောက်စကလောက် မရှိန်တော့သော်လည်း သူ့စကားတော့ နားထောင်မှဖြစ်မည်ဟု အားလုံးက စိတ်ဝမ်းလက်ညီ နားလည်လက်ခံမိနေပြီ။ ကိုယ့်ရဲ့ ဘာသာရပ်ဆိုင်ရာ သင်္ခန်းစာအခက်အခဲများ၊ တစ်ကိုယ်စာလိုအပ်ချက် အသေးအမွှားကလေးများမှသည် နာဖျားမကျန်းကိစ္စအထိ ချက်ချင်းရင်ဖွင့်ပြောပြနိုင်သောသူက မတစ်ယောက်တည်းသာ မဟုတ်လား။ ပြီး လိုအပ်သလို အလေးဂရုပြု ဖြည့်ဆည်းပြုစုတတ်သူကလည်း မပဲဖြစ်နေပြန်ပါသည်။ အုပ်ချုပ်သူဆရာမကြီးနှင့် ဘာသာရပ်သင်ဆရာများကို စကားတစ်ခွန်းတိုက်ရိုက်ပြောဖို့ရန်ကျတော့ ကျွန်မတို့ကျောင်းသူမတွေက နှုတ်နှေးတွန့်ဆုတ်နေကြသေးတာဖြစ်သည်။ လိုအပ်လျှင် မက သူကိုယ်တိုင် သက်ဆိုင်ရာ ဆရာတို့ထံ အသိပေးလေ့ရှိပါသည်။ အခါများစွာကတော့ သူသာတာဝန်ခံကာ လူစေ့တက်စေ့ကို ထောင့်စေ့အောင် တာဝန်ယူပေးတတ်လေ့မြဲ။

မကိုတော့ ကျွန်မတို့တတွေက အချိန်တိုအတွင်းမှာပင် ရင်းနှီးကျွမ်းဝင်နေမိကြတော့တာ။ လိုအပ်တာ၊ လိုချင်တာမှန်သမျှ သူမထံတွင်သာ ရင်ဖွင့်အရေးဆိုနေမိကြတော့တာ။ သူမကလည်း ကျွန်မတို့မိန်းကလေးတွေအားလုံးကို ချော့တစ်ခါ၊ ချောက်တစ်လှည့်ဖြင့် သူလိုရာရောက်အောင် အလျှော့အတင်းညီညီ ကိုင်တွယ်နိုင်သူဖြစ်လေသည်။

********
မက အင်္ဂလိပ်စာ အဓိကဖြင့် ကျောင်းပြီးခဲ့သူဟု သိရပါသည်။ နောက်ဆုံးနှစ်မှာ ကွာလီဖိုင်းတောင် ၀င်ခဲ့သေးသည်တဲ့။

``မကလည်း မဟာဆက်တက်ပြီး တက္ကသိုလ်မှာ ဆရာမပြန်လုပ်ပါတော့လား။

ကိုယ်ဖြစ်စေချင်တာပဲ ဇွတ်တရွတ်ပြောနေမိသော ကျွန်မကို အရိပ်အကဲနားမလည်တတ်သူဟု ကျွန်မ၏ သူငယ်ချင်းမ ဆွေက စွတ်စွဲခဲ့လေသည်။

``ဟိုမှာ မျက်နှာပျက်သွားတာ နင်မတွေ့လိုက်ဘူးလား။ သူလည်း မတက်ချင်ပဲ နေမလား။ အကြောင်းအမျိုးမျိုးကြောင့် ဒီကိုရောက်လာတာ ရှိမှာပေါ့
ကျွန်မသာဆိုလျှင်တော့ ကိုယ်လုပ်ချင်တဲ့အရာကိုသာ နောက်မဆုတ်တမ်း၊ မငဲ့မကွက် လုပ်မှာပင်။ မလွှဲကင်းသာစွာ လုပ်ရသောအလုပ်မျိုးတော့ စိတ်ကို မ၀င်စား။

``ဟဲ့… မိုး။ နင် တယ်ခက်ပါလား။ ဒါ မရှိရင် နင်လုပ်ချင်တာ ဘာမှ လုပ်လို့ မရဘူးဟဲ့

ဆွေက အရန်ကောဟူသည့် အမူအယာအပြည့်ဖြင့် ကျွန်မကို သူငယ်နှပ်စားလိုကြည့်ကာ လက်မနှင့် လက်ညှိုးကလေးကို ကွေးဝိုင်းပြလေသည်။

``မက ဆယ်တန်းတုန်းကလည်း ဂုဏ်ထူးသုံးခုပါခဲ့သေးတာတဲ့။ ဆရာဝန်ဖြစ်ဖို့လည်း စိတ်ကူးယဉ်ခဲ့သေးတယ် ထင်တယ်။ ဒါပေမယ့် သူကတော့ ဆရာဝန်မဖြစ်ချင်ပါဘူးတဲ့။ စာသင်ရတာပဲပျော်တယ်။ ဆရာမပဲဖြစ်ချင်တယ်တဲ့
``စပျစ်သီးချဉ်တယ်ပြောနေတာနေမှာပေါ့ ဟယ်…

တကယ်တမ်းမှာ မတစ်ယောက် ဆရာဝန်ဖြစ်ချင်ခဲ့လျှင်တောင် သူမမှာ မိဘကျောထောက်နောက်ခံ တောင့်တင်းပုံမရပါ။ မတို့အဖေက အစိုးရဌာနတစ်ခုမှ အရာရှိဟောင်းကြီးတစ်ဦးဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် ကျန်းမာရေးကြောင့်ပင်စင်ယူလိုက်ရသည်ဟု ပြောကြသည်။ အမေကတော့ ကုန်စုံဆိုင်ကလေး ဖွင့်ထားသည်တဲ့။ မောင်လေးက ပထမနှစ် အဝေးသင်တက္ကသိုလ်တက်နေကာ ညီမလေးကတော့ ဒီနှစ် ဆယ်တန်းဖြေရမည်ဟု ဆိုပါသည်။

``မရဲ့ညီမလေးကို ဘာလို့ ဒီမှာ မထားတာလဲ

မကခပ်လျော့လျော့ကလေးပြုံးကာ…

``မတို့အိမ်ကနေ ဒီကို ကျောင်းလာတက်ဖို့က ဝေးလွန်းတယ်။ မောင်လေးကလည်း အလုပ်တစ်ဘက်နဲ့ဆိုတော့ အကြို၊ အပို့လုပ်မပေးနိုင်ဘူးလေ။ အိမ်နဲ့နီးတဲ့ ကျူရှင်တစ်ခုမှာ အချိန်ပိုင်းတက်နေတယ်

``ဟင်…ညလေးတို့လို ကျောင်းအိပ်ကျောင်းစား နေလိုက်ပေါ့
``ဟဲ့…

ဆွေက ကျွန်မကို တံတောင်နှင့်တွတ်ပြန်လေသည်။

``ညီမလေးတို့က အရမ်းကံကောင်းကြတာ။ မိဘတွေက တတ်လည်း တတ်နိုင်ကြတယ်။ သားသမီးတွေကိုလည်း ထူးချွန်စေချင်လို့သာ ဒီကို လာပို့ပေးထားကြတာ။ သူတို့ တာဝန်ကျေတယ်။ ညီမလေးတို့လည်း ကိုယ့်ဘက်က တာဝန်ကျေဖို့ ကြိုးစားကြ ဟုတ်လား။

ဘယ်စကားပဲပြောပြော နောက်ဆုံးတော့ ဒီစကားပဲ။ စာကြိုးစားဖို့သာ ဆိုနေပြန်တာကြောင့် ကျွန်မတို့တတွေ စကားမဆက်ရဲကြတော့။

********
ကျွန်မတို့တတွေ ဈေးထွက်ချင်ပြီဆိုလျှင် မကိုပဲ အပူကပ်ရကောင်းမှန်း သိနေကြပြီ။ ကျွန်မတို့အား ဈေးထွက်ခွင့်၊ အပြင်ထွက်လည်ပတ်ခွင့် လုံးဝခွင့်မပြုပါ။ နံနက်စာ မုန့်စားထွက်ရန် ခဏမျှကိုပင် နီးနီးနားနားမှာပဲ စားစေသည်။ ပြီး မပါမှသာ အပြင်ထွက်လို့ရတာ ဖြစ်ပါသည်။

မက အပြင်ထွက်ရန် ၀ါသနာပါပုံမရ။ တစ်ခါလောက် နားပူနားဆာပြုမိလျှင် အင်းအဲနှင့် နေ့ရွှေ့ညရွှေ့လုပ်နေလေ့ရှိပါသည်။ မအိုက်တင်ခံနေသည်ဟု တချို့က ထင်ကြသည်။
``လိုက်ပို့ပါ မရယ်။ မုန့်ကျွေးမယ်လေ…

ဒါပေမယ့် မက ကျွန်မတို့ကျွေးသောမုန့်ကိုတောင် လွယ်လွယ်နှင့် မစားပါ။ သူမမှ ကျွန်မတို့ကျွေးသောမုန့်ကိုမစားလျှင် စိတ်ဆိုးမှာလို၊ ခုပဲ ငိုချလိုက်တော့မှာလို၊ ညပိုင်းစစ်မည့် ကျက်စာတွေကို မကျက်ပဲ ဆန္ဒပြကြတော့မှာလို…နည်းမျိုးစုံအောင် ၀ိုင်းပြောပြီး ကျွေးကြရလေသည်။

ကျွန်မတို့ထံမှ ကတိအမျိုးမျိုးတောင်းကာ ဈေးသို့ရောက်လျှင်တော့ သူမ..ကျွန်မတို့အားလုံးကို စိတ်ရှည်လက်ရှည်အလိုလိုက်လေ့ရှိပါသည်။ တရားလွန်လာလေမှ နာရီလေး မြှောက့်တကြည့်ကြည့်ပြုကာ…

``ဟေး..ကျုပ်တို့ထွက်လာကြတာ ကြာပြီ။ လက်စသတ်ပြီး ပြန်ကြရအောင်

ကျွန်မတို့ကလည်း စကားတစ်ခွန်းတည်းဖြင့် ပြီးပြတ်သောသူများ မဟုတ်ပေ။ ဟိုဆိုင်ဝင်ဦးမယ်။ ဒီဟာဝယ်ဦးမယ်ဆိုကာ အချိန်ဆွဲတတ်ကြသူများဖြစ်သည်။

``မ..ဒီအင်္ကျီလေး မနဲ့လိုက်တယ်။ ယူပါလား

ပြုံးပြုံးလေးခေါင်းခါလေ့မြဲ။

``ယူလိုက်ပါ။ မီးတို့က မကို လက်ဆောင်ပေးချင်လို့

...ဆိုလျှင်တော့ မျက်နှာထားတင်းတင်းဖြင့်

``အပိုတွေ မလုပ်ကြနဲ့။ လာ..ပြန်ကြမယ်

မ မျက်နှာထားညိုလျှင်တော့ ကျွန်မတို့အားလုံးက လန့်ကြပါသည်။

``ရှင်တို့က မိဘပိုက်ဆံနဲ့ ကျုပ်ကို မျက်နှာလုပ်ချင်ကြတယ်ပေါ့လေ….

အပြန်လမ်းတစ်လျှောက်လုံးမှာ ၀ယ်ချင်တာ၊လိုချင်တာမှန်သမျှ လိုတရနေသော ကျွန်မတို့တတွေ ကံကောင်းကြကြောင်း၊ မိဘတွေကို ကျေးဇူးတင်သင့်ကြောင်း၊ ကျေးဇူးတုံ့ပြန်နိုင်ရန်စာကိုသာ ကြိုးစားသင်ယူသင့်ကြောင်းဖြင့် အပ်ကြောင်းထပ်စကားတွေကို နားအူမတတ် သောတဆင်ကြရတော့ပြီ။

********
ထိုကိစ္စကို ကြားလျှင်ကြားချင်း ကျွန်မတို့တတွေ မယုံကြည်နိုင်ခဲ့ပေ။ မကတော့ မျက်နှာကလေး ညို့ရီရီနှင့် သူမ၏ တာဝန်ဝတ္တရားတွေကို တစ်ချက်ကလေးမှ မလစ်ဟင်း၊ မပျက်ကွက်စေခဲ့ရပါ။ ကျွန်မတို့၏ စာသင်ချိန်တိုင်း စာသင်ခန်းထဲအထိလိုက်ပါပို့ပေးနေမြဲ။ အချိန်ဇယားအတိုင်း စာစစ်ပေးနေလေ့မြဲ။ မရှင်းလင်း၊ မကျေညက်သော သင်ခန်းစာများကိုလည်း စိတ်ရှည်လက်ရှည် ရှင်းလင်းသင်ပြပေးလေ့မြဲ။

``ကျုပ်စိတ်တိုတယ်။ ရှက်စရာသိပ်ကောင်းတာပဲ။ ရှင်တို့ကိုသာမငဲ့ရရင် ခုချက်ချင်း အလုပ်ထွက်ပစ်တယ်

မ ဒီကထွက်သွားမှာကိုတော့ ကျွန်မတို့အားလုံးက လုံးဝ လက်မခံနိုင်ကြပါ။ ကျွန်မတို့အတွက် အရာအားလုံးဟာ မနဲ့သာ အသားကျအဆင်ပြေလှတာ။ မကလွဲလို့ အခြားတစ်ယောက်ကို ကျွန်မတို့ အလိုမရှိကြပေ။

``မ…ဧကရီကိုရော စိတ်ဆိုးနေလားဟင်…

မျက်နှာကလေးငယ်နေရှာသော ဧကရီကိုငေးကာ ခပ်ဖွဖွပြုံးနေပြန်ရင်း…

``ကျုပ်စိတ်တိုနေတာ ရှင်တို့ကိုမဟုတ်ဘူး။ အလကားနေရင်း အမနာပ သတင်းပြန့်ရတဲ့ အဖြစ်ကို။ ပြီး.. ဆရာမကြီးကလည်း မေးမေးမြန်းမြန်းမရှိဘူး။ ကျုပ်ကိုခေါ်တော့ အပြင်က သတင်းကို သူက အပြီးယုံထားပြီးသားဖြစ်နေပြီ။ ဆီးကြိုပြီး အပြစ်တင်တော့တာ

``အဲဒါ ဧကရီ့ကြောင့်…

ငိုမဲ့မဲ့ဖြစ်လာသော ဧကရီကအား ချော့ရပြန်သေးသည်။

ဧကရီက ကျွန်မတို့အားလုံးထဲမှာ အချမ်းသာဆုံး၊ မြို့မျက်နှာဖုံး၏မြေး၊ အောင်မြင်တွင်ကျယ်သော လုပ်ငန်းရှင်ကြီး၏ တစ်ဦးတည်းသော ရှုမငြီးမလေးဖြစ်လေသည်။ ချစ်စဖွယ်အပြုံးချိုကလေးနှင့် စာလည်းတော်ပါသည်။ ဥာဏ်ကောင်းသော ကျောင်းသားကျောင်းသူတွေ ထုံးစံအတိုင်း အပျင်းထူချင်သည်။ အပေါင်းအသင်းလည်း မင်သူဖြစ်ပြန်လေသည်။ ဧကရီ့ကိုဆိုလျှင် ဆရာဆရာမတွေရော၊ ကျောင်းသားကျောင်းသူတွေကပါ နှစ်လိုခင်မင်ကြသည်ချည်းပင်။
ဧကရီသည် မအား ကပ်မခွာတမ်း ချစ်ခင်တွယ်တာသူဖြစ်သေးသည်။ မကတော့ မိန်းကလေး အများကြားမှာ သူ့ကိုပိုတယ်၊ ငါ့ကိုကျပစ်ထားတယ်…စသော ကဂျီဂဂျောင်စကားတွေနှင့် စိတ်ဝမ်းမကွဲရလေအောင် ထိန်းထိန်းသိမ်းသိမ်း၊ မျှမျှတတ ဖေးမဆက်ဆံလေ့မြဲ။ ဒါပေမယ့် ဧကရီက…
`` ဖေဖေ ရန်ကုန်ကအပြန် ဂျေဒိုးနပ်က ၀ယ်လာတာလေ။ မေမေက မဖို့ဆိုပြီး တစ်ဘူး သပ်သပ်ထည့်ပေးလိုက်တယ်။ မ မစားရင် ဧကရီက ဒီအတိုင်း အိမ်ပြန်ပေးလိုက်မှာ
အိမ်က လူကြီးတွေ၏ နာမည်သုံးကာ အကျပ်ကိုင်လာလျှင်တော့ မမှာ ငြင်းပယ်ဖို့ရန် ခက်ခဲရတော့သည်။
``ဧကရီကလေ…ဒီအဆင်လေးကို မနဲ့ ဆင်တူဝတ်ချင်နေတာ ကြာလှပြီ။ မေမေ့ကိုပြောတော့…
``ဧကရီ မကိုချစ်ရင် အဲလိုတန်ဖိုးကြီးတွေ ၀ယ်မလာပေးပါနဲ့။ မ…မယူချင်ဘူး။
``အင်းပါ။ နောက် ၀ယ်ပေးတော့ဘူး။ ခုတစ်ခါတော့ မေမေက ၀ယ်ပေးလိုက်ပြီးနေပြီလေ။ ယူထားလိုက်တော့နော်…နော်။ မမှာရှိတဲ နက်ပြာပြောင်လုံချည်လေးနဲ့ဆို အရမ်းလိုက်မှာ။
ဧကရီမှာ ရည်ရွယ်ရင်း မည်မည်ရရရှိပုံ မပေါ်ပါ။ ဒါပေမယ့် သူမက မအား တွယ်တာလွန်းသည်။ သူငယ်ချင်းတွေအားလုံးကြားမှာ သူ့ကို အနည်းငယ်လောက်ကလေးမျှပိုသာ၍ အရေးပေးစေချင်သည်။ မျက်နှာသာရချင်သည်။ သူမက သူမ၏ မိသားစုမှာလည်း အထွဋ်တင်အရေးပေး မြှောက်စားခံ နေလာခဲ့သူမဟုတ်လား။

``ဧကရီနော်။ နောက်တစ်ခါဆိုရင် မစိတ်ဆိုးတော့မှာ…

နှုတ်ကသာပြောနေသော်လည်း မစိတ်ဆိုးမှာ မဟုတ်တာ ဧကရီသိပါသည်။ မသည် သူမ၏ကျောင်းသူမများအား လိုအပ်လျှင် မျက်နှာအနည်းငယ်တည်တင်း မာကျောထားရုံသာရှိကာ စိတ်ဆိုးခြင်းမရှိပါ။

*************
ကျွန်မတို့တတွေက မုန့်ဖိုးကလေးများ ဆုတ်ဆုတ်ခဲခဲရလာလျှင် တစ်ခုခု ၀ယ်ချင်၊ ချမ်းချင်ခဲ့ကြသည်။ ဒါပေမယ့် အပြင်ထွက်ကာ လည်ပတ်ဝယ်ချမ်းခွင့်က အလွန်အင်မတန် ရှားပါးလွန်လှရာ…

``မပဲ သိမ်းထားပေးပါနော်။ ညလေးတို့တွေ ဈေးထွက်ဖြစ်မှ ပြန်ယူမယ်

မက စာရင်းစာအုပ်ကလေးတစ်ခုကို အများမြင်သာအောင်ပင်ပြုလုပ်ကာ ငွေသိမ်းပေးထားတတ်ပါသည်။ စိတ်လိုလက်ရရှိချိန်တွေမှာ ငွေစာရင်းကို အသံလွင်လွင်ကလေးနှင့် ဖတ်ပြသေးတာ ဖြစ်သည်။ ခုတော့…

``study guide က ကျောင်းသူဆီမှာ ပိုက်ဆံချေးပြီး ပြန်မပေးဘူးတဲ့

ဒီသတင်းက ကျွန်မတို့ဝန်းကျင်မှာ တိတ်တိတ်ကျိပ်ကျိပ်ပျံ့လွှမ်းလာခဲ့ပြီ။ ယောက်ျားလေးစာသင်ဆောင်ဘက်တောင် ရောက်နေပြီမို့ အုပ်ချုပ်သူဆရာမကြီးက မအားခေါ်ယူကာ ပြင်းထန်စွာ သတိပေးလေပြီ။

``မ နော်…ဧကရီ အဲလိုမပြောဘူး

ထိုစကားအဓိပ္ပါယ်သို့ရောက်အောင် ဧကရီပြောခဲ့မှာ မဟုတ်တာ သေချာသလောက်ပါပင်။ ဒါပေမယ့် သူ့အိမ်က …..

``မုန့်ဖိုးသုံးတာ ကြမ်းလှချည်လား။

ဧကရီက ဘာသဘောရယ်မဟုတ်ပဲ အလွယ်ပြောခဲ့လိုက်တာပင်။

``မကို ခဏပေးသုံးထားတယ်

မကလည်း ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် ယူသုံးးဖြစ်သွားခဲ့ပါသည်။ ထိုနေ့က လကုန်ခါနီးပြီမို့ မထံမှာ ငွေကြေးလက်ကျန်ခါလီကျနေချိန်ဖြစ်ပါသည်။

``ကျူရှင်လခက နှစ်လစာတောင် ကြွေးကျန်သေးတယ်တဲ့လေ။ ဒီတစ်လထပ်ပေါင်းရင်သုံးလတောင်ရှိပြီဆိုတော့ ကျူရှင်ဆက်မတက်ချင်တော့ဘူးလုပ်နေတယ်
``မကလည်း လဖြင့် မကုန်သေးပဲနဲ့
``လမကုန်ခင် ကြိုတင်ဝမ်နင်ပေးထားတာပေါ့ဟယ်။ ခုက အဖေရောဂါပြန်ထလာလို့လာပြောတာ။ ညနေ အိမ်ကို ခဏပြန်လိုက်ဦးမယ်။ ခက်တာက အဖေ့ကို ဆေးထိုးပေးဖို့ ငွေမရှိလို့လာပြောတာ။ မလက်ထဲမှာလည်း ငွေမကျန်တော့ဘူး
``မ…ဧကရီပိုက်ဆံထဲက ယူသုံးလိုက်လေ

အဲဒီစဉ်ကတည်းက ဧကရီက အလွယ်တကူပြောသော်လည်း မကတွေတွေဝေေ၀နှင့် ဆုတ်ဆိုင်ဆိုင်းလုပ်နေသေးတာမို့…

``ဟုတ်တယ်မ ။ ယူသာသုံးလိုက်ပါ။ ထပ်လိုရင် ညလေးတို့ အားလုံးအပ်ထားထဲက ထပ်ယူသုံးလို့ရတယ်

ကြံရာမရသော အခြေအနေမို့ မလွှဲကင်းသာစွာ ဧကရီ့ ငွေကို မ..ယူသုံးလိုက်ရတာ ကျွန်မတို့အားလုံး သိနားလည်ပါသည်။

``ဧကရီလေးပိုက်ဆံ မပြန်ထည့်ထားလိုက်ပြီနော်

လခထုတ်ပြီးသည်နှင့် မကဆိုလာလေလျှင်….

``ဟင်…ပြန်မပေးနဲ့ဦးလေ။ ဧကရီဖြင့် ဘာမှ သုံးစရာမရှိပဲနဲ့။

တကယ်တမ်းမှာ မတစ်ယောက် တစ်လလုံး အသုံးအစွဲ ကျပ်တည်းနေတော့မှာကို ကျွန်မတို့ရော…မကိုယ်တိုင်ပါ ကြိုတင်သိနေနှင့်ကြသည်ပင်။

``နော်..။ ယူသုံးထားပါမရယ်။ နောက်လကုန်ကျမှ ညလေးတို့ အပြင်ထွက်ခွင့်ရရင် ပြန်ယူမယ်လေ။

ဒီလ လပတ်စာမေးပွဲမှာ ဧကရီတစ်ယောက် အဆင့်အနည်းငယ်ကျသွားခဲ့တာက ပြဿနာ စတင်လေသည်။ စာမေးပွဲမှာ အဆင့်ကျခဲ့သောအပြစ်နှင့်ဆက်နွယ်ကာ မုန့်ဖိုး အသုံးစွဲကြမ်းသည်ဆိုသော နောက်ဆက်တွဲ ပြစ်မှုတစ်ခု ထပ်တိုးလာတော့သည်။

``အရင်လက ပေးထားတာရော
``မကို အပ်ထားတယ်
``ဧကရီ ညည်းကို မယုံဘူးနော်။ ငါ..ပြန်မေးဦးမယ်
``မေးကြည့်လိုက်။ ခုလောလောဆယ် မ အသုံးလိုလို့ ခဏယူသုံးထားတယ်

ဗူးတစ်ရာမဟုတ်ကြသော ပါးစပ်တစ်ပေါက်တို့သည် တစ်ယောက်ထံမှ တစ်ယောက်နားသို့ ဆင့်ကဲကူးပြောင်းလေလျှင် မူလဖြစ်ရပ်နှင့် လွဲချော်တိမ်းစောင်းလုပြီ။

``ကျွန်မကလေးတွေကို မေးကြည့်လို့ရပါတယ်။ အဲလိုမျိုး လုံးဝမဟုတ်ပါဘူး။ ဒါပေမယ့် နောက်တစ်ခါမဖြစ်ရအောင် ကျွန်မ အတတ်နိုင်ဆုံး ဆင်ခြင်ပါ့မယ်ရှင့်

မျက်နှာရဲရဲ၊ အသားတွေ တဆတ်ဆတ်တုန်ကာ လေသံကတော့ ထန်တင်းနေဆဲ။ သူမငိုမည်ထင်ထားသော်လည်း မျက်ရည်တစ်စက်တောင်မကျခဲ့တာ အံ့သြလျှက် မမေ့နိုင်ခဲ့။

***********
မ၏ စကားအတိုင်းဆိုလျှင်တော့ ကျွန်မတို့တတွေဟာ အမှတ်စက်တစ်ခုမှာ ဆုံစည်းမိခဲ့ကြသော မျဉ်းဖြောင့်လေးတွေပေါ့ ။ ဒါပေမယ့် ဆုံမှတ်ကနေ ပြန်လည်ခွဲဖြာထွက်လာခြဲ့ကသည့်တိုင် ဘယ်တော့မှ ပြန်လည်မကြုံဆုံနိုင်တော့မည့် မျဉ်းဖြောင့်များတော့ မဟုတ်ပါ။

``အပူပင်ကင်းတဲ့ ကလေးလေးဘ၀ကို
တစ်ခါပြန်ပြီး ရချင်သေးတယ်….
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀ကို
တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်

မဆိုညည်းနေကျ ဒီသီချင်းလေးကိုတောင် ကျွန်မတို့တတွေရဲ့ နှုတ်ဖျားမှာပါ စွဲစွဲမြဲမြဲ ဆိုညည်းတတ်နေခဲ့ကြပြီ။ ရှေ့လျှောက်ပြီးတော့လည်း ဒီသီသီချင်းလေး၏ အရသာကို ငြိတွယ်မှန်းမသိ ငြိတွယ်မိရဦးတော့မည် ထင်ပါရဲ့။

တဆိတ်ရှိမျက်ရည်ရွဲ၊ ပုလဲခတတ်ကြသော ကျွန်မတို့အား ချော့မော့ဖေးမကာ အငိုတိတ်စေခဲ့တိုင်းမှာ…

``မကလေ ဘယ်တော့မှ မငိုဘူးကွ။ ညီမလေးတို့လည်း မငိုရပါဘူး

ဒါပေမယ့် အခွင့်သင့်လို့ ကျွန်မတို့တတွေ ပြန်ဆုံခွင့်ရခဲ့လျှင် ကျွန်မတို့၏ စာမေးပွဲအပြီး နောက်ဆုံးနေ့အိမ်အပြန်မှာ ကျွန်မတို့နှင့်အတူ ငိုကျွေးခဲ့သော မ၏မျက်ရည်တွေအကြောင်းကို ပြန်ပြောလျှက် ကြည်နူးခွင့်လေးရချင်မိသေးသည်။ ။


သတိုး

ရွှေကျီးညို သာပါစ....

                ရွှေကျီးညို သာပါစ.... 
                                                                    သတိုး

ဒီနေ့ ဖိုးတီတာတို့အိမ်သို့ ဧည့်သည်များ ရောက်လာကြပါသည်။ ဦးဦးနှစ်ယောက်နှင့် အန်တီလှလှ သုံးယောက်ဖြစ်သည်။ ဖေဖေနှင့်မေမေတို့ ပြောစကားများအရ ရန်ကုန်မှ ရောက်လာကြသော ဧည့်သည်များဟု သိရပါသည်။ ဦးမောင်နှင့် အန်တီမော်တို့ လင်မယားနှစ်ယောက်စလုံးက ဒီမြို့မှာ နေခဲ့ဖူးကြသော ဒီမြို့ဇာတိသားများ ဖြစ်ကြသည်။ ဖေဖေနှင့်ရော မေမေနှင့်ပါ အထက်တန်းကျောင်းသား၊ ကျောင်းသူဘ၀မှာကတည်းက သွားလာမခွဲ တတွဲတွဲရှိခဲ့ဖူးကြသည့် ရင်းနှီးချစ်ကြည်ရဆုံး ငယ်သူငယ်ချင်းဟောင်းတွေလည်း  ဖြစ်ကြသေးသည်။ နောက် ဦးမောင်၏ညီမ အန်တီမြိုင်…။ သူကတော့ ဆယ်တန်းမအောင်ခင် ကတည်းက ရန်ကုန်မှ ဆွေမျိုးတွေထံမှာ သွားရောက်နေနှင့်ခဲ့သူမို့ အနည်းငယ် စိမ်းသက်နေသည်။ အန်တီမြိုင်၏ ခင်ပွန်းနှင့် အန်တီမြိုင့်သူငယ်ချင်းမ အန်တီတို့ကတော့ ဖိုးတီတာတို့မြို့သို့ တစ်ခေါက်မှ မရောက်ဖူးကြသောကြောင့် အလည်သက်သက် လိုက်ပါလာခဲ့ကြသော ရန်ကုန်သူ၊ ရန်ကုန်သားစစ်စစ်များပေ။ 

ပုံမှန်ဆိုလျှင်တော့ မေမေက ဧည့်ကြောက်တတ်သူတစ်ယောက် ဖြစ်ပါသည်။ အထူးသဖြင့် လကုန်ခါနီးရက်တွေမှာ ဧည့်သည်ရောက်လာလျှင် မေမေသည် အားတင်းပြုံးနေလျှက်ကပင် သက်ပြင်းတွေ ခိုးရှိုက်နေတတ်ပြန်သည်။ ပြီး ဟိုဒီပြေးလွှား ချေငှားရင်း တစ်ယောက်တည်း ဗျာများနေတတ်တော့သည်။

ဒီဧည့်သည်တွေကတော့ ဖိုးတီတာတို့အိမ်မှာ ညအိပ်တည်းခိုမနေကြပါ။ သူတို့၏ ဆွေမျိုးရင်းချာတွေလည်း ဒီမြို့လေးမှာ ကျန်ရှိနေဆဲမို့ ဆွေမျိုးတစ်ယောက်၏ အိမ်မှာပဲတည်းကာ ဖိုးတီတာတို့ထံ ခဏငယ်ဝင်ထွက် နှုတ်ဆက်ကြတာဖြစ်သည်။ အချိန်ရသလောက်ကလေးမှာ ဖေဖေ၊ မေမေတို့နှင့် ရှေးဟောင်းနှောင်းဖြစ်ကလေးတွေ စားမြုံ့ပြန်ရင်း ငယ်သွေးကြွနေကြပါ၏။  မေမေက ဖေဖေ့ကို…

``တစ်ခါတစ်လေ လာကြတာ။ ထမင်းတစ်နပ်လောက်တော့ လက်ဆုံးစားကြရအောင်လေ´´
“ကောင်းသားပဲ ဝေရဲ့။ ကိုယ်… ဘယ်ဆိုင်မှာ စီစဉ်လိုက်ရမလဲ”

ဖေဖေ့စကား မမှားပါပဲ မေမေက ဘာကြောင့်မှန်းမသိ၊ မျက်စောင်း အကြီးကြီး ပိတ်ထိုးကာ…

“ကျွန်မ သူငယ်ချင်းကို ကျွန်မကိုယ်တိုင်  စပယ်ရှယ် ချက်ကျွေးမှာ…”
ငွေကုန်ကြေးကျ ပိုမှာ မေမေ.. စိုးရိမ်နေမှန်း ဖေဖေက အစင်းသိနေသူမို့ လှောင်ပြုံးထေ့ထေ့ ပြုနေသည်။

``ဟယ်…ဒုက္ခမရှာပါနဲ့ သူငယ်ချင်းရယ်။ တို့လည်း အဲလောက် အချိန်ရကြတာ မဟုတ်ဘူး ဝေရဲ့။ မဖြစ်မနေ အရေးကြီးကိစ္စ ရှိလို့သာ ရောက်လာကြတာ။´´
``အဲဒါကြောင့် ကျွေးချင်တာပေါ့ မော်ရဲ့။ ရှင်တို့က တစ်နှစ်နေလို့ တစ်ခေါက်တောင် မြို့ကို ပြန်လာနိုင်ကြတာ မဟုတ်ဘူးလေ။ ရောက်တုန်းရောက်ခိုက်လေးမှာ ကိုယ့်သူငယ်ချင်းတွေကို ဒီလောက်ကလေးမှ ဧည့်ဝတ်မကျေရဘူးလား…ကဲ´´

ဖေဖေနှင့် ဦးမောင်တို့ကတော့ ဇနီးသည်တွေ၏ စကားဝိုင်းကို ကိုယ်စီပြုံးလျှက်သာ စောင့်ငေးနေလိုက်ကြပါသည်။

``မိမော်နော်။ ငါ့လက်ရာကို မစားပဲ ပြန်သွားလို့ကတော့ နင့်ကို တစ်သက်အပြတ်ပဲ´´
``ဟောတော်… ကိုမောင်ရေ…။ အဲဒါမှ ရှင့်သူငယ်ချင်း မိဝေအစစ်ပဲ´´

ဦးမောင်ကလည်း ……

``ဝေေ၀တို့ကတော့ ငယ်ကျင့်တွေ ခုထိ မပျောက်သေးဘူးဟေ့´´

…. ဆိုကာ ရယ်ရယ်မောမော သဘောတူလိုက်ကြပါသည်။

*** ** **

ဖိုးတီတာတို့ မောင်နှမကတော့ ဧည့်သည်မျှော်တတ်သူတွေ ဖြစ်လေသည်။ အိမ်မှာ နေ့ရက်အတန်ကြာ ဧည့်သည်အရောက်အပေါက် ကျဲပါးသွားပြီဆိုလျှင်…

``ဧည့်သည်လာရင် ကောင်းမှာပဲကွာ´´

…ဆိုကာ ဧည့်မျှော်တတ်ကြလေသည်။ ဖိုးတီတာတို့အိမ်မှာ ဧည့်သည်ရှိမှ မေမေက ဟင်းကောင်းချက်တတ်တာ မဟုတ်လား။ ပုံမှန်နေ့များဆိုလျှင် အသားလေးပျက်သိကာမျှနှင့် အသီးအရွက်တစ်မျိုးမျိုးရောကာ အရည်များစေ၊ ဆားငန်စေဆိုရမည့် ဟင်းမျိုးတွေနှင့်သာ လွေးရလေ့ရှိတာဖြစ်သည်။

``ဖိုးတီတာ ဟင်းခွက်ကို သိပ်မွှေမနေနဲ့ဟဲ့။ ငါးတွေ ကျေကုန်မယ်´´
``မမပြောတဲ့ အဲဒီငါးကိုပဲ အကောင်လိုက်မြင်ဖူးချင်လို့ ရှာနေတာပါဗျ။ ´´
``ဟီဟီ..ရေငုပ်ဝတ်စုံ ယူဦးမလား´´

မေမေ့ဟင်းမှာ ငါးဟင်းခတ် နည်းပါးလွန်းပြီး အရိုးအရွက်ရောနှောကာ အရည်ဗုံးဗောဖြစ်နေတာကို ဖိုးတီတာတို့မောင်နှမက အတိုင်အဖောက်ညီစွာ ဟာသဖွဲ့နေကြပါသည်။ ဖေဖေက ပြုံးစစ..။ မေမေကတော့ ဖိုးတီတာတို့အား မျက်စောင်းခဲလေပြီ။

``အဲလောက်နဲ့ ဟင်းဖြစ်အောင် ကျွန်တော်မျိုးမ ဘယ်လောက် ဦးနှောက်ခြောက်ခံ စီမံဖန်တီးရတယ်ဆိုတာ ရှင်တို့သိကြရဲ့လား။ တစ်နေ့ တစ်နေ့ ဈေးကို အခေါက်ခေါက်အခါခါ ခြေတိုအောင်ပတ်ပြီး ပါတဲ့ပိုက်ဆံနဲ့ ချင့်ချိန်တွက်ချက်နေရတာ ခေါင်းမွေးတောင် အတော်ဖြူနေပြီ ဟွန်း´´
``ဝေကလည်းကွာ။ ကလေးတွေကို ဘာတွေလျှောက်ပြောနေတာလဲ။´´
``ကလေးတွေကို ပြောတာထက် ရှင့်ကိုပိုသိစေချင်တာ။ ဟင်းမကောင်းရင် ရှင်လည်း မျက်နှာညိုချင်တာပဲ မဟုတ်လား။´´
``ဟာ..ကိုယ်က ဘာတွေပြောနေမိလို့လဲ´´
``အော…ပြောလို့ရောရမလား။ ရှင်အပ်တဲ့ တစ်လ၊ တစ်လ၀င်ငွေကိုလည်း ရှင်ပြန်တွက်ကြည့်ဦးလေ။ ဒါတောင် ကျွန်မ အိမ်က ရေခဲထုတ်ကလေး တွင်တွင်ကျယ်ကျယ် ထုတ်နေရသေးလို့…´´
``ဟာ…နောက်ဆုံးကျတော့ မင်းက ဒီဘူတာဆိုက်တာပဲ´´

ဖေဖေက စားလက်စကို အလျှင်စလို လက်စသတ်ကာ ထမင်းဝိုင်းမှ ထထွက်သွားတော့သည်။ မေမေက တစ်ကိုယ်တည်း တီးတိုးဗြစ်တောက်နေပြန်တာမို့ ဖိုးတီတာတို့မောင်နှမတွေ ငြိမ်ကုတ်ကာ ထမင်းကိုသာ ဟင်းရည်ရွှဲရွဲဆမ်းကာ ငုံ့လွေးနေမိကြတော့သည်။

** ** ***

ဖေဖေနှင့် မေမေက ဧည့်သည်များအား တနင်္ဂနွေနေ့မှာ ထမင်းစားဖိတ်လိုက်ကြပါသည်။ ထိုနေ့က ဖေဖေ့ ရုံးပိတ်ရက်ဖြစ်သလို ဖိုးတီတာတို့မောင်နှမ၏ ကျောင်းပိတ်ရက်လည်း ဖြစ်သောကြောင့်ပင်။

``ညနေပိုင်းမှ အားမယ်ထင်တယ်ဝေရဲ့။ ညစာပဲ ကျွေးပါနော် ´´
``ပြီးရော…။ ရောက်မလာရင် ပြန်လျော်ရမှာနော်။ ကျုပ်က ရှင်တို့တည်းတဲ့အိမ်အထိ လိုက်ရန်တွေ့မှာ´´
``ရှင့်တကယ်လုပ်မှာ ယုံပါတယ် မိဝေရယ်။ ကျုပ်တို့ကလည်း ရောက်အောင်ကို လာဦးမှာ စိတ်ချ။´´

တနင်္ဂနွေနေ့ တစ်နေ့လုံး မေမေတစ်ယောက် ချွေးတလုံးလုံးဖြင့် တစ်နေကုန် ကြော်လှော်ချက်ပြုတ်ရင်း မောရပမ်းရမှန်းပင် မသိတော့ပေ။ 

``ဟား..ပုဇွန်ထုပ်ကြီးတွေ´´
``ဟဲ့ ဧည်သည်တွေဖို့နော်´´
``ဟင်..သားတိုဖို့ကျတော့ရော…´´
``ဧည့်သည်ကျွေးပြီးရင် စားရမှာပေါ့ ဖိုးတီတာရယ်´´
``ဟီး…အခုနည်းနည်းလေးလောက် မြည်းကြည့်ချင်တယ်´´
``ဟဲ့…ဖိုးတီတာနော်…´´

ဖိုးတီတာ မျက်နှာညိုလေလျှင် သူ့မမက လက်တို့ခေါ်ကာချော့လေသည်။ 

``မေမေ မောနေပြီလေ မောင်လေးရဲ့။ ခါတိုင်းလည်း ဧည့်သည်တွေကို ထမင်းဖိတ်ကျွေးနေကျပဲကို။ ဘယ်ဧည့်သည်က အကုန်ပြောင်အောင် စားပစ်ကြတာမို့လဲ။ သူတို့ကျန်ရင် တို့မောင်နှမတွေပဲ လက်ကျန်ရှင်းနေကျ မဟုတ်လား။ ဧည့်သည်တွေကိုကျွေးပြီးရင် စားရမှာပေါ့ မောင်လေးရဲ့´´
``ဖိုးတီတာက ခု… နည်းနည်းလောက် မြည်းကြည့်ချင်တာ။ နည်းနည်းလောက်လေးပဲ´´

ဖိုးတီတာသည် အစားမက်သလောက် အကောင်းကြိုက်တတ်သူလေးလည်း ဖြစ်သေးသည်။ သူ့မမက ချော့ချော့မော့မော့ကလေး ပြုံးပြကာ…

``ခဏနေရင် ဧည့်သည်တွေ ရောက်လာကြတော့မှာ။ သူတို့စားပြီးတာနဲ့ မောင်လေးကို ကျွေးမှာ။ အဲဒီအချိန်ကျရင် မမအတွက် ဝေစုထဲကပါ မောင်လေးကို မျှကျွေးဦးမယ်..ဟုတ်လား။

ဖိုးတီတာ မကျေနပ်သော်လည်း ဦးခေါင်းကိုတော့ ညိတ်ပြရလေသည်။

*** *** **
ချက်ပြုတ်ပြီးစီးလို့ မေမေတစ်ယောက် ဟင်းပွဲတွေနေရာချရာတွင် မမလည်း ၀ိုင်းကူပေးနေပါသည်။ အစားတစ်မျိုးသာ အာရုံကျနေသော ဖိုးတီတာကတော့ မြိုင်ဆိုင်ဖွယ်ရာလှသော ဟင်းပွဲများကို မြင်ရလေ သွားရည်ယိုကာ ဗိုက်ထဲက တကျုပ်ကျုပ် မြည်လာလေပင်။ ဧည့်သည်တွေရေ…မြန်မြန်လေး လာကြပါတော့ဗျာ။

ဒါပေမယ့် ည…ခုနှစ်နာရီထိုးသည့်တိုင် ဖိုးတီတာတို့၏ ဧည့်သည်တွေ ရောက်မလာကြသေးပါ။

``မေမေ့ဧည့်သည်တွေက ရောက်လာဦးမှာလား´´
``မလာလို့ဘယ်ဖြစ်မလဲ။ ရောက်အောင်ကိုလာကြမှာ´´

သူ… အပင်ပမ်းခံထားတာလေးတွေ အလဟသဖြစ်သွားမှာကို အနည်းငယ်မက ပူပန်စွာ မေမေက ဖြစ်စေချင်သည့်အတိုင်း ဇွတ်ပြောနေပါသည်။ ဒါပေမယ့် နောက်ထပ်အချိန်တွေ လင့်လာသည့်တိုင် ဧည့်သည်များ၏ အရိပ်အယောင်မျှ မမြင်ရသေး။ 

“ဖုန်းလှမ်းဆက်ကြည့်ပါဦး”

မေမေ သတိတရ ပြောလေမှ ဖုန်းလှမ်းဆက်မိလျှင် ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသည် တဲ့။ အကြိမ်ကြိမ် စိတ်ရှည် လက်ရှည် ဆက်တိုက်ခေါ်လေမှ မြို့အလွန် ငါးမိုင်မှာ ရောက်နေခဲ့တာ သိရတော့သည်။  

“မိမော်… နင်တို့ ပြန်လာမီမှာလား။ ငါတို့ ညနေကတည်းက စောင့်နေတာနော်”

မေမေ့စကားသံ မဆုံးမီ ဖုန်းလိုင်းပြတ်သွားခဲ့ပြီ။

ဦးမောင်တို့၏ အမွေဆိုင်ခြံကြီးက ဖိုးတီတာတို့မြို့၏ အလွန် ငါးမိုင်ခန့်အကွာမှာ ရှိတာဖြစ်သည်။ ထိုခြံကြီးကို ရောင်းချကာ ခွဲဝေယူကြတော့ဖို့ ညီအစ်ကို၊ မောင်နှတွေ စိတ်ဝမ်းလက်ညီရှိခဲ့ကြပြီမို့ ထိုနေ့က သက်ဆိုင်သူအားလုံး မျက်နှာစုံညီ တွေ့ဆုံကြတာ ဖြစ်ပါသည်။

``ဖုန်းလိုင်းတွေက မမိတဲ့နေရာ များနေတယ်ကွယ်။ ခု.. ရ ရချင်း ပြန်ဆက်တာ။ ကိုမောင့် ဆွေမျိုးတွေက ၀ိုင်းဆွဲထားကြတော့ ချက်ချင်း ပြန်လာဖို့က မကောင်းဘူးလေ။ အဲဒါ အပြန် နည်းနည်း နောက်ကျမယ်။ မော်တို့ ရောက်အောင်လာပါ့မယ့်။ ခု.. ပြန်လာဖို့ လုပ်နေပြီ။ ဒါပေမယ့် နောက်ကျမှာမို့ ထမင်းစား စောင့်မနေပါနဲ့တော့။ အရင်စားထားနှင့်လိုက်ပါလို့..´´

မေမေကတော့ မျက်နှာပျက်ချင်နေပြီ။ 

``အဲဒီ မိမော်တို့ဟာ သေချာမှာထားရဲ့နဲ့။´´
``သူတို့လည်း ကိစ္စ၀ိစ္စတွေ မပြီးပြတ်နိုင်လို့ ရှိမှာပေါ့ ဝေရာ။ ပြီးတော့ ဆွေရေးမျိုးရေးကလည်း ရှိသေးတာဆိုတော့ လိုတာရပြီး ချက်ချင်းပြန်ချလာလို့ ရမလား´´

အန်တီမော်က ငယ်ငယ်ကတည်းက ပြည့်စုံကြွယ်ဝသော အသိုင်းအ၀ိုင်းက ဖြစ်သည်။ သည်စဉ်ကတည်းက မချို့တဲ့လှသည်တိုင်၊ မပြည့်စုံရှာသောမေမေ့ အနွံတာကိုခံနိုင်သော မေမေ့အချစ်ဆုံးသူငယ်ချင်း ဖြစ်လေသည်။ မေမေက စာမေးပွဲနီးပြီဆိုလျှင် အန်တီမော်တို့အိမ်မှာပဲ နေ့နေ့ညည သွားနေခဲ့ဖူးတာဖြစ်သည်။ အန်တီမော်တို့ တစ်မိသားစုလုံးက မေမေ့ကို မိသားစုဝင်တစ်ယောက်လိုပင် အန်တီမော်နှင့် တန်းတူထားကာ ချစ်ခင်တွယ်တာခဲ့ကြသည်။ လိုအပ်သမျှ ကူညီဖြည့်ဆည်းပေးခဲ့ကြပါ၏။ အသီးသီး အိမ်ထောင်ကျပြီးကတည်းက တစ်နေရာစီ အနေဝေးသွားခဲ့ကြတာ။ တစ်နှစ်နေလို့တောင် တစ်ကြိမ်ပြန်တွေ့ရန် မလွယ်ကူကြတော့တာမို့ မေမေက ခုလောက် အရေးသယ်၊ အကဲပိုနေတာဖြစ်ပါသည်။ ဖိုးတီတာတို့ မောင်နှမတွေတစ်သက် မြင်ဖူးရုံသာရှိကာ တစ်ကြိမ်တစ်ခါမျှ အရသာ မမြည်းစမ်းဖူးသော ဒေသထွက် ပုဇွန်ထုပ်ကြီးတွေကို စွန့်စွန့်စားစား ၀ယ်ချက်ထားတာသာ ကြည့်တော့။

“မိမော် အကြောင်း ဝေ… ကောင်းကောင်း သိတယ်။ ဝေပြောရင် သူ.. မနေဘူး”

“ငယ်သူငယ်ချင်း အချင်းချင်း ရှားတောင့်ရှားပါး ပြန်တွေ့ရချိန်လေးမှာ တခြား မြော်မြင်မှုတွေ ဆွဲထည့် မပစ်ပါနဲ့ကွာ”

မေမေသည့် ဖေဖေ့စကားကြောင့် ဒေါသမွှန်ကာ မျက်ရည်ပင် လည်လာလျှင် အံ့သြရသေးသည်။

“ရှင်ပြောပုံက မိဝေကပဲ ငယ်သူငယ်ချင်း သံယောဇဉ်ကို ခုတုံးလုပ်၊ ထမင်းတစ်နပ်ရင်းပြီး ယောက်ျားရထူးတိုး ပါမယ့်အရေး မရိုးမသား ကြိုးပမ်းနေသလိုပေါ့လေ”
“ဆောရီး… ဆောရီး ဝေရယ်။ ကိုယ်စကားပြော လောသွားလို့ပါ”

ဖေဖေ… ပြာပြာသလဲ တောင်းပန်နေသည့်တိုင် မေမေ့ စိတ်အနာမှာ ကျိတ်ခဲမပြေနိုင်။

“ဝေတို့လည်း ညီအစ်မအရင်းလို ပေါင်းလာတဲ့ ငယ်သူငယ်ချင်း အရင်းကြီးတွေပါ ကိုရဲ့။ အပူပင်မဲ့ သွားလာနေခဲ့ရတဲ့ ငယ်ဘ၀တွေ အကြောင်း အေးအေးဆေးဆေး စကားလက်ဆုံပြောချင်၊ ကြည်နူးချင်လို့ကို ခုလို… မရှိ၊ ရှိတာ ရှာကြံစီမံထားတာပါ။ ဒါပေမယ့် ကို့ ရာထူးတိုးကိစ္စက တိုင်းရုံးအထိ ကို… လိုက်သွားခဲ့တာ ဘယ်လောက်ကြာနေပြီလဲ။ ခုထိ ဘာမှ လည်း အကြောင်းမထူးသေးဘူး။  တစ်ခုခု အကြောင်း မညီညွတ်တာလား။ ဒါမှ မဟုတ် အန်ကယ်လ် ကိုယ်တိုင်က ကို့ကို ခေါက်ထားတာလား ခုထိ မသေချာဘူးလေ”
“တစ်ခုခု အကြောင်း မညီညွတ်လို့ ဖြစ်မှာပေါ့ကွာ”
“ဘာပဲ ဖြစ်ဖြစ်လေ..။ အခု မိမော် နဲ့ ကြုံတောင့်ကြုံခဲ တွေ့တုန်းလေး အဲဒီစကား ပြောလိုက်မယ်လေ။ ဖုန်းထဲကပြောရင် ခုလောက် ပြည့်စုံဖွယ်ရာအောင် မပြောနိုင်ဘူး ရှင့်။ ပြီးတော့ ဝေတို့အကြောင်းဆိုရင် မိမော်က သူ့အဖေကို ပြန်မပြောပဲ၊ အပူကပ် မပေးပဲ နေမှာ မဟုတ်ဘူး။ သေချာတယ်။ အန်ကယ်လ်ကလည်း ငယ်ငယ်ကတည်းက သူ့သမီး ပြောရင် တစ်ခွန်းပဲ”

အန်တီမော်တို့မှ ဒီညစာ လာမစားလျှင် မေမေစေတနာနှင့် အပင်ပမ်းခံထားမှု အားလုံး သဲထဲရေသွန်သလို အဟောသိကံဖြစ်ရတော့မည်။ အန်တီမော့်ကို တစ်သက်လုံး အနာဟောင်းဖော်ကာ စကားနာထိုးလို့ ဆုံးမှာလည်း မဟုတ်တော့။

``စောင့်မနေတော့ဘူးကွာ။ ရောက်ချင်တဲ့အချိန် ရောက်လာကြပါစေတော့။ တို့ သားအမိ၊ သားအဖတွေ စားထားနှင့်ရအောင်´´
``ဟေး…..´´

ဖေဖေ့အစီအစဉ်ကို ဖိုးတီတာတို့ မောင်နှမကလည်း သဘောတူစွာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မြူးပျော်တက်ကြွ သွားကြရပါသည်။ သို့သော်….

``ဟင်….ပုဇွန်ထုပ် ပန်းကန်ရော…´´

ပုဇွန်ထုပ်ဟင်း တစ်မျိုးတည်းမကပါ။ ငါးသလောက်နှပ်နှင့် ဖေဖေ့အကြိုက် ငြုပ်သီးစပ်စပ် ပုဇွန်ချဉ်သုပ်ပန်းကန်လည်း စားပွဲပေါ်မှာ မရှိတော့။ မေမေသိမ်းလိုက်ပြီ။ ဖိုးတီတာတစ်ယောက် စူပုတ်ရှုံ့မဲ့နေတော့ကာ….

``ဟင့်…. ပုဇွန်ထုပ်ပဲစားချင်တယ်´´
``ဟဲ့….  အဲဒါ ဧည့်သည်တွေ အတွက် ချန်ထားတာဆို´´
``မေမေ့ဧည့်သည်တွေက လာမှာဖြင့် ဟုတ်ပဲနဲ့´´
``မလာလို့ရမလား။ လာမှာပေါ့´´

မေမေက သေချာပိုင်နိုင်စွာ ဆိုနေဆဲ။ ဖေဖေက မနေနိုင်စွာ….

``ကလေး စိတ်ကျေနပ်သွားအောင် နည်နည်းတော့ ကျွေးလိုက်စမ်းပါ မိန်းမရာ´´
``အော်…ကျွေးချင်ပြီလားရှင်ရယ်။ ကျွန်မလည်း မွေးထားတဲ့ အမေပဲ ဥစ္စာ။ ပုဇွန်ထုပ်ဈေးက ရွှေနဲ့စက်ဝယ်ရမတတ် ခေါင်ခိုက်နေတာ ရှင်လည်း သိတာပဲ။ ဧည့်သည်တွေ ကျွေးပြီးကျန်ရင် ကျွန်မ မစားပါဘူ။ ရှင့်သားနဲ့ သမီးကိုပဲကျွေးမှာ စိတ်ချ။ ဖိုးတီတာ…သား အဲလိုရစ်တာ မေမေမကြိုက်ဘူးနော်´´
``အဲဒါဆို ဧည့်သည်တွေ ကျွေးပြီးမှ သားစားတော့မယ်´´
``ဟဲ့…ဧည့်သည်တွေက ဘယ်အချိန်မှ ရောက်မယ်မှန်းမှ မသိတာ။ တော်ကြာအဆာလွန်ပြီး ဗိုက်တွေဘာတွေ အောင့်နေမှာပေါ့ ။ လာ…ခုနည်းနည်းလောက် အဆာခံအောင် စားထားနှင့်´´
``ဟင့်အင်…´´

ဖေဖေက….

``ဝေရယ်….´´
``ကိုနော်။ ရှင်ကပါ ဘယ်လိုဖြစ်နေတာလဲ။ ´´
``နည်းနည်းလောက် စိတ်ကျေနပ်ရုံ ထည့်ကျွေးလိုက်တော့ ဘာဖြစ်သွားမှာမို့လဲ´´
``အော်…ဟင်းပွဲမလှတော့မှာ စိုးလို့ပေါ့။ ပုဇွန်ထုပ်က တစ်ပန်းကန်လှလှရဖို့တောင် မနည်း…။ ဟဲ့….. ဖိုးတီတာ ဘယ်ကိုလဲ´`

ဖိုးတီတာတစ်ယောက် ထမင်းဝိုင်းကို ကျောခိုင်းကာ အိပ်ယာဆီ လှမ်းဝင်ခဲ့လိုက်တော့သည်။

*** **** ***
အန်တီမော်ကတော့ မေမေ့ကို ချော့မော့ တောင်းပန်လို့ မဆုံးနိုင်တော့။ အန်တီမော့်အား ရန်လုပ်နေသော မေမေကတော့ အသံတွေတုန်ကာ မျက်ရည်ပင်ဝဲနေသည်။

``သူတို့အားလုံးကလည်း တစ်ခါတစ်လေ ရောက်တုန်းရောက်ခိုက်ကလေး နေပါဦး။ ထမင်းစားသွားပါဦး တဖွဖွ ၀ိုင်းပြောနေကြတာ။ ကိုမောင့်ဘက်က ဆွေမျိုးဆိုတော့ ငါလည်း ဇွတ်ပြန်လာဖို့ ခက်တယ် ဝေရဲ့။ ခုက အမွေလာခွဲယူတာ ဆိုတော့ ရပြီး ပြန်တာပဲလို့ သူတို့ အထင်လွဲမှာလည်း စိုးရသေးတယ်။ ငါ တောင်းပန်ပါတယ် သူငယ်ချင်းရယ်..´´

အန်တီမော်သည် မေမေစိတ်မကောင်းမှာ၊ စကားနာထိုးကာ ရန်လုပ်မှာတော့ အလွန်ပူပန်စိုးရွံ့နေပုံပင်။ ခရီးရောက်မဆိုက်ပင် မေမေ့ထံ တန်းလာခဲ့တာဖြစ်သည်။ 

``မြိုင်တို့တော့ ပင်ပမ်းပြီး တည်းမယ့်အိမ် တန်းဝင် ကျန်ရစ်ခဲ့ပြီ။ ကိုမောင့်ကိုတောင် ဝေ… စိတ်ဆိုးနေလိမ့်မယ်။ ရှင်….မျက်နှာတော့လိုက်ပြဦး ဆိုပြီး ဇွတ်ဆွဲခေါ်လာတာ´´
“……………”
``မိဝေ။ နောက်တစ်ခေါက်လာတော့မှ ကျွေးပါဟာ…နော်´´
``မကျွေးတော့ဘူး´´
``နင်ကလည်းဟာ။ အော်…ဟဲ့.. ငါမေ့နေတာ။ ဒီမလာခင်လေး ဖေဖေနဲ့ ဖုန်းပြောဖြစ်တော့  ဒီတစ်ခေါက် နင့် ချစ်ချစ်ကြီး အခြေအနေကောင်းတယ် ဆိုပါလား။ အဲကျ… အရာရှိကတော်ဖြစ်မှ နင်… ငါ့ကို မကျွေးပဲ နေလို့ မရပါဘူး မိဝေရာ…ဟား ဟား”

ခုလောက်ရှိလျှင် ဖေဖေရော၊ မေမေပါ အပြုံးချင်း ပြိုင်နေကြမှာ ဖိုးတီတာ မမြင်ရပေမယ့် သိနေပါသည်။

“အယ် …. ဖိုးတီတာ တစ်ယောက်ရော မမြင်ပါလား´´

`အိပ်နေပြီ´ ဆိုသော မေမေ့အဖြေက ခပ်ဆဆ။ အန်တီမော်တို့ ဦးမောင်တို့ ပြန်သွားကြသည့်တိုင် အိပ်ယာထဲမှာ လူးရင်းလွန့်ရင်း စိတ်ကောက်နေသော ဖိုးတီတာကို သူ့မမကလည်း ချော့နေရပါသည်။ ဖေဖေကလည်း…

``ယောက်ျားဆိုတာ စိတ်မကောက်ရဘူးကွ´´

ဖိုးတီတာက ခုမှ လေးတန်းကျောင်းသားပဲ ရှိသေးတာ။ ကလေးပဲဆိုတော့ နည်းနည်းတော့ စိတ်ကောက်လို့မရဘူးလား။ နောက်နှစ် အလယ်တန်းတက်ရင်တော့ ဖိုးတီတာ စိတ်မကောက်တော့ဟု စိတ်ဆုံးဖြတ်လိုက်မိပြီ။ ထိုစဉ် မေမေ အခန်းထဲဝင်လာကာ…

``ကဲ…တို့မိသားစုတွေ ညလည်စာတစ်ထပ် စားလိုက်ကြဦးစို့။ လာ…မေ့သားလေးလည်း ထ…´´

မေမေကိုယ်တိုင် ပွေ့ပိုက်ထူမ လာတော့လေမှ ဖိုးတီတာတစ်ယောက် မူလကျီမျက်နှာကြော နည်းနည်းလျော့လာရတော့ပြီ။

``မေမေ့သားက အစားပုတ်၊ အကောင်းကြိုက်လေးပဲ´´

ခေါင်းပင် မဖော်အားတော့သော ဖိုးတီတာအား မေမေနှင့်ဖေဖေက တပြုံးပြုံးငေးလျှက် ကျေနပ်ကြည်နူး နေကြပါသည်။ ဖိုးတီတာကတော့ ဆီတွေရွှဲနစ်ဝင်းဝါနေသော ပုဇွန်ထုပ်ကွေးကွေးကြီးကို သွားဖုံးမြုတ်မတတ် ကိုက်ဝါးကာ ပလုပ်ပလောင်း အရသာခံနေရင်း အန်တီမော်တို့ကို ခဏခဏ ထမင်းဖိတ်ကျွေးရလျှင် ကောင်းမည်ဟု တွေးနေမိဆဲ ဖြစ်ပါသည်။             ။

                                                                        သတိုး

Sunday, February 20, 2011

ပတ္တမြား လှံတံ

ကိုငွေမောင်းမှာ ပတ္တမြားလက်စွပ်တစ်ကွင်းရှိခဲ့ဖူးပါတယ်။

 ရွှေကွင်းရဲ့အလယ်မှာ အရည်လည်ပြီး တလက်လက်ဖြာနေတဲ့ ဒီကျောက်နီရဲရဲလေးဟာ ပတ္တမြားဆိုလို့သာ ပတ္တမြားလိုက်ကြရတယ်။ ရွာကလူတွေအတွက်တော့ ပတ္တမြားဝေးလို့ ဘာကျောက်မျက်ရတနာမှ ကောင်းကောင်းမြင်သိဖူးကြတာလည်း မဟုတ်ပါဘူး။ ကိုယ်တွေအတွက်တော့ ဂ၀ံကျောက်တောင်မှ မြို့ပေါ်တက် ဈေးဝယ်ဖြစ်လေမှ အစုလိုက်၊ အပုံလိုက် အရွယ်အစားစုံအောင် မြင်ခွင့်ရနိုင်ကြတာကိုး။ ကျောက်ကိုကွင်းထားတဲ့ရွှေချိန်ကတော့ တော်တော်များမယ်ထင်ပါရဲ့။ တစ်ကျပ်သားကျော်ကျော်လောက်တော့ ရှိမလား မဆိုနိုင်ဘူး။ ကိုငွေမောင်းက အရပ်ရှည်ရှည်၊ လူကောင်ထွားထွားကြီးဆိုတော့ သူ့လက်ချောင်းကြီးတွေကလည်း တုတ်ခဲတစ်ရစ်နေတော့တာ။ လက်စွပ်က ကွင်းကလည်းကြီး။ ထုကလည်းအထူကြီး။ အလယ်က ပတ္တမြားကလည်း လက်သည်းခွံလောက်ကိုရှိတာဆိုတော့ သူ့လက်ထဲမှာသာ တင့်တယ်လှတာ ပြောရမှာပါ။ တော်တန်ရုံလူမျိုးဆို ခြေမမှာ စွတ်ရလောက်ရဲ့။

အဲ…လွန်ခဲတဲ့ သုံးနှစ်ကတော့ ကိုငွေမောင်းရဲ့ ပတ္တမြားလက်စွပ်ကြီး ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါတယ်။

*** ** **
ကိုငွေမောင်းက သူ့လက်စွပ်ကို အလွန်၊ အင်မတန် တန်ဘိုးထားတဲ့သူပါ။ ဂုဏ်လည်း အလွန်ယူတာ။ ရွှေတန်ဘိုးကတော့ မပြောပလောက်ပါဘူးတဲ့။ အလယ်က သူ့ပတ္တမြားကြီးရဲ့ တန်ဘိုးကိုက သိန်းငါးဆယ်လောက်တန်တာဆိုပဲ။ သူများပြောရင်တော့ ဘယ်ယုံကြမှာတုန်း။ တန်ဘိုးအမှန်ကို မသိပေမယ့် လက်သည်းခွံလောက် ကျောက်တစ်လုံးကို ကိုယ်တွေ တစ်ဘ၀လုံး အငတ်ခံပြီး ရှာဖွေစုဆောင်းဖို့တောင် မဖြစ်နိုင်လောက်တဲ့ ငွေကြေးပမာဏနဲ့ နှိုင်းယှဉ်တန်ဘိုးထားနိုင်လောက်အောင် ကြေးများလိမ့်မယ်လို့တော့ လက်မခံနိုင်ဘူး။ ဒါပေမယ့် ကိုငွေမောင်းကိုယ်တိုင်ရဲ့ နှုတ်ထွက်စကားဆိုတော့လည်း မယုံလို့က မဖြစ်ပြန်ဘူး။

ပြောရရင် ဒီရွာစုလေးမှာ ကိုငွေမောင်းရဲ့ အရိပ်သြဇာနဲ့ ကင်းနိုင်သူရယ်လို့ ခပ်ရှားရှားရယ်။ ဒီရွာစုလေး ခုလောက်စည်ကားလာခဲ့တာကိုက ကိုငွေမောင်းကြောင့်လို့ ပြောရင်ရတယ်။ ရေကြည်ရာမြက်နုရာ လှည့်လည် လုပ်ကိုင်စားသောက်ကြရင်းက ကိုငွေမောင်းရဲ့ လက်အောက်မှာ သောင်တင်နေဖြစ်ကြသူတွေနဲ့ ဒီရွာလေးက စည်ကားလာခဲ့တာပေါ့။

ဒီရွာမှာ၊ မနီးမဝေး ရွာနီးချုပ်စပ်တွေမှာ ကိုငွေမောင်းပိုင်ဆိုင်တဲ့ လယ်တွေ၊ ကျွဲနွားတွေဆိုတာ လက်ညိုးထိုးလို့မှ မလွဲတာပဲ။ ခု..ကျွဲ နွားတွေနေရာမှာ စက်တွေအစားထိုးလားခဲ့တော့လည်း လယ်ထွန်စက်၊ ပေါင်းရှင်းစက်၊ စပါးနယ်၊ ချွေလှေ့စက်ဆိုတာတွေကို ကိုငွေမောင်းပဲ စသုံးခဲ့တာပါ။ ဒီရွာစုလေးမှာ…  လယ်ပိုင်၊ ကျွဲပိုင် လူနည်းစုကလွဲရင် ကျန်လူအတော်များများဟာ ကိုငွေမောင်းကိုသာ မှီခိုပြီး သူ့လယ်ပွဲတွေမှာပဲ ၀င်လုပ်နေကြရတဲ့ လက်လုပ်လက်စားတွေပါ။ ကိုငွေမောင်းရဲ့အရိပ်နဲ့ ကင်းချင်လို့ တခြားတစ်နေရာပြောင်းပြီး ကူလီကပ်ပါးလုပ်စားမယ်ဆိုလျှင်တောင် အဲဒီအလုပ်ရှင်က ကိုငွေမောင်းရဲ့ သြဇာနဲ့ မကင်းတဲ့ သူ့ရဲ့ဆွေတော်ရှစ်သောင်းထဲကပဲ ဖြစ်မှာပဲ။

ပြီး လက်လုပ်လက်စား၊ ကူလီကပ်ပါးချင်းအတူတူမှာ ကိုငွေမောင်းရဲ့ အရိပ်ကို မှီခိုရတာက အများကြီး သာလွန်ကျေနပ်စရာကောင်းတယ်လို့ သူ့အလုပ်သမားအားလုံးက သဘောညီကြပါတယ်။ ကိုငွေမောင်းက သူကိုယ်တိုင် လျှမ်းလျှမ်းတင်နေထိုင်ပြုမူတတ်သလို အလုပ်သမားချင်းယှဉ်ရင်လည်း သူ့အလုပ်သမားက သူများတကာထက် နှာတစ်ဖျားစာလောက်ဖြစ်ဖြစ် ချွန်ထွက်ထူးခြားနေစေချင်တာ။ အလုပ်မှာ မခိုနဲ့ ။ မတွက်ကပ်နဲ့။ အချင်းချင်းစုစည်းညီညွတ်စွာနဲ့ သူ့ကိုသာ ခြံရံထားကြ။ အဲဒီအလုပ်သမားနဲ့ သူ့မိသားစုအပေါ် သူကလည်း ချွေတယ်။ ကျတယ်။ သူ့ဆီမှာ အလုပ်လုပ်ပေးနေသမျှ ကာလပတ်လုံး လိုငွေပိုငွေအကြောင်း ဇာချဲ့ပြောမနေဘူး။ စားစရာမရှိရင် ပြောလှည့်။ အ၀တ်အစားလည်း မညှိုးနွမ်းစေရဘူး။ အလုပ်သမားတွေရဲ့ သားသမီးတွေအတွက် စာသင်ကျောင်းလေးဖြစ်မြောက်အောင် စီစဉ်ပေးထားတယ်။ နာဖျားမကျန်းရှိလာရင်လည်း ဆေးရုံဆေးခန်း နီးနီးနားနားမရှိလေတော့ စက်လှေအဆင်သင့်။ ဆေးဝါးဓါတ်စာလည်း သင့်တင့်လျှောက်ပတ်တော့ ရောက်လာဦးမှာ။ အဲတော့ ဒီရွာစုကလေးမှာ ကိုငွေမောင်းကိုဆိုရင် ဘုရားတစ်ဆူ၊ ဂူတစ်လုံးလို အထွဋ်ထားပြီး လေးစားဦးတင်ကြတော့တာ။

ဒါပေမယ့် ပြောစရာတော့လည်းရှိသေးတာပေါ့။ ကိုငွေမောင်း ဘယ်လောက်ပဲ ကောင်းပါတယ် ဆိုဆို။ ဒါတွေအားလုံးဟာ သူ့အတွက် ကိုယ်က ရုန်းကန်၊ အလုပ်လုပ်ပေးနိုင်နေတုန်းမို့သာ အသာလင့်၊ အဆင်သင့်ရနေတာ မဟုတ်လား။ သွေးနဲ့ကိုယ်၊သားနဲကိုယ် ကြာရှည်ကြာများ မကျန်းရေးမမာရေးရှိလာပါပြီတဲ့။ သူ့အတွက်လည်း အသုံးမ၀င်တော့တဲ့ နာတာရှည်လူမမာသည်နဲ့ မိသားစုကို သူက ဘယ်လောက်ကြာကြာ တာဝန်ယူပေးမှာတဲ့လဲ။ တခြား ကိုယ့်မျှော်လင့်ချက်၊ ကိုယ့်အနာဂါတ်တွေလည်း ကိုယ်စီရှိကြသေးတာပဲ မဟုတ်လား။ ကိုယ့်စားဝတ်နေ အရေးသုံးပါးစလုံးကို သူကပဲ မင်းမူခြယ်လှယ်နေတာမျိုးကို ဘယ်သူက ရေရှည် သဘောကျနိုင်ပါ့မလဲ။ ဒါပေမယ့် တုဖက်ပြိုင်၊ အာခံဖို့လည်း မဖြစ်နိုင်ပြန်ဘူး။ ကိုငွေမောင်းက သူစိတ်တိုင်းကျနေစဉ်တော့ သူတော်စင်အလား လေးစားကြည်ညိုစရာကောင်းလှပေမယ့် သူစိတ်ကွက်ညိုညင်ချင်စရာ အပြုအမူ၊ အပြောအဆိုမှားသွားခဲ့ရင်တော့ အင်မတန်သွေးဆိုးသူပါ။ သူ့လက်အောက်မှာ စေသည့်ကျွန်၊ ထွန်သည့်နွားလို မနေနိုင်လို့ ပခုံးချင်းယှဉ်တယ်ထင်လာရင် လှလှပပ ဒုက္ခရောက်အောင် ပညာပေးတတ်တဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။

*** *** ***

လွင်ဦးတို့မိသားစုသုံးယောက် ကိုငွေမောင်းဆီ ရောက်လာစကတည်းက ကိုငွေမောင်းက လွင်ဦးကို အလွန်သဘောကျခဲ့တာပါ။ လွင်ဦးက လူလုံးလူဖန်ကောင်းကောင်း။ အလုပ်မှာလည်း မျက်နှာလွှဲရလောက်အောင် ကြိုးစားတယ်။ စိတ်ချရတယ်။ သူ့မျက်ဝန်းစူးစူးတွေက သူ့ရှေ့နောက်ဆင်ခြင် တိုင်းထွာဥာဏ်ရဲ့ အတိမ်အနက်ကို ဖေါ်ပြနေတယ်။ နှုတ်က စကားတစ်ခွန်းကို လွယ်လွယ်မပြောဘူး။ စကားမဖွာဘူး။ ဆိုခဲစေမြဲစေဆိုသလို အလွန်လည်းစကားတည်သူပါ။ ကိုငွေမောင်းကိုတောင် ကျိုးကြောင်းသင့်ပြန်ပြောရဲသူမို့ လက်ညှိုးထောင်ခေါင်းညိတ်သမား အများစုကြားမှာ သူက တစ်ဘာသာထူးခြားနေတာ ကိုငွေမောင်းက သတိပြုမိနေခဲ့တယ်။ ပြီး… သူမြှောက်စားမြှင့်တင်သလောက် မြောက်တက်မလာတဲ့၊ သူခြိမ်းခြောက်သလောက်လည်း ကြောက်ရွံ့လန့်ရှိန်ဟန်မပြတဲ့ လွင်ဦးကို ကိုငွေမောင်း အထူးသတိထားလာရပါပြီ။

လွင်ဦးရဲ့အိမ်သူ ညိုရိန်တစ်ယောက်ကတော့ ရိုးလွန်းလို့ နုံတဲ့၊ အတဲ့ဖက်တောင်ရောက်နေတဲ့ ပေါချာချာကောင်မလေးပါပဲ။ မျက်လုံးလေးတွေ ကြည်တောက်တောက်နဲ့ ရုပ်ကလေးက ဖြူဖြူစင်စင်၊ ပါးပါးရှားရှားရှိသလောက် စကားပြောရင်တော့ တောင်တစ်လုံး၊ မြောက်တစ်လုံးဆိုတာလို ဘယ်ပြောလို့ ဘယ်ရောက်မှန်း သူကိုယ်တိုင်တောင် သိမှသိရဲ့လားပဲ။ တကယ့်ကို အူတူတူ၊ အတတ ကလေးမ။ တစ်လောကလုံးမှာ သူသိတဲ့အရေးကိစ္စဆိုလို့ သူ့ယောက်ျားလွင်ဦးနဲ့ အခါလည်ကျော်အရွယ် သူ့သား ကျော်ညိုဦးပဲ။

 လွင်ဦးတို့မိသားစုတွေ ကိုငွေမောင်းဆီမှာ သုံးနှစ်လောက်ပဲကြာခဲ့တယ်။ တခြားတစ်နေရာရွှေ့ရဖို့ အကြောင်းပေါ်လာပါတော့တယ်။ ကိုငွေမောင်းတစ်ယောက် သူအင်မတန်အားထားရတဲ့လွင်ဦးကို တားဦးမယ်လို့ အားလုံးကထင်ထားခဲ့ကြတာ။ ဒါပေမယ့် ကိုငွေမောင်းက အေးဆေးပဲ။ အသာတကြည့်ခွင့်ပေးလိုက်တာမို့ အားလုံးက အံသြကုန်ကြတယ်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြတယ်။ ဘယ်သူမှ ဘာစကားမှ မဆိုဝံ့ကြဘူး။

ကိုငွေမောင်းက ဟိုတစ်ဘက်ရွာမှာရှိတဲ့ သူပိုင်လယ်တစ်ကွက်ကိုတောင် လွင်ဦးတို့မိသားစု ကိုယ်ပိုင်လုပ်ကိုင်စားစေဖို့ အခွင့်ပေးသလိုလိုလည်း တစ်စွန်းတစ ပြောကြရဲ့။ သေချာတော့ ဘယ်သူမှ ကြားကြ၊ သိကြတာမဟုတ်ဘူး။ ဒါပေမယ့် လွင်ဦးကလည်း လက်မခံဘူးတဲ့။

အဲဒီကတည်းက လွင်ဦးတို့မိသားစုတတွေ ပျောက်သွားလိုက်ကြတာ။ ဘယ်မှာနေလို့ ဘာတွေလုပ်ကိုင်စားသောက်နေကြတယ်တောင် သတင်းအစအန မရတော့ပါဘူး။ ကိုယ်တွေလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုတော့ မေ့မေ့ပျောက်ပျောက်နေလိုက်မိကြတာလည်း ပါတာပေါ့။ ဟော…ခုတော့ လွန်ခဲတဲ့ သုံးနှစ်ကျော်က ပျောက်ရှသွားခဲတဲ့ ကိုငွေမောင်းရဲ့ ပတ္တမြားလက်စွပ်ကို လွင်ဦးဆီမှာတွေ့သတဲ့။
*** *** ***

ကြားရသူအပေါင်း ဘယ်သူမှ ဒီသတင်းကို မယုံနိုင်ကြပါဘူး။ ဒါပေမယ့် သေချာသလောက်ပဲတဲ့။ မြို့မှာနေတဲ့ကိုငွေမောင်းရဲ့တူတစ်ယောက်က အသေအချာကို ဖုန်းဆက်ပြီးပြောလာတာပါ။ ဦးလေးရဲ့ ပတ္တမြားလက်စွပ်ပြန်တွေ့ပြီ။ ခုချက်ချင်းသာ အမြန်ဆုံးလိုက်လာခဲ့..တဲ့။ ကိုငွေမောင်းကလည်း ဟုတ်ပါ့မလားကွာ။ သေချာရဲ့လား..ဆိုပြီး ပြန်မေးနေသေးတာပါ။ သူ့တူက စိတ်တွေတိုလာပြီး…

``ကျွန်တော်ကိုယ်တိုင် လုပ်ပေးလိုက်တဲ့လက်စွပ်ကို ကျွန်တော်က မမှတ်မိပဲ နေမလား။ ဘယ်နေရာမှာ ဘာအနာပါတယ်ဆိုတာကအစ မှတ်မိတယ်။ တိတိကျကျ ပြောနိုင်တယ်´´

သူ့တူက ပန်းတိမ်ဆရာလေ။ ကိုငွေမောင်းရဲ့ လက်စွပ်ကို သူ့ပန်းတိမ်ဖိုမှာ ကိုယ်တိုင်သေချာလုပ်ပေးခဲ့တဲ့သူမို့ ကိုငွေမောင်းလည်း ဘာမှပြန်မပြောသာဘူး။ အားချင်း မြို့ပေါ်တက်ဖို့ စီစဉ်ရတော့တာပဲ။ သူ့တူဆီလည်းရောက်ရော မျက်နှာငယ်ငယ်၊ မျက်ရည်အရွှဲသားနဲ့ ညိုရိန်က ဆီးငိုနေနှင့်တော့တာပဲ။

ကံကြမ္မာရဲ့ တိုက်တိုက်ဆိုင်ဆိုင်လှည့်စားပုံများ သြချလောက်ရဲ့။ ညိုရိန်တစ်ယောက် အထည်ဟောင်းကို ပြန်ရောင်းထုခွဲဖို့ ရွေးချယ်မိတဲ့သူက ကိုငွေမောင်းရဲ့ တူအရင်းခေါက်ခေါက်ဖြစ်နေလေရဲ့။

``ကျွန်မလည်း အဲလိုရောင်းဖူးချဖူးတာမဟုတ်တော့ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘူးရယ်။ တည်းခိုတဲ့ အသိအိမ်က သူတို့နဲ့ရင်းနှီးတဲ့ ပန်းတိမ်ဖိုရှိတယ်။ ကျောက်အကြောင်းလည်း နားလည်ဆိုပြီးခေါ်လို့ ရောက်လာတာ…´´

လက်စွပ်က ရွှေကွင်းတော့ မရှိတော့ဘူး။

``ဦးလေးတူ ပထမတစ်ခါ အတော်လေးနေမကောင်းဖြစ်တာနဲ့ ဆေးကုဖို့ ငွေလိုလို့ ရောင်းလိုက်ရတယ်´´

အမှန်တော့ အဲဒီတစ်ကြိမ်မှာကတည်းက ဒီလက်စွပ်ကို အပြတ်ရောင်းခဲ့ကြဖို့ သူတို့လင်မယား ဆုံးဖြတ်တိုင်ပင်ခဲ့ကြတာပါ။ ဒါပေမယ့် ဈေးက သူတို့မျှော်လင့်ထားသလောက်မရဘူး။ မရဆို အစွန်းအစသာသာလောက်ပဲ ပေးကြတာပါ။ ကိုငွေမောင်းရဲ့စကားအတိုင်း သူတို့နားလည်ထားတဲ့ တန်ဖိုးက ပတ္တမြားတစ်လုံးတည်းတင် သိန်းငါးဆယ်လောက်တန်တယ် ဆိုတာကိုး။ ခုတော့ သူတို့ရဲ့ ပတ္တမြားရဲရဲက ပေါပေါပဲပဲ ရွှေဈေးသာသာလောက်ပဲ ရမယ်ဆိုလာတော့ တစ်ဖက်သားကို မသင်္ကာချင်တော့ဘူး။ ငါတို့ကို မသိနားမလည်ဘူးဆိုပြီး ဈေးနှိမ်တာ။ အချောင်ရဖို့ကြံကြတာပဲရယ်လို့ စိတ်ကထင်လာမိပြီ။

``ဒါဆို..ကျောက်ကို ပြန်ထုပ်ယူထားလိုက်လေ။ ရွှေချိန်အရှိပဲ ပေါက်ဈေးနဲ့ ရောင်းခဲ့လိုက်တော့´´

လတ်တလော အဆင်ပြေစေဖို့ ဒီအကြံက အကောင်းဆုံးပဲ မဟုတ်လား။ ခုတစ်ကြိမ်မှာတော့ လွင်ဦးတစ်ယောက် ရက်ကြောရှည်ကြာ အိပ်ယာထဲလဲပြီး လေဖြတ်သလို ကိုယ်တစ်ခြမ်းလှုပ်မရ၊ ရွှေ့မရတော့။ အလုပ်မလုပ်နိုင်တဲ့ ကာလတွေကြာရှည်လာခဲ့ပြီ။ ညိုရိန်ကိုယ်တိုင်ကလည်း မလည်မ၀ယ်၊ လက်တိုငါးရိုးမျက် ဖြစ်နေတော့တာမို့ ဒီကျောက်ကလေးကို စိတ်ပြန်လည်လာမိတော့တာ။

ပထမတစ်ခေါက်တုန်းက ရောင်းခဲ့ဖူးတဲ့ဆိုင်ကိုတောင် စိတ်ထဲ မရှင်းလို့ ပြန်မသွားမိခဲ့။  ခုတော့ နှာခေါင်းကျည်ပွေ့တွေ့နေပြီ။ သူ့မိန်းမရဲ့ နုံအမှုကို အစင်းသိနေတဲ့ လွင်ဦးတစ်ယောက်လည်း ခုလောက်ရှိ လည်ပင်းရှည်လှရောပေါ့။ ကိုငွေမောင်းရဲ့တူ၊ ပန်းတိမ်ဆရာကလည်း တိုင်မယ်၊တောမယ် တကဲကဲ။ ဖုန်းဆက်ဖို့ တပြင်ပြင်…။

``ဉီးလေး…ညိုရိန်တို့ မခိုးဘူးဆိုတာ ဦးလေးသိပါတယ်နော်။ အဲဒီလက်စွပ်က ဦးလေးပဲ…´´
``အေးပါ။ အေးပါ…။ ငါ့တူမ စိတ်မပူပါနဲ့။ ဦးလေးရှင်းပါ့မယ်´´

                       ညိုရိန်ကတော့ သူ့ဦးလေးကိုငွေမောင်းကိုသာ အားကိုးရှာတယ်။ ကိုငွေမောင်းကလည်း မျက်နှာချင်းဆိုင်မိကတည်းက…ဦးလေး ပြေလည်အောင်ရှင်းပါ့မယ် ဆိုတာချည်းပဲ။ သူ့ဦးလေးပစ္စည်းကို သူ့ပစ္စည်းလို သဲသဲလှုပ်လှုပ် ယမ်းပုံမီးကျနေရှာတဲ့ ပန်းတိမ်ဆရာလည်း ကြာလာတော့ ဇဝေဇ၀ါဖြစ်လာပါရော။ သူ့ အလိုအတိုင်းသာဆို.. သက်ဆိုင်ရာကို တိုင်တောအရေးယူဖို့ စိတ်ကူး ပြီးသား။ ညိုရိန်တို့ကို စားဖွယ်စုံလင်၊ အအေးတစ်ပုလင်းစီနဲ့ သုံး၊လေးနာရီလောက် အချိန်ဆွဲ ဧည့်ထောက်ခံထားပြီး ဦးလေးဆီ ဖုန်းဆက်အကြောင်းကြားစဉ်ကတည်းက လိုအပ်တာမှန်သမျှ စီစဉ်ပြီးနေပြီ။ ဦးလေးကို ကျော်မလုပ်ရဲတာမို့သာ ဦးလေးရဲ့ ခွင့်ပြုချက်ကို စိတ်မရှည်၊ လက်မရှည် စောင့်နေတာ။ ခုတော့ ဦးလေးက မယုံကြည်ချင်စရာကောင်းလောက်အောင် သွေးအေးနေပါရောလား။ ခိုးရာပါပစ္စည်းနဲ့တကွ လက်ပူးလက်ကျပ်မိထားတာတောင် ခွင့်လွှတ်ကျေအေးပေးတော့မှာလို သူကတစ်ပြန် တရားခံကို နှစ်သိမ့်ဖေးမပေးနေသေးရဲ့။

``ကဲ…မောင်ကြည်တိုးရေ။ ရေအဆုံး ကုန်းတစ်ဝက်လို့သာ သဘောထားလိုက်ရတော့မှာပဲကွာ။ ဒီကလေးတွေ လင်မယားက ငါ့ဆီမှာ အလုပ်လုပ်သွားဖူးကြတယ်။ သားလို၊ သမီးလိုတွေလည်း ဖြစ်နေကြတာလေ။ သူတို့တတွေလည်း စားဖို့တောင် အနိုင်နိုင်မို့သာ ခုလိုလုပ်မိတာပါ.။ သူ့ယောက်ျားက ခု..အိပ်ယာထဲ လဲနေတယ်လို့ သူပြောတာ မင်းလည်း ကြားတယ်မဟုတ်လား။ ဘာအမှုမှ ဆက်လုပ်မနေပါနဲ့တော့´´

ညိုရိန်က ဒီစကားမျိုးကိုတော့ ငြိမ်ခံနေဖို့ မဖြစ်မှန်းသိတယ်။ ကိုငွေမောင်းစကားက ညိုရိန်တို့ကပဲ သူ့လက်စွပ်ကို ခိုးယူခဲ့တယ်လို့ စွတ်စွဲတဲ့သဘောဆောင်နေတယ်လေ။ ညိုရိန်တို့မှ မခိုးပဲ။

``ဦးလေး…´´
ကိုငွေမောင်းက စကားဆုံးအောင်ပြောခွင့် မပေးပဲ ညိုရိန့်ကို ပန်းတိမ်ဆရာအိမ်ကနေ ဒယဥ့်တိုက်မတတ် လက်ဆွဲပြီးဆင်းတယ်။
*** *** **
ကိုငွေမောင်းတစ်ယောက် သဘောထားကြီးလိုက်ပုံတော့ လူတိုင်းက အံ့သြအားကျယူုရရော။ ညိုရိန့်ကို စက်လှေပေါ်တင်ခေါ်ပြီး အိမ်တိုင်ရာရောက် လိုက်ပို့ပေးတဲ့အပြင် လွင်ဦးကိုတောင် သတင်းမေးရင်း ဓါတ်စာ၊ဆေးဝါးတွေပါ အလျှံပယ်ပို့ပေးခဲ့သေးသတဲ့။

ဒါပေမယ့် လွင်ဦးတစ်ယောက်ကတော့ ကိုငွေမောင်းရဲ့ စေတနာနဲ့ ထိုက်တန်ပုံမရဘူးထင်ပါရဲ့။ ကိုငွေမောင်းရဲ့ ဆေးဝါးဓါတ်စာတွေကို လုံးဝ မထိမတို့ပဲ နေခဲ့ပါသတဲ့။

``သူ့လိပ်ပြာ သူရှက်နေမှာပေါ့´´

ပတ်ဝန်းကျင်က အတင်းအဖျင်း၊ သတင်းစကားတွေကို လွင်ဦးတစ်ယောက် မကြားမသိနိုင်ပေမယ့် တကယ်ရှက်တဲ့စိတ်နဲ့ပဲ သေရှာပါတယ်။ ကိုငွေမောင်း အိမ်လာတွေ့ပြီး နောက်တစ်နေ့နံနက်လင်းတော့ အိပ်ယာထဲမှာပဲ လွင်ဦးတစ်ယောက် အသက်ပျောက်နေခဲ့ပါသတဲ့။
*** *** ***

လွင်ဦးသတင်းကိုကြားတော့ ကိုငွေမောင်းမိန်းမ မသိန်းဥက မျက်ရည်ကျရှာတယ်။ နှုတ်ကလည်း…

``နင်တော်တော် ၀ဋ်ကြီးပါလား လွင်ဦးရယ်။ ပြေးမယ့်ပြေးလည်း ဝေးဝေးလံလံ အရပ်ကို လွတ်အောင်ပြေးပါတော့လား။´´

မချိတင်ကဲ ပြစ်တင်ရေရွတ်နေသေးတာတဲ့။

ညိုရိန့်စကားတွေအရ လွင်ဦးတစ်ယောက် ရုတ်တရက် နာဖျားမကျန်းရှိခဲ့ရာက ရက်ကြောရှည်ကြာပြီး နာလန်မထူနိုင်။ အလုပ်မလုပ်နိုင်တာလည်း ကြာလာတော့ စားဝတ်နေရေး ခက်ခဲလာတော့တာပေါ့။ ညိုရိန်က ချီတုံချတုံနဲ့ သူဝှက်ထားတဲ့ ပတ္တမြားလက်စွပ်အကြောင်း ထုပ်ပြရကောင်းနိုး။ ဖွင့်ပြောရကောင်းနိုးနဲ့ပါ။ မနေနိုင်တဲ့အဆုံး လွင်ဦးကိုအသိပေးမိတော့ ဖြစ်ပျက်သွားလိုက်တဲ့လွင်ဦးရဲ့ မျက်နှာဆိုတာ။ ညိုရိန့်ကိုတောင် မရိုက်စဖူး ရိုက်နှက်ခဲ့သေးတာတဲ့။

``ကျွန်မ ခိုးယူခဲတာ မဟုတ်ပါဘူး ကိုလွင်ဦးရဲ့။ ဦးလေးဘာသာ ကျွန်မတို့အိမ်ရောက်လာရင်း ဘယ်လိုကျန်ခဲ့လဲ မသိဘူး။ ကျွန်မ…ကျွန်မ အပြစ်က ကောက်ရတဲ့ ပစ္စည်းကို ပြန်မပေးခဲ့တာပဲရှိတာ။´´

ကိုငွေမောင်းလိုလူတစ်ယောက်အဖို့ သူ့လက်မှာ တစ်သက်လုံးစွဲစွဲမြဲမြဲဝတ်ဆင်လာခဲ့တဲ့ လက်စွပ်ဟာ လက်လွတ်စံပယ် ကျပျောက်မေ့ကျန်စရာလား။ လယ်တစ်ကွက်နဲ့ လာဘ်ထိုးပြီး လွင်ဦးကိုချွေးသိပ်ဖို့ကြိုးစားခဲ့တာ မအောင်မြင်လို့ ဥပါယ်တံမျဉ်သုံးပြီး ဒီလက်စွပ်ကို ရအောင်ပေးခဲ့တာ။ ညိုရိန်နားမလည်တတ်ပေမယ့် လွင်ဦးကတော့ ချက်ချင်းရိပ်မိနေပြီ။ အဲဒီလောက်ထိ အရိပ်သုံးပါးကို နားမလည်၊ မသိတတ်ရှာတဲ့ညိုရိန့်ကို သနားလည်းသနားမိရဲ့။ ရိုက်နှက်ပစ်ချင်လောက်အောင် ဒေါသတွေလည်း တလိပ်လိပ်ထွက်ရရဲ့။ သင်း..အဲဒီလောက် လူ့အရိပ်အကဲနားမလည်တတ်ခဲ့လို့သာ ဟိုတစ်ဘက်သားက မအပ်မရာ ကြံစဉ်ဝံ့ခဲ့လေတာ။ မဖွယ်ရာတဲ့စကားမူယာတွေနဲ့ အတင့်ရဲရဲ သွေးတိုးစမ်းချင်ခဲ့တာ။ ခုနေပြန်တွေးမိလျှင်တောင် ဆံတစ်ပင်တင်းတဲ့စိတ်တွေ ခေါင်းထောင်ထလာပြီး လွင်ဦးတစ်ယောက် လူသတ်ချင်စိတ်ပေါက်နေမိတုန်း။

လက်စွပ်ကို ကိုငွေမောင်းဆီရောက်အောင် ပြန်ပေးနိုင်ဖို့ လွင်ဦး အတန်တန် အားတင်းကြိုးစားခဲ့ဖူးတာ ကျိန်တွယ်လို့တောင် ပြောဝံ့ပါရဲ့။ ဒါပေမယ့် ဒီပစ္စည်းက ကိုယ့်တွေလက်ထဲမှာ ရှိနေခဲ့တာကြာလာတော့ ကိုယ်ပိုင်ပစ္စည်းနှယ် စိတ်အထင်ရောက်ချင်ခဲ့ပြီ။ သူ့ဥစ္စာရှင်ဆီပြန်ပေးဖို့ရာတောင် နှမျောစုံမက်စိတ်ဝင်နေပြီ။ ဒီပစ္စည်းရဲ့ တန်ဘိုးအမှန်ကို မသိလို့ပဲဖြစ်ဖြစ်၊ မဟုတ်ရင်လည်း တန်ဘိုးနည်းပစ္စည်းတစ်ခုမျှသာဖြစ်ခဲ့ရင်တောင် ခုလိုချီတုံချတုံဖြစ်နေစရာမလိုပါ။ ကိုယ့်ရပ်တည်ချက်ကို တစ်ရွေးသားတောင် အလျှော့ပေးစရာမလို။ ဒါပေမယ့် ဒီလက်စွပ်က ပတ္တမြားတစ်လုံးတည်းနဲ့တင် သိန်းငါးဆယ်လောက် အဖိုးထိုက်တန်တယ်ဆိုပါလား။ မိမိတို့ မိသားစုအဖို့ ဘယ်တုန်းဆီကမှ စိတ်ကူးနဲ့တောင် မမျှော်မှန်းရဲခဲ့တဲ့ အဆမတန်များပြားခမ်းနားလွန်းလှတဲ့တန်ဖိုးတစ်ရပ် ဆိုတဲ့အတွေးက အိပ်မောကျနေတဲ့ လွင်ဦးရဲ့လောဘကို ပုတ်နှိုးလိုက်တယ်။ လွင်ဦး တွေဝေသွားတော့တယ်။

လတ်တလောအခြေအနေမှာလည်း လွင်ဦးကိုယ်တိုင် ကျန်းမာရေးမကောင်းလှလို့ အလုပ်မလုပ်နိုင်တာ လနဲ့ချီပြီးရှိနေပြီ။ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မယ့် ဘ၀တွေမို့ စားဝတ်နေရေးက အတော့်ကို ကသီလင်တ၊ ကသောင်းကနင်းနိုင်းလှပြီ။ ချေးငှားထားတာလေးတွေလည်း ပြန်ပေးရဦးမယ်။

အင်း…ဒီကိစ္စကို ကာယကံရှင်တွေကလွဲရင် ဘယ်သူမှ မရိပ်မိတန်ဘူးထင်ပါရဲ့လို့ စွန့်စွန့်စားစား၊မိုက်မိုက်မဲမဲ မျက်စေ့မှိတ် အရဲကိုးပြီး တွေးပစ်လိုက်မိတော့တယ်။

ခုတော့ ကိုငွေမောင်းတစ်ယောက် သူ့ဆီဆိုက်ဆိုက်မြိုက်ကြီးကို ရောက်ချလာပါရောလား။ ညိုရိန့်ကို အိမ်တိုင်ရာရောက်၊ ဂရုတစိုက် လိုက်ပို့ပေးသလိုနဲ့ စကားတွေရွှန်းရွှန်းဝေ၊ အပြုံးတွေ လှိုင်လှိုင်ကျဲသွားလိုက်တာ။ လွင်ဦးကတော့ ချုံးပွဲချငိုမိတော့တာ။

ဘေးလူအမြင်မှာ လှိုက်လှဲဖော်ရွေပြီး အလွန်အင်မတန် သဘောထားကြီးမယ့်ပုံထင်ရတဲ့ ကိုငွေမောင်းရဲ့ အကြည့်အပြုံးတွေကို အနက်ပြန်ကြည့်မိတယ်။

``ငါပေးခဲတဲ့ ပစ္စည်းကို မင်း..ကျေကျေနပ်နပ်ကြီးလက်ခံခဲ့တယ်ဆိုတာ ငါ…အခုသိပြိကွ။ ဒီကိစ္စမှာ မင်းလည်းအလိုတူအလိုပါ ဖြစ်သွားပြီ ဟား..ဟား´´

လွင်ဦးရဲ့နားထဲမှာ ကိုငွေမောင်းရဲ့ အောင်မြင်ထည်ဝါတဲ့ သရော်မော်ကား ရယ်မောဟားတိုက်သံတွေပဲ ဟိန်းညံပဲ့တင်နေတော့တယ်။

``ငါ..ဘယ်လိုမှ သဘောမထားဘူး လွင်ဦး။ မင်း..စိတ်အေးအေးသာနေတော့။ ကိုယ့်ကိုယ်ကိုယ် နေကောင်းအောင်ပဲ ကြိုးစား။ ဟုတ်လား´´

ဒီလောက်နဲ့တင်ပဲ လွင်ဦးတစ်ယောက် အရှက်အိုးဖြန်းဖြန်းကွဲကာ သွေးပေါင်ချိန်တွေ တရိပ်ရိပ်တက်၊ မှိုင်းဝေမူးရီလျှက် အသက်နဲ့ကိုယ် အိုးစားခွဲဖို့ လုံလောက်သွားပါပြီ။
*** **** ***

လွင်ဦးရဲ့ ဈာပနမှာ ဦးစီးစီမံပေးနေတဲ့ ကိုငွေမောင်းတစ်ယောက် ရက်လည်ပြီးနောက်ပိုင်းမှာလည်း ညိုရိန်တို့သားအမိထံ မြစ်ကူးချောင်းခြားခရီးကို စက်လှေကလေးတစ်စီးနဲ့ ကူးချည်သန်းချည်၊ သွားလာဝင်ထွက် လည်ပတ်မပျက်ရှိနေပြန်တာကြောင့် သူ့မိန်းမ မသိန်းဥက သွားလေသူလွင်ဦးကိုတ,လို့ ရင်ဘတ်စည်တီးနေပါတော့သတဲ့။

``ရှက်တတ်တဲ့လူများကျတော့လည်း အသေစောကြတယ်။ အရှက်နည်းတဲ့ တစ်ဘ၀စံတွေကတော့ …ဟွန်း။ မပြောလိုက်ချင်ဘူး။ နင် စောစောသေသွားတာပဲ ကောင်းပါတယ် လွင်ဦးရယ်။´´
                                                                                                         သတိုး


Saturday, February 19, 2011

နက်ဖြန် မနက် ကျောင်းတက်မယ်

အိမ်ရှေ့ရေဆိပ်မှ လှေကလေး ကမ်းကိုခွာလာခဲ့ပြီး လမ်တစ်ဝက်အရောက်မှာပင် မနီးမဝေးဆီမှ ကျောင်းတက်ခေါင်းလောင်းသံက ဆီးကြိုလွင့်ပျံရောက်လာနှင့်လေသည်။

``ဖိုးဆေးရေ…ကျောင်းခေါ်နေပြီဟဲ့။ လှေကို မြန်မြန်လေး အားစိုက်လှော်စမ်းပါ´´

အရေးထဲမှာ ဖိုးဆေးက လှေလှော်ရင်းကနေ ရေဆော့နေပြန်သည်။ တစ်ယောက်ထိုင် ဘဲကျောင်းလှေကလေးထဲမှာ မောင်နှမလေးယောက်သား ကျပ်ကျပ်သပ်သပ် ထိုင်လိုက်လာကြတာဆိုတော့ ချောင်းရေက လှေနံကိုတောင် ထိနမ်းမိနေပြီ။ လှေကလေး နည်းနည်းလောက် ဘယ်ညာလူးလိုက်တာနဲ့ ချောင်းရေထဲမှာ စုံးစုံးနစ်မြုပ်သွားတော့မှာလိုပင်။

``ဟဲ့ ရေဆော့မနေနဲ့။ လှေမှောက်သွားလိမ့်မယ်။ ဖိုးဆေးနော်... ကျောင်းရောက်ရင် ငါ…ဆရာနဲ့ ပြန်တိုင်မှာနော်´´

ခင်မာတို့မောင်နှမတွေအားလုံးက မြစ်၊ ချောင်းကမ်းနားနံဘေးမှာပဲ မွေးဖွားကြီးပျင်းလာခဲ့ကြသူချည်းမို့ ရေတော့မကြောက်ကြပေ။ ရေကူးလည်း ကျွမ်းကျင်ကြသူတွေချည်းမို့ အဖေနဲ့ အမေတို့က အိမ်နဲ့ကျောင်းသို့ နေ့စဉ်အသွားအပြန် ရေလမ်းခရီးကို စိတ်အေးလက်ချရှိကြပါသည်။ ဒါပေမယ့် နန္ဒီလေးလည်း ပါလာသေးတာမို့ ခင်မာက လှေလူးမှာ၊ လှေမြုပ်မှာ စိတ်ပူပန်ပါသည်။

``မြန်မြန်လှော်ပါဟဲ့။ ခုလောက်ရှိ နိုင်ငံတော်အလံတောင် အလေးပြုနေလောက်ပြီ´´

အင်မတန်ကျောင်းတက်ပျင်းသော ဖိုးဆေးကတော့ ခင်မာ့ ပြောစကားများကို ဂရုမစိုက်ပါ။

``ဖိုးဆေးနော် …ကျောင်းနောက်ကျတာ ဆရာမကြိုက်ဘူးဆိုတာ နင်လည်းအသိပဲ မဟုတ်လား။ ငါ…နင့်ကို ဆရာနဲ့ ပြန်တိုင်လိုက်မှာ´´

ဆရာနဲ့ လှည့်ချောက်တော့မှ ဖိုးဆေးတစ်ယောက် လှေကို အားစိုက်လှော်ပါတော့သည်။ ဒါပေမယ့် ကျရေက ရေစီးသန်သန်။ ပြီးတော့ ရေဆန်လည်း ဖြစ်နေသည်။ လေကလေးကလည်း တဖြူးဖြူးဖြင့် ရှေ့ကပင် ဆီးကြိုတိုက်နေပြန်တာမို့ လေလည်းအဆန်ပေ။ လေကွယ်စေရန် ချောင်းကမ်းနံဘေးကပ်လျှက် ဓနိပင်တန်းကို အကွယ်အကာယူကာ အားစိုက်လှော်ရသည်မို့ ဖိုးဆေးတစ်ယောက် ချွေးတွေနစ်လို့လာတော့သည်။ ကျောင်းရှေ့တည့်တည့်ရှိ ရေဆင်းတံတားဆီ ခင်မာတို့မောင်နှမ၏ လှေကလေးဆိုက်ကပ်ချိန်မှာပင် စာသင်ခန်းအတွင်းဆီမှ မင်္ဂလာပါဆရာဟူသော သံပြိုင်နှုတ်ခွန်းဆက်စကားက ဆီးကြိုနှင့်နေပြန်ပါသည်။

*** *** **

ရေဆင်းတံတားက ချောကျိပစ်ချွဲနေပါသည်။ တက်ရေတုန်းက ချောင်းရေထဲမှာနစ်မြုပ်ခဲ့ရသော ရေဆင်းတံတားမှာ ရေကျချိန်ရောက်တော့ နွံနှစ်တွေတင်ကျန်ရစ်ခဲ့သည်။ ခင်မာသည် နန္ဒီလေးကို ခါးထစ်ခွင်ထားလျှက် လှေဆီမှတံတားပေါ်သို့ လှမ်းအတက်… ဟန်ချက်ပျက်ကာ ချော်လဲတော့မလိုဖြစ်သွားရတာမို့ လန့်ဖျတ်တုန်လှုပ်သွားပါသည်။ နန္ဒီလေးသည်လည်း အဲခနဲ အထိတ်တလန့်အော်ငိုမည်ပြင်တော့သည်။ ခင်မာ့မှာ ပြာပြာသလဲနှင့် ကလေးကိုချော့နေရင်း ချောကျိကျိတံတားပေါ်မှာ ခြေကုပ်မြဲမြဲ၊ ဟန်ချက်ညီညီလှမ်းတက်နိုင်ဖို့ အတော့်ကိုထိန်းသိမ်းနေရသေးသည်။ နှုတ်ကလည်း….

``အေး…အေး…နန္ဒီလေး မငိုနဲ့။ တိတ်….တိတ်…။ ဟဲ့ ဖိုးဆေး…စန္ဒီ့ကို တွဲခေါ်ဦးနော်´´

ပြောမည့်သာပြောရပေမယ့် ဖိုးဆေးလည်း စန္ဒီကိုတွဲခေါ်ရန် လက်နှစ်ဖက်စလုံးမအားလပ်ပါ။ ခင့်မာ့လွယ်အိတ်၊ စန္ဒီ့လွယ်အိတ်နှင့် သူကိုယ်တိုင်၏လွယ်အိတ်ပါ..လွယ်အိတ်သုံးလုံးနှင့် မနိုင်နင်း၊ မအားလပ်နိုင်ရှာ။ ကလေးတွဲလောင်းနှင့် ခင်မာ့လောက်တော့ ကသီးကရွဲဖြစ်မနေပေမယ့် သူလည်းပဲ ကျောင်းတံတားပေါ်မှာ ခြေချော်မလဲပြိုရလေအောင် အတော်ထိန်းလျှေက်နေရသေးသည်။

``စန္ဒီရေ…။ ခဏနေဦးနော်။ ပြီးမှ မမပြန်လာခေါ်မယ်´´

စန္ဒီကတော့ လှေနံနှစ်ဘက်ကိုလှမ်းကိုင်ထားလျှက် ငိုမဲ့မဲ့နှင့် ခေါင်းကလေးညိတ်ပြလေသည်။ နန္ဒီလေးကို ဖိုးဆေးလက်ထဲမှာ ထည့်ခဲ့လျှက် စန္ဒီ့ကို တစ်ခေါက်ပြန်ဆင်းခေါ်ရပြန်သည်။

ကျောင်းခြေရင်းဘက်မှ ခြေဆေးအိုင်မှာ နန္ဒီလေးကို ခါးထစ်ခွင်မပျက်စေပဲ ခြေဆေးရပြန်သည်။ ခြေသလုံးဆီမှာ ကပ်တွယ်ပါလာသော လုံးချောချွဲပစ်မျှော့နက်မဲတစ်ကောင်ကို လက်ညှိုး၊ လက်ခလယ်နှစ်ချောင်းတည်းသုံးကာ ကျင်လည်စွာဆွဲခွာပြီး ဖတ်ခနဲလွှင့်ပစ်လိုက်သည်။ ခင်မတို့မောင်နှမတတွေ ရေစိုစက်လက်ဖြင့်စာသင်ခန်းဆီ အလျှင်စလိုလှမ်းဝင်ခဲ့လိုက်တော့ စာသင်ခန်းအတွင်းမှာ ကြိုရောက်နှင့်နေပြီဖြစ်သော ဆရာက မေးခွန်းပါသော အကြည့်တစ်စုံဖြင့် လှမ်းကြည့်နှုတ်ဆက်လေသည်။

``ခင်မာ…ဒီနေ့ စာရလာရဲ့လား´´

** ** **
ဆရာပေးလိုက်သော အိမ်စာအကြွေးတွေပုံထပ်ကာ ခင်မာ..စာမရသောနေ့တွေကတော့ များပြားလွန်းခဲ့ပြီ။

``ဆရာ မနေ့က အလွတ်ကျက်ခိုင်းလိုက်တဲ့ ကဗျာတွေ ကျက်လာခဲ့ကြရဲ့လား´´
``ကျက်လာပါတယ်´´
``အားလုံး ရရဲ့လား´´
``ရပါတယ်´´

အတိုင်အဖောက်ညီစွာ တက်ညီလက်ညီမေးဖြေနေကြသော အတန်းတူ သူငယ်ချင်းတွေကြားမှာ ခင်မာခေါင်းကို ငုံ့ထားရတော့သည်။

``ကဲ…စာမရတဲ့သူတွေ မတ်တပ်ရပ်ကြပါ´´

ဝုန်းခနဲ အပြိုင်းအယိုင်း၊ ပြိုင်တူမတ်တပ်ရပ်လိုက်ကြသူတွေထဲမှာ ခင်မာရှေ့ဆုံးက ပါပါသည်။ ဒါပေမယ့် ခင်မာမတ်တပ်ထအရပ်မှာပင် နန္ဒီလေးက ဗြဲခနဲထငိုပါတော့သည်။ ခင်မာသည် အငိုလွယ်သောနန္ဒီလေးအား စိတ်လည်းတိုမိသည်။ သူငိုကြောရှည်လာလျှင် ဆရာကြားသိစိတ်ဆိုးမှာလည်း ကြောက်ရွံ့ရပြန်တာမို့ အလျှင်စလို ကိုယ်ကို ငုံ့ကိုင်းကာ ကလေးကို ကောက်ယူချီပိုးလိုက်ရပြန်တော့သည်။ ဒါပေမယ့် အငိုလွယ်သလောက် စမိလျှင် မဆုံးတမ်းငိုကြောရှည်ကြာတတ်သော နန္ဒီလေးက ချက်ချင်း အငိုတိတ်မသွား။ ခင်မာ့ခမျာ ကိုယ်ကိုဘယ်ညာလွှဲယမ်း၊ ယိမ်းနွဲ့ကာ ခါးပေါ်မှကလေးကို ချော့ချော့မော့မော့ ပြုနေရပြန်တော့သည်။

သူ့ကျောင်းသားတွေမှာ နန္ဒီတို့လို ဘုစုခရုတွေ ကိုယ်စီပါလာခဲ့တာအတွက် ဆရာခမျာလည်း ဘ၀င်မကျနိုင်ခဲ့တာ ခင်မာသိပါသည်။

``ဟေး..ကျောင်းကို ကလေးပေါက်စနတွေ ခေါ်မလာပါနဲ့ကွာ။ မင်းတို့တတွေလည်း အလုပ်အပိုတွေနဲ့ရှုပ်လှပါတယ်။ ဆရာလည်း စာဖြောင့်ဖြောင့် သင်လို့မရဘူး´´

ဆရာ့နှုတ်က ထိုစကားဆိုအပြီး နောက်တစ်နေ့မှာတော့ ကျောင်းခေါ်ချိန်ကျောင်းသားဦးရေ တစ်ဝက်နီးပါး လျော့ကျသွားခဲ့တော့သည်။ ခင်မာတို့ရွာကလေးက လယ်ယာလုပ်ငန်း၊ ငါးသရောက်ပိုက်လုပ်ငန်းဖြင့် အဓိက အသက်မွေးကြပါသည်။ ကျောင်းဖွင့်စ မိုးဦးကျကာလများတွင် ယောက်ျားလေးအများစုတို့ ကျောင်းပျက်ကြပါသည်။ ထိုအချိန်က ငါးသလောက် အရအမိရှိချိန်ဖြစ်သောကြောင့် သူတို့တတွေ ငါးသလောက်လှေနဲ့ မြစ်ထဲထွက်လိုက်ကာ ခဲသီးပစ်ကူကြရသည်။ မိုးလည်မှာတော့ ကောက်စိုက်၊ ပျိုးနှုတ်ကြချိန်ဖြစ်လေသည်။ ယောက်ျားလေးတွေက ပျိုးနှုတ်၊ ပျိုးသယ်ရာမှာ ကူကြရပြန်သည်။ မိန်းကလေးတွေက အိမ်မှာ ထမင်းချက်ကြရသည်။ ကလေးထိန်းကူရသည်။ အမိ၊အဖ နှစ်ဦးစလုံးက လယ်ထဲမှာ တစ်နေကုန်ကြရသည်ကိုး။မိန်းကလေးတချို့မှာတော့ လယ်ထဲဆင်းကာ ကောက်စိုက်ကူကြရပြန်သည်။ ပညာလိုလားလွန်းလှသည်မဟုတ်သော်လည်း ကလေးကို ကျောင်းမပျက်စေချင်သော၊ ရက်ကြောရှည်ရှည် ခွင့်တိုင်ရမှာ ဆရာ့ကို အားနာသော မိဘတွေကတော့ ခင်မာတို့လိုပင် ကလေးငယ်ကို ကျောင်းသို့ ထည့်လွှတ်လိုက်တော့လေသည်။ ခင်မာ အပါအ၀င် ကျောင်းသို့ကလေးငယ်ခေါ်လာသူတွေ ဆယ့်ငါးယောက်လောက်ရှိနေပြီ။

သူတကာ သူငယ်ချင်းတွေ သူတို့၏ မောင်၊ ညီ၊ ညီမတွေကို ကျောင်းသို့ခေါ်လာကြတာ စတွေ့ရချိန်ကတော့ ခင်မာလည်း အားကျမိခဲ့သည်ပင်။ အမေက စိတ်မချ၊ ကျောင်းသို့ထည့်မလွှတ်ချင်ခဲ့တာတောင် မရမနေချော့မော့ကာ ကျောင်းသို့ခေါ်လာမိခဲ့တာဖြစ်ပါသည်။

ခုတော့ နန္ဒီလေးကို ကျောင်းသို့ခေါ်မလာချင်တော့ပေ။ ခင်မာ့မှာ စာသင်ချိန်လည်း စိတ်ဖြောင့်ဖြောင့် စာမှာ စိတ်ဝင်စားလို့မရ။ တော်နေကြာရေသောက်မယ်၊ ရှူးပေါက်မယ် အမျိုးမျိုး နားပူနားဆာပြုတတ်သည်။ နေ့လည်မုန့်စားကျောင်းဆင်းချိန်မရောက်မီ မုန့်စားမယ်ဟု ဂျီကျတတ်သေးသည်။ သူ့အလိုမလိုက်ရင် အိမ်ပြန်ချင်တယ်ဆိုကာ အော်ဟစ်ငိုကြွေးတတ်တာလည်း ရှိသေးသည်။ သူမငိုလျှင်ပြီးရောဟု စိတ်ဆုံးဖြတ်ကာ ရသမျှမုန့်ဖိုးကို သူ့အတွက်သာ မုန့်ဝယ်ကြွေးရင်း ခင်မာ့ခမျာ ၀မ်းဗိုက်ဟောင်းလောင်းနေ့ရက်တွေများပြားလွန်းခဲ့ပြီ။ နေ့လည်ခင်း ကစားချိန်တွေမှာလည်း သူ့ကို ထိန်းနေရတာနှင့် စိတ်ရှိသလောက် ဆော့ကစားခွင့်မရပြန်။

တစ်နေ့တစ်လေ မေ့ချင်ယောင်ဆောင်ကာ နန္ဒီလေးကို အိမ်တွင်ထားခဲ့ရန် ခင်မာ ကြိုးစားမိသေးသည်။ ဒါပေမယ့် ခင်မာတစ်ယောက် ကလေးထိန်းမပျက် ကျောင်းတက်နိုင်သည်ဆိုတာ အမေသိသွားခဲ့ပြီ။ နန္ဒီကလည်း ခင်မာမို့ ကျောင်းသွားရန်ပြင်ပြီဆိုလျှင် သူပါ လိုက်ပါရန်အသင့်ဖြစ်နေနှင့်ပြီ။ ကျောင်းမှာက အိမ်မှာထက်ပို၍ အနေအစားချောင်သည်ကိုး။ ခင်မာက သူငိုမည်ကြံတိုင်း အငိုမခံ။ သူဂျီကျလေသမျှ အလိုလိုက် ဖြည့်ဆည်းပေးသည်။ ပြီး မုန့်လည်း တ၀စားနေရသည်မဟုတ်လား။

ကလေးတွဲလောင်းနှင့် မနိုင်မနင်းဖြစ်နေရှာသော ခင်မာ့အား ဆရာက ထုံးစံမပျက် စကားဆိုလာပါသည်။

``ကဲ…ခင်မာ။ ထိုင်တော့…။ နောက်နေ့တော့ စာရအောင်ကျက်လာခဲ့ဦးနော်´´
``ဟုတ်…´´

** ** **

တကယ်တမ်းမှာ ခင်မာသည် စာညံ့သူတစ်ယောက်တော့မဟုတ်ပါပေ။ အတွက်အချက်လည်ဝယ်ချက်ချာသလို စာကျက်ရာမှာလည်း အလွန်မြန်ပါသည်။ စာတစ်ပုဒ်ကို စိတ်ပါလက်ပါ ကျက်မှတ်လျှင် အချိန်ခဏအတွင်း ရလွယ်သူဖြစ်ပါသည်။

ဒါပေမယ့် ခင်မာ့မှာ စာကျက်ချိန်၊ သင်္ချာတွက်ရန်အချိန်တွေ မရှိသလောက် ရှားပါးလွန်းနေသည်။ ခင်မာတို့အဖေရော၊ အမေပါ တစ်နေကုန်လယ်ထဲဆင်းနေကြရသည်။ ခုချိန်က လယ်စိုက်ချိန်မို့ အလုပ်အရှုပ်ဆုံးအချိန်လည်းဖြစ်ပါသည်။ အဖေက သူတပါး၏လယ်မှာ သူရင်းငှား အလုပ်သမားမျှသာဖြစ်ပါသည်။ အမေကတော့ ကောက်စိုက်သမ နေ့စားလိုက်နေတာဖြစ်သည်။

မိဘနှစ်ပါးစလုံး လယ်ထဲဆင်းသေားအခါ အိမ်မှုကိစ္စ အ၀၀တို့မှာ အစ်မကြီးအရာတွင် ရှိနေသော ခင်မာ့ ပခုံးပေါ်မှာသာ ကျရောက်လာပါတော့သည်။ နံနက်လင်းတာနဲ့ ခင်မာ ထမင်းအိုးတစ်လုံးတော့ မဖြစ်မနေ ခွင်ပေါ်ရောက်အောင် တင်ရသည်။ ဟင်းကိုတော့ အမေက ညဦးကတည်းက ကြိုတင်စီမံခဲ့တာမို့ ထပ်နွှေးရုံ။ မဟုတ်လျှင်လည်း အသီးအရွက် တမျိုးမျိုး ရောထည့်ရုံမျှသာ။

အဓိကကတော့ နန္ဒီလေးကို ထိန်းကျောင်းရင်း သူမ၏ ဝေယျာဝစ္စ၊ အလတ်နှစ်ယောက်၏ ဝေယျာဝစ္စများဖြင့် အအားမနေရခြင်းသာ။

``ဖိုးဆေးရေ။ ကျောင်းသွားချိန်နီးနေပြီ။ ရေချိုးတော့´´

ဒုတိယတန်းကျောင်းသား ဖိုးဆေးအတွက်တော့ နှုတ်ဖြင့်ပြောရုံသာ။ တစ်ခွန်းပြောရုံဖြင့်မရလျှင် အမေ့ကို အတုခိုးကာ အဆဲအဆို၊ အကျိန်းအမောင်းကလေးတွေလည်း ထည့်ပြောရတာတော့ရှိတာပေါ့။ ဒါပေမယ့် စန္ဒီနှင့် နန္ဒီတို့အတွက်တော့ ခင်မာကိုယ်တိုင်လုပ်မပေးလို့မှ မရ။

``ခင်မာ့ကို ကျောင်းနုတ်မှပဲ´´

အဖေနဲ့ အမေတို့ တိုင်ပင်နေကြတာ တစ်စွန်းတစ်စ ကြားရုံမျှနှင့်ပင် ခင်မာငိုကြွေးဆန္ဒပြခဲ့ရသေးသည်။ ဆရာကလည်း ……

``ဒီတစ်နှစ်ပဲကျန်တော့တာ။ ကလေးကို မူလတန်းကုန်အောင်တော့ထားပေးပါဗျာ။´´

…ဆိုလေတာမို့ ခင်မာတစ်ယောက် ခုထိ ကျောင်းတက်နေရသေးတာဖြစ်သည်။ မဟုတ်လျှင် ထမင်းချက်ရင်း၊ ကလေးထိန်းရင်း လက်သင်ကောက်စိုက်သမ ဖြစ်နေပေတော့မည်။

** **** ***

ဒီနေ့တော့ ခင်မာတစ်ယောက် ကျောင်းတက်ရန်စိတ်စောကာ အိပ်ယာမှ နံနက်အစောကြီး နိုးနေခဲ့လေသည်။ မနေ့က ဆရာပေးလိုက်သော အိမ်စာအားလုံးကို ညည့်နက်ခံကာ ပြီးပြတ်အောင် လုပ်ထားပြီးပြီ။ ဒါတောင်အမေက…

``ဟဲ့ ခင်မာ မအိပ်သေးဘူးလား။ ဘက်ထရီအားကုန်တော့မယ်´´
``အင်းပါ အမေရဲ့။ခုပဲ သိမ်းတော့မှာပါ´´

ဆိုကာ အိမ်စာတွေဆက်လုပ်နေတာမို့ ဘက်ထရီအားကုန်မှာ နှမျောနေသော အမေက အိပ်ယာထဲမှနေကာ တဖျစ်တောက်တောက်လုပ်နေပြန်သေးသည်။

``ဟဲ့ မီးလင်းရင် ငါ မအိပ်တတ်ဘူး´´

..ဆိုကာ ဇွတ်ပင် ခင်မာ့အား အိပ်ယာဝင်စေတော့သည်။

စူပွပွဖြင့် အိပ်ယာသို့ မ၀င်ချင့် ၀င်ချင် ၀င်ခဲ့ရသော ခင်မာသည် ဒီနေ့နံနက်မှာလည်း အိပ်ယာမှစောစောထကာ စာတွေ အော်ကျက်နေပြန်တော့သည်။

``ခင်မာ …နောက်နေ့တော့ စာရအောင်ကျက်လာရမယ်နော်´´

နေ့စဉ်မပျက်သော ဆရာ့၏ အမှာစကားတွေကို ခင်မာမမေ့ပါ။ ဆရာ့အား ရှက်ရွံ့အားနာလှပါပြီ။ ထို့ကြောင့် ဒီနေ့တော့ ခင်မာ စာရအောင် မနားမနေကျက်မှတ်အာဂုံဆောင်ထားခဲ့ပြီ။ ကျောင်းသို့ရောက်လျှင် ဆရာ့ရှေ့မှာ ဂျောင်းဂျောင်းပြေးအောင်ပင် စာတွေ အလွတ်ပြန်ဆိုပြလိုက်မည်။ နေ့တိုင်းနှင့်မတူခြားနားစွာ စာတွေရနေသော ခင်မာ့ကိုကြည့်ကာ ဆရာ…အံ့သြ၀မ်းသာနေမှာလား။ အမေလည်း ကိုယ်တွေလက်တွေ ညောင်းညာကိုက်ခဲနေတာကြောင့် ဒီနေ့လယ်ထဲမဆင်းနိုင်ဟု ညဦးကတည်းက ညည်းငြူပြောဆိုနေတာ ခင်မာ ကြားမိသည်။ အမေ အလုပ်မဆင်းဖြစ်လျှင် နန္ဒီလေးကို အိမ်မှာထားခဲ့လို့ ရမည်ထင်၏။ အမေ့အတွက် ထမင်းအိုး တစ်လုံးတော့ ကျက်အောင်ချက်ပေးခဲ့ရဦးးမည်။

ကိုယ့်အတွေးနှင့်ကိုယ် ပျော်ရွှင်ကျေနပ်နေမိသော ခင်မာသည် ဆန်ထည့်သိမ်းနေကျ စဥ့်အိုးငယ်ထဲသို့ လက်နှိုက်လိုက်စဉ် ဟင်ခနဲ စိတ်ပျက်သွားရတော့ကာ…

``အမေ…´´

ခင်မာတစ်ယောက် မူပျက်စွာ ပျာယာခပ်နေသလောက် အမေကတော့ မထူးဆန်းလှသလို အေးဆေးစွာပင် အိပ်ယာထဲမှနေ စီမံပေးနေပြန်တော့သည်။

*** **** ***

ခင်မာသည် အမေ့စကားအတိုင်း နာခံမပျက်သော်လည်း နှုတ်ကတော့ အမေမကြားအောင် စူပွပွလုပ်နေမိပြန်သည်။

အမေ့အစီအစဉ်အရ အဖေအလုပ်လုပ်ရာနောက်သို့ လိုက်သွားရတော့မည်။ အလုပ်ရှင်ထံမှာ အဖေက အကျိုးအကြောင်းပြောဆိုပြီးယူပေးမည့် ဆန်ထုတ်နှင့် ငွေးကြေးကို အိမ်ပြန်ယူလာရမည်။

``အရီးညွန့်တို့ ကုန်စုံဆိုင်ပါ တစ်ခါတည်း ၀င်လာခဲ့။ အကြွေးစာရင်းအားလုံး ပေါင်းခိုင်း ။ ပြီး..နင့်အဖေပေးလိုက်တဲ့ငွေထဲက မျှပြီး တချို့တ၀က် ဖဲ့ဆပ်ခဲ့။ ဆီနဲ့ ငြုပ်သီး။ အော် မန်ကျီးသီးလေး ငါးကျပ်သားလောက်ပါ ထည့်ဝယ်ခဲဦး´´

အဖေ့အလုပ်ရှိရာ ချောင်းဖျားအထိ သွားရမည့်ခရီးက မနီးလှပါ။ ပြီး ဇီဇာကြောင်ကာ ကပ်စေးနဲလှသော အဖေ့အလုပ်ရှင်က အဖေ့လုပ်အားခထဲမှ ခုနှိမ်ရမည်ဖြစ်သော ဆန်နှင့်ငွေကို ချက်ချင်း ပေးလိုက်ဦးမှာမဟုတ်။ အီးရောဆွဲကာ ခိုလိုညည်းငြူနေဦးတော့မှာ။ အပြန်မှာ အဖွားညွန့်ဆိုင်သို့ဝင်ကာ ကြွေးဟောင်းဆပ်၊ ကြွေးသစ်မှတ်စေကာ စာရင်းရှင်းရဦးမည်။ အိမ်ပြန်လာ အမေ့ကို ချက်ပြုတ်ပေး…။ ကိစ္စအားလုံးပြီးစီးချိန်မှာ ခင်မာတို့ကျောင်းက နေ့လည် မုန့်စားကျောင်းပင် ဆင်းတော့မည်။ ခင်မာ..ဒီနေ့ ကျောင်းမတက်ရပြန်ဘူးလား အမေ။ ကျောင်းတက်ပျင်းသော ဖိုးဆေးကတော့ ပျော်နေသလားတောင်မသိ။ ကျောင်းမှာသင်ပေးသော ကဗျာတွေကို သူငယ်တန်းမ စန္ဒီနှင့် နှစ်ယောက်သား သံပြိုင်ပင် ဆိုနေလိုက်သေးသည်။

`` ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်၊ မနက် ကျောင်းထွက်မယ်….
………….
………. ´´

ရုတ်တရက်တော့ ခင်မာလည်း စိတ်ပါသွားရကာ…

``မောင်လည်းလိုက်မယ် ချန်မထားနဲ့´´

လိုက်အော်ဆိုနေမိပြီးမှ ...

``ဟဲ့ ဖိုးဆေး...ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန် မနက် ကျောင်းတက်မယ် လို့ပြောင်းဆို´´
``ဟာ..ငါတို့ကို ကျောင်းမှာ သင်တာ နက်ဖြန် မနက် ကျောင်းထွက်မယ်ပဲ။ ဆရာကတောင် ရှင်းပြသေးတယ်။ ကျောင်းထွက်မယ်ဆိုတာ သီလယူဖို့ ဥပုသ်ကျောင်းကို သွားကြတာတဲ့ ´´

ဖိုးဆေးဆိုနေတဲ့ ကဗျာက အမှန်ပဲလို့ ခင်မာလည်း သိပါသည်။ ဒါပေမယ့် ဖိုးဆေးကို အဲလိုမဆိုစေချင်။

``ဟဲ့ ကျောင်းတက်မယ်လို့ ဆိုပါဆို´´
``ဟင့်အင်း...ကျောင်းထွက်မယ်´´
``ကျောင်းတက်မယ်..ဆို။ ကဲဟယ်...´´

ဘာကိုမှန်းမသိ။ စိတ်တို၊ အလိုမကျသလိုဖြစ်လာရကာ ဖိုးဆေး၏ဦးခေါင်းကို ဒေါက်ခနဲမြည်အောင် လက်ဆစ်ကလေးနှင့် ခေါက်ချလိုက်မိတော့သည်။

ဖိုးဆေး၏ ဗြဲခနဲ အော်ဟစ်ငိုယိုသံ၊ အမေ့ မြည်တွန်ဆူပူသံတွေကို နောက်ချန်ရစ်ခဲ့ကာ ခင်မာတစ်ယောက်ကတော့ ချောင်းငယ်လေးထဲမှာ လှေကလေးကို အားကုန်ကျုံး၍ လှော်ခတ်လျှက် ရေဆန်၊လေဆန်ခရီးကို ဆန်တက်နေပြန်တော့သည်။ နှုတ်မှလည်း…

`` ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်၊ မနက် ကျောင်းတက်မယ်´´

…တဲ့။

*****ကျွန်တော့်ပို့စ်ပါ ကဗျာစားသားကို ချစ်ကြည်ရင်းနှီးစွာ အကြိမ်ကြိမ်အမှားပြင်ပေးကြသော ညီငယ် `ပိုင်´ နှင့် သူ့မိတ်ဆွေတို့ကို ကျေးဇူးတင်စွာ အမှတ်ရနေပါမည် ...။

သတိုး