Friday, April 18, 2014
ကြောက်​ရွံ့ခြင်း အက်​​ဆေး
   ကြောက်ရွံ့ခြင်း အက်ဆေး
                                                                သတိုး
စိတ်ရှည်တတ်တာဟာ သူ့ရဲ့အားသာချက်များ ဖြစ်နိုင်မလား။ ကျွန်တော်တို့အားလုံး၏ အတွေးကို သူကိုယ်တိုင် ချေဖျက်ပစ်ခဲ့သည်။
“လိုအပ်တဲ့အခါ စကားတော့ များများ ပြောရတာပေါ့။ သိပါစေ၊ တတ်ပါစေတော့ ဆိုတဲ့ စေတနာရှေ့ဆောင်သွားတော့လည်း အားမစိုက်ရပဲ သူ့အလိုလို နှုတ်က ကရားရေလွှတ်ပြောနေမိတာပဲ။ ခါတလေ ငါ.. တော်တော် စကားများပါလားလို့တောင် အံ့သြမိတယ်”
….. တဲ့။
“စာသင်ခန်းထဲမှာဆို စိတ်က တိုရှည်ပဲ ။ တိုတတ်တဲ့ ချိန်ကတောင် ပိုသေးတယ်”
                        သူ့တပည့်ဖြစ်ဖူးသူ ကျွန်တော်၏ တူတစ်ယောက်မှာ သူ့ဆရာကို ခုထိ ချစ်ခင်လေးစားရင်းစွဲ ရှိသော်လည်း ကြောက်ရွံ့လန့်ရှိန်မှု မလျော့။ ဘွဲ့ရပြီး လုပ်ငန်းခွင် ရောက်နေသည့်တိုင် အကြောင်းကိစ္စရှိလျှင် ဆရာ့အနားကိုကပ်ရမှာ ၀န်လေးတွန့်ဆုတ်နေတုန်းပင်။
“မင်း ကလေးတွေကို ဘယ်လို မမေ့နိုင်အောင် ခြိမ်းခြောက် နှိပ်စက်ထားခဲ့သလဲ”
                        သူငယ်ချင်းက ပြုံးတုံ့မူယာနှင့် နှုတ်ပိတ်ကာသာ နေခဲ့သော်လည်း သူတပည့်ဟောင်းတွေက တဆင့် ပြန်ကြားရသည်မှာ……
“ဆရာက အများအားဖြင့် တပြုံးပြုံးနဲ့ နေတတ်ပေမယ့် သားတို့က စိတ်အေးလက်ချ ဘယ်တော့မှ မနေဘူး။ သူ သဘောမကျတာတစ်ခုခု သားတို့ အမှားလုပ်မိသွားရင် မျက်နှာက ချက်ချင်းခက်ထန်လာတာ။ စကားလုံးတွေကလည်း ခက်ထန်ရိုင်းကြမ်းလာတော့တာပဲ။ ဆရာ စိတ်ဆိုးရင်၊ ဆူပူမာန်မဲနေရင် သားတို့တစ်တန်းလုံး တုပ်တုပ်တောင် မလှုပ်ရဲဘူး။ ရိုက်တာထက်နာတယ်။ အဲ… ရိုက်ရင်လည်း နာတာပါပဲ။ အသားကုန် သမတာ…”
                        သူ့တပည့်ဟောင်းတွေ၏ စကားလုံးတချို့ သူ့နားပြန်ရောက်ခဲ့လျှင်တော့ စိတ်မကောင်းဟန်မျက်နှာ ညိုးပြန်တော့သည်။
“တပည့်တွေ ငါ့ကို ကြောက်ကြတာကို ငါ… သာယာ ကျေနပ်နေတယ်လို့ မင်းတို့ ထင်သလား။ အကျိုးအကြောင်း စဉ်းစားလက်ခံနိုင်အောင်၊ သေချာ သဘောပေါက်ပြီး နာခံချင်လာအောင် ငါ.. စိတ်ရှည်လက်ရှည်၊ သာယာငြင်းပျောင်း ဆိုဆုံးမကြည့်ပါတယ်။ ဒါပေမယ့် ဆိုင်ကယ်စီးရင်တောင် ယာဉ်ထိန်းရဲက စောင့်ဖမ်းပြီး ဒဏ်ငွေရိုက်ပါမှ။ မေ့လောက်ရှိရင် ဟဲလ်မက်ဆောင်းဖို့ ၀န်လေးကြတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းကြရတဲ့ ငါ့တပည့်တွေက မကြောက်ရရင် လုပ်သင့်တယ်လို့ နားလည်နေတာကိုတောင် ဘာတစ်ခုမှ လိုက်မလုပ်ချင်ကြဘူး”
                        …. ဥပမာ ကျောင်းမှန်မှန်တက်ဖို့၊ စာမှန်မှန် ကျက်ဖို့၊ စာသင်ခန်းထဲ အမှိုက်မချဖို့၊ အချင်းချင်း စကားပြောကြတဲ့အခါ ဆဲရေးတိုင်းထွာ စကားလုံး ရိုင်းရိုင်းတွေ မသုံးကြဖို့၊ ကွမ်းမစားဖို့၊ ဆေးလိပ်ခိုးမသောက်ဖို့…”
                        သူ့တပည့်ကလေးတွေရဲ့ ဘ၀တစ်လျှောက်မှာ ကြောက်တတ်တဲ့အကျင့်တွေ၊ အရှိန်အ၀ါတစ်ခုကို ရွံ့ရှိန်ရိုကျိုးတတ်တဲ့အကျင့်တွေ ပါကုန်မှာ စိုးရိမ်ပူပန်ပါကြောင်း သူက ၀န်ခံခဲ့သေးသည်။ ဒါပေမယ့်….
“ငါတို့ ပတ်ဝန်းကျင်မှာလည်း အသက်မွေးမှု အလုပ်ကအစ ၀ါသနာပါလို့၊ လုပ်ချင်လွန်းလို့ စူးစူးစိုက်စိုက်၊ မြတ်မြတ်နိုးနိုး လုပ်နေကြတာထက် ကြောက်လို့လုပ်နေကြရတာတွေသာ များလှတာလေ။ အလုပ်ရှင်ကို ကြောက်လို့၊ အထက်လူကြီးက အပြစ်ပေးမှာ ကြောက်လို့၊ လက်ရှိရာထူးအာဏာလေး လက်လွတ်ဆုံးရှုံးရမှာ ကြောက်လို့၊ မိသားစုကြားမှာ အလုပ်လက်မဲ့အဖြစ် နှိမ်ချခံရမှာ ကြောက်လို့၊ ငတ်မှာ ကြောက်လို့….”
“ဘာပဲပြောပြော၊ အဲဒါ မင်းတို့လို လက်ဦးဆရာတွေကြောင့်…”
                        ကျွန်တော်တို့က စကားဝိုင်းကို ရယ်ရွှင်ပေါ့ပါးသွားစေရန် ရည်ရွယ်သော်လည်း သူငယ်ချင်းက…
“ဟုတ်တယ်လေ။ ငါလည်း ကြောက်တာကိုး”
                        … တဲ့။
“သူတို့ပညာဆုံးခန်း မတိုင်ပဲ လမ်းလွဲသွားကြမှာ ကြောက်တယ်။
ငါ့စာသင်ခန်း အောင်ချက်ရာနှုန်းကျမှာကြောက်တယ်။
ငါ… သိက္ခာကျမှာ၊ နာမည်ပျက်မှာ ကြောက်တယ်…။ ….ကြောက်တယ်။ …. ကြောက်တယ်”
@@@@@@@
                        အကြောက်တရားက ကျွန်တော်တို့၏ ဘ၀မှာ ဘယ်အချိန်ကစလို့ ထဲထဲဝင်ဝင် ရင်းနှီးပတ်သက်လာခဲ့သလဲ။
“သ… တိ….ထား။ သတိထား”
                        ဖေ၊ မေ… ဟု တစ်လုံးတစ်စ ပြောတတ်စဉ်ဘ၀ကတည်းက အမေက လက်ညိုးကလေးထောင်ကာ ချိုရွှင်ရယ်မောဟန် မျက်နှာထားနှင့် ကြောက်တတ်အောင် သင်ပေးရာ ရောက်ခဲ့သလား။ ဒါပေမယ့် ကျွန်တော်တို့၏ နှလုံးသားဖြူစင်နုနုကလေးများက စကားလုံးကိုသာ သင်ယူခဲ့ကြတာ ထင်ပါသည်။ စကားလုံးများ၏ အနက်အဓိပ္ပါယ်ကို သိနားလည်ခြင်း မရှိသေးသော အရွယ်ပေကိုး။
“ဘုန်း… ကျမယ်နော်။ ဘုန်းကျ…”
                        အမြင့်တစ်နေရာ အစွန်းတစ်ခုခုမှ အနိမ့်နေရာဆီ ဆင်းဖို့ ရှေ့ဆက်တိုးရန် အားယူဟန်ပြင်နေသော ကလေးငယ်သည်လည်း ထိုစကား၏အဓိပ္ပါယ်ကို အတိအပ နားလည်နိုင်ဦးမည် မထင်။        ဒါပေမယ့် လူကြီးက သူ့အား ရှေ့ဆက် မတိုးစေချင်ဘူးဟုတော့ ရေးရေးပြပြ နားလည်နေပြီလား မသိ။
“ ဘုန်း…”
                        နှုတ်က မပီတပီ လိုက်လံရေရွတ်သည်။ ခါတရံ လက်ခုတ်လက်ဝါးတီးကာ ရယ်မောချိုရွှင်ဟန်ပြုနေပြန်တာ။ လူကြီးတစ်ယောက်၏ ငြိုငြင်မှုက သူ့အား အနေခက်စေကာ ရေးရေးပြပြ ကြောက်ရွံ့တတ်စပြုခဲ့ပြီလား မသိ။
“ခါးခါးလူးရင် ငြိမ်ငြိမ်နေနော်။ မနေရင် ဒေဝေါကြီး ကိုက်လိမ့်မယ်”
                        ရေချိုးခြင်းကို ကလေးတချို့ ကြောက်ရွံ့တတ်ကြသော်လည်း အများစုကတော့ ရေနှင့်ဆော့ကစားရတာ ပျော်ကြပါသည်။ သို့သော် သနပ်ခါးလူးပေးလျှင်တော့ ယောက်ျားလေး အများစုက ငြိမ်သက်စွာ မခံယူလို။ သူတို့က လှုပ်ရှားပြေးလွှားကစားရတာကိုသာ ခုံမင်နှစ်ခြိုက်သူတွေ မဟုတ်လား။ မိခင်၏ ကိုယ်ပေါ်ကနေ တွန့်လိမ်လွန့်လူးနေပြန်တာ ဖြစ်သည်။ မျက်နှာကို ဘယ်ညာခါယမ်းကာ အမှုကိစ္စ နှောင့်နှေးအောင် ပြုတတ်ကြသေးသည်။
                        ဒါပေမယ့် မေမေက ဒေဝေါကြီးလာပြီဟု ခြောက်လျှင်တော့ ကြောက်ရွံ့ငြိမ်သက်သွားတတ်တော့သည်။ ဒေဝေါကြီးကို ကလေးငယ် တစ်ခါမှ မမြင်ဖူးပါ။ အဆင်းသဏ္ဍန် ဘယ်လို ရှိမယ် မသိရသော်လည်း မိခင်၏ လေယူလေသိမ်းအရတော့ အလွန်ကြောက်စရာ ကောင်းမည်ဟု အတတ်သိနေသည်။ မေမေကတော့ အရေးအကြောင်းကြုံတိုင်း ဒေဝေါကြီးကို လက်ကသုံးတောင်ဝှေးပြုကာ နိုင်ကွက်ရနေတော့ပြီထင့်။
@@@@@@@@
                        ကျွန်တော် ငယ်ငယ်တုန်းက အမှောင်ကြောက်တတ်သည်။ အမှောင်ထဲမှာ သရဲ ရှိတယ်ဟု ပြောကြတာကိုး။ အမွေးအမျှင်တွေ အရှည်ကြီးပဲ တဲ့။ နီရဲရဲမျက်လုံးကြီးတွေက လင်းကွင်းလောက် ပြူးကျယ် နေသတဲ့။ လျှာပြားကြီးတွေက ကြမ်းခမ်းထိအောင် ရှည်လျားလှသတဲ့။ နားရွက်ကြီးတွေကလည်း တစ်ဘက်ကို ဖြန့်ခင်းကာ ကျန်တစ်ဘက်ကို စောင်ခြုံသလို ထွေးခြုံထားနိုင်လောက်အောင် ပြန့်ကားကြီးမားလှသည်တဲ့။ တစ္ဆေပုံပြင်တွေ အပြောကောင်းလှသော ဖေဖေ့အစ်မ၊ ကြီးမေကြီးက ပြောဖူးတာပင်။ ပြီး လမ်းထိပ်က ဦးလူဝကြီးကလည်း သူ့ဝမ်းဗိုက် ဖောင်းဖောင်းကြီးထဲမှာ ကလေးတွေ ထည့်ထားသတဲ့။ မလိမ္မာတဲ့ ကလေးဆိုလျှင် သူ့ဗိုက်ထဲထည့်ပစ်လိုက်ရောတဲ့။ သူနှင့်တွေ့တိုင်း လိမ္မာရဲ့လား၊ လူကြီးတွေ ပြောစကား နားထောင်ရဲ့လား အမြဲမေးတတ်သည်။ ဖောင်းအစ်ယောင်ယမ်းကာ အဆီပြန်မဲနက်နေသော သူ့မျက်နှာ မဲ့မဲ့ကြီးကို ရင်ဆိုင်အတွေ့မှာ နှုတ်က ပြန်ဖြေရန် အသံပင် မထွက်တော့အောင် ကြောက်ရွံ့လွန်းရသည်မို့ ဦးခေါင်းကိုသာ ပြတ်ထွက်မတတ် ညိတ်ပြရသည်။ မျက်နှာက ငိုမဲ့မဲ့ ဖြစ်နေပြီ။ ပြီး  ၀တ်ဖြူစင်ကြယ်နှင့် ဥပသကာ လူကြီးကိုလည်း ကြောက်သည်။ ယူနီဖောင်းဝတ် ရဲသားကိုလည်း ကြောက်သည်။ သေနပ် တကားကားနှင့် စိတ်မထင်လျှင် ဖမ်းချုပ်ပစ်တတ်သည်ဟု ဆိုကြသည်လေ။
“ လူကို ကြောက်တာလား၊ တုတ်ကို ကြောက်တာလား”
                        တုတ်နဲ့ရိုက်တာက လက်နှင့်ရိုက်တာထက် ပိုနာသည်မို့ တုတ်ကိုကြောက်သည်ဟု ပြောလျှင် အဖေစိတ်တိုမည်။ လူကို ကြောက်တာဟု ပြောတော့လည်း ကျေနပ်ဟန်မတူ။ အဖေ့အင်အားနှင့် တုတ်ကို သုံးကာ ရိုက်သည်မို့ အရှိုးချင်းထပ်ကာ လူးလွန့်အော်ဟစ် နာကျင်ခဲ့ရသည်တော့ အမှန်။ အဖေ့ကိုရော.. တုတ်ကိုရော ကြောက်လှပါသည်။
                        ရိုက်နှက်ဆုံးမရမှ ပိုင်နိုင်အားရဟန်ရှိသော အဖေဆုံးပြီး နောက်ပိုင်း အမေ့ကိုပါ လက်လွတ်ဆုံးရှုံးကာ မိဘမဲ့ဖြစ်ရမည်ကို အထူးပူပန် ကြောက်လန့်တတ်ခဲ့သည်။
                        ကျောင်းမှာတော့ စာမရမှာ ကြောက်သည်။ ကျောင်းတက်နောက်ကျမှာ ကြောက်သည်။ အရိုက်ကြမ်းသော ဆရာ၏ ကြိမ်လုံးကို ကြောက်သည်။ အပြစ်ရှာတတ်သော ဆရာမ၏ ညူစူဆူပူခံရမှာကို ကြောက်သည်။ စာမေးပွဲ ကျရှုံးမှာ ကြောက်သည်။
                        အလုပ်ထဲမှာ အစွမ်းအစ မပြနိုင်မှာကြောက်သည်။ အလုပ်ရှင်ငြူစူမှာ ကြောက်သည်။ ရာထူးမတိုးမှာကြောက်သည်။ အလုပ်ပြုတ်မှာ ကြောက်သည်။ လက်ရှိအနေအထားလေးကနေ တိုးတက်မြင့်မားလာဖို့ မျှော်လင့်ကြိုးစားရင်း နိမ့်ကျဆုံးရှုံးရမှာ ကြောက်သည်။
                        ပြီး… ကာလတစ်ခုမှာ ရပ်ကွက်ရုံးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးပါမကျန် ရက်ကွက်လူကြီးမှန်သမျှကို ကြောက်ခဲ့ရဖူးသည်။ ဧည့်စာရင်းစစ်မှာလည်း ကြောက်ရဖူးသည်။ ဘောင်းဘီဝတ် ယူနီဖောင်းလည်း ကြောက်ဖူးသည်ပင်။ ရုံးပြင်ကန္နား၊ တရားတဘောင် ရင်ဆိုင်ရမှာ ကြောက်ဖူးသည်။ ခေတ်မီဖွံဖြိုးသော နိုင်ငံတော်ကြီးဆီသို့ ရည်ရွယ်ကာ မြေတူး၊ တာဖို့၊ ကျောက်ခွဲ လမ်းခင်းလုပ်အားပေးလိုက်ရမှာ ကြောက်ရဖူးသည်။ ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာတွေ ခဏ ခဏ ယူကာ နိုင်ငံရေးကို စိတ်ဝင်စားပတ်သက်ရမှာ ကြောက်ခဲ့ရဖူးသည်။ ဘ၀တစ်လျှောက်လုံး ရင်းနှီးကျွမ်းဝင်ခဲ့ရသော အကြောက်တရားတို့သည် လျော့နည်းသွားသည် မရှိပဲ တစ်နေ့ထက်နေ့ တိုးပွားလို့သာ လာနေတော့သည် ထင်မိ၏။
@@@@@@@@@
                        ကျွန်တော်တို့ ဘာကို ကြောက်ကြသလဲ။ ရာထူးအာဏာ ရှိသူကို ကြောက်ကြသည်။ ငွေကြေးအရှိန်အ၀ါ၊ သြဇာကိုလည်း ကြောက်ကြသည်။ လန့်ရှိန်ပြားဝပ်ကြသည်။ လက်နက်ဖြင့် နှိပ်စက်ကလူ ၊ အနိုင်အထက် ပြုလာမှာကို ကြောက်သည်။ လွတ်လပ်မှုကို စွက်ဖက်ကာ ချုပ်နှောင်အကျဉ်းကျခံရမှာကိုလည်း ကြောက်ကြသည်ပင်။
                        ပြီး ကမ္ဘာကြီးမှာ စစ်မီးခိုးတွေ တလူလူလွင့်ကာ မငြိမ်းချမ်းမှာ၊ လူတန်းစေ့ မနေရမှာကိုလည်း တွေးပူကြောက်ရွံ့တတ်ကြပါသေးသည်။ အနာရောဂါဖြင့် စောစီးစွာ သေလွန်ရမှာကိုရော ကြောက်ရွံ့တတ်ကြသည်ပင် မဟုတ်လော။ သေလွန်ပြီးနောက် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်စသော အပါယ်လေးဘုံရောက်မှာအထိ တွေးပူစိုးရွံ့ ကြောက်လန့်တတ်ကြသည် မဟုတ်လား။
                        ကျွန်တော်တို့ ကြောက်ရွံနေကြသော အကြောင်းတရားများကို ခွဲဖြာစိတ်ပိုင်းကြည့်လျှင် ကြိုတင်သိမြင်နိုင်သော အကြောက်တရားများနှင့် ကြိုတင်မသိမြင်နိုင်သော အကြောက်တရားများဟု အကြမ်းဖျင်း ဆစ်ပိုင်းကြည့်ကြအောင်။
                        ကြိုတင်သိမြင်နိုင်သော အကြောက်တရားများကတော့ ကျွန်တော်တို့အား ဖိစီးနှိပ်စက်မှုကာလ သိပ်မရှည်ကြာဟု ထင်ပါသည်။ ထို အကြောက်တရားများက ကြုံဆုံရင်ဆိုင်ရချိန် မတိုင်ခင်ကတည်းက နီးနီးစပ်စပ် ခန့်မှန်းလို့ရသည်။ မိမိ၏ ခံနိုင်ရည်အားနှင့် ချိန်ညှိကာ ကြိုတင်ပြင်ဆင်ထားနိုင်သည်။ ကိုယ် စွန့်လွှတ်စွန့်စားရမည့် အတိုင်းအတာ၊ ကာလကို တွက်ဆဆင်ခြင်နိုင်နေသည်မို့ မကြုံရမီမှာ တထိတ်ထိတ်ပူပန်မှု အနည်းငယ်ဖြစ်ရသေးသည့်တိုင် တကယ်ရင်ဆိုင်ကြုံဆုံလာရသည့်အခါ သွေးအေးတည်ငြိမ်စွာ ရင်ဆိုင်နိုင်မည် ထင်ပါသည်။
                        မသိမြင်နိုင်သော အကြောက်တရားများကတော့ ကျွန်တော်တို့၏ ဘ၀တစ်လျှောက် အရိပ်ကဲ့သို့လိုက်ကာ သေသည့်တိုင် နှိပ်စက်ကလူ ပြုနိုင်ကြမည် ထင်ပါ၏။ သူတို့အား ကျွန်တော်တို့က မခန့်မှန်းတတ်ကြတော့ စိတ်ကူးမှာ အရှိတရားထက် ပြင်းထန်ကြီးမားနေတော့တာ ဖြစ်သည်။ ရှိပြီး အကြောက်တရားက အချိန်ကြာလာလေ ပိုမိုဆပွားများပြားလာလေ အဖြစ်မျိုးလည်း ရှိနိုင်သေးသည်ပင်။ တွေးတောနေမိသော အကြောက်တရားထက် အကြောက်တရားကို တွေးနေမိသည့်အတွေးက ပိုလို့ပင် ကြောက်စရာ ကောင်းနေပြန်သေးတော့သည်။
                        အကြောက်တရား ကြီးမားလွန်ကဲသူတို့သည် မိမိ၏ကြောက်ရွံမှုကိုပင် လူသိမှာ ကြောက်တတ်ကြပါသေးသည်။  ၀န်ခံဖို့ရာ ဝေးလေစွ။ သို့ပေမယ့် မြင်နိုင်ပါသည်။ သူတို့သည် ကြောက်ရွံ့မှုကို ရာထူးအာဏာနှင့် ကာကွယ်ကြသည်။ လက်နက်ဖြင့် နိုင်လိုမင်းထက် ခြိမ်းခြောက်ကာ မိမိ၏ အကြောက်တရားကို ထိန်းချုပ်တတ်ကြသည်။ အမူအယာ ရိုင်းကြမ်းလာကြသည်။ နှုတ်ထွက်စကားများ ရှေ့နောက်မညီ မရေရာ။ ခါတရံ ဖရုဿဝါစာ စကားတို့ဖြင့် သိမ်ဖျင်းယုတ်ညံ့လာကြတော့သည်။ စိတ်စေရာ ပြုမူကာ အိနြေ္ဒမဲ့ အလွဲအမှားများကိုလည်း ဆက်တိုက်ပြုမူတတ်ကြပြန်သည်ပင်။
                        တချို့ အာဏာနန်းထိုင်တည်မြဲရေးအတွက် အခြားတပါးသူတို့၏ အသိုက်အမြုံကို ဖျက်ဆီးတတ်ကြသည်လည်း ရှိသည်။ မိမိကိုယ်ကို စစ်စစ်ထိမခံ၊ နာကျင်ဒဏ်ရာရမှာ ကြောက်ရွံ့သောကြောင့် အခြားတပါးသူကို သွေးထွက်သံယိုပြုတတ်ကြတော့သည်။ ကိုယ့်အသက်သေရမှာ ကြောက်သောကြောင့် ကိုယ်တိုင် လက်မရွံ့တပ်သားများ ဖြစ်လာကြသည်။ အကြောက်ကြီးသူများ ကြောက်ရမ်း ရမ်းသဖြင့်သာ လောကကြီး ထောင်းထောင်းထ၊  မွမွကြေရသည်ပင် မဟုတ်လား။
@@@@@@@@
                        စင်စစ် လူသားတိုင်း အကြောက်တရားနှင့် မကင်းနိုင်ပါ။ အကြောက်တရားကြောင့် ကိုယ်တိုင်ဘ၀၊ မိသားစုဘ၀မှသည် နိုင်ငံလူမျိုးတိုးတက်မြင့်မားသည်အထိ စွမ်းဆောင်နိုင်ခဲ့ကြသူ သူရဲကောင်းတွေလည်း အများအပြား ပေါ်ထွန်းလာခဲ့၊ ပေါ်ထွန်းနေဆဲ မဟုတ်ပါလား။
                        ဗိုလ်ချုပ်အပါအ၀င် သူရဲကောင်း၊ အာဇာနည်တို့သည်လည်း သူ့ကျွန်ဘ၀မှာ လူမျိုးတစ်မျိုးလုံး အစစ နိမ့်းပါးဆင်းရဲခြင်းတွေ သံသရာရှည်မှာကို တွေးပူကြောက်ရွံ့ခဲ့ကြမည်ပင်။
လူမျိုးတစ်မျိုးလုံး လူအခွင့်အရေးများစွာ ပျောက်ဆုံးကာ အနိုင်အထက်ဖိနှိပ်ခံရင်း အနေကြာလာလျှင် လူဖြစ်ရှုံးမည်ကို တွေးပူစိုးရွံ့တတ်သူများစွာကိုလည်း ဒီနေ့အထိ မြင်နိုင်သေးသည်ပင်။ ကြောက်ရွံ့ရမှာ ကြောက်သောကြောင့် အံတုရင်ဆိုင်ရင်း ရဲရင့်လာကြသူတွေ ဖြစ်သည်။
                        တချို့ကျတော့လည်း အကြောက်တရားကြောင့် ငြိမ်သက်ကျောက်ရုပ်တွေဖြစ်ကုန်ကြကာ မတရားမှုဟု သိသိကြီးနှင့်ပင် ကြားနေပြေလည်ရေးသမားသက်သက်အဖြစ် ဘေးကင်းလုံခြုံ(သည် ထင်ရသော) ဘ၀မှာ နေသားကျနေကြပြန်သည်။ သူတို့ကတော့ ရေအိုးထဲက ဖားတွေနှယ်ပင်။ ရေအေးအိုးကို တဖြည်းဖြည်းအပူပေးသည့်အခါ ပူနွေးလာသည်ကို သတိပြုမိကာ အနေခက်ခဲလာကြသည်မှန်သော်လည်း အဆင်ပြေမှာပါဟူသော ဂါထာကို တဖွဖွရေရွတ်ကြသည်။ တကယ်လည်း တစ်နေ့အဆင်ပြေလာနိုး မျှော်လင့်ကိုးရင်း ရေနွေးကျိုက်ကျိုက်ဆူသောအခါ မိမိကိုယ်ကိုယ် သေလွန်ခဲ့ပြီကိုပင် သတိမပြုမိအားနိုင်လောက်အောင် ကြမ္မာဆိုးနှင့် အကျိုးနည်းရတော့သည်ပင်။
@@@@@@@@
                        ပြောရလျှင်တော့ လူတိုင်းမှာ အကြောက်တရား အနည်းနှင့် အများတော့ ရှိတတ်ကြသည်ချည်းဖြစ်သည်ကို ၀န်ခံရမည်ပင်။ ထိုအကြောက်တရားကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရင်ဆိုင်ကြသောအခါ ဗိုလ်ကျစိုးမိုးခြင်းနည်းဖြင့် အခြားတပါးသူတို့၏ သောကနှင့် မျက်ရည်တို့ကို ခုတုံးလုပ်ကာ ချမနင်း သင့်လှပါ။ သွေးမျက်ရည် စွန်းပေရလျှင် ထိုသွေးတစ္ဆေက တစ်ဘ၀လုံးစာခြောက်လှန့်ကာ အကြောက်သံသရာ ဆုံးနိုင်ကြတော့မည်မထင်။ လောကကြီးအတွင်းမှာ အကြောက်တရားတို့ တစစ ပိုမိုနည်းပါးလာမှသာ လူသားတို့ကမ္ဘာသည်လည်း ပိုမိုပျော်ရွှင်ဖွယ် သာတောင့်သာယာ ငြိမ်းချမ်းလှပလာပေလိမ့်မည်။          
                                                                              သတိုး
Saturday, January 25, 2014
လှိုင်းများလွန်လျှင်…
ကျွန်တော်ကိုယ်တိုင် လှော်ခတ်လာသော လှေကလေးပေါ်မှာ ကျေနပ်ကြည်နူးစွာ ထိုင်လျှက်လိုက်ပါလာရင်း  မြတ်တစ်ယောက် အံ့သြမဆုံး ကြည်နူးမြူးပျော်လို့နေခဲ့သည်။
မြတ်တို့ရဲ့ မူလတန်းကျောင်းလေးတည်ရှိရာ “ကန့်ဘလာငူ”ရွာကလေးနှင့် ကျွန်တော် ငယ်ငယ်က နေထိုင်ကြီးပြင်းခဲ့ဖူးတဲ့ ‘ဥယျာဉ်ကုန်း’ ရွာကလေး က ဘယ်လောက်မှ မဝေးလှမ်းလှ။ ချောင်းရိုးအတိုင်း ရေအစုန်၊ ရေအလှည့်သင့်လျှင် လေးဆယ့်ငါးမိနစ်လောက် ခတ်ကွင်းပြင်ရုံနှင့် ရောက်နိုင်မည်။
ဒါပေမယ့် ကျွန်တော်တို့ငယ်စဉ် အချိန်တုန်းကတော့ တစ်ရွာနဲ့ တစ်ရွာအကြား အခုလောက် အသွားအလာ ပျားပန်းခပ်မနေကြသေး။ အကြောင်းကိစ္စ အထူးမရှိပဲ တခြားရွာကို ကူးလူးသွားလာ မပြုကြသေး။ လူနေအိမ်ခြေတွေလည်း သုံး၊လေးဆယ်ဝန်းကျင်ထက် မပိုနိုင်သေးသောကြောင့် ဆိတ်ငြိမ်သွေ့ခြောက်နေသော ရွာကလေးတွေဟာ ကိုယ့်ရွာထဲ သူစိမ်းတစ်ယောက် ၀င်တာနှင့် ချက်ချင်းသိနိုင်နေတော့သည်။
ချောင်းမြစ်အသွယ်သွယ်၊ ရွှံ့ညွံနုံးဗွက် ထူပြောလှသော အခြားရွာငယ်များနှင့် ခြားနားလှစွာ… ကျွန်တော်တို့၏ ရွာကလေးက အမည်နှင့်လိုက်အောင်ပင် ရှားရှားပါးပါး သဲကုန်းမို့မို့ ဥယျာဉ်ရွာကလေးဖြစ်သည်။ သောက်သုံးရေလည်း ပေါများသည်။ ပြီး.. ခြံထွက်အသီးအနှံတွေလည်း အလျှံပယ်မို့ ကိုယ်တိုင်ခူးဆွတ်ဝယ်ယူလို့ ရနိုင်နေကာ နီးနားဝန်းကျင်ရွာကလေးတွေက အသွားအလာ ခပ်စိတ်စိတ်ရှိပြီး ပိုလို့စည်ကားနေတတ်မြဲ။
တစ်ရွာနဲ့တစ်ရွာကြားမှာလည်း တောတန်းထူထူ၊ ခြုံနွယ်ရှုပ်ရှုပ်တွေ ခြားနားထားသေးတာဆိုတော့ ခုလို လှမ်းငေးကြည့်မြင်ဖို့ မဖြစ်နိုင်ပြန်။ ချောင်းရိုးအတိုင်း လှေလှော်၊ လှေခတ်သွားပြန်လျှင်လည်း ချောင်းရိုးတစ်လျှောက် ခြုံနွယ်ထူစိပ်စိပ်၊ လမု၊ သမှည့်၊ ကန့်ဘလာ၊ ကနစို၊ မဒမတို့အပြင် ဆူးခက်ဝေသော သင်ပေါင်းပင်၊ ဗိုင်းတောင့်ပင်… စသော ဒီရေတောတန်းညို့ညို့တွေနှင့် တော်ရုံနေပျောက်မတိုးနိုင်ပဲ စိမ့်သက်အေးမြလို့ နေပြန်သေးတော့သည်။ ခုတော့ ချောင်းရိုးတစ်လျှောက်မှာ ဒီရေတောတွေပြုန်းတီးကာ သစ်ပင်တွေ ကျဲပါးသွားလိုက်တာ။
ငယ်ငယ်တုန်းကတော့ ချောင်းကမ်းနံဘေးမှာ ထိုးဆိုက်ကာ ရေစုန်အလှည့်စောင့်နေကြသော မီးသွေးထင်းခုတ်လာသည့် ထင်းလှေကြီးတွေကို အံ့သြငေးမောခဲ့ရရုံထက်မပို။ ချောင်းကမ်းနံဘေးမှာ တောင်ပုံယာပုံ စုပုံထားသော နှစ်တောင်ထင်း၊ လက်စည်းထင်း စသည် ထင်းပုံကြီးတွေလည်း ဟီးထနေတတ်ပြန်သေးတာ ဖြစ်သည်။ ပြုန်းတီးသွားသော ဒီရေတောများကြား လယ်တည်ကြ၊ ငါး၊ ပုဇွန်ကန်များတူးဖော်ကြပြန်ရာ.. ခုတော့ ဒီရေတောတွေပြုန်းတီးကာ လွင်တီးခေါင်နှင့် မခြားနားလှတော့ပေ။ အများကြီးစည်ပင်တိုးပွားလာသော တဲအိမ်စုလေးတွေကိုတော့ သွယ်တန်းစီရီလှစွာမို့ တငေးငေးမော့မော့။
ခပ်တက်ကို လက်ယှက်ထားလို့ အရင်းဘက်( ဂျင်ဘု)ကကိုင်ကာ လက်နှစ်ဖက် ပြိုင်တူအားစိုက်တွန်း လိုက်တိုင်း လှေကလေးက ငြိမ့်ကနဲ့ ရှေ့သို့ပြေးလေသည်။ မြတ်က ခပ်တိုင်မှာ တွဲထားသော ခတ်ကွင်းမြည်သံနွဲ့ကို အထူးအဆန်းလုပ်ပြီး သဘောကျနေပြန်တော့ပြီ။ လှေလှော်ခပ်နေမကျတော့ ကျွန်တော် နည်းနည်းတော့ မောချင်မိရဲ့။ ကျောပြင်မှာ ချွေးတွေစိမ့်ကွက်နေပေမယ့် မြတ်က ကျွန်တော်ကိုယ်တိုင်လှော်ခတ်တဲ့ လှေကလေးပေါ်မှာ အငြိမ့်သား လိုက်ပါစီးရခြင်းအတွက် ကြည်နူးမဆုံးရှိနေပြန်တာ။ ကျွန်တော် မောရမှန်း မသိတော့ဘူး။
“ ဟိုရှေ့မှာ မောင်တို့ရွာ။ ဥယျာဉ်ကုန်းကို ရောက်ပါပြီတဲ့ ရှင်”
                        ကျွန်တော့်ထက်စာလျှင် မြတ်ကတောင် ရွာကလေးနှင့် ပိုလို့ တရင်းတနှီး ရှိနေသေးတော့သည်။
                                    @@@@@@@@
                        အမှန်အတိုင်းဝန်ခံရလျှင် ဥယျာဉ်ကုန်းကို ကျွန်တော် မမှတ်မိပါ။ မနည်းကြီး ပုံဖမ်းနေရသည်။  ရွာကလေးကလည်း ကျွန်တော့်ကို ခပ်စိမ်းစိမ်းပဲ ဧည့်ခံခဲ့တာဖြစ်သည်။ ကျွန်တော် ဒီရွာမှာ နေထိုင်ခဲ့ဖူးသည်ဆိုတာ ရုတ်တရက်မှာတော့ ဘယ်သူ့ကို တိုင်တည်ရမှန်း မသိ။
ကျွန်တော်သိခဲ့ဖူးသော ရွာသားဟောင်းတွေ အတော့်ကို နည်းပါးနေခဲ့ပြီ ထင်ခဲ့မိသော်လည်း ကျွန်တော်တို့ မိသားစု၏ အမည်နာမများကိုတော့ သူတို့ မမေ့လျော့ကြသေးတာမို့ ကျေးဇူးတင်ရသည်။ အဖိုးကိုလည်း သူတို့ မမေ့ကြသေး။ အဖေ့၏ နာမည်ကို အကြားမှာ သူတို့ စိတ်မကောင်းဟန်ကို မဖုံးကွယ်နိုင်ကြပဲ နှုတ်ဆိတ်နေကြပြန်တော့သည်။
ဒါပေမယ့် မနည်းကြီး စုံစမ်းမေးမြန်းသည့်တိုင် ကျောင်းသွားဖော် သူငယ်ချင်းတချို့တော့ ရေကြည်ရာ၊ မြက်နုရာ တစ်ရပ်တစ်နယ်တို့ဆီ ရွေ့လျားပြောင်းရွှေ့သွားခဲ့ကြပြီိ။ အနည်းအကျဉ်းမျှ ကျန်နေသူတွေကလည်း ကျွန်တော့်အား ငယ်သူငယ်ချင်းရယ်ဟု နွေးထွေးပျူငှာရန် မ၀ံ့ကြတော့ဘူး ထင်သည်။ ကျွန်တော့်တို့ စာသင်၊ စာအံခဲ့ဖူးတဲ့ ဆရာ ဦးထွေးကြည်ရဲ့ အိမ်ကလေးနဲ့ သူ့ခြံဝန်းလေးကို အမောတကော ရှာမိသည်။ သူ့ခြံဝန်းကျဉ်းကျဉ်းလေးမှာ တစ်ကိုယ်တည်း ဧကစာရီနေထိုင်ရင်း အဖေ့ကြောင့်သာ ကျောင်းသားတရုန်းရုန်းနှင့် ရွှင်ပြတက်ကြွလာခဲ့ဖူးသော ဆရာတစ်ယောက်လည်း ဘ၀တစ်ပါးသို့ ပြောင်းသွားကွယ်လွန်ခဲ့ပြီမို့ နှမျောဝမ်းနည်းရပြန်သည်။
                        ဒီရွာဇာတိသားတစ်ယောက် မြို့မှာ ပညာတွေ ဆက်လက်သင်ယူလို့ ဘ၀အခြေတကျဖြစ်နေတာ တွေ့ရ၊ သိရတော့ သူတို့ ၀မ်းသာဂုဏ်ယူနေတဲ့ပုံ။ ဒီရွာရဲ့ ကိုယ်ပိုင်ကျောင်းကလေးဖြစ်သော ဆရာဦးထွေးကြည်၏ တပည့်ထဲက တစ်ယောက်အဖြစ် ကျွန်တော် ၀န်ခံတော့ ပိုလို့ အံ့သြတကြီးဖြစ်နေကြတော့သည်။ ဆရာက ဒီရွာမှာ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းကလေး ပေါ်ထွက်လာချိန်အထိ သူ့အိမ်ကလေးကို ကျောင်းလုပ်ကာ ရွာသားကလေးငယ်တွေကိုသာမက ရွာနီးချုပ်စပ်ရှိ ကျောင်းနေအရွယ် ကလေးငယ်တွေကိုပါ ခေါ်ယူကာ စာသင်ပေးခဲ့သူ မဟုတ်လား။ အဖိုးနဲ့ အဖေ လှူခဲ့တဲ့ကျောင်းခြံဝန်းနှင့် တစ်ဆက်တည်းဖြစ်နေသော သူ့ခြံဝန်းကလေးကိုလည်း သူ… မကွယ်လွန်မီ ကျောင်းမြေအတွက် လှူဒါန်းသွားခဲ့သေးသည်..တဲ့။
                        ဆရာ့ကျောင်းကလေးမှာတုန်းက ကျွန်တော့်အသက် ခြောက်နှစ်ထဲဝင်နေပြီဆိုတာ မှတ်မိနေသေးသည်။ အဖေက ကျွန်တော် အသက်တွေ တစ်နှစ်ပြီး တစ်နှစ်ကြီးလာတာနဲ့အမျှ ပင့်သက်မောတွေ ခပ်စိတ်စိတ်ကြိတ်ရှိုက် နေတတ်ခဲ့တာ။ ဒီအသက်အရွယ် ရောက်လာတဲ့အထိ ကျွန်တော်… စာရေး၊ စာဖတ် မတတ်သေးဘူး မဟုတ်လား။ ဗျဉ်းအက္ခရာ သုံးဆယ့်သုံးလုံးတော့ ဆိုတတ်၊ ရေးတတ်နေခဲ့ပြီ။ ကောင်းကောင်းလည်း မှတ်မိနေပြီ။ အဖေက ကျွန်တော့်ကို သူကိုယ်တိုင် စာသင်ပေးခဲ့သည် ။ ဒါပေမယ့် သူငယ်တန်းဖတ်စာအုပ်ကလေးက နှစ်ပေါက်တဲ့အထိ မကုန်နိုင်။ ဥယျာဉ်ထဲမှာ အုန်းပင်ပေါက်တွေ စိုက်ရင်း၊ ငှက်ပျောပင်တွေ မျိုးခွဲရင်း၊ ကွမ်းခြံထဲမှာ ကွမ်းခွေရင်း၊ တောခုတ်လယ်ထွင်ရင်း အဖေ ပင်ပန်းကာ စာသင်ချိန် ပုံမှန် မပေးနိုင်ခဲ့လို့ ဖြစ်သည်။  တခါတလေ လက်တွေ၊ ခြေထောက်တွေ ချိုးရေတွက်ရင်း အမေနဲ့ သင်္ချာတွက်ရတတ်သေးသည်။ အလီတွေလည်း အော်ဆိုခဲ့ရသည်။
 ရွာမှာစာသင်ပေးဖို့ ဆရာ ဦးထွေးကြည်ကို အဖေ ကိုယ်တိုင်တောင်းပန်ခဲ့တာ ဖြစ်သည်။ ရွာထဲက တခြားကလေးတွေကိုလည်း တစ်အိမ်တက်ဆင်း လိုက်လံစည်းရုံးတောင်းပန်ခဲ့ရသေးတာ ဖြစ်ပါသည်။ သူတို့အားလုံးဟာ ကျွန်တော့်ထက် အပုံကြီး အသက်ကြီးတဲ့သူတွေတောင်ပါရဲ့။ ဒါပေမယ့် တစ်ယောက်မှ ၀လုံးဝိုင်းအောင် မရေးတတ်ကြသေးဘူး မဟုတ်လား။ သူတို့ရဲ့ မိဘတွေကတော့ အဖေ့လို ပူပန်ရကောင်းမှန်း သိပ်မသိတတ်ခဲ့ကြဟု အဖေက ပြစ်တင်နေပြန်သည်။
ဒီရွာကလေးမှာတော့ အဖေ့ကို ခေတ်ပညာတတ်တစ်ယောက်ရယ်ဟု လေးစားချစ်ခင်ရင်းစွဲ ရှိကြပါသည်။ ဒါပေမယ့် အဖေက ရိုးဖြောင့်သလောက် မဟုတ်မခံ၊ ချက်ချင်းတုန့်ပြန်တတ်သူ စိတ်မြန်လက်မြန်သမားမို့ ကြည့်မရသူတချို့လည်း ရှိကြပြန်သေးသည်ပင်။ သူတို့အထဲမှာ အမေ့အစ်မ၏ ခင်ပွန်း၊ အဖေ့ မယားညီအစ်ကိုက သူတကာထက် ထူးထွက်ထင်ရှားခဲ့လေသည်။
“ဘယ်က ဘွဲ့ရခဲ့ရမှာလဲကွာ။ တက္ကသိုလ်ကိုပို့တာ ကျောင်းတောင်မပြီးပဲ မြို့ပြန်ရောက်လာတာပဲ”
                        အဖေ့အကြောင်းပြောလျှင် တစုံတစ်ယောက်နားသို့ ကြားသိပေါက်ကြားသွားမှာ သေမလောက် ထိတ်လန့်ဟန်ဖြင့် နှစ်ကိုယ်ကြားသာရုံ တီးတိုးစကားဆိုတတ်ကြတာ ဘာကြောင့်ရယ်ဟု ကလေးဘ၀တုန်းကတော့ မရိပ်မိ၊ နားမလည်တတ်ခဲ့သေး။
                        ကျောင်းရက်ရှည်ပိတ်ချိန်မှာ အမေနှင့်အကြောင်းပါခဲ့သောကြောင့် အဖေတစ်ယောက် တက္ကသိုလ်ပညာရေးနှင့် ဝေးခဲ့သလိုလည်း ဆိုကြပြန်သည်။ တချို့ကလည်း…
“ကျောင်းကိုပြန်ပို့လည်း ကျောင်းကောင်းကောင်းမတက်ပဲ လူစုစုထဲ ဟိုပါ ဒီပါ နိုင်ငံရေးယောင်ယောင်အလုပ်တွေ ပြန်လုပ်နေမှာပဲလေ…။ ဒီတစ်ခါပြန်လုပ်ရင် ထောင်ကျမှာစိုးလို့ ယောက္ခမက အားလုံးနဲ့ အဆက်ပြတ်အောင် သူနဲ့ နီးနီး ဒီရွာမှာခေါ်ထားတာ”
                        ရွာကလေးမှာ အမေ့ဘက်မှ အဖိုးအပြင် အခြားဆွေမျိုးနီးစပ် တချို့ရှိကြပေမယ့် အဖေ့ဘက်မှ အဖိုးအဖွားတစ်စုံက မြို့မှာ ဖြစ်သောကြောင့် ကျွန်တော်တို့ မိသားစုတွေ မြို့နှင့် အဆက်မပြတ်ခဲ့ကြပါ။ ဒါပေမယ့်…
“မင်းက လူလွတ်မဟုတ်တော့ဘူးနော်။ သားနဲ့ မယားနဲ့ ဖြစ်နေပြီ”
                        မြို့သို့ရောက်တိုင်း အဖွားက ချော့မော့ဖျောင်းဖျသလို အဖိုးကလည်း တင်းတင်းကျပ်ကျပ် သတိပေးတတ်ပြန်သည်။ အဖေကတော့ ခွန်းတုန့်ပြန် ပြောဖော်မရသော်လည်း သူ.. ယုံကြည်ရာကို လွယ်လွယ်ကူကူ စွန့်လွှတ်မပစ်နိုင်ခဲ့တာတော့ မိသားစုအားလုံးက ရိပ်မိနေခဲ့ကြသည်တဲ့။
“ကျွန်တော် မြို့ ပြန်ပြောင်းမှ ဖြစ်မယ်။ သားရဲ့ပညာရေး အတွက်လည်း စဉ်းစားရမယ်လေ”
                        ကျွန်တော့်တစ်ယောက်တည်းကိုသာ မြို့သို့စေပို့ကာ ကျောင်းထားပေးရန် လိုလားခဲ့ကြသော်လည်း အဖေ့အားမြို့သို့ပြောင်းရွှေ့စေရန်တော့ ဘယ်သူမှ  ဆန္ဒမရှိခဲ့ကြပါ။ ကျွန်တော်ကတော့ အဖေ၊ အမေနှင့် မခွဲနိုင်၊ မခွဲချင်ခဲ့ပေ။ အမေကလည်း ကျွန်တော့်အား တစ်ခါစဖူးမှ ညည့်အိပ်ညည့်နေ မခွဲစဖူးမို့ ကြိုလွမ်းနေနှင့်ပြန်တော့သည်။
“ဒီတစ်နှစ်တော့ ဆရာ ဦးထွေးကြည်ကို တောင်းပန်ပြီး စာသင်ပေးခိုင်းရမှာပဲ။ လာမယ့်နှစ်မှာ ရွာမှာ တွဲဘက်မူလတန်းကျောင်းလေး ဖြစ်လာအောင် ကြိုးစားကြည့်ဦးမယ်။ ဘယ်လိုမှ အလှမ်းအကမ်းမမြင်ရင်တော့ သားကို မြို့ပို့ချင်ပို့၊ မဟုတ်လည်း တစ်မိသားစုလုံးပြောင်းမယ်ကွာ။ ငါက ပြောင်းချင်နေတာ.. ။ မင်းအဖေကို ငဲ့နေရလို့သာ”
ဆရာ ဦးထွေးကြည်၏ ခြံဝန်းထဲက အိမ်ကုတ်ကုတ်ကလေးဟာ ကျွန်တော်တို့အားလုံးရဲ့ စာသင်ကျောင်းလေး ဖြစ်လာခဲ့လေမှ ရွာထဲမှာ စာအံသံ စတင်ကြားဖူးခဲ့တော့တာ ဖြစ်သည်။ ဆရာ့ခြံဝန်းထဲရှိ သစ်ပင်ရိပ်များအောက်တွက်တွင် ကျွန်တော်တို့တတွေ၊ ဟိုနားတစ်စု၊ သည်နားတစ်စု စာသင်၊ စာအံခဲ့ဖူးကြတာ ပြန်လွမ်းချင်စရာပေ။
 ဆရာဦးထွေးကြည်၏ ကျောင်းကလေးက အစိုးရကျောင်းတွေမှာလို စာမေးပွဲမစစ်၊ အတန်းလည်း မတက်ရ။ ဒါပေမယ့် ကျောင်းသားတစ်ယောက်ချင်းစီ၏ အရည်အသွေး၊ စာလိုက်နိုင်မှုအပေါ် မူတည်ကာ အုပ်စုခွဲလျှက် သင်္ခန်းစာခွဲခြားသင်ပေးသည်။ မြန်မာစာကို ကျွမ်းကျင်စွာ ရေးတတ်၊ ဖတ်တတ်စေခဲ့သည်။ ပေါင်းနှုတ်မြှောက်စား ကဏန်းသင်္ချာသာမက ဈေးတွက်၊ လယ်ဧကတွက်၊ စပါးတင်းတောင်း အချင်အတွယ် တွက်ချက်နည်းတွေလည်း သင်ကြားတတ်မြောက်ခဲ့ကြရသည်။
                        အခုတော့ ရွာထဲမှာ မူလတန်းကျောင်းလေးက ဟိန်းဟိန်းမားမား။ ကျောင်းအုပ်ဆရာမကြီးအပါအ၀င် ဆရာ၊ ဆရာမ လေးယောက်။ သူငယ်တန်းကနေ စတုတ္ထတန်းအထိ ကျောင်းသားနှစ်ရာဝန်းကျင်ဆိုတော့ ဆရာနဲ့ ကျောင်းသား အင်အားမမျှလှသေးဘူးဆိုပေမယ့် ကျွန်တော်တို့တုန်းက အခြေအနေထက်တော့ အဆများစွာ ခြားနားတိုးတက်နေပါသေးသည်။
“နေနိုင်လိုက်တာရှင်”
                        ဥယျဉ်ကုန်း၏ မူလတန်းကျောင်းအုပ် ဆရာမကြီးအား တုန့်ပြန်စကားဆိုရန်ထက် ရွာကလေးကို အားနာနေမိတာက ပိုလွန်ပါသည်။ ရွာက ထွက်ခွာခဲ့ပြီး အနှစ်နှစ်ဆယ်နီးပါး ရွာကို တစ်ခေါက်တကျေးတောင်မှ ပြန်မရောက်နိုင်ခဲ့ဘူးမဟုတ်လား။
                        ရွာကို ကျွန်တော် မကြာခဏ သတိရနေတတ်ခဲ့တာ ကျိန်ဆိုဝံ့ပါရဲ့။ ဒါပေမယ့် ရွာကို ပြန်ရောက်ချင်စိတ်တော့ တစ်ခါဖူးမျှ မပေါ်ပေါက်မိစဖူး။ အမှန်အတိုင်းဝန်ခံရလျှင် ကျွန်တော် ရွာကို ပြန်ရမှာ ၀န်လေးတွန့်ဆုတ်နေခဲ့သေးတာ ဖြစ်သည်။ အမေလည်း အတူတူပဲ။ ရွာက ထွက်လာပြီးကတည်းက ပစ်ထားခဲ့သော အဖိုး၏လက်ငုတ်၊ အဖေ့လက်စ ခြံဝန်းနဲ့ လယ်ကွက်တွေကို တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့တော့တာ ဖြစ်သည်။ ခြုံနွယ်ပိတ်ပေါင်းတွေ တောထလာခဲ့တာ သတင်းကြားပေမယ့် နည်းနည်းမှ စိတ်မလည်နိုင်ခဲ့။
“သင်းတို့မိသားစုနဲ့သာ ပြေလည်အောင် ညှိနှိုင်းကြပါ… ။ ကျွန်မတို့အတွက် ရမယ့်ငွေကို ရွာမှာ သူတို့နဲ့ လွတ်လွတ်ကင်းကင်း မြေတစ်နေရာ ရှာဝယ်ပြီး ကျောင်းခြံမြေအတွက် လှူပေးပါ။ ကျွန်မ အဖေရော၊ ကျွန်မယောက်ျားရော… ရွာမှာ မူလတန်းကျောင်းရှိစေချင်ခဲ့တာ ရှင်တို့ မေမပစ့်ကြပါနဲ့”
                        တစ်ထိုင်တည်းလက်မှတ်ထိုးကာ  ငွေအားလုံးကို အဖိုးနှင့် အဖေတို့၏ နာမည်နဲ့ လှူပစ်ခဲ့တော့တာဖြစ်သည်။
                        မြို့သို့ပြောင်းကာစ ရွာက ဧည့်သည်တစ်ယောက်တလေ ၀င်ထွက်သွားလာရှိတတ်ကြသေးပေမယ့်  တဖြည်းဖြည်း အသွားအလာ ကျဲပါးသွားခဲ့ပြီ။ တဖြည်းဖြည်း အဆက်အဆံပြတ်တောက်သွားခဲ့လျှင်တော့ ရွာသတင်းလည်း ကျိုးကြောင်းထွေရာ မသိရတော့ပြီ။ ရွာအကြောင်း စိတ်ဝင်တစား စုံစမ်းဖို့ထက် မေ့လျော့ထားနိုင်ခဲ့ခြင်းသာ ကျွန်တော်တို့သားအမိအတွက် အကောင်းဆုံး မဟုတ်လား။
                                    @@@@@@@@@@
                        ရွာဦးမှာ ဘုန်းတော်ကြီးကျောင်းကလေးလည်း ထည်ထည်ဝါ၀ါရှိနေခဲ့ပြီ။ ရွာအရေးကိစ္စ၊ သာမှုနာမှုတွေတိုင်း နှစ်နာရီလောက် ရေဆန်ဆန်၊ လေဆန်ဆန် လှေတစ်စင်းနဲ့ ဘုန်းကြီးပင့်သွားကြ၊ ကြိုပို့ကြဖြင့် အလျှင်လို ပင်ပန်းတကြီးမဖြစ်ကြရတော့။ ခုတော့ ၀ါဝင်၊ ၀ါထွက်၊ ဥပုသ်ရက်တွေမှာလည်း သီလယူ၊ တရားနာ ကုသိုလ် မပြတ်ကြတော့။
                        ဈေးဆိုင်ငယ်လေးတွေလည်း မှိုလိုပေါက်နေတော့တာ။ လက်ကိုင်ဖုန်းလေးတွေလည်း ဆယ်အိမ်စု တစ်လုံးလောက်တော့ ရှိနေပြီဆိုတော့ ဈေးနာတွေက မြို့ဈေးနှုန်းနှင့် သိပ်မကွာလှတော့။ မူလ ဥယျာဉ်ခြံလုပ်ငန်းတွေ မှေးမှိန်သွားလျှက် ပုစွန်ကန်ကြီးတွေ၊ ကဏန်း၊ ပုစွန် လက်ခွဲအ၀ယ်ဒိုင်ကလေးတွေ တွင်ကျယ်လို့နေပြန်သည်။ ဗွီဒီယိုရုံကလေးတွေ၊ လက်ဘက်ရည်ဆိုင်ကလေးတွေတောင် ရှိနေပြီ။ ဆိုးလှတာကတော့ အရက်ဆိုင်၊ ဘီယာဆိုင်ကလေးတွေပါ တွဲလျှက်ရှိနေပြန်တာပင်။ တစ်နေ့လုံး ပင်ပန်းတကြီး ရုန်းကန်ကြ။ ညနေရီတော့ ဝေရီကြ။ တချို့ နေကုန်နေခမ်း အလုပ်မလုပ်ပဲ ဘိလိယက်ခုံမှာ အချိန်ဖြုန်းတတ်ကြပြန်တာ ဖြစ်သည်။
                        လှေကလေး ကမ်းပါးမှခွာတော့ ရွာသားတချို့ လည်ပြန်ငေးကျန်ရစ်ကြသည်။ တချို့ ယမ်းယောင်လက်ပြကြတော့ မြတ်က လက်ပြန်ပြနေသည်။ ကျွန်တော်လည်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ နှုတ်ဆက်ခဲ့ပါသည်။
“နောက်လည်း လာလည်ပါဦး”
                        ကျွန်တော်ခေါင်းညိတ်ခဲ့မိသလား။  အမေနှင့် ကျွန်တော်တို့ ဒီရွာကလေးကနေ ခွဲခွာနှုတ်ဆက်ခဲ့ကြစဉ်ကလည်း လာလည်ကြပါဦးလို့ ဖိတ်ခဲ့ဖူးကြသေးတာပဲ။ ဒါပေမယ့် သားအမိနှစ်ယောက်စလုံး ခေါင်းမညိတ်မိခဲ့ကြတာ သေချာပါသည်။ ဇာတိရွာကလေးကို ဘယ်တော့မှ မပြန်တော့ဟု အမေက မျက်နှာပင့်မော့ထားလျှက် မျက်တောင်တဖျတ်ဖျတ်ခပ်ရင်း ဆိုခဲ့သေးသလားမသိ။ ဒါပေမယ့် ကျွန်တော်… မြတ်တို့၏ ကန့်ဘလာငူဆိုသော ရွာကလေးကို လိုက်ပါမည်ဆိုတော့ အမေ မတားမြစ်ခဲ့။ ဥယျာဉ်ကုန်းကို ဆက်သွားဖြစ်မှာ အမေ ရိပ်မိနေမှာပဲ။ တားမြစ်ကောင်းသည်ဟုတော့  ခုချိန်မှာ အမေ တွေးတော့မည် မထင်။ နှစ်တွေလည်း ကြာခဲ့လှပြီ မဟုတ်လား အမေရယ်။
“အို… ငါးကြင်းတွေ..ဆန်…၊ ငါးတန်တွေ… သောင်ရေစီး…မှာလ၊ ကိုတံငါ… ရေယာဉ်စီး…ပါလို့…”
                        ကျွန်တော် သီချင်းဆိုတာ မြတ် အကြိမ်ပေါင်းများစွာ ကြားဖူးနေခဲ့ပြီ။ ဒါပေမယ့် ကျွန်တော်က ရော့ခ် သီချင်းတွေကိုပဲ မနိုင်မနင်း ဟစ်ချင်နေတတ်သူ ဖြစ်သည်။ မြန်မာသံ သီချင်းတစ်ပုဒ် ကျွန်တော့်နှုတ်က အမှတ်မဲ့ ထွက်ကျလာခဲ့တော့  မြတ် အံ့သြနေမှာပေါ့။
                        ကျွန်တော်တို့ သားအမိ၊ သားအဖတွေ ရွာကနေ မြို့ကိုလာတိုင်း အဖေက ပြိုင်းခနဲ လှေကို အားစိုက်လှော်ခတ်ရင်း သီချင်း ညည်းနေကျလေ။ အို… ငါးကြင်းတွေ..ဆန်။ ကျွန်တော်ဖြင့် အဲဒီသီချင်းမျိုး ကြိုက်မိသည်ဆိုရရုံသာ ရှိကာ နှုတ်ကညည်းဆိုရကောင်းမှန်းမသိ။ မြို့ရောက်စဉ်က တစ်စွန်းတစ ကြားဖူးခဲ့သော “ငါဟာ ရွက်လွှင့် … ကိုယ့်အိမ်သို့…. တစ်ခေါက်ပြန်ပို့… လှိုင်းတွေဖြတ်ရင်း… ပယ်လယ်ဖြတ်ကာ” ..ဆိုသီချင်းမျိုးကိုသာ စာသားတွေ ဟိုရောက်၊ ဒီရောက် ဆိုချင်မိလေသည်။
အမေကတော့ အဖေ သီချင်းဆိုလျှင် နားထောင်လို့်ကောင်းလှသည်တဲ့။ ကျွန်တော့်ကို ပါးချင်းအပ်ထားကာ မျက်လုံးတွေ မှေးမှိတ်လို့ အဖေ့သီချင်းသံကို နားထောင်နေတတ်သည်။ အဖေက ဂစ်တာလည်း တီးတတ်သေးသည် ဆိုပဲ။ ဒါပေမယ့် အဖေ ဂစ်တာတီးတာ မမြင်ခဲ့ဖူးပါ။ “အဓိပတိလမ်းမပေါ်မှာ လျှောက်ဖူးခဲ့ပါသည်”…အဖေတို့ ဂစ်တာတီးတိုင်း ဆိုနေကျ သီချင်းကိုတော့ တခါတရံ ဆိုညည်းတာကြားဖူးသည်။ ပြီး… တက္ကသိုလ်မြေ နေ၀င်မှာကို စိုးတယ်…တဲ့။ ကိုင်ဇာ့သီချင်းဟု အဖေပြောဖူးတာ မှတ်မိနေသေးသည်။ ဒါပေမယ့် ဒီနေ့အထိ ကိုင်ဇာပြန်ဆိုသော သီချင်းတွေထဲမှာ ထိုသီချင်းကို  ကျွန်တော် မကြားစဖူးလေ။ ထိုအချိန်တုန်းကတော့ ဂစ်တာကို ပြက္ခဒိန်တွေမှာ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ လွယ်ပိုးလျှက်သာ မြင်ဖူးသည်မို့ အဖေ့ကို အထင်ကြီးရပြန်သည်။
                        ချောင်းမကြီးအတိုင်း ကျရေနှင့် စုန်လိုက်ခဲ့ကြပြီး ရွေးမြစ်သို့အ၀င် ချောင်းဝအရောက်မှာ ဒီရေပြန်တက်ချိန်ကို စောင့်ဆိုင်းရင်း တစ်ထောက်နားဖို့ အဖေနဲ့ အမေ သဘောညီနေကျဖြစ်သည်။ ချောင်းတွင်းမှာက ရေကျချိန်မှာသာ ရေလှည့်သင့်ကာ ရေစုန်ဖြစ်ပေမယ့် မြစ်ပြင်မှာကျတော့ ရေဆန်ကိုဆန်တက်ရမှာ မဟုတ်လား။ ရေစုန်လိုက်ချင်လျှင် ရေစစ်ချိန်စောင့်ရမည်။ ပြီး ပင်လယ်ထဲက ဒီရေပြန်တိုးလာ၊ ဒီရေတက်တော့မှ မြစ်ကြောင်းမှာ ရေစုန် လှော်ခတ်နိုင်မှာ ဖြစ်သည်။
                        အမေက နေ့လည်စာ ထမင်းစားကြဖို့ ပြင်ဆင်လေမှ ကျွန်တော် ၀မ်းထဲက ဟာနေတာ သတိပြုမိရပြီ။ ငါးပိကြော်နံ့ကလေး မွှေးသင်းနေတော့ အူထဲက တကြုတ်ကြုတ်မြည်လာသလိုတောင် ထင်မိသည်။ ဟင်းကတော့ ဘဲဥပြုတ်မို့ သိပ်မကြိုက်ချင်။ အဖေက ဓါးမတိုတစ်ချောင်း ခါးထိုးကာ ကမ်းပါးပေါ်တက်သည်။ ခဏငယ်အတွင်းမှာပင် သင်ပေါင်းဖူး လေး၊ငါးဖူးဆွဲကာ အဖေ ပြန်ဆင်းလာပြီ။ လတ်လတ်ဆတ်ဆတ် သင်ပေါင်းဖူး အူတိုင်နုနုလေးများက ငါးပိကြော်နှင့် လိုက်ဖက်လှတာမို့ မိသားစုတတွေ ခေါင်း မဖော်နိုင်ကြတော့။ ထမင်းစားပြီး အဖေ တရေးတမော မှေးငိုက်ရင်း ထမင်းလုံးစီနေလျှင် ကျွန်တော်နှင့် အမေကတော့ ကမ်းနားစပ် လက်လှမ်းတစ်မီရှိ လမုသီးတွေ ခူးယူကာ၊ ဂျင်လုပ်ကာ လှည့်ရင်း ဆော့ကြသည်။ ခါတလေ လမုပန်းဖူး နီနီလေးတွေကို ဖဲ့ချွေရင်း ချောင်းရေမှာ မျောချကာ သဘောကျနေတတ်ကြပြန်တာ။ ပြီး..ပင်လယ်ဆီ စီးဝင်သွားသော မြစ်အောက်ပိုင်း တစ်မြော်တစ်ခေါ်ဆီ လှမ်းငေးကြသည်။  မြစ်လယ်မှာ ရွက်လွင့်ကာ အပြေးပြိုင်နေကြသော လှေကလေးတွေကို လက်ခုတ်တီးကာ အားပေးကြသည်။
“ငါ..ဟာ ရွက်…လွှင့်”
                        ကျွန်တော် သီချင်းဆိုလျှင်တော့ အဖေက နှစ်ခြိုက်ကြည်နူးစွာငေးလျှက် ပြုံးမြမြ ရှိနေတတ်ပြန်ရော…။
                                    @@@@@@@@
                        စာသင်နှစ်တစ်နှစ် ကုန်ဆုံးချိန်မို့ မြတ်တို့ရွာ “ကန့်ဘလာငူ”မှာ ကျွန်တော်တို့အား ထမင်းဖိတ်ကျွေးကြတဲ့ အိမ်တွေ များလှသည်။ သူတို့၏ ဆရာမအား နွေကျောင်းပိတ်ရက်အတွက် နှုတ်ဆက်ရင်း၊ ဧည့်သည်အဖြစ် ကျွန်တော်လည်း ပါနေသည်မို့ ပိုလို့ လောကွတ်ပိုကြသည်။ ဒါပေမယ့် စာမေးပွဲပြီးတာ နှစ်ရက် ရှိပြီ။ ပြန်ကြမှ ဖြစ်တော့မည်။ မြို့မှာ ကျန်ရစ်သော အလုပ်အတွက်လည်း ကျွန်တော် နောက်ဆံငင်နေမိပြီ။
                        ကျွန်တော့် သဘောအတိုင်းဆိုလျှင် စာမေးပွဲ ပြီးလျှင် ပြီးချင်း မြို့သို့ ပြန်ချင်ခဲ့တာဖြစ်သည်။ မြတ်တစ်ယောက် မြို့အပြန်မှာ ဥယျာဉ်ကုန်းကျောင်းအုပ်ဆရာမကြီးကလည်း ရုံးကိစ္စရှိနေသဖြင့် အတူလိုက်ခဲ့ရန် နှုတ်ကျွံထားနှင့်ခဲ့သည်။ မပြန်ခင်တစ်ရက် ဆရာမကြီးတို့ ရွာသို့ သူ့အား အလည်ပို့ပေးချင်သေးသည်တဲ့။ ပညာရေးလောကသား အချင်းချင်း၊ ရွာချင်းလည်း နီးကပ်လှပြန်ရာ လူချင်းပါ ရင်းနှီးခင်မင်နေခဲ့ကြပြီမို့ ဆရာမကြီးကလည်း တရရ ဖိတ်နေခဲ့တာ ဖြစ်သည်။ ကျွန်တော်လည်း ဒီလောက် ခရီးလမ်းသင့်နေသည်မို့ အရောက်သွားချင်မိခဲ့သည်။ သွားဖြစ်ခဲ့သောကြောင့်လည်း မြို့သို့ပြန်မည့်ရက်က နောက်ကျသွားခဲ့ရတော့ပြီ။
ဒီရွာမှာ မြတ် တာဝန်ကျနေခဲ့တာ သုံးနှစ်နီးပါး ရှိပြီ။ ချစ်သူဘ၀က တစ်ကြိမ်သာ မြတ်အား အကြိုထောက်ဖြစ်ခဲ့သော်လည်း ထိုတစ်ကြိမ်မှာ သူငယ်ချင်းတစ်ယောက်ကို ပဲ့ထောင်မောင်းပို့ခိုင်းခဲ့ကာ ချက်ချင်းရောက်၊ ပြန်ခဲ့ရတာဖြစ်သည်။ ခုတစ်ကြိမ်မှာလည်း ကျွန်တော်.. ရောက်လာကြိုဆိုဖို့ အစီအစဉ်မရှိပါ။ မြတ်တစ်ယောက် စာမေးပွဲနီးလေမှ နေမကောင်းဖြစ်ကာ နှစ်ရက်လောက် ကျောင်းပျက်သွားသည်ဟု သတင်းကြားတော့ စိတ်ပူခဲ့မိသည်။ မြတ်က ဖုန်းထဲမှာ စိတ်မပူဖို့ ပြောသေးသည်။
“မြတ် ဘာဖြစ်တာလဲ။ မြို့ကို ပြန်လာပြီး ဆရာဝန်ပြရအောင်လေ”
“မြတ် နေကောင်းနေပါပြီ”
                        ဒါပေမယ့် မြတ်၏အသံလေးမှာ ထူးခြားလှုပ်ခတ်မှုကို ရိပ်မိနေသည်။ မြတ်တစ်ယောက် အစားလည်း ကောင်းကောင်းမစားဘူးတဲ့။ ကိုယ်ရည်စစ်ကျသွားသည်ဟု လူကြုံကပြောခဲ့သေးသည် မဟုတ်လား။ ကျွန်တော် စိတ်ပူနေတာ မြတ် နားလည်နေတော့မှ…
“သူများတွေတုန်းကလည်း ဒီလို ဖြစ်တတ်ကြတာ ထုံးစံတဲ့ မောင်ရဲ့”
“ဘယ်သူက ပြောတာလဲ”
“နားလည်တဲ့ သူတွေ ပြောတာပေါ့။ သူတို့က ကိုယ့်ထက် အတွေ့အကြုံရှိတာ”
“မြတ်..”
                        မြတ်အသံက ဖုန်းထဲမှာပင် ရှက်စနိုးနှင့် လှုပ်ခပ်ချိုရွှင်နေကာ..
“မြတ်ကလေ.. မောင့်မျက်နှာကို သေချာကြည့်ပြီး တိုးတိုးလေးပြောချင်နေတာ။ ဒါပေမယ့် မြတ်ပြန်လာဖို့ ဘယ်ဖြစ်မလဲ။ မောင် လိုက်လာခဲ့မလားဟင်..”
                        ကျွန်တော် ရောက်လာခဲ့တော့ မြတ်တစ်ယောက် ရှက်နိုးစွာပြုံးငဲ့နေလျှက် ပျော်ရွှင်ကြည်နူးမှုကို ဖုံးကွယ်မရ။ ကျွန်တော်လည်း မြတ်နည်းတူ ချိုရွှင်သောပီတိနှင့် ပျော်ရွှင်ကြည်နူးမိသည်မှာ ပြောစရာ မရှိ။ မြတ်ကို အမေကြီးရေလို့ ရင်တခုန်ခုန် ကျီစယ်ပျော်ရွှင်ရင်း နေ့တာ၊ ညတာတွေ တိုလွန်းခဲ့သည်။
                                    @@@@@@@
                        ဟိုစဉ်က ရေလမ်းခရီးကို လှေကလေးဖြင့် တလှုပ်လှုပ်လှော်ခတ်ကာ တစ်နေကုန်မှ မြို့ကို ရောက်ကြတာ ဖြစ်သည်။ ခုတော့ လိုင်းမော်တော်လေးတွေ တဖွတ်ဖွတ်မောင်းပေးနေပြီမို့ နေ့ချင်းပြန် သွားလမ်း၊ လာလမ်း သာနေခဲ့ကြပြီ။ ရွာမှ နံနက်စောစော ထွက်ခဲ့ကြသည်။ နေ့လည် ဆယ့်တစ်နာရီလောက်မှာ မြို့ကို ရောက်နိုင်ကာ ဈေးဝယ်ကြ၊ ပြုဖွယ်ကိစ္စမှန်သမျှ အလောတကြီး ဆောင်ရွက်ကြ။ ပြီး မော်တော်ကလေးထဲပြန်ဆင်းလာကာ ရွာကို ပြန်ကြရုံ။ လိုင်းမော်တော် ထွက်ခွာချိန်က နေ့လည် တစ်နာရီတိတိ သတ်မှတ်ထားသော်လည်း မဖြစ်မနေ ပြန်လိုက်မည်ဟု ကြိုပြောထားလျှင် ခရီးသည်လူစုံအောင် စောင့်ပေးသေးတာ ဖြစ်သည်။
                        ကျွန်တော်တို့ ပြန်မည့်နေ့ကျမှ နေ့စဉ်ခုတ်မောင်းပေးနေကျ လိုင်းမော်တော်က စက်ပျက်နေခဲ့သည်တဲ့။ ဥယျာဉ်ကုန်းက ကျောင်းအုပ်ဆရာမကြီးက ဖုန်းလှမ်းဆက်လာသည်။ မြို့ကိုသွားမည့် ခရီးကြုံ ပဲ့ထောင်စက်လှေ ရှိသည်တဲ့။ သူတို့ဝင်ခေါ်မည်ဆိုတော့ မြတ်က ကျေးဇူးတင်၊ ၀မ်းသာနေပြန်သည်။
                        ပြည်တွင်း NGO ပဲ့ထောင်ကလေးတွေ နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ ရွာကို ရောက်လာတတ်တာ အစစ အဆင်ပြေနေပါသည်။ အချိန်မဲ့ မြို့သို့သွားရန် အကြောင်းကိစ္စရှိလျှင် ပဲ့ထောင်ဖြင့် ခရီးကြုံလိုက်ပါသွားရလေ့ရှိတာမို့ အဆင်ပြေနေကြတာ မဟုတ်လား။
                        အမှန်အတိုင်း ၀န်ခံရလျှင် ဥယျာဉ်ကုန်းရွာက အလည်ပြန်လာပြီးကတည်းက ဆရာမကြီးနှင့် တစ်လှေတည်းစီးရသော ခရီးတစ်ခုကို ကျွန်တော် ရှောင်ဖယ်ချင်နေပါသည်။ မြတ်ကတော့…
“ပြီးခဲ့တာတွေ ပြီးပါစေတော့ကွယ်”
                        ကျွန်တော်တို့ သားအမိကလည်း တလှိုက်လှိုက်ခံစားနာကျင်ခဲ့ရသမျှ ပြည်ဖုံးကားချကာ ပြီးဆုံးပစ်လိုက်ချင်ခဲ့ပါသည်။ ဒါ့ကြောင့်လည်း ဥယျာဉ်ကုန်းကို တစ်ခေါက်တကျေး အလည်ရောက်ရန်ဝေးလို့ စကားမှာတောင် အမှတ်မဲ့ မပါဝင်စေဖို့ အထူးသတိထားခဲ့ဖူးတာပင်။ မြတ်ကြောင့်သာ ဥယျာဉ်ကုန်းကို တစ်ခေါက်ပြန်ရောက်ခဲ့ရတာ။ ပြီး… ဆရာမကြီးဟာလည်း ဟို လူကြီးရဲ့သွေးသား၊ သမီးကြီးရယ်လို့ ကျွန်တော် စောစီးစွာ မရိပ်မိ၊ မသိခဲ့သေးလို့သာ။
“မြတ်ရဲ့ စကားတွေထဲမှာ မောင်လေးနာမည်ပါလာကတည်းက အစ်မတို့ သိနေနှင့်ခဲ့ကြတာလေ။ မောင်လေးကို တောင်းပန်ချင်နေတာ”
                        ဒါပေမယ့် ဆရာမကြီးက ကာယကံရှင် မဟုတ်ဘူးလေ။ ကာယကံရှင်က ကျွန်တော်တို့ သူ့အိမ်ရိပ်ဆီ ခြေချစနင်းမိရုံနှင့် မလှပသော စိတ်လိပ်ပြာကြောင့် အတွေ့မခံနိုင်စွာ ရှောင်ဖယ်နှင့်ခဲ့ပြီ မဟုတ်လား။
“အဖေက အသက်ကြီးလာတော့ စကားနည်းသွားတာ။ ဘယ်ဧည့်သည်ပဲ လာလာ၊ ခုလို ရှောင်ထွက်ပြီး တော်ရာသွားနေတော့တာ…”
                        မက်မပြေနိုင်အောင် ယစ်မူးဆဲအာဏာနန်းကလေး ရုတ်တရက်ပြိုယိုင်လက်လွတ်သွားတော့ စိတ်နှလုံးညှိုးခြုံးကာ အသားတကျနေမပျော်တာလည်း ဖြစ်နိုင်ပါသည်။
“ကျွန်တော်တို့ ရွာထိပ်က ကိုးမြို့နန်းကမှ ရွာတည်သရွေ့ တည်မြဲနေဦးမှာ။ ခင်ဗျား အာဏာရာထူးက နတ်ကွန်းလောက်တောင် မြဲမှာမဟုတ်ပါဘူး အစ်ကို။ ခင်ဗျား သိပ်သာယာပြီး မောက်မာတွင်ကျယ်မနေပါနဲ့”
အဖေရှိစဉ်က ဆိုခဲ့ဖူးသော နာလိုခံခက်စားတွေအတိုင်း အတိအကျ တိုက်ဆိုင်မှန်ကန်လာခဲ့ပြီမို့ ပိုလို့နာသာခံခက်ဖြစ်ရမည် ထင်သည်။ ဒါပေမယ့် သူ… ကျွန်တော်တို့ကို ရှောင်ဖယ်ချင်တာနဲ့ အဖေကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့ သရက်ပင်ရိပ်အောက်မှာ ထိုင်နားနေမှာလား။ အဖေကိုယ်တိုင် ပြုစုခဲ့တဲ့ အုန်းပင်အိုတွေဆီငေးမော့လို့ အသီးတွေကို လိုက်လံရေတွက်ရင်း စိတ်တည်ငြိမ်အောင် ကြိုးစားနေမှာလား။
                        ခြံဝန်းကလေးကို အပြီးအပိုင် သံယောဇဉ်ဖြတ်ခဲ့တဲ့ အမေဟာ တစ်ဖက်ဝယ်သူက ကိုယ့်မိသားစုဘ၀ကို ဖျက်ချွေချနင်းခဲ့သည့် လူယုတ်မာကိုယ်တိုင် ဖြစ်နေလိမ့်မယ်ဟု ခုထိ ရိပ်မိသေးဟန်မတူ။ သူက တခြားသူတစ်ယောက်ရဲ့ နာမည်ကိုငှားပြီး ကျွန်တော်တို့ခြံမြေကို မတန်မရာဈေးဆစ်ကာ တစ်ဖက်လှည့်နဲ့ ၀ယ်ခဲ့တာတဲ့လေ…။
                        စကတည်းက သူ့ခြံနဲ့ တစ်ဆက်တစ်စပ်တည်း ရှိနေတဲ့ ခြံဝန်းလေးကို သူ… လောဘတကြီး ကျူးကျော်လိုချင်နေခဲ့တာ အဖေရော.. အမေပါ သိနေခဲ့သားပဲ။
                        မူလတန်းကျောင်းဆောက်ရန် မြေနေရာကို အဖေက လှူမည်ဆိုတော့ အဖိုးကလည်း မကန့်ကွက်ခဲ့။ အထွေးဆုံး၊ အချစ်ဆုံးသမီးနှင့်ပတ်သက်ကာ မြော်မြင်တတ်သော၊ ဖြောင့်မတ်သော သားသမက်ကိုလည်း အဖိုးက ချက်မြတ်အားကိုးလေသည်။ မိမိခြံဝန်းကျယ် တစ်ဝက်နီးပါးကို သမီးကြီးအိမ်ထောင်ဦးကတည်းက ခွဲဝေပေးခဲ့ပြီးဖြစ်သောကြောင့်….
“လက်ရှိခြံက သမီးငယ် အတွက်နော်။ ငါသေရင်.. ငါ့သမီးငယ်ရမှာ”
                        ပြောရလျှင် အဖိုး၏ ခြံဝန်းကျယ်ကြီးဟာ အဖိုးကိုယ်တိုင် ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းကာ ခြံမြေဥယျာဉ်တည်ကာ သီးပင်စားပင်တွေကိုလည်း ကိုယ်တိုင် စိုက်ပျိုးပြုစုလာခဲ့ရတာ ဖြစ်သည်။ အတူနေ သားသမက်အငယ်က သူ့ခြံဝန်းကို ပိုင်းလှူမည်ဆိုတော့ အဖိုးက အနည်းငယ်မျှပင် ငြိုငြင်စကား မဆိုခဲ့ရှာပေ။
“ကိုယ်ရွာကောင်းဖို့ လုပ်ကြရမှာပေါ့”
                        ဒါပေမယ့် ကျောင်းဝန်းခြံမြေ နေရာအတည်တကျ  မသတ်မှတ်ရမီ အဖိုးဆုံးခဲ့ရရှာသည်။ အဖိုးသက်ရှိထင်ရှား ရှိနေနိုင်သေးလျှင်တော့ အဖိုးသြဇာ တည်ကြမည် ထင်ပါရဲ့။ ထောက်ထားစရာ အဖိုးတစ်ယောက် မျက်ကွယ်ပြုလေပြီမို့…
“မိဘပစ္စည်း သားသမီး အားလုံးနဲ့ ဆိုင်တယ်။ မင်း… ဒီလို လုပ်ချင်တိုင်း လုပ်လို့ မရဘူး”
                        လက်ရှိ အာဏာနတ်ကွန်းငယ်မှာ နန်းထိုင်နေဆဲ အမေ့ ခဲအိုက ဆိုလာခဲ့လေသည်။
“အစ်မ ယောက်ျားက လောဘ ကြီးလှချည်လား။ အဖေရှိစဉ်ကတည်းက အညီအမျှ ခွဲဝေပြီးသားလေ။ လက်ရှိခြံဟာ ညီမလေးတို့ ရထိုက်တယ်လို့ အဖေမသေခင် အားလုံးရှေ့မှာ ပြောသွားခဲ့တယ် မဟုတ်လား”
 ဒါပေမယ့် နှုတ်ကတိစကားက အခြေအတင်၊ အရေးအကြောင်းကြုံလာချိန်မှာ အားကိုးလောက်စရာ ဖြစ်မလာခဲ့ပေ။ အခိုင်အမာ စာချုပ် စာတမ်းမရှိခဲ့ခြင်းက လဲရာ ဖိထောင်းရန် အခွင့်အခါကောင်းပဲ မဟုတ်လား။
“အစ်ကို… ခင်ဗျားက ရပ်ရွာကို အုပ်ချုပ်နေတဲ့သူနော်။ ခင်ဗျား ဒီရွာမှာ တာဝန်အရှိဆုံး လူပဲ မဟုတ်လား။ ကျွန်တော်က တစ်ရွာလုံးအတွက် လုပ်နေတာပါဗျ”
“ဒါပေမယ့် ဒီခြံမြေက ငါတို့နဲ့လည်း ဆိုင်တယ်ကွ”
ခြံနယ်နမိတ်ချင်း ထိစပ်နေတဲ့ ခြံနှစ်ခြံမှာ ကျွန်တော်တို့ခြံက ရေချိုထွက်သည်။ ချိုးရေသာမက သောက်သုံးရန်အတွက်ပါ အဆင်ပြေလှသည်။ အထူးသဖြင့် ရွာ၏၀င်ငွေအကောင်းဆုံး စီးပွားရေးလုပ်ငန်းဖြစ်သော ကွမ်းခြံတွေအတွက် ရေချို အလုံအလောက် လိုအပ်သည် မဟုတ်လား။ တစ်ရွာလုံးမှာ ရေချိုပေါများလှပေမယ့် ကုန်းတစ်ကြောတည်းမှာ ထူးဆန်းလှစွာ ရေချိုမထွက်သည့် ခြံမြေတချို့တွင် သူတို့ခြံက အပါအ၀င်ဖြစ်နေသည်။ ဘယ်လောက်တွင်းနက်အောင်တူးလည်းပဲ သူတို့ရေတွင်းက ရေဟာ စေးထန်းထန်း။ အ၀တ်လျှော်လို့တောင် အမြုတ်မထွက်။
“ရေလိုရင် ကျွန်တော့် တွင်းမှာ လာခပ်ပေါ့ဗျာ။ သဘောရှိ…”
                        အဖေ ဒီလောက် သဘောကောင်းလျှက်နှင့် သူတို့က နယ်စပ်ခြံစည်းရိုးကို ကျော်လွန်ကာ အုန်းပင်ပေါက်တွေ စိုက်လာခဲ့ကာ အဖေ့အား စတင်ရန်စခဲ့ကြတာဖြစ်သည်။ ပထမဆုံး အကြိမ်ကတော့ ပြေလည်စွာ ပြောဆို သတိပေးဖြစ်ခဲ့သေးသည်။ သူတို့ဘက်က မှုမှတ်မထားစွာ တစ်ခါကနေ နှစ်ခါမက ဖြစ်လာခဲ့လျှင်တော့ အဖေ့သီးခံနိုင်စွမ်းအားတို့ ပျောက်ဆုံးခဲ့တော့ပြီ။
                        သူတို့၏အုန်းပင်ပေါက်တွေကို အဖေတစ်ယောက် ဒေါသတကြီး ဆွဲနုတ်ပစ်လေလျှင် သူတို့ အိမ်ထောင်ကွဲညီအစ်ကိုတတွေက တစ်ဘက်၊ အဖေက တစ်ဘက် ဒုတ်တစ်ပြက်၊ ဓါးတစ်ပြက်အထိ ဖြစ်ခဲ့ကြတော့သည်။ အဖေက လက်ထဲကိုင်လက်စ ငှက်ကျေးတောင်ဓါးနှင့် ကမူးရှူးထိုး တွေ့ရာလူကို လိုက်ပိုင်းသည်။ အဖေ… သူတို့ဘက်က တစ်ဦးတစ်ယောက်ကိုမှ မခုတ်ပိုင်းမိခဲ့ပါ။ ဒါပေမယ့် အတွင်းကြိတ် မုန်းညှိုးခံလိုက်ရတာလည်း မရိပ်မိ၊ မတွေးမိခဲ့ပါပေ။
                                                @@@@@@@@
                        ဆရာမကြီးနှင့် မြတ်က ၀န်ထမ်းမိန်းခလေး       နှစ်ယောက်နှင့် ပဲ့ထောင်စက်လှေ၏ ၀မ်းအတွင်းမှာ ထိုင်ကြသည်။ ကျွန်တော်ကတော့ ၀န်ထမ်းယောက်ျားလေးတစ်ယောက်နှင့် ပဲ့ထောင်ဦးအဖုံးပေါ်မှာ ရောက်တတ်ရာရာ ပြောနေကြလျှက်။ ပဲ့ထောင် စက်လှေကလေး၏ အမိုးနိမ့်ကို ငုံ့ကိုင်းကာ ပဲ့ပိုင်းသို့ အမှတ်မဲ့ အကြည့်ရောက်မိလေမှ ထိုလူကြီးပါလာခဲ့တာကို ကျွန်တော်သတိပြုမိသွားခဲ့တာ ဖြစ်ပါသည်။ ကျွန်တော် နှုတ်ဆက်သင့်သလား။ ဒါပေမယ့် သူလည်း ကျွန်တော်တို့ကို ဘယ်တုန်းကမှ မတွေ့မသိဖူးသော သူစိမ်းတရံဆန်လှစွာ မျက်နှာကို တင်းထန်နေသယောင်ပြုကာ မျက်နှာလွှဲဖယ်နေခဲ့တာပဲ။
ရွေးမြစ်သို့ထွက်လျှင်တော့ လှိုင်းငြိမ့်အနည်းငယ် ရှိနေသည်မို့ သက်နှစ်ဆယ်ဝန်းကျင် ၀န်ထမ်း မိန်းကလေးများ အနည်းငယ် မျက်နှာထားပြောင်းကြလေပြီ။  ဒါပေမယ့် ဒီအရပ်ဒေသမှာ ဒီလောက်လှိုင်းငြိမ့်ပြေပြေကို ကြောက်ရွံ့တတ်လျှင် ရေလမ်းခရီးသွားဖို့ ဘယ်လိုမှ မဖြစ်နိုင်တာ အားလုံးက နားလည်ကြသည်ပင်။ မြတ်နှင့် ဆရာမကြီးက သူမတို့ နှစ်ယောက်ကို အားပေးနေသည်။ ကျွန်တော်.. မြတ်အားငယ်မှာစိုးရိမ်လှစွာ အနားသို့တိုးသွား၍ အားပေးချင်မိသော်လည်း ဟိုလူကြီးနှင့် မျက်နှာချင်းမဆိုင်ချင်။ သူကရော.. ကျွန်တော့်အား ဘယ်လို မျက်နှာမျိုးနှင့် တုန့်ပြန်မှာလဲ။
                        ကျွန်တော်တို့ဒေသမှာ ပြာမလော့မြစ်က လှိုင်းလုံးကြီးသော်လည်း လှိုင်းကျဲမို့ သိပ်မကြောက်ရဟု ပြောလေ့ရှိကြသည်။ ရွေးမြစ်ကတော့ လှိုင်းလုံးတွေ မျက်နှာချင်းဆိုင်ရိုက်ခတ်တတ်သော လှိုင်းကြက်ခွပ်ဖြစ်သည်။  ပိုလို့ သတိထားကြရသည် တဲ့။ ကျွန်တော်ဆိုလျှင် ရေဝေချောင်းဝကျယ်ကြီးကို ခုတိုင် မြင်ယောင်ကြောက်လန့် နေခဲ့သေးတာ ဖြစ်သည်။ ငယ်ငယ်က ကျွန်တော်တို့ သားအမိ၊ သားအဖတတွေ အဲဒီ ကတော့ပုံ ချောင်းဝကျယ်ကြီးအနီးမှာ လှိုင်းလုံးကြီးတွေကြား သွေးပျက်မတတ် ထိတ်လန့်တုန်လှုပ်ခဲ့ရဖူးသည်။ လှိုင်းလုံးကြီးတွေကြားမှာ ကျွန်တော်တို့၏လှေကလေးသည် ဂျွမ်းစိုက်နစ်မြုတ်သွားတော့မတတ် နိမ့်ခြည်မြင့်ချည် ဖြစ်နေခဲ့တော့တာ။ အဖေ့ခမျာ လှေကို အားစိုက်လှော်ခတ်ဖို့ မအား။ လှိုင်း၏ အရွေ့အတိုင်း အလိုက်သင့် မျောပါနိုင်ရုံ လှေပဲ့ပိုင်းကို ထိန်းကျောင်းပေးရုံ။ လှေဦးလည်သွားလျှင် လှေတစ်စီးလုံးကို လှိုင်းလုံးဖုံးလွှမ်းကာ မှောက်ချနှစ်မြုတ်ပစ်လိုက်မှာ သေချာသည်။ အမေကတော့ ကျွန်တော့်အား တင်းကြပ်စွာ ထွေးဖက်ထားကာ ဘုရားစာတွေ တတွတ်တွတ်ရွတ်နေခဲ့တော့တာ။ ချောင်းဝကျယ်ကို လွန်လေမှ လှိုင်းက တဖြည်းဖြည်း အားလျော့လာခဲ့ကာ သက်ပြင်းချနိုင်ခဲ့ကြတော့တာဖြစ်သည်။ အဖေ့ခမျာ ချွေးတွေရွှဲနစ်ကာ မောဟိုက်ပင်ပန်းနေလျှက် စကားမျှ မပြောနိုင်ရှာ။ အမေက…
“ကျုပ် တစ်လှည့်ခတ်ဦးမယ်”           
                        အဖေ့အား နားနေစေလျှက် ခတ်တက်ပြင်ခဲ့တော့သည်။ အမေက အဖေ့နောက်သို့ ဖ၀ါးခြေထပ်ပါကာ အရေးကြုံလျှင် အကူအပံ့၊ အဖော်သဟဲ ဖြစ်ခဲ့ဖူးလေတာ ။
“ရှင်… မတရား ခံရတာ။ ကျွန်မယောက်ျားကို မတရားသဖြင့် လုပ်ကြံခဲ့ကြတာ”
                        အမေဟာ တတ်နိုင်သလောက် အဖေ့ဘက်က ရပ်တည်ကွယ်ကာပေးခဲ့သေးတာပဲ။ ဒါပေမယ့် မြို့သို့ ခဏတက်သွားတဲ့ အဖေ့လွယ်အိတ်ထဲမှာ စာရွက်စာတမ်းတချို့ ဘယ်အချိန်တုန်းက ရောက်ရှိနေခဲ့သလဲ။ အဖေကိုယ်တိုင် စက်ဆုတ်ရွံရှာစွာ ရှောင်ဖယ်နေခဲ့သော လောင်းကစားနှင့်စပ်ဆိုင်သည့် စာရွက်စာတမ်းတွေ…။
“ကျွန်တော် မသိဘူး”
                        အဖေ့ငြင်းဆန်စကားတွေက လက်သာရာ အာဏာကိုင်းဆီ လွယ်လင့်တကူ ပြေးလွှားခုန်ကူးနေကျ ဟိုလူကြီး၏ ရွံရှာဖွယ် အပြုံးအောက်မှာ မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ရပြီ။ လောင်းကစားပုဒ်မတစ်ခုဖြင့် ဇွတ်အဓမ္မစီရင်ခံရပြီး အုတ်နံရံတစ်ဘက်မှာ နှစ်အတန်ကြာ ဖြတ်သန်း၊ ကိုယ်စိတ်ဒဏ်ရာ ပရပွဖြင့် အိမ်ပြန်ရောက်လာပြီး မကြာခင် အဖေဆုံးခဲ့ရှာတော့ သူ…လက်ပန်းပေါင်းပင် ခပ်ခဲ့ဦးမည်ထင်သည်။
                                    @@@@@@@
                        ရေပြည့်ချိန် (မြစ်ရေ အမြင့်ဆုံးအချိန်) ဖြစ်မည်ထင်သည်။ မကြာခင် ဒီရေပြန်ကျတော့မည်။ ဒီရေကျလျှင် လေဆန်၊ ရေဆန်မှာ စက်လှေခုတ်မောင်းရတော့မည်။ လေက မထင်မှတ်ပဲ ပိုလို့ပြင်းထန်လာခဲ့သည်။ လှိုင်းလည်း ကြမ်းလာပြီ။ ဝေးပြပြ မြစ်တစ်ဘက်ကမ်းဆီမှ မှုန်မှိုင်းမှိုင်းတောတန်းနောက်ခံမှာ ငွေရောင်လှိုင်းလုံးများက နိမ့်ချည်မြင့်ချည် တောင်နှယ်ပုံနေသည်။ လှိုင်းခေါင်းဖြူတို့ အကြားမှာ ဘ၀တူစက်လှေငယ်တစ်စင်းကိုလည်း မည်းမည်းအစက်အပြောက်သဖွယ် ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြင့် လှမ်းမြင်တွေ့ရသည်။ မြစ်တစ်ဖက်ကမ်းကို ချက်ချင်းကူးဖြတ်ဖို့ မဖြစ်နိုင်သေး။ ဒီဘက်ကမ်းမှာတင်ပဲ ကျွန်တော်တို့ရဲ့ ပဲ့ထောင်စက်လှေကလေးမှာ ဦးစိုက်ကျွမ်းပြန်သွားတော့မတတ်ပေ။ ပဲ့ထောင်မောင်းသူက တက်မလက်ကိုင်ကို ဒူးနှစ်ဘက်ကြားညှပ်ကာ ရေပေါ်တစ်ဝက်နီးပါးပေါ်လာတတ်သော ပန်ကာအရွက်ကို မနိုင်မနင်းထိန်းကျောင်းနေရင်း ၀န်းထမ်းများကို အသက်ကယ်အင်္ကျီတွေ ၀တ်ဆင်ထားကြဖို့ ဆော်သြနေသည်။ ၀န်ထမ်းအားလုံးမှာ အသက်ကယ် အင်္ကျီကိုယ်စီရှိကြသော်လည်း ကျွန်တော်တို့ ခရီးကြုံလေးယောက်မှာ မပါ။ ဆံပင်တွေ ဖွာလံကျဲ၊ အင်္ကျီ၊ လုံချည်စတွေလည်း လွင့်လန်လျှက် မျက်နှာပျက်ချင်ကြပြီ။
“မပေးနဲ့  ရတယ်။ မောင်လေး ၀တ်ထားလိုက်ပါ”
                        ပြောစကား မဆုံးခင် လက်တစ်စုံက ဖျတ်ခနဲဆွဲယူသွားခဲ့လေတာ။ ဆရာမကြီး ဖြစ်နေတော့ ကျွန်တော်တို့နှစ်ယောက်သား အံ့သြနှုတ်ဆိတ်သွားကြရသည်။
“ဆရာမကြီးက အဲဒီ ဦးကြီးရဲ့ သမီးအကြီးဆုံးပဲ။ ဒါပေမယ့် သူက.. မှတ်မိစ အရွယ်ကတည်းကပဲ မြို့မှာ အဖိုးအဖွားတွေနဲ့ နေတာလေ။ အလုပ်ဝင်တော့မှ ဒီရွာမှာတာဝန်ကျတော့ တခြားမပြောင်းဖြစ်တော့ပဲ အခု…ကျောင်းအုပ်ဖြစ်တဲ့ အထိပဲ”
                        ငယ်ငယ်က ကျောင်းပိတ်ရက်ရှည်တွေမှာ ခဏငယ်မျှ ရွာကို ပြန်ရောက်လာတတ်သော ဂါဝန်လှလှနှင့် ကစားဖော် အစ်မ၀မ်းကွဲလေး၏ ငယ်ရုပ်သွင်နှင့် မျက်စေ့ရှေ့က ဆရာမကြီးကို ကျွန်တော်အာရုံမှာ ဆက်စပ်ကာ ထပ်တူချကြည့်လို့ မရနိုင်ပဲ ဖြစ်နေသည်။ ဆရာမကြီးက အသက်ကယ်အင်္ကျီကို တခြားသူတွေအကူအညီဖြင့် စနစ်တကျ ၀တ်ဆင်ပြီးလေမှ ဖခင်အားသတိရသွားဟန်တူသည်။ ကျွန်တော်လည်း မြတ်အားငယ်နေလေမလား စိတ်ပူပန်စွာ စက်လှေအတွင်းပိုင်းသို့ တဖြည်းဖြည်းရောက်သွားရတော့ပြီ။ စက်လှေပဲ့ပိုင်းမှ ကံကောင်းစွာ တွေ့ရှိခဲ့ရသော ဒီဇယ်ထည့်သယ်သည့် ပလပ်စတစ်ဂါလံပုံးခွံတစ်ခုကို မြတ်အတွက် ကျွန်တော်လက်လှမ်းမည်ပြင်စဉ်….
“မောင်လေး… ဖေဖေ့အတွက် တွယ်စရာတစ်ခုခု ရှာပေးလိုက်ပါဦး”
                        …တဲ့။ ကျွန်တော်… လက်ထဲက ပုံးခွံကြီးကိုင်ကာ တွေဝေသွားခဲ့ရသည်။ ဖြစ်နိုင်လျှင် ဒီလူကြီးကို မကူညီချင်ဘူး။ ဒီမြစ်ပြင်ကျယ် လှိုင်းတွေအောက်ကို လူယုတ်မာတစ်ယောက် ရောက်သွားလည်းပဲ နှမျောစရာလား။ သနားစရာလည်း မကောင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ မြတ်တို့ကရော…။ ကျွန်တော်တို့လည်း သူနှင့်အတူ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရတာပဲ မဟုတ်လား။ ဘာပဲပြောပြော အဲဒီလူယုတ်မာဟာလည်း မခေါ်ချင်ပဲသာ နေလို့ရချင်ရမည်။ မတော်ချင်ပဲ မဖြစ်နိုင်သော ဆွေမျိုးရင်းချာ ဖြစ်နေတာဟာ ဆိုးရွားလှတယ်။
                        မြတ်က….
“မောင်… ဦးကြီးကို အဲဒီ ပုံးခွံပေးလိုက်ပါ”
                        သူက ဗလာဆန်သော မျက်ဝန်းများနှင့် စိုက်ခနဲကြည့်လာလျှင် ကျွန်တော် သူ့အား ပုံးခွံမပေးတော့ဖို့ ပိုလို့သေချာသွားရပြီ။ ကျွန်တော့်တုန့်ပြန်အကြည့်ကို နားလည်နေသော မြတ်က ကျွန်တော့်လက်ထဲမှ ပုံးခွံကို ဆွဲယူကာ အဖိုးကြီးထံ လက်လှမ်းလိုက်စဉ် ကျွန်တော့်လက်ထဲကပုံးကို ရုန်းကန်ပြန်ယူထားရကောင်းနိုး ဒွိဟစိတ်နှင့် ဝေခွဲရခက်နေဆဲ…။ လှိုင်းတစ်လုံးက အရှိန်ပြင်းစွာ စက်လှေအား ဆောင့်ရိုက်ပစ်လိုက်သည်။ လိမ့်လူးလှုပ်ခါသွားသော စက်လှေပေါ်မှာ မြတ်၏ ကိုယ်ကလေးကို ကျွန်တော်လှမ်းထိန်းလိုက်ရာ နှစ်ယောက်စလုံး ဦးးကြီး၏ ကိုယ်ပေါ်သို့ ပြိုယိုင်ကျကာ ခဏမျှ လုံးထွေးသွားတော့သည်။
“ဦး… ဦးကြီး..အဲဒီပုံးကို မြဲမြဲဆုတ်ထား”
ကျွန်တော့်နှုတ်က ရုတ်တရက်ထွက်ကျလာတဲ့အသံကို ကျွန်တော်ကိုယ်တိုင်ပြန်အကြားမှာ အံ့အားတသင့်။ အံကိုတင်းတင်းကြိတ်မိပြန်ဆဲ… မြတ်က ကျွန်တော့်ထံ လှမ်းပြုံးပြလာတော့ ကျွန်တော် ခပ်လျော့လျော့ တုန့်ပြန်ပြုံးပြရတော့သည်။
အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်တော်တို့ နှစ်ယောက်စလုံး ကြောက်ရွံ့နေမှုကို ဖုံးကွယ်မရကြ။ ပဲ့ထောင်တစ်စီးလုံးလည်း ကြောက်ရွံ့ထိတ်လန့်နေကြမှာ သေချာသလောက်ပါပင်။
“မပြောကောင်း မဆိုကောင်းတွေ ဖြစ်လာရင် မောင် မြတ်ကို မငဲ့နဲ့နော်”
“မြတ်.. ဘာတွေ လျှောက်ပြောနေတာလဲ။ ဘာမှ မဖြစ်ဘူး။ ခဏနေရင် လေငြိမ်သွားမှာ။ ဒီတစ်ကွေ့ဆို လေကွယ်ရာရောက်ပြီ။ ခဏလေးပဲ”
                        ဒါပေမယ့် ဒီနေရာဟာ နှစ်စဉ်တိုင်း စက်လှေတွေ၊ လှေငယ်လေးတွေ နစ်မြုတ်နေကျဖြစ်သော ကမ်းပြတ်ကွေ့ ဆိုတာ ကျွန်တော်တို့အားလုံး သိနေကြသည်။ ပဲ့ထောင်သမားက မြစ်လယ်ဆီ ဦးလှည့်ပေးထားသည်။ ကမ်းနားဘေးက လှိုင်းဂယက်ရိုက်တာ ပိုခံရနိုင်သည်မို့ စက်လှေကို ပိုမိုလိမ့်လူးစေသည် မဟုတ်လား။ ကျားပိုက်များမှ ပန္နက် ၀ါးတိုင် အခက်အချွန်တို့၏ အန္တရာယ်ကို ရှောင်ရှားရာလည်း ရောက်မည်။ ဒါတောင် ဂယက်ပြင်းပြင်း တစ်ချက်အရိုက်မှာ ပဲ့ထောင်ကလေးက ပန္နက်ဝါးချွန်နှင့် ငြိမိလုဖြစ်သွားသေးရာ စီကနဲ အော်လိုက်ကြသည်မှာ မြစ်ပြင်လှိုင်းလုံးများအကြား လျှံတက်သွားတော့သည်။
“ဟေး.. ငြိမ်ငြိမ်နေကြ။ ဦးပိုင်းမှာချည်းပဲ အားလုံး စုမနေကြနဲ့လေ…”
                        ရေပေါ် မြုတ်ချည်ပေါ်ချည်ဖြစ်နေသော ပန်ကာကို ထိန်းလျှက် ဆိုသော်လည်း အမိုးနိမ့်ကလေးထဲမှာ စကောထဲက ဆီးဖြူသီးတွေလို လိမ့်လိမ့်လူးလူး ကမ်းမမြင်၊ လမ်းမမြင် ဘယ်သူမှ မနေရဲ ကြတော့ပြီ။ စက်လှေဦးပိုင်းမှ ခြေကျော်တံခါးပေါက်ဆီ တရွေ့ရွေ့တိုးလှမ်းရောက်ရှိနေခဲ့ကြပြီ။ မြတ်က ကျွန်တော့်ရင်ခွင်ထဲတိုးဝင်နေသည်။ ဆရာမကြီးက မြစ်ပြင်တစ်ခွင် နိမ့်မြင့်မို့မောက်ကာ ဖွေးဖွေးလှုပ်နေသော လှိုင်းများကို ငေးကာ ဘုရားစာတွေ တတွတ်တွတ်ရွတ်နေပြန်သည်။
“မြတ်.. ဘာမှ မကြောက်နဲ့ ကြားလား။ မောင် တစ်ယောက်လုံး ရှိတယ်။ ဖတ်.. မပြောကောင်း၊ မဆိုကောင်း သေသွားတော့လည်း ကိုယ်တို့ သားအမိ၊ သားအဖတွေ အတူတူပေါ့ကွာ”
                        မြတ်၏ ၀မ်းပိုက်ပုံ့ပုံ့ကလေးက သိပ် မသိသာလှသေး။ ဒါပေမယ့် ထိကိုင်ကြည့်လိုက်တိုင်း ရင်နွေးခုန်ကာ အင်အားသစ် တစ်မျိုးဖြစ်ထွန်းလာသည် ထင်မိသည်။ မြတ်က မျက်ရည်လည်နေသော်လည်း အားတင်းကာ ပြုံးနေမြဲလျှက်။ ထိုစဉ်…
“ဆရာမ ဒီအင်္ကျီ ယူဝတ်ထားပါ”
                        သူ့ကိုယ်ပေါ်က လိုက်ဖ်ဂျက်ကက်ကို ဘယ်အချိန်ကတည်းက ချွတ်ခွာလိုက်သည် မသိ။
“၀တ်ထားပါ ဆရာမရဲ့။ ကျွန်မက ရေကူးတတ်ပါတယ် ”
                        ထိတ်လန့်ကြောက်ရွံ့ရိပ်ကို ဖုံးကွယ်ထားရသော အပြုံးနုနု ပါးလျကလေးနှင့် ၀န်ထမ်းမိန်းခလေးက ကိုယ်တိုင် ၀တ်ပေးတော့မတတ် ဆိုလာလေသည်။ မြတ်တစ်ယောက် အံ့သြတကြီး။ ပြီးမှ… ပြာပြာသလဲ ငြင်းဆန်ဖို့ သတိရသွားသည်ထင့်။
“အို.. မယူပါဘူး ညီမလေးရယ်။ ပြန်ဝတ်ထားလိုက်နော်။ ဆရာမလည်း ရေကူးတတ်ပါတယ်”
“ဟို.. ဆရာမက မပေါ့မပါးကြီးနဲ့လေ”
                        နံဘေးမှ အဖော်ကလေးမတစ်ယောက်ကတော့ မျက်ရည်တလည်လည်၊ မျက်လုံးအကြောင်သားဖြင့် ငေးမိငေးရာ မျှော်ကြည့်နေပြန်သည်။ မြတ်က ကျွန်တော့်လက်မောင်းတစ်ဖက်ကို ဖမ်းဆွဲမှီတွယ်လိုက်သည်။ အသံကို ထိန်းပြောနေသည့်ကြားမှ အဖျားတုန်ခပ်ကာ တုန်လှုပ်မှုကို ဖုံးကွယ်မရ။
“ခုနေ သေရလည်း မမတို့က မိသားစု တစ်စုတဝေးတည်းပဲ။ ဘ၀မှာနေရခွင့်သလောက်နဲ့လည်း ကျေနပ်နိုင်နေပါပြီ ညီမလေးရဲ့။ ညီမလေးက အသက်ငယ်ငယ်လေး။ အသက်ဆက်ရှင်ဖို့ လိုသေးတယ်။ ၀တ်ထားလိုက်ပါ”
                        လှိုင်းတစ်လုံးက ပဲ့ထောင်ကို ခုံအုပ်တော့မတတ်။ မမီ့တမီမို့ လှိုင်းတစ်ချို့ စက်လှေဝမ်းထဲ ၀င်ကုန်သည်။ အားလုံး ရေငံတွေ ရွှဲရွှဲစိုတော့သည်။ မိန်းခလေးက မျက်နှာပေါ်နှင့် ဆံပင်အနှံ့ မှ ရေစတစ်ချို့ကို လက်ဖ၀ါးကလေးနှင့် ပွတ်သုတ်ပစ်ရင်း…
“ဟင့်အင်း..။ ဆရာမ ၀တ်ထားပါ။ ဆရာမက သံယောဇဉ်တွေ အများကြီးနဲ့လေ။ ညီမက ဘာအတွယ်အတာမှ မရှိဘူးရှင့်။ သေရမယ်ဆိုလည်း ကျေနပ်တယ်”
                        စူးရှကျယ်လောင်လှစွာ အားခနဲ သံပြိုင်အော်ဟစ်လိုက်ကြသည်။
                        ရှေ့မှာတွေ့ရသော ချောင်းဝကျယ်ဆီ တစ်ထောက်ဝင်ခိုနားကာ လှိုင်းအငြိမ်စောင့်မည် ရည်ရွယ်ချက်ဖြင့် ပဲ့ထောင်ကို ချောင်းဝဘက်ဦးလှည့်လိုက်စဉ် လှိုင်းတစ်လုံးက ဆွဲယူခြင်းကို ခံလိုက်ရတော့သည်။ စက်လှေကလေးက ၀ဲကတော့ နှုတ်ခမ်းစပ်ဆီ ရောက်သွားပြန်တာ သတိပြုလိုက်မိသော ပဲ့ထောင်မောင်းသမားက စက်ကို မောင်းကုန်တင်ရုန်းလေရာ ၀ဲနှင့်တော့လွတ်သွားသည်။ သို့သော် စက်လှေဦးက ရေစီးသန်သန်နောက် တလိမ့်လိမ့်လွန့်လူးကာ လည်ထွက်မျောပါသွားပြန်ရာ ရေမျက်နှာပြင်တွင် ငါးရံ့ပြေးကလေး ပေါ်နေသော ကျားပိုက်၏ ပါးစပ်ကားကားဟဟကြီးတဲ လိမ့်ဝင်တော့လု..။
“ဘုရား…။ သေပါပြီ”
တကယ်ပင် သေရတော့မည် ဟူသော အသိဖြင့် ဘုရားကိုအာရုံပြုလျှက် မျက်စေ့စုံမှိတ်ကာ မြတ်ရဲ့ကိုယ်လုံးလေးကို လွတ်ထွက်သွားမှာ စိုးရိမ်စွာ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလိုက်စဉ် ပဲ့ထောင်မောင်းသမား၏ ဟစ်အော်သံကို သဲ့သဲ့မျှ ကြားလိုက်ရသေးသည်။
                                    @@@@@@@@
ကျားပိုက်ပါးစပ်ကားကားဟဟ ကြီးနှင့် ကံသီရုံကလေးလွတ်မြောက်သွားခဲ့ပြီဟု အားလုံး သက်ပြင်းချနိုင်ရုံရှိဆဲ… စက်လှေက သိသာစွာ တိမ်းစောင်းလိမ့်လူးသွားပြန်တာမို့ ထိတ်ခနဲတုန်လှုပ်ခဲ့ကြရပြန်တာ။
“ဟာ… ဘကြီး စက်လှေအမိုးပေါ် မတက်နဲ့လို့ ပြောနေတယ်လေ။ ခုပြန်ဆင်းပါဗျ။  စက်လှေလူးရတဲ့ကြားထဲ”
                        စက်လှေမောင်းသမားက လေကြားလှိုင်းကြားမှာ အသံကုန်အော်ဟစ်ခဲ့သေးသည်။ ပဲ့ထောင်ဆရာ၏ အော်ဟစ်သံကြောင့်သာ ပဲ့ပိုင်းမှာ ဖခင်မရှိတော့သည့် အဖြစ်ကို ဆရာမကြီးလည်း သတိပြုမိသွားခဲ့တာ ဖြစ်သည်။ စက်လှေပဲ့ပိုင်းဆီပြေးလျှက် ငိုရှိုက်သံနှောကာ ကြုံးအော်ခဲ့တော့သည်။
“ဖေဖေ….”
                        ဆရာမကြီး၏ ဟစ်အော်ငိုညည်းသံကြောင့် ကျွန်တော်တို့အားလုံး ပွက်လောရိုက် ဆူညံကုန်ကြသည်။ ဦးပိုင်းဆီပြေးကာ ပေါင်းမိုးဆီ လည်ဆန့်မျှော်ကြည့်မိချိန်မှာ ….။
“ ဦးကြီး….”
ကျွန်တော်… ပေါင်းမိုးပေါ် ၀မ်းလျားထိုးမှောက်ကာ ဦးကြီးအား မီလုမီခင် လှမ်းဆွဲခဲ့ပါသေးသည်။ ဒါပေမယ့် ဦးကြီးက ဘယ်သူ့ကိုမှ လှည့်မကြည့် မငဲ့ကွက်နိုင်ပဲ လျှင်မြန်လှစွာ လှိုင်းကြားထဲ ခုန်ဆင်းချသွားခဲ့ပြီ။ သူ၏ ခြေကန်အားကြောင့် စက်လှေကလေး ငြိမ့်ခနဲ လူးလွန့်ခါရမ်းကျန်ရစ်ခဲ့သည်။ ဦးကြီးသည် ပလပ်စတစ်ပုံးခွံကို လက်တစ်ဖက်ကပိုက်လျှက် ကျန်တစ်ဖက်ဖြင့် မြစ်ရေပြင်ကို ယက်ကူးနေသော်လည်း ကျွန်တော်တို့ ကြောက်ရွံ့မင်သက်မိစွာ ငေးကျန်ရစ်ဆဲမှာ လှိုင်းကြားမှ ပုံးခွံလေးကိုသာ လိမ့်လိမ့်လူးလူး မြုတ်ချည်ပေါ်ချည်မြင်နိုင်ခဲ့တော့သည်။ ထို့နောက် စက်လှေနှင့် ဝေး၍  ဝေး၍ အစက်အပြောက်အဖြစ် ပျောက်ကွယ်သွားခဲ့တော့တာဖြစ်သည် ။
                                               @@@@@@@@
                        မာယာများသော မြစ်ပြင်ကျယ်သည် မိနစ်အနည်းငယ်အတွင်းမှာပင် မမှတ်မိချင်စရာ ကောင်းလောက်အောင် လှိုင်းငြိမ့်ပြေပြေဖြင့် ရွေ့ရွေ့ညင်သာ စီးနေပြန်တာဖြစ်သည်။ သားရဲတွင်းမှ လွတ်မြောက်ခဲ့ကြသူတွေလို စိတ်လက်ပေါ့ပါးစွာ ပင့်သက်ကိုယ်စီ ရှိုက်ထုတ်ဖြေလျော့ပစ်လိုက်နိုင်ကြသော်လည်း မျက်စေ့မျက်နှာ ပျက်ယွင်းနေကြဆဲ။ ပူပန်စိတ်မကောင်းခြင်း ကိုယ်စီဖြင့် မြစ်ပြင်ဆီ လှမ်းမျှော်ငေးကာ လည်တဆန့်ဆန့် ရှိနေကြဆဲပင်။
ပဲ့ထောင်မောင်းသည့် စက်ဆရာက…
“ကျွန်တော်လည်း သေမယ့်အတူတူ မထူးတော့ဘူးဆိုပြီး စက်ကို အသားကုန်တင် ရုန်းပစ်တာ။ တစ်စစီ ပြုတ်ထွက်ကုန်လည်း အေးရော ဆိုပြီး...”
လေကွယ်ရာချောင်းငယ်တစ်ခုမှာ စက်လှေကမ်းကပ်ကာ ခဏနားခိုနိုင်ကြပြီဖြစ်သော်လည်း မြစ်ပြင်ဆီမှ တစ်စုံတစ်ယောက်၏ အရိပ်အယောင်မျှ မြင်ရဖို့ မျှော်လင့်ချက် မရှိပါ။
ဆရာမကြီးကတော့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီကာ မျက်ရည်အရွှဲသားမျက်ဝန်းများကို မြစ်ပြင်အနှံ့ ၀ဲဖြန့်ထားဆဲပင်။
“ကျွန်တော်ကလည်း စက်လှေဦး ပြန်လည်မသွားအောင် မနည်းထိန်းနေရတာဆိုတော့ ပါးစပ်ကပဲ တားနိုင်ခဲ့တယ်ဗျာ။ ဆရာမကြီးလည်း မီသလောက် ပြေးလွှားတားခဲ့သေးတာပဲ”
                        လက်မတင်ကလေး ရင်ဆိုင်ကြုံဆုံခဲ့ကြသည့် အဖြစ်အပျက်တို့သည် ခုတိုင် မျက်လုံးထဲမှာ စွဲထင်နေဆဲ၊ တုန်လှုပ်နေကြဆဲပင်။
ဝန်ထမ်းကောင်လေးက….
“အဲဒီဘကြီးက ကျွန်တော်တို့ပဲ့ထောင် ကျားပိုက်နဲ့ငြိပြီး ကျိန်းသေမှောက်တော့မယ်လို့ တွေးထားတာ။ ဒါကြောင့်လည်း စက်လှေပေါ်က လူအားလုံးကို ထားပြီး တစ်ယောက်တည်း ကိုယ်လွတ်ရုန်းဖို့ သူ တွေးတာပေါ့။ သူ့သမီးတစ်ယောက်လုံးကျန်ခဲ့တာတောင် တစ်ချက်မှ လှည့်မကြည့်တော့ဘူး”
ခုလောက်ဆိုလျှင်… ဦးကြီးတစ်ယောက် ကမ်းကပ်ခိုနားရာ ရနေခဲ့ပြီလား။ မသေချာပါ။ လေပြင်းလှိုင်းထန်သော ပင်လယ်ဆီ အရှိန်တကုန်မျောပါပြီး ကယ်တင်ရှင်နှင့် တွေ့နိုင်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မည်မထင်။ တစ်ကိုယ်စာ ကိုယ်လွတ်ရုန်းဖို့သာ တွေးမိခဲ့သော ဦးကြီးသည် မိမိ၏ အသက်အရွယ်ကိုလည်း မေ့လျော့ခဲ့ဟန်တူပါသည်။  လှိုင်းကြမ်းလေထန်မြစ်ပြင်အလည်မှာ ဦးကြီးတစ်ယောက် လက်ပန်းကျကာ ဆားငံဒီရေတွေ မွန်းနစ်ကာ ပယ်လယ်ဆီ နစ်မြုတ်ပျောက်ကွယ်သွားခဲ့ပြီ ထင်သည်။ မြစ်ရိုးတစ်လျှောက် လက်ချင်းယှက်ကာ သွယ်တန်းစီရီရှိနေသော ကျားပိုက်ကြီးများ၏ ကျယ်ကားကား ပါးစပ်အတွင်းသို့ သန်မာသောရေစီးက ဆွဲယူသွားခဲ့လျှင်လည်း မတွေးဝံ့စရာ။
“ဆရာမကြီးရေ..၊ လေငြိမ်တုန်းလေး ဒီနားဝန်းကျင်တ၀ိုက်ကို ပဲ့ထောင်နဲ့ တစ်ပတ်လောက် ပတ်ရှာကြည့်ကြမယ်”
သို့ပေမယ့် အရိပ်အယောင်မျှ မမြင်ခဲ့ကြရ။ မြို့သို့ပြန်ရောက်ရန် အချိန်လင့်လှပြီမို့ လက်လျှောခဲ့ရတော့သည်။
မျက်ရည်စီးသွယ်မစဲနိုင်သည့် ဆရာမကြီးတစ်ယောက်တော့ ပဲ့ထောင်စက်လှေဦးမှာ လူနှစ်ယောက် ထိန်းကိုင်ထားသည့်ကြားမှ လွန့်လူးရုန်းကန်နေဆဲ။ ဖခင်အား တကြော်ကြော် ဟစ်ခေါ်မြည်တမ်းသံက ပဲ့ထောင်ကလေး၏ စက်သံနှင့် ရောနှောကာ ခပ်ပြေပြေနိမ့်မြင့်ပြေးလွှားနေသော လှိုင်းများကြား ထိုးခွဲဝင်ရောက် တိုးမပေါက်နိုင်ခဲ့။
“ဖေဖေ….”
@@@@@@@@
“ဖေဖေရေ….”
မြို့နယ် ဆေးရုံကလေး၏ မော်ကျူရီမှာ ဖခင်၏ သက်မဲ့ရုပ်အလောင်းအားပြန်တွေ့ရစဉ်မှာတော့ တစ်ဖက်တစ်ချက်စီမှာ လူကူတွဲထားနေရပြီဖြစ်သော ဆရာမကြီးသည် နုံးလျနွမ်းမောလျှက် ငိုညည်းသံသဲ့သဲ့ဖြင့် ယဲ့ယဲ့ကလေးမျှသာ ရှိုက်ငင်နိုင်တော့သည်။
လေထဲ၊ လှိုင်းထဲမှာ အပြန်အလှန် ပေးခဲ့ဖူးသော လိုက်ဖ်ဂျက်ကက်ကလေးကို ခုတော့… အမှတ်တရ သိမ်းဆည်းထားချင်သည်ဟုဆိုကာ မြတ်က မိန်းခလေးထံမှ တောင်းယူနေသည်။ မိန်းခလေးကလည်း သူသာ သိမ်းထားလိုသည်ဟု  ငြင်းဆန်နေဆဲ။  နှစ်ဦးသား မျက်ရည်ဝေ့ဝေ့ကြားမှ ကိုယ်စီပြုံးကာ အချိန်အတန်ကြာ စေးကပ်ပွေ့ဖက်ထားကြပြန်သည်။
သဂြိုလ်စက် ခေါင်းတိုင်မှ မည်းညစ်ညစ် မီးခိုးငွေ့မျှင်တို့သည် တလူလူလွန့်လှုပ်ဆဲမှာပင် အနည်းငယ်မျှသော လိုက်ပါပို့ဆောင်သူအားလုံးက ထိုနေရာကို စိတ်ဝမ်းလက်ညီ စွန့်ခွာကျောခိုင်းကာ ချန်ထားရစ်ကြပြီ။          
                                                                                       သတိုး