Wednesday, October 5, 2011
လေပြေထဲက ရနံ့ဆိုးများ
\http://www.gigleader.com/pics/4a938d57fd4512a8dc65d50ebd99a0df.jpg
ခုတလောအတွင်းမှာ သွားလေရာ ရှောင်မလွတ်နိုင်သော သီချင်းကလေးတစ်ပုဒ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရသည်ဟု ဆိုလျှင် နီလာနီ့ကို မနာလိုစိတ်ကြီးမားသူအဖြစ် အထင်လွဲကြဦးမည်။ နီလာနီ့မှာ ၀န်တိုပူပန်သော မစ္ဆရိယစိတ်အတွေး မရှိတာ ကျိန်တွယ်၍ ဆိုဝံ့ပါသည်။ သူတပါး၏ အောင်မြင်မှုကိုလည်း မုဒိတာပွားနိုင်ပါ၏။
                     တစ်ခါကတော့ တေးရေးဆရာသည် ထိုသီချင်းကို  နီလာနီ ဆိုဖို့ရန် နီလာနီ့အတွက် တည်ရေးပေးခဲ့တာဖြစ်ပါသည်။ ထိုသီချင်းကို နီလာနီ ဆိုစေချင်သောစေတနာ သူ့မှာ အမှန်တကယ်ပင်ရှိခဲ့တာ နီလာနီက အကြွင်းမဲ့ ယုံကြည်ပါ၏။ သီချင်းလေးက ပရိတ်သတ်အများကြားမှာ ပေါက်မှာအသေအချာဟူ၍ မျှော်လင့်နေခဲ့သေးသည်။
                        သို့ပေမယ့် ကံဖယ်ခဲ့သည်။ 
နီ.. ၀မ်းနည်းရပါသည်။
တကယ်က နီလာနီကိုယ်တိုင် ထိုသီချင်းကို  ရူးမိုက်စွာ ငြင်းဆန်မိခဲ့တာဖြစ်သည်။
                        နီလာနီ၏ ငြင်းဆိုမှုအတွက် သူလည်း အလွန်ဝမ်းနည်းထိခိုက်ခဲ့ရမည် ထင်ပါသည်။ ရှက်ရွံ့ဒေါသများကိုတော့ နီလာနီ သိအောင် ဖော်ပြခဲ့သေးသည်။ နီလာနီ စိတ်မကောင်းပါ။ 
                        တကယ်တော့ နီလာနီလည်းပဲ သူရေးပေးသော သီချင်းကို ဆိုခွင့်ရချင်၊ ဆိုချင်ခဲ့သည်မှာ အရူးတစ်ပိုင်း ဖြစ်နေခဲ့တာပင်။ သို့ပေမယ့် ထိုသီးချင်းကိုတော့ နီလာနီက ငြင်းပယ်ခဲ့သည်။ ငြင်းမှလည်း ဖြစ်မည်ဟု ခိုင်မာစွာ ဆုံးဖြတ်ခဲ့ပြီးလည်း ဖြစ်ပါသည်။
“မင်း.. ငါ့ကို ဘယ်တော့မှ သီချင်းမအပ်နဲ့တော့”
                        သူ ပေါက်ကွဲသောအခါ နီလာနီ ၀မ်းနည်းခဲ့ရသည်။
“ကိုသိုက်မှာ တခြားသီချင်းတွေ ရှိသေးတယ် မဟုတ်လား။ အဲဒါတွေထဲက နီနဲ့ လိုက်မယ့် တစ်ပုဒ်ပေးလေ”
                        မျက်နှာအောက်ချကာ အယူခံဝင်ကြည့်သေးသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရပါသည်။ သူ့ သီချင်းအား ငြင်းပယ်ခဲ့မိသည့်အတွက် ဒီတစ်သက်  နီလာနီ့အား အခဲမကျေနိုင်တော့ဘူး ထင်ပါသည်။ သူ့ဘက်က ကြည့်လျှင်လည်း မှန်ချင်မှန်မှာဟု နီလာနီက ဖြည့်တွေးပေးနိုင်ပါသည်။ သူသည် လက်ရှိ ဂီတလောက လမ်းကြောင်းပေါ်တွင် တေးရေးဆရာအဖြစ် နေရာရစ ပြုနေပြီ။ တစ်နှစ်၊ နှစ်နှစ်အတွင်း ထွက်လာသော စုပေါင်းခွေတချို့မှာ၊ မိန်းကလေး အဆိုတော်တစ်ယောက်၏ တစ်ကိုယ်တော်ခွေမှာ သူ့သီချင်းလေးတွေ ပေါက်ခဲ့သည်။
                        သူ့လို နာမည်ရစ တေးရေးဆရာတစ်ယောက်ကို သီးချင်းတစ်ပုဒ်တလေမျှ ဆိုဖူးရုံ၊ ရီကောဒင်းအခန်းကိုပင် သူ့ကျေးဇူးကြောင့် တစ်ခေါက်တကျေးမျှ ရောက်ဖူးရုံရှိသော အဆိုတော်ရူး နီလာနီက စောဒက တက်ဝံ့ခဲ့သည့် အဖြစ်ကို သူ ခံပြင်းလေသလားမသိ။ ပြီး.. သူ့သီချင်းကို နီလာနီက မတတ်တတတ်ဖြင့် ဝေဖန်ခဲ့သေးသည်။
“ကိုသိုက် စာသားတွေကလည်း”
                        သူ မျက်မှောင် ကုတ်သွားသည်။ နီလာနီက သူ့ဆရာ နားခံသာစေမည့် အညင်သာဆုံးစကားလုံးတွေကို အလျှင်အမြန် ရွေးစီလိုက်ရသည်။
“ တအားလန်းလွန်းတယ်”
“ညည်းကြိုက်တတ်တဲ့ မယ်လိုဒီကိုလည်း ကြည့်ဦးလေ။ ဒီလို စားသားမျိုးတွေနဲ့မှ လိုက်မှာပေါ့”
                        နီလာနီက ဆရာရွှေဂျော်ဂျော်၏ စာသားတွေနှင့် နီနီခင်ဇော်၏ ဆိုဟန်ကို အရူးအမူးအာရုံကျနေခဲ့တာ ဖြစ်သည်။ ဆရာ့ စာသားများသည် ခေတ်ကို ထင်ဟတ်လျှက် အလွန်လတ်ဆတ်လှပလွန်းနေသည်။ နီနီခင်ဇော်သည်လည်း အဆိုသင်တစ်ယောက် ဘ၀မှာပင် ၀ါရင့်အဆိုတော်ကြီးအလား အဆိုပညာလိမ္မာထူးချွန်လွန်းလှသည်။ ပါရမီရှင်သည် ဆရာကောင်းတို့နှင့် ဆုံခွင့်ရသောအခါ အရောင်တလက်လက် ပွဲဝင်လှခဲ့တော့တာ အံသြစရာမရှိပါ။ နီလာနီ အားအကျကြီး ကျနေမိခဲ့တာ ကိုသိုက်လည်း ရိပ်မိနားလည်နေပုံပင်။
                        နီလာနီတစ်ယောက် ဂုဏ်သိက္ခာအဆင့်အတန်းတစ်ခု သတ်မှတ်နိုင်သော အဆိုပြိုင်ပွဲတချို့မှာ လျှောက်လွှာဝင်တင်ကာ ပြိုင်ပွဲဝင်ဖြစ်ခဲ့သေးသည်။ အတွေ့အကြုံတွေ ရခဲ့သည်။ ပညာတစ်ချို့လည်း ရခဲ့သည်ပင်။ နီလာနီသည် အဆိုပြိုင်ပွဲ တစ်ခုမှာ LEVEL3 အဆင့်အထိ တက်လှမ်းနိုင်ခဲ့ချိန်တွင် ကိုသိုက်နှင့် ရင်းနှီးပတ်သက်ခွင့် ရခဲ့တာပဲ ဖြစ်ပါသည်။
                        ကိုသိုက်က သီချင်းရေးသူတစ်ယောက် အဖြစ်သာမက တေးစီးရီးတစ်ချို့ကိုပါ စီစဉ်ဖြစ်နေပါသည်။ ပရိုဂျူဆာတချို့က အကူအညီတောင်းသောကြောင့် မလွှဲရှောင်သာစွာ ကူညီပေးရင်း စီစဉ်သူလမ်းကြောင်းပေါ်သို့ ရောက်လာရသည်ဟု ကိုသိုက်စကားများအရ သိရပါသည်။ ဗယ်လင်တိုင်းဒေးအမှတ်တရ အတွက် ကိုသိုက်စီစဉ်နေသော စုပေါင်းခွေတစ်ခွေမှာ နီလာနီ ပါဝင်ခွင့်ရခဲ့တာ ကိုသိုက်၏ ကျေးဇူးကြောင့် ဖြစ်ပါသည်။ သည်စဉ်တုန်းကလည်း နီလာနီက ကိုသိုက်၏ သီချင်းကိုသာ ဆိုဖြစ်ခဲ့တာပင်။ ထိုအခွေလေးသည် ပရိတ်သတ်ကြားသို့ အတန်အသင့်မက  ပျံနှံ့ခဲ့ပုံရပါသည်။ လိုက်ဖ်ရှိုးပုံစံ ဗွီစီဒီပါရိုက်သေးသည်ဖြစ်ရာ မူရင်းခွေထက် ခိုးကူးဒီဗွီဒီကလေးတွေက နိုင်ငံအ၀ှမ်း ပျံ့နှံတွင်ကျယ်သွားခဲ့တာ ကျေးဇူးတင်စရာပင်။ စီးရီးတွင် ပါဝင်သော နီလာနီတို့တတွေကို လူတွေ အထိုက်အလျှောက် သိသွားခဲ့သည်။ နီလာနီသည်ပင် ဧည့်ခံပွဲနှင့် နယ်ရှိုးပွဲ တစ်ချို့တစ်လေမှာ ရှေ့ဆုံးမှထွက်ကာ သီချင်းတစ်ပုဒ်စ၊ နှစ်ပုဒ်စဆိုရင်း ပရိတ်သတ်ထိန်းနေရပြီ။ 
ခုတစ်ကြိမ်မှာလည်း ပထမစီရီးတွင် ပါဝင်သူအားလုံးနှင့် ကံစပ်သည်ဟု ယုံကြည်သွားသော ပရိုဂျူဆာက ဒုတိယစီးရီးအတွက် စီစဉ်ရန် ကိုသိုက်ကိုသာ အားကိုးတကြီး ပုံအပ်ပြန်တော့သည်။ ထိုအခွေမှာ နီလာနီက သီချင်းနှစ်ပုဒ် ဆိုခွင့်ရမည်ဟု ကိုသိုက်က အခွင့်အရေးပေးလာပါသည်။   ကျေးဇူးတင်ရသည်။ သို့သော် ထို ကျေးဇူးတရားသည် အချစ်တစ်ခု နေ့ချင်းညချင်း  ဖြစ်ထွန်းပေါ်ပေါက်စေနိုင်သည် အထိတော့ ခရီးမရောက်စေချင်ပါ။ နီလာနီသည် ကိုသိုက်အား လေးစားပါသည်။ အခြားတကာသော ယောက်ျားတို့ထက်လည်း ခင်မင်တွယ်တာ ရပါ၏။ ဒါပေမယ့် ချစ်ရေးမလွယ်ချင်သေးပါ ကိုသိုက်ရယ်။
ကိုသိုက်သည် စကားနည်းသူ ဖြစ်သည်။ လူမှုရေး ကျေညက်သော်လည်း မည်သူ့ကိုမျှ လိုအပ်သည်ထက်ပိုမိုကာ ရောနှောလုံးထွေးနေလေ့မရှိတာ သတိထားမိပါသည်။ နီလာနီတို့လို အဆိုတော် ပေါက်စကလေးမတစ်ချို့သည် ကိုသိုက်တို့အား လေးစားချစ်ခင်ရင်းစွဲထက်ပိုသော မျက်နှာသာပေးမှုမျိုးတွေကိုလည်း ရှိတတ်တာ ကိုယ်တိုင်မြင်တွေ့နေရသည်ပင်။ ကိုသိုက်ကတော့ ဘယ်သူ့ကို မဆို မျှမျှတတ၊ အေးအေးမှန်မှန်မို့ နီလာနီက ကျိတ်၍ အမှတ်ပေးကာ လေးစားနေခဲ့မိတာတော့ ၀န်ခံရမည်ပင်။ ဒါကြောင့်လည်း ကိုသိုက်၏ သီချင်းတွေကို ယုံကြည်ခဲ့တာ ဖြစ်ပါသည်။
ခုတော့ ကိုသိုက်၏ သီချင်းသည် ခေါင်းစဉ်ကတည်းကပင် ဘာလိုလို။ စာသားတွေကလည်း လူရွှင်တော်တစ်ချို့၏ ခါးအောက်ပိုင်း ပျက်လုံးတွေလောက် တစ်တစ်ခွခွမဟုတ်သော်လည်း အဓိပ္ပါယ်နှစ်ခွထွက်အောင် တွေးယူရနိုင်သည်။ ထိုကဲ့သို့သော သီချင်းစာသားတွေကို အချို့ ရေးနေ၊ ဆိုနေကြတာ နီလာနီလည်း နား၊မျက်စေ့နှင့်မို့ မြင်ရ၊ ကြားနေရပါသည်။ လူငယ်ကလေးတွေကြားမှာလည်း ပျံ့နှံ့လွယ်နေတာခဲ့တာ အသိပင်။ အချို့တွေ လိုက်ပါအော်ဟစ် ဆိုညည်းတတ်ကြတာလည်း ကြားနေရသည်ပင် မဟုတ်လား။  ဒါပေမယ့် ဒီစာသားမျိုးတွေကို ကိုသိုက်ရှေ့မှာ နီလာနီက ဘယ်လို မုဒ်မျိုးနှင့် ဆိုပြရဲမည်လဲ။ မျက်နှာပြောင်နှင့် ဆိုပြ၀ံ့လောက်အောင် နီလာနီ့တွင်သတ္တိမရှိပါ။
“ကိုသိုက်။ နီ့ကို သီချင်းပြောင်းပေးပါ”
                        အရဲစွန့်ကာပြောမိသောအခါ ကိုသိုက် မျက်နှာပျက်လေသည်။ သီချင်းဂီတဆိုတာ လူသားတွေရဲ့ စိတ်နှလုံးကို ညှို့နိုင်စွမ်းသော အရာတစ်ခု မဟုတ်ဘူးလား ကိုသိုက်ရယ်။ နီက နီဆိုသော သီချင်းကြောင့် သူတို့ရဲ့ ရင်ထဲက ခွန်အားနှင့် ကောင်းသော ခံစားတွေးမြင်မှုတွေ လင်းပွင့်စေချင်မိတာ ဖြစ်သည်။ နှလုံးသားတွေလည်း နူးညံ့သန့်စင်စေချင်ပါသေးသည်။
“နီ..။ နီ မဆိုရဲဘူး”
                        ခေါင်းငုံ့လျှက် ခပ်တိုးတိုးဆိုမိလျှင် ကိုသိုက် ပေါက်ကွဲခဲ့လေသည်။ 
        နီ…. ကိုသိုက်အနီးမှ ပြေးထွက်ခဲ့ရပါသည်။ သို့ပေမယ့် သီချင်းသံစဉ်တွေကြားက ဒီကမ္ဘာငယ်ထဲကတော့ ထွက်မပြေးနိုင်သေးဘူး။ ရုန်းမထွက်ချင်ပါဘူး။ နီ.. သီချင်းတွေကို ချစ်ပါသည်။ သီချင်းတွေ ဆိုချင်နေသေးသည်။
သို့ပေမယ့် ခုတလောအတွင်းမှာ သွားလေရာ ရှောင်မလွတ်နိုင်သော သီချင်းကလေးတစ်ပုဒ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရသည်ဟု ဆိုလျှင် နီလာနီ့ကို မနာလိုစိတ်ကြီးမားသူအဖြစ် အထင်လွဲကြဦးမည်။ နီလာနီ့မှာ ၀န်တိုပူပန်သော မစ္ဆရိယစိတ်အတွေး မရှိတာ ကျိန်တွယ်၍ ဆိုဝံ့ပါသည်။ သူတပါး၏ အောင်မြင်မှုကိုလည်း မုဒိတာပွားနိုင်ပါ၏။
နီလာနီ ကိုယ်တိုင်အတွက်တော့ ထိုသီချင်းမျိုးတွေ ဆိုမှသာ သီချင်းဆိုခွင့်ရမည်ဆိုလျှင် ကိုယ့်လျှာကို ကိုယ်တိုင်ကိုက်ဖြတ်ပစ်လိုက်တော့မည်။      ။
13 comments:
  1. ဟို သီချင်းကို ပြောတာ မဟုတ်လား။ သိပါတယ်။
    (ဟဲ ဟဲ အမှန်က မသိဘူး)။း)
    ဒါနဲ့... စကားမစပ်။
    အဲဒီ သီချင်းလေး ဆိုပြပါလား သတိုးရ။း))
    ခင်မင်လျှက်
    ReplyDelete
  2. ကြာလေပိုဆိုးလေပဲ။ hip hop တွေက ပိုသာဆိုး။
    ဂျေမီနဲ့ စန္ဒီမြင့်လွင် သီချင်းတပုဒ်ဆို အထာတွေနဲ့ချည်းပဲ။ အထာတွေက ပေါက်လွယ်တဲ့ အထာတွေဖြစ်နေတာ ဆိုးတယ်။
    ReplyDelete
  3. ဟုတ်ပ ဟဲလေးနဲ့ ရတနာမိုင်တပုဒ်လဲ အဲလိုပဲ။ ကိုယ်သာဆို ဆိုရဲမှာ မဟုတ်....။ အင်းးးးခက်ပါ့ သတိုးရယ်...
    ReplyDelete
  4. ဟုတ်တယ်နော် အခုတလော သီချင်းတွေက နားထောင်ရ ဆိုးဆိုးတွေကြိးပဲ အကို...
    အားပေးလျှက်ပါလို့...
    ReplyDelete
  5. ဒါဆိုရင် rock/ country
    တို့နားထောင်ပါ....
    ဘယ်သီချင်းလဲ....နာလဲတိဝူးတော့
    ပြောပြလေ....
    ReplyDelete
  6. သီချင်းစာသားလေးထည့်မပေးတာ ကောင်းပါတယ် ... တော်ကြာ ... သီချင်းအပ်သူတွေ ရောက်လာမှ ဟုတ်ပေ့ ဖြစ်နေအုံးမယ် ...
    ReplyDelete
  7. ကိုကိုမောင်-> အဲဒီ သီချင်းကိုပဲ ပြောတာပါ သူကြီးရယ်။ တုံးဖလားမှာ ဖွင့်သံကြားခဲ့တား)
    မြစ်ကျိုးအင်း-> တကယ် ပိုဆိုးတာ ကိုမြစ်။ သီချင်းရေးဆရာတစ်ယောက်က အင်တာဗျူးမှာ အဲလို အဓိပ္ပါယ် နှစ်ခွထွက်အောင် တမင်ရေးတာတဲ့။ အဆိုတော်ကလည်း အဲစာသားတွေကို နှစ်နှစ်ခြိုက်ခြိုက်ကို ဆိုတာတဲ့။ လူပြောမှာ သိသိကြီးနဲ့ကို လေ။ (တစ်ခွေလုံးက ရှာကီယာကော်ပီဗျ)
    ချစ်ကြည်အေး-> မချစ်ကြည်ရေ။ ကျေးဇူးပါဗျို့။ မချစ်ကြည်ပြောတဲ့ သီချင်းကို ကျွန်တော်ကျောင်းသားတွေက ကြိုက်။ ကျွန်တော်က ကျော်ပစ် လုပ်ခဲ့ဖူးတာ အမှတ်တရပဲ။ city FM လို့ ထင်တယ်။
    Angelhlaing-> ကျေးဇူး အထူးပါ ခင်ဗျ။
    jasmine(တောင်ကြီး)-> country ကြိုက်တယ်ခင်ဗျ။ နောက်ပိုင်း R&Bး)( အမှန်အတိုင်း ၀န်ခံရရင် သီချင်းသာကြိုက်တာ။ ဂီတနဲ့ ပတ်သက်ရင် ကြိုးအရှုပ်ဆုံး လက်ခုတ်တောင် စည်းချက်မမှန်ဘူးဗျ)
    ငြိမ်းစိုးဦး-> ဟုတ်...ဆရာ။ သူလည်း သူပရိတ်သတ်နဲ့သူ အောင်မြင်နေလို့ ရေခပ်လာခဲ့တာ ဘောင်းလံနေမှကို...း)
    ReplyDelete
  8. ကိုသတိုးရေ
    ဒီဝတ္ထုလေးဖတ်ပြီး ပွဲတစ်ခုမှာ ဆိုခဲ့တဲ့ အဆိုတော်မလေးတစ်ယောက်ကို မြင်ယောင်လိုက်မိပါရဲ့ သီချင်းစာသားက ကိုသတိုးပြောသလို အဓိပ္ပါယ် နှစ်ခွ
    သူဆိုနေတဲ့ ပုံစံ၊ သူ့အိုက်တင်နဲ့ ဝတ်စားဆင်ယင်ပုံက ထင်သာမြင်သာအောင် ဖော်ပြထားလေရဲ့။
    စင်ပေါ်က သူမလေးကတော့ ဘယ်လိုနေမလဲမသိဘူး အဲဒီခွေကို ကြည့်နေရင်းနဲ့
    ကြည့်ရတာကို ရှက်လာမိတယ် စိတ်လည်းကုန်မိတယ်။ အင်း အသက်တွေကြီးလာလို့ မခံစားနိုင်တော့တာလည်း မပြောတတ်တော့ပါဘူး
    ReplyDelete
  9. တစ်တစ်ခွခွတွေ ကြားရ၊ မြင်ရတာ စိတ်လေရတယ်။ စာပေပွဲတစ်ခုမှာ အဆိုတော်မင်းသမီးငယ် ၀တ်ထားတဲ့ အ၀တ်အစားကို တွေ့တော့ နေရာနဲ့ မ၀တ်စားတတ်သေးဘူးလို့ စိတ်ထဲ ပြောမိတယ်။ ယဉ်ကျေးမှုစိတ်အခံ အားနည်းလာကြတာ ၀မ်းနည်းစရာ...။ ခင်ဝမ်း၊ ခင်မောင်တိုး၊ စိုင်းထီးဆိုင်၊ ထူးအိမ်သင်... ဘယ်လိုရေး၊ ဘယ်လိုဆို၊ ဘယ်လိုအောင်မြင်လာတယ်ဆိုတာ သူတို့ကို ပြောပြရင် သူတို့ ရယ်ကြလိမ့်မယ် ထင်တယ်..။
    ReplyDelete
  10. ကျွန်မလည်းအလည်လွန်နေလို့ ခုမှရောက်ဖြစ်တာ ခွင့်လွှတ်ပါအစ်ကိုသတိုးရေ..။
    ဒါနဲ့..အဲဒိသီချင်းလေးကဘာတဲ့တုန်း..။ ကိုယ်က အသက်သုံးဆယ်ကျော်ဆိုတော့လည်း သူတို့လေးတွေလိုက်မမီတော့ပါဘူးကိုသတိုးရေ..။ မမီတာပဲကောင်းပါတယ်း)
    ReplyDelete
  11. ကိုယ်ယုံကြည်ရာ ကိုင်စွဲပြီး လုပ်ကိုင်ကြတာပဲလေ။ ဒီဒဏ်လောက်ကတော့ ခံနိုင်ရည်ရှိရမှာပေါ့နော...။
    ခင်တဲ့
    မေသိမ့်
    ReplyDelete
  12. အားပေးသွားပါတယ်ဗျာ။ ကျွန်တော့် ၀တ္ထုတိုတွေလာခံစားသွားတယ်လို့ သိရတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ နောက်လည်း လာခဲ့ပါဦးမယ်။
    ReplyDelete
  13. ဟန်ကြည်October 31, 2011 at 12:49 AM
    အေးဗျာ...ဒီဘက်ခေတ် သီချင်းတွေကို စိတ်ပျက်တာထက်၊ နားထောင်ရမှာ ရှက်လွန်းလို့ ဝေရာမဏိလုပ်ထားတာကြာပေါ့...ဆိုနေတဲ့ ခေတ်ပေါ်ငတိ၊ ငတိမလေးတွေကို အပြစ်တင်ချင်တာထက် ငွေတစ်မျက်နှာပဲကြည့်ပြီး နောက်ကွယ်ကနေ ဒီစာသားတွေရေးပေးနေတဲ့ တေးရေးဆရာ လူ့ငနွားကိုပဲ နရင်းအုပ်ချင်မိတော့တယ်...အလင်္ကာကျော်စွာ ဆရာငြိမ်းတစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာ သူ့အတွက် အမှန်ဆုံးလို့ တွေးလိုက်မိပါရဲ့...ဒီသီချင်းတွေသာ ဆရာငြိမ်းကြားရင် ဘယ်လိုခံစားရရှာမယ် တွေးတောင်မတွေးရဲဘူးဗျာ...
    အဆိုတော် ခိုင်ထူးက အင်တာဗျူးတစ်ခုထဲမှာ ဒီနေ့ခေတ်ကလေးတွေ သီချင်းထဲမှာ ညစ်ညစ်ပတ်ပတ်တွေရေးနေ ဆဲနေတာတွေကို ဝေဖန်ထားတာ ဖတ်ဖူးပါတယ်...ဆဲချင်ရင်လည်း ပညာနဲ့ ဆဲကြပါတဲ့...ဟုတ်ပဗျာ...လွန်ခဲ့တဲ့နှစ်ပိုင်းက လက်ဖက်ရည်ဆိုင်မှာ ကလေးတစ်ယောက် သူ့ဖုန်းထဲက သီချင်းကို အကျယ်ကြီးဖွင့်နားထောင်နေလိုက်တာဗျာ..ကန်တော့ပါရဲ့ သီချင်းထဲက စာသားက“ မင်းေ-ာက်ခွက်ကြီး -ာ -ီ လာသွားမယ် ”တဲ့...ကြားကြားချင်း ဒေါသကို ထောင်းခနဲထွက်သွားတယ်... လောကပါလတရားလည်း မရှိတော့ဘူးထင်ပါရဲ့...နောက်နှစ်နှစ်ဆယ်လောက်ကြာရင်တော့ တောကြုံအုံကြားမှာ နားအေးပါးအေး သွားနေရရင်ကောင်းမလား စဉ်းစားမိပါရဲ့...
    ReplyDelete
စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။