Saturday, August 4, 2012
ကျိန်စာသင့်သော
မယုတို့ နေထိုင်ရာ ရွာကလေး၏ အမည်ကို ကျွန်မ… နှုတ်ဖျားတင် မေ့တေ့တေ့ ဖြစ်လို့နေတတ်သည်။  မော်တင်စွန်းနှင့် တစ်ဆက်တစ်စပ်တည်းရှိသော အနောက်ဖက် တောင်တန်းများကြားမှ ရွာကလေးတစ်ရွာဟုသာ မှတ်မိတော့သည်။ မယုက သူ့ရွာကလေး၏ အကြောင်းကိုလည်း လွမ်းလွမ်းတတ တစ်ခါမှ ပြန်မပြောပြစဖူး။ ရွာမှာ စိတ်နာစရာတွေ ရှိခဲ့လို့များလားဟု ကျွန်မ ကျီစယ်စပ်စုမိတော့ မျက်နှာပျက်လေသည်။
မယုက ပင်ကိုယ်လည်း နှုတ်စကားနည်းပါးလွန်းလှပါသည်။ သူ့ကိုကြည့်လိုက်လျှင် အလုပ်တစ်ခုနှင့် တွဲလျှက်သာ။ တလှုပ်လှုပ်နှင့် အမြဲတစေ အလုပ်ရှုပ်နေတတ်မြဲ။ အေးအေးဖြည်းဖြည်း၊ နားနားနေနေပဲ နေပါမယုရယ် ဟုဆိုလျှင် …
“အလုပ် လုပ်နေရမှ နေပျော်တယ်”
                        …တဲ့။ ကျွန်မတို့အိမ်မှာ မယု နေမပျော်မှာတော့ အထူးပူပန်စိုးရိမ်လွန်းလှပါသည်။ မယု ရောက်မလာခင်က ဖေဖေ၊ မေမေနှင့် ကျွန်မတို့သားအမိ၊ သားအဖ သုံးဦးသာ ရှိခဲ့ရာ နွေးထွေးစည်းလုံးသော်လည်း အနည်းငယ် သွေ့ခြောက်လှသည် ထင်မိသည်။ တစ်ဦးတည်းသော သမီးဖြစ်သော ကျွန်မက အဖော်အပေါင်းမင်လွန်းလှသူမို့ ကိုယ်နဲ့ မတိမ်းမယိမ်းအရွယ် မယုရောက်လာတော့ ပျော်ရွှင်ကျေနပ်မဆုံးနိုင်ခဲ့။ မယုကို ကိုယ့်ညီမလေးလို၊ သူငယ်ချင်းမိတ်ဆွေလို ရင်းနှီးချစ်ကြည်ချင်ပါသည်။ မယုကလည်း ကျွန်မကိုသာမက ကျွန်မ၏ ဟေးလား၊၀ါးလား သူငယ်ချင်းတွေကိုပါ သံယောဇဉ်တွယ် နေခဲ့ပါပြီ။ ကျောင်းပြီးစ အလုပ်လက်မဲ့ မိန်းကလေးတစ်စု အိမ်မှာ စုရုံးလာကြကာ လက်ဖက်သုတ်လိုက်၊ အခွေကြည့်လိုက်ဖြင့် အုံးတသဲသဲ ဆူညံသံ မစဲကြားမှာ သူပါ ရောနှောပျော်ရွှင်နေတတ်ပြန်မြဲ။
**********
                        မယုနှင့် ကျွန်မက ညီအစ်မ၀မ်းကွဲတွေ ဖြစ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် တွေ့သိရင်းနှီးကာ စည်းလုံးချစ်ကြည်မိခဲ့ကြတာတော့ သိပ်မကြာလှသေးပါ။ ဖေဖေ့မှာ ညီတစ်ယောက်ရှိနေသေးတာ သိပင်သိငြား ချစ်ခင်တွယ်တာစိတ်တော့ ကျဲပါးခဲ့လေသည်။ ဦးလေး၏ မိသားစုအကြောင်းကိုလည်း တခါဖူးမျှ စိတ်မ၀င်စားခဲ့ စဖူး။ သွားရေး၊လာရေး ဝေးလှမ်းသည်ဟု အကြောင်းပြကာ အသွား၊အလာ၊ အဆက်အဆံ ပြတ်တောက်လုနီးပါးပင်။ ရွာမှာ အကြောင်းကြီးငယ် ကိစ္စရှိလို့ မဖြစ်မနေအရေးပေါ်လျှင်လည်း ဖေဖေပဲ ပြေးသွား၊ ရောက်ပြန် လုပ်နေတတ်သည်ပင်။ မေမေနှင့် ကျွန်မတို့တော့ မြို့ကြီးသူတွေပီပီ ဖေဖေ့ရွာငယ်ကလေးကို စိတ်ကိုမ၀င်စားပေ။ ဆယ်ကွေ့ တစ်ကွေ့  ဆိုသလို အိမ်ကို အ၀င်အထွက်ရှိတတ်ကြသော ရှားရှားပါးပါး ဖေဖေ့ရွာသား အချို့ကိုတော့လည်း ကျွန်မတို့က ဖော်ရွေပျူငှာစွာဖိတ်ကြိုကာ တသသ မျှော်နေတတ်ပြန်တာပင်။
                        လွန်ခဲ့သော နှစ်တွေဆီက ကမ္ဘာကျော် လေပြင်းမုန်တိုင်းမှာ ဖေဖေတို့၏ရွာကလေး အပျက်အစီး၊ အဆုံးအရှုံးတွေနဲ့ အတုံးအရုံး လဲပြိုသေပျောက်မှု သတင်းတွေကြောင့် ကျွန်မတို့မိသားစုတွေ ပူပန်ပျာယာခပ်ခဲ့ရ ဖူးသေးသည်။ ဖေဖေတစ်ယောက် သူ့ရွာကလေးဆီ ပြေးရောက်သွားခဲ့သေးသော်လည်း သူ့အား ကြိုဆိုနေကျ မျက်နှာတွေထဲက တချို့တစ်ဝက်မက လျော့ပျောက်သွားခဲ့ပြီဟု ဆိုသည်။ ကျွန်မတို့အိမ်ကို ၀င်ထွက်နေကျ ဧည့်သည်တွေလည်း နောက်တစ်ကြိမ် ရောက်မလာနိုင်ကြတော့ပြီကို ယူကျုံးမရစွာ နားလည်လျှက် နာကျင်ဝမ်းနည်းခဲ့ရပါသည်။
                        အဲသည်စဉ်ကတော့ မယုတို့ သားအမိ၊ သားအဖတွေ ကျွန်မတို့ထံ ရက်အတန်ကြာ ရောက်လာခိုနားကာ မြို့မှာပဲ အခြေချကြရန် စီစဉ်ခဲ့ကြပါသေးသည်။ သို့ပေမယ့် အခြေအနေတွေ ပြန်လည် ငြိမ်သက်သွားခဲ့ပြန်ရာ သူတို့၏ ဓါးမဦးချ နေထိုင်ခဲ့ရာ ရွာကလေးကို သံယောဇဉ်မျှင်တမ်း မပြတ်နိုင်ကြပြန်ပေ။  နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေ၊ ပြီး ချစ်ခင်တွယ်တာရသူတွေ… လေလွင့်ရေမျောခဲ့ပြီ ဖြစ်ပေမယ့် လယ်မြေဧကများစွာ ကျန်ရစ်သေးသည် မဟုတ်လား။ လယ်လုပ်ကိရိယာနှင့် ကျွဲနွားများ ပြန်လည်စုဆောင်းရင်း လူကြီးတွေ အလုပ်ရှုပ်နေကြစဉ် ကျွန်မနှင့် မယုတို့ ညီအစ်မတွေကတော့ အတိုးချ အလွမ်းသယ်လို့ ကောင်းနေကြပါသည်။ မယုတစ်ယောက် သူ့ရွာကို ပြန်မလိုက်ဖြစ်အောင်လည်း နေ့ညမပြတ် စည်းရုံးဆွဲဆောင်နေရပါသေးသည်။ မယုကတော့ ရောက်ကတည်းက ခေါင်းတစ်ခါခါ လုပ်နေတော့တာ ရွာပြန်သည်အထိပင်။ မယု ရွာပြန်တော့ ကျွန်မတို့ညီအစ်မ ဖက်တွယ်ကာ အပြိုင်ငိုကြွေးလျှက် မခွဲရက်ရက် ဖြစ်ခဲ့ကြသေးတာ..။
                        ကျွန်မ မယုထံ လူကြုံအခွင့်သင့်တိုင်း စာရေးကာ အလွမ်းသယ်တတ်ခဲ့သော်လည်း မယုကတော့ စာပြန်ရန် ၀န်လေးတတ်သူဖြစ်လေသည်။ သတိရတယ် ပြောလိုက်ပါ ဟုသာ လူကြုံအလွမ်းစကားပါးတတ်ခဲ့လေသည်။
                        မယုတစ်ယောက် တရှောင်ရှောင်ဖြင့် ကျန်းမာရေးမကောင်းလှဟု သတင်းစကား ကြားတော့ အိမ်မှာခေါ်ထားကာ ဆေးကုသပေးရန် ကျွန်မ ဖေဖေ့အား နားပူနားဆာ ပြုမိရတော့သည်။ ဖေဖေမှတဆင့် အတင်းအကြပ်ပြုကာ ရာဇသံပေးလေမှ သူ့ဖေဖေတစ်ယောက် မယုအား ပို့ပေးခဲ့တော့တာ ဖြစ်သည်။
***********
                        လေထဲမိုးထဲ အတိဒုက္ခကြားထဲမှာ ဒရွတ်ဆွဲရောက်လာစဉ်ကတောင် စိုပြည်ပြည့်တင်းနေဆဲ မယုတစ်ယောက် ခုတစ်ခေါက်မှာ ပိန်ချုံးချိနဲ့ကျသွားခဲ့တော့တာ မမှတ်မိချင်စရာမို့ အံ့အားတသင့်၊ စိတ်မကောင်းဖြစ်ရပါသည်။ ဘာဖြစ်တာလဲမေးတော့လည်း ရေရေရာရာ ဘယ်သူမှ မပြောနိုင်ကြပြန်ပေ။ အစား စားချင်စိတ် မရှိတာက စသည်တဲ့။ ည ညတွေ အိပ်မပျော်ဘူးဟု ဆိုပြန်သည်။ လက်လှမ်းတမီမှာတော့ ကောင်းနိုးရာရာ ဆေးဝါးတွေလည်း စုံလှပြီ။
                        မယုအား နားလည်တတ်ကျွမ်းသူ ဆရာဝန်ကြီးများနှင့် ပြသဖို့ အလောတကြီး စီစဉ်ကြရသည်။ ပြောပလောက်စရာ ရောဂါကြီးကြီးမားမားရယ်လို့လည်း ရှာမတွေ့ပြန်ရာ ဇဝေဇ၀ါဖြင့် ပူပန်မှုတော့ လျော့ကျမသွားနိုင် ခဲ့ကြပေ။
*********
                        အိမ်သို့ရောက်စ ရက်တွေကထက်စာလျှင်တော့ မယုတစ်ယောက် အနည်းငယ်မက ရွှင်လန်းလာသည် ထင်ရပါသည်။ သူငယ်ချင်း တစ်အုပ်တစ်မနှင့် လမ်းများနေကျ  ကျွန်မက သွားလေရာခေါ်ကာ  ဟိုဆိုင်ဝင်၊ သည်ဆိုင်ထွက် ပြုမြဲ။ ကျွန်မတို့တတွေ ရောက်ရာအရပ်မှာ တ၀ါးဝါး၊ တဟားဟားနှင့် အကဲမရဖြစ်နေလျှင် မယုတစ်ယောက် ရောယောင် ပြုံးတတ်စ ပြုလေသည်။ အစုံစားသတ္တ၀ါတွေဖြစ်သော ကျွန်မတို့ သူငယ်ချင်းတွေကြားမှာ မယုလည်း တို့ကာထိကာ အစားနည်းနည်းမက ၀င်ဖြစ်မည် ထင်၏။ တခါတရံ တစ်ဦးတည်း ရှိနေချိန်များမှာတော့ တွေးတွေးငေးငေးနှင့် ငြိမ်သက်လျှက် မျက်နှာနွမ်းနေတတ်ပြန်ပါသည်။ မယုတစ်ယောက် အသည်းကွဲလာခဲ့သလားဟု ကျွန်မ မနေနိုင်စွာမေးတော့ မျက်နှာနွမ်းနွမ်းကြားမှပင် ဟက်ပက်စွာ ရယ်မော ငြင်းဆိုနိုင်ခဲ့သေးသည်။
“ဒါဆို ဘာဖြစ်နေတာလဲ။ မယု တစ်ခုခုတော့ ဖြစ်နေတာ သေချာပါတယ်”
                        မယုကတော့ လျှို့ဝှက်စွာသာ ပြုံးလျှက် ငြိမ်သက်နေပြန်တာ..။ သူ့ရွာကို ခင်တွယ်လွန်းလှသော မယုက ဒီတစ်ခေါက်တော့ ရွာကို မပြန်ချင်တော့ဘူးဟု အတိအလင်းဆိုလာပြန်ရာ ၀မ်းသာရသော်လည်း အံ့သြတကြီး ဖြစ်ရပြန်သည်။
“မယု ပျော်သလောက်နေပါ။ တစ်သက်လုံးနေရင် ပိုတောင် ကောင်းသေးတယ်”
“တစ်သက်လုံးတော့ နေနိုင်မယ် မထင်ပါဘူး။ တစ်ခါတလေကျရင် ရွာကို အရမ်းသတိရတာပဲ”
“ဖြစ်ပြန်ပြီ။ ဒါပေမယ့် ဒီမှာပဲ အမြဲနေပြီး တစ်နှစ် တစ်ခေါက်လောက်ပဲ ရွာကို ပြန်မယ်ဆိုလည်း ဖြစ်တာပဲ မဟုတ်လား မယုရဲ့။ မယု ပြန်ရင် တို့လည်း ရောက်ဖူးတယ်ရှိအောင် လိုက်လည်မယ်လေ”
“တကယ်လား”
                        ရုတ်တရက်တော့ မယုရဲ့ မျက်နှာကလေး ရွှန်းလက်သွားခဲ့သေးပေမယ့် ချက်ချင်း ညှိုးလျသွားပြန်လျှက်….
“ရွာက အရင်လို ပျော်စရာ မကောင်းတော့ဘူး မလေးရဲ့။ ချောက်ကပ်ပြီး နည်းနည်းမှ မစည်ကားတော့ဘူး။ အရင်ကဆိုရင်လား  မလေးမြင်စေ့ချင်တယ်”
                        သူတို့၏ ရွာကလေး ဘယ်လောက်သာတောင့်သာယာ၊ နေပျော်စရာကောင်းလှပုံကို သာချင်းတစ်ထပ် လွမ်းပြနေတတ်ပြန်သေးတာ။ စကားနည်းလှသော မယုက သူ့ရွာအကြောင်း အဆက်မပြတ်စကားတွေ တတွတ်တွတ် ဆိုနေချိန်မှာတော့ မျက်နှာကလေးလည်း ကြည်လင်စွာ ပြုံးမြနေပြန်လျှက်ပေ။
************
                        ထိုနေ့က မယုတစ်ယောက် နှုတ်ခမ်းနီထွေးကလေးနှင့် လှနေခဲ့တာ အမှတ်မဲ့ အမြင်မှာ ကျွန်မ ကျေနပ်သွားသော အပျော်စိတ်ကလေးနှင့်…
“အယ်.. မယုက နှုတ်ခမ်းနီတွေ ဘာတွေ ဆိုးလို့ပါလား။ လှတယ်တော့”
                        မယုတစ်ယောက် ရှက်နိုးစွာ ပြုံးယောင်ပြုကာ…
“အဲဒီ နှုတ်ခမ်းနီအရောင်လေး မလေး မနေ့က ဆိုးထားတာ ကြိုက်သွားလို့…”
                        အမြဲတစေ သနပ်ခါး မှုန်ဖွေးဖွေးနှင့် နေတတ်သော မယုအား ကျွန်မ၏ မှန်တင်ခုံကို အပိုင်စား ပေးခဲ့ဖူးသေးတာ ဖြစ်သည်။   
“မယု အဲဒါတွေ မသုံးတတ်ဘူး”
                        ဇွတ်ငြင်းခဲ့ဖူးတာမို့ လက်လျှော့ခဲ့ရတာ ဖြစ်သည်။ ကျွန်မ အခွင့်ကောင်းယူကာ…
“နှုတ်ခမ်းနဲ့လိုက်တဲ့ လက်သဲနီအရောင် မလေးမှာ ရှိတယ်။ မလေးဆိုးပေးမယ်”
                        အကြောက်အကန် ငြင်းလေသည်။
“လှတယ် မယုရဲ့။  ဒီမှာ မလေးလက်ကလေးတွေကို ကြည့်ပါလား”
                        လက်ဖမိုးနှစ်ဘက် အစုံကို ယှဉ်လျှက် သူ့မျက်နှာရှေ့ဆီ တိုးရွှေ့လိုက်လေလျှင် ဇွတ်အတင်း မျက်နှာလွဲဖယ်လျှက် မျက်လုံးနှစ်ဖက်ကို စုံမှိတ်ပစ်လိုက်တော့လေသည်။
“ဟင့်အင်း..”
                        ငိုချလိုက်တော့မလို မျက်နှာပျက်ယွင်းကာ အကဲဆတ်နေပုံက ကျွန်မ၏ ကျီစယ်လိုစိတ်ကို မီးလောင်ရာ လေပင့်လိုက်သလို ဖြစ်နေသည်။
“မရဘူး။ ဒီမှာ မလေးလက်ကလေးတွေ ဘယ်လောက်လှသလဲ  ကြည့်.. ကြည့်”
                        မျက်နှာလည်တိုင်အနှံ့ ချွေးစေးတွေပြန်ကာ မျက်လုံးအကြောင်သားနှင့် ငေးမေ့သွားတော့တာ ငိုက်ခနဲ လဲပြိုကျလာလေမှ ကျွန်မ ရိပ်မိရတော့လေသည်။
**********
…လေတွေ တခြိမ်းခြိမ်း တိုက်လာပြီး မြစ်ရေတွေလည်း တရဟော ထိုးတက်လာတော့ မယုတို့လည်း အိမ်တွေမှာ မနေရဲကြတော့ဘူး။ စပါးကျီလွတ်တွေဆီ ရွှေ့ကြပြောင်းကြတာပေါ့။ မယုတို့မှာ ကျီ သုံးလုံးတောင်ရှိတာ။ အဲဒီ နှစ်လုံးမှာ စပါးမရှိတော့ဘူးဆိုတော့ အလွတ်ဖြစ်နေတာပေါ့။ မယုတို့ ရောက်သွားတော့ ကျီထဲမှာ ရွာထဲကလူတွေ အတော်တောင် ရောက်နှင့်နေကြပါပြီ။ ကျီအပြည့် လူကို ညို့နေတော့တာ..။
                        …ယောက်ျားကြီးတွေက ၀ါးထရံအကာတွေကို ကန်ချပစ်ကြတယ်။ လေဒဏ် ပိုခံနိုင်အောင်လို့တဲ့။ လေက ပိုကြမ်းလာ၊ ရေကလည်း တိုးသည်ထက်တိုး၊ လှိုင်းတွေလည်း တ၀ုန်းဝုန်းရိုက်လာတော့ မယုတို့ ချမ်းလည်းချမ်း၊ ကြောက်လည်း ကြောက်၊ တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်တိုးတိုက်ပြီး ဆတ်ဆတ်တုန်နေကြတာပဲ”
…ရေက တိုးသည်ထက်တိုးလာနေတာပဲ။ စပါးကျီကြမ်းခင်းတွေပါ ရေထိလာတော့ ဆက်မပြေးတတ်ကြတော့ဘူး။ ကြည့်နေရင်းကို ရေထုက အလုံးအရင်းနဲ့ တရိပ်ရိပ်မြင့်တက်လာနေတာဆိုတော့ ဘေး ပတ်တန်းတွေပေါ် တွယ်တက်၊ ခိုတက်ကြရင်း အားလုံး အမိုးပေါ် ရောက်ကုန်ကြတာပေါ့”
…သိပ်မကြာလိုက်ဘူး။ မယုတို့နဲ့ ကပ်လျှက် စပါးကျီကြီးကို လှိုင်းတစ်လုံးက လွှမ်းဖုံးပစ်လိုက်ရော။ လူတွေဆိုတာ သစ်သီးတောင်း မှောက်ချလိုက်သလိုပဲ မလေးရယ်။ လှိုင်းကြားမှာ ကစဥ့်ကလျားနဲ မျောပါကြ၊ ကယ်ပါ၊ ယူပါ အော်ကြ ဟစ်ကြ”
                        မယုက သူ့မျက်စေ့ရှေ့မှာ ခုပဲ ရှိနေသေးသလို ထင်ယောင်လျှက် ပူပန်မူပျက်ကာ ပျာယာခပ်လာလေသည်။ သူ့ပခုံးကလေးကို ထွေးဖက်ကာ နှစ်သိမ့်ပေးလိုက်လျှင် ရင်ခွင်မှာ မှေးမှီကာ တရှိုက်ရှိုက် ငိုနေပြန်တော့ပြီ။
“မယုတို့ ခိုနေတဲ့ စပါးကျီကို လူတွေ လာကပ်ကြတာ။ လှိုင်းထဲ၊ ရေထဲကနေ တိုးထွက် ဖက်တွယ်လာတဲ့ လက်တွေဆိုတာ  အများကြီးပဲ..”
 “မယုတို့ ဖမ်းဆယ်ကြရတာပေါ့”
                        မယု ငိုပြန်သည်။ ခဏကြာမှ ငိုသံ ဗလုံးဗထွေးဖြင့်…
“အစပိုင်းတော့ ဆယ်ကြသေးတယ်။ ဒါပေမယ့် လူတွေက ဆယ်ယူလို့ မနိုင်အောင် များလာတယ်။ ကျီထဲမှာလည်း လူတွေ များလွန်းနေပြီ။ ကျီပြိုကျပြီး အပေါ်ကလူတွေအားလုံး ဒုက္ခရောက်ကုန်မှာ လူကြီးတွေက တွေးပူကြတယ်”
မျက်ရည်တွေ စို့ဝဲလာသော ကျွန်မ၏ အာရုံအမြင်မှာလည်း ကူကယ်ရာမဲ့ မျက်နှာတွေ။ အသံတွေ…။
 “မလေးရယ်။ လက်ကလေးတွေ ဆိုတာလေ။ စပါးကျီအမိုးစွန်း ပတ်ပတ်လည်မှာ အများကြီးမှ အများကြီးပဲ။ လက် သေးသေးလေးတွေတောင် ပါသေးတယ်”
                        စကားထောက်ရန်ဝေးလို့ အသက်ရှူဖို့တောင် မေ့နေခဲ့မည် ထင်၏။ ပါးပြင်ပေါ်မှ ပူနွေးနွေးအတွေ့ကိုလည်း သတိမပြုမိတော့နိုင်။
“သိလား မလေး။ အပေါ်က လူတွေကလေ.. …အဲဒီလက်တွေ အကုန်လုံးကို….  ဖြုတ်ချ၊ ဖြည်ချပစ်ကြတာ…”
                        တသိမ့်သိမ့်တုန်နေရှာသော မယု၏ ကိုယ်ပေါ်သို့ ကျွန်မ၏ ပါးပြင်ဆီမှ မျက်ရည်စတချို့ ခုန်ဆင်းသွားကြသည်။
**********
                        ဆရာဝန် ပြန်သွားအပြီး ဆေးတစ်ခွက်ကို ချော့ချော့မော့မော့ တိုက်အပြီးမှာ မယုတစ်ယောက် ငြိမ်သက်စွာ အိပ်စက်တော့မည်ဟု ထင်ဆဲ….
“ကမ္ဘာကြီး တကယ် မီးလောင်နေတော့ရော အချင်းချင်း ချ နင်းစရာလား မလေးရဲ့ ။ မယုတို့အားလုံးဟာ အတူတူပဲ။  ဘယ်သူမှ စတေးမခံထိုက်ပါဘူး။ ဘယ်သူမှ သားကောင်တွေ မဟုတ်ကြဘူးလေ…”
                        မှေးမှိတ်ထားသော မျက်ဝန်းအစုံမှ မျက်ရည်စ နှစ်သွယ် လျောခနဲ စီးကျလာခဲ့ပြန်သည်။
                                                     သတိုး
Thursday, July 26, 2012
မှိတ်တုတ် မှိတ်တုတ် ကြယ်ကလေးတွေ..
                     အကြောင်းကိစ္စရှိတိုင်း ဒီနေရာလေးကို ဖြတ်သန်းသွားလာ ပြုဖူးနေကျပေမယ့် မှတ်မှတ်ထင်ထင် သတိမပြုခဲ့မိပေ။ ခုလည်း သားကြောင့်သာ မဟုတ်လျှင် ဒီနေရာလေးကို ဂရုပြု၊ စိတ်ဝင်စားဖြစ်ဦးမည် မထင်။
ဂျူဂျူ
ဆံပင်မိတ်ကပ်
                        ခြံဝရှိ ဆိုင်းဘုတ်ကလေးက အရောင်တွေ လွင့်ပြယ်ဖျော့မှိန်ကာ ဆေးသားတချို့ ကွာကျနေခဲ့ပြီ။ အနည်းငယ် တွန့်ဆုတ်နေသော ခြေလှမ်းတွေကို တုန့်ရပ်လျှက် ဆိုင်းအတွင်းဘက်ဆီ လှမ်းမျှော်စူးစမ်းမိသည်။ အပွင့်မှိန်မှိန် ခန်းဆီးကန့်လန့်ကာလေးတစ်စက ဆိုင်ရှေ့မှာ တလူလူလွင့်ကာ ဆိုင်အတွင်းပိုင်းမြင်ကွင်းကို နှောင့်ယှက်နေပြန်သည်။ ဆိုင်မျက်နှာစာ တစ်ဖက် တစ်ချက်စီမှာတော့ ကိုရီးယားစတားတစ်ယောက်၏ ဆံပင်ပုံဆန်းနှင့် ဗီနိုင်းဆိုင်းဘုတ်ကလေးတွေ ထောင်ထားတာ လှမ်းတွေ့၏။
            ရှေ့မျက်နှာစာမြေကွက်လပ်ကို ခပ်များများဖယ်ချန်ကာ ဆိုင်ကို ခြံဝန်းနောက်ပိုင်း အထိ နောက်ဆုတ် ဆောက်ထားသည်မို့ လမ်းမနှင့် ဝေးလှမ်းနေသေးသည်။ ထို့ကြောင့်လည်း ဒီဆိုင်လေးကို ယခင်က အမှတ်မထားခဲ့မိတာ ဖြစ်မည်။
                        ဆိုင်ရှေ့ မြေကွက်လပ်ငယ်မှာတော့ တရုတ်ဆိုင်ကယ်နှစ်စီးနှင့် စက်ဘီး လေး၊ငါးစီး ရှိနေပါသည်။ ဒါဆို ဒီလူငယ်လည်း အလုပ်ရှုပ်နေတော့မည် ထင်သည်။ အလုပ်လက်စတန်းလန်းနှင့်လူကို မေးမြန်စပ်စုရတာတော့ မကောင်းလှပါ။ အားနာစရာ…။ ဒါပေမယ့် ရောက်လက်စနှင့်မို့ လူချင်း မြင်ဖူးအောင်တော့ ၀င်တွေ့သွားလိုက်တော့မည်ဟု တွေးသည်။ သူ အဆင်ပြေမည့် အချိန်ကို ချိန်းဆိုစောင့်ဆိုင်းရတော့မှာပေါ့။
                        ဒါပေမယ့် ဆိုင်အတွင်းသို့ ရောက်လျှင်တော့ အလုပ်လုပ်နေဟန် ထင်ရသူ တစ်ယောက်တလေကိုမျှ မတွေ့ရပေ။ ဆံပင်ညှပ်သည့် ဆုံလည်ကုလားထိုင်နှစ်လုံးပေါ်မှာ ဒူးထောင်ပေါင်ကားနှင့် ကိုယ်ကိုနောက်လှန်ကာ ပိုးလိုးပက်လက်လန်နေသော သူကောင်းသားလေး နှစ်ယောက် ရှိနေသည်။ လက်ထဲမှာ အငွေ့တလူလူ စီးကရက်ကိုယ်စီနှင့်။ ဆံပင်ပုံဆန်းအမျိုးမျိုးနှင့် နိုင်ငံခြားမော်ဒယ်တို့၏ ပုံကလေးတွေပါသော နံရံကပ်ပိုစတာများ ကပ်ထားသည့် နံရံတို့၏ တစ်ဘက်မှာ ကပ်လျှက် တန်းစီချထားသော ပလပ်စတစ်ထိုင်ခုံလေးတွေပေါ်မှာလည်း လူငယ် သုံးလေးယောက် တွေ့ရပြန်သည်။ သူတို့လည်း ကွမ်းတဖတ်ဖတ်ဝါးလျှက် နှုတ်ခမ်းလေးတွေ ရဲပနေလို့ပေ။ သားတို့နှင့် သက်ရွယ်တူ ကလေးတွေ။ တချို့ကတော့ သားတို့ထက် လေးငါးနှစ်ခန့်ကြီးမည် ထင်ရဲ့။ သက်နှစ်ဆယ် ၀န်းကျင်တွေ။ ဆံပင်ပုံစံတွေကတော့ သူတို့ခေတ် အပြောအရဆို တကယ့် အလန်းတွေချည်းပေ။ အရောင်အသွေးစုံလင်လှသလို အကောက်၊ အဖြောင့် ရောရာ။ အိုး.. တစ်ဝက်တစ်ပျက် လှမ်းမြင်တွေ့နေရသော ဆိုင်နောက်ဘက် အတွင်းခန်းထဲရှိ သစ်သားခေါက်ကုတင်လေး ပေါ်မှာလည်း တုံးလုံးပက်လက်တွေ ရှိကြသေးသည်ပဲ။
                        ထိုင်ခုံပေါ်မှ လှမ်းတွေ့ကာ အသိပေးလိုက်သည်ထင်၏။ ဆုံလည်ပေါ်မှ နှစ်ယောက်ကလည်း ကုလားထိုင်ကို တစ်ပတ်လှည့်ကာ ခေါင်းငဲ့စွေစောင်းကြည့်လာကြသည်။
“ဦးနဲ့ အန်တီ ဆံပင်ညှပ်ဖို့လား”
                        နှုတ်စကားလေးတွေက ယဉ်ကျေးဖွယ်ရာပေမယ့် အကြည့်အပြုံးတို့က လှောင်ပြောင် ချင်သလို ရယ်ဟဟ များပေ။ 
“ဘယ်သူ ညှပ်ပေးမှာလဲ”
                        ခပ်တည်တည် အမေးစကား မဆုံးခင်…
“ဂျူရေ….ဆံပင်ညှပ်မယ်တဲ့”
                        တစ်ယောက်က လှည့်အော်လေလျှင် အတွင်းခန်းထဲမှ မှိုတက်နေသော ချောကလက်တုံးလို မိတ်ကပ်ဖွေးဖွေးနှင့် မျက်နှာညိုညိုကြီး ဘွားခနဲပေါ်လာခဲ့လေသည်။
                                           *************
                        မိတ်ကပ်တွေ ဟိုတစ်ကွက်၊ သည်တစ်ကွက်နှင့် အဆီပြန်ကာ ပြာနှမ်းညိုညစ်နေသော မျက်နှာကြီးက ပကတိ အရောင်မဲ့၊ အပြစ်ကင်းစွာ…။ နှုတ်ခမ်းထူနက်နက်ကြီးကလည်း လှိုက်လှဲဖော်ရွေစွာ အစွမ်းကုန် ပြုံးမြနေလျှက်။ ခပ်သြသြ ပင်ကိုယ်သံကို အိညက်ညက်လုပ်ပြောနေတာတော့ အတော်ကလေး သီးခံရပါသည်။
“ပြည့်……..စုံ …ဖြိုး …။ ဟဲ့ ပြည့်စုံဖြိုးဆိုတာ ဘယ်သူလဲ။ နင်တို့နဲ့ သိကြလား ”
“မနေ့က အာကာတို့အုပ်စုနဲ့ ပါလာတဲ့တစ်ယောက်လေ။ ပါးဖောင်းဖောင်း ၊ မျက်လုံးပြူးနဲ့ကောင်..”
                        သားကို နာမည်နှင့်လူ တွဲသိမှတ်မိခြင်း မရှိဘူးဆိုတော့ သားဟာ ဒီနေရာကို အကြိမ်ကြိမ် ရောက်ဖူးနေကျ မဟုတ်ဘူး ထင်သည်။
“အရင်က တစ်ခါနှစ်ခါ ဆံပင်လာညှပ်ဖူးတယ်။ ဒီလောက်ပဲ။ အာကာတို့ကတော့ ဒီမှာ ကျောက်ချ နေနေကျလေ။ သူက မနေ့ကမှ ပါလာတာ…”
                        သားတစ်ယောက် ကျောင်းပြေးတတ်နေပြီ ဆိုတာ သားတို့၏ အတန်းပိုင်ဆရာမထံမှ အကြောင်းကြားစာကို မမျှော်လင့်စွာ လက်ခံရရှိခဲ့လေမှ သိခွင့်ရတော့တာ ဖြစ်ပါသည်။
                        ဆရာမကလည်း သား ကျောင်းပြေးခဲ့သည်ဟု မထင်။ ခွင့်မဲ့ ကျောင်းပျက်ခဲ့သည်ဟုသာ ထင်မှတ်ကာ မိဘထံ အသိပေး အကြောင်းလာခဲ့တာ ဖြစ်သည်။ ဒါပေမယ့် သားတစ်ယောက် နံနက်ကတည်းက အဖြူအစိမ်း ၀တ်စုံပြည့်နှင့် ကျောပိုးအိတ်ကလေးလွယ်လို့ အိမ်က ထွက်သွားခဲ့တာ မဟုတ်လား။ သူတို့မေမေ ထမင်းဘူးထည့်တာ နောက်ကျနေလို့ ခရီးဖင့်ရသည်ဆိုကာ မျက်နှာညိုပြခဲ့သေးသည်ပင်။ ခုတော့ သားက ကျောင်းကို မရောက်ဘူး ဆိုပါလား။
                        ညနေ ကျောင်းဆင်းချိန်မှာ ခပ်တည်တည် အိမ်ပြန်ရောက်လာခဲ့သော သားက အဖေနှင့်အမေ မျက်နှာ မသာယာစွာ ခေါင်းချင်းရိုက်နေကြတာ လှမ်းအမြင်မှာ သူ့အပြစ်အတွက် မလုံလဲသလို ခြေလှမ်းတုံ့နှေးကာ မျက်နှာမူယာ ပျက်ယွင်းသွားခဲ့တော့သည်။
                                               ***********
                        အဖေ့လက်ထဲမှာ သူ့ထက် အလျှင် ကြိုရောက်နေနှင့်သော အကြောင်းကြားစာကို မြင်လျှင်တော့ သားလည်း အမှန်အတိုင်း ၀န်ခံရတော့ပြီ။
“သား.. ဘယ်တွေ သွားနေတာလဲ။ ဘယ်သူတွေနဲ့ ဘာတွေ လုပ်ခဲ့သလဲ”
                        သား တစ်ယောက် ခုလို ကျောင်းပြေးတတ်လာခဲ့တာ ကျောင်းပြေးတတ်နေသော၊ ကျောင်းပြေးနေကျ သူငယ်ချင်းတချို့ကြောင့်ဟု အမေက ထမင်းရည်ပူ လျှာလွှဲချင်နေသည်။ သား၏ ကျောင်းသားသက်တမ်းတစ်လျှောက် နေထိုင်မကောင်းဖြစ်သော နေ့တချို့မှလွဲလျှင် ကျောင်းပျက်ခဲလှပါသည်။ တချို့သော စာသင်နှစ်တွေမှာ ပညာရည်ချွန်ဆုနှင့် အတူ ကျောင်းတက်မှန်သူအဖြစ်ပါ ဆုယူခဲ့ဖူးလေတာ…။ ယခု ဆယ်တန်းစတက်သော နှစ်ဦး အစပိုင်းကာလမှာပင် သားတစ်ယောက် ကျောင်းပြေးတတ်နေပါပြီကော။
                        သား၏ ၀န်ခံစကားအရတော့ သူငယ်ချင်းတချို့နှင့်အတူ ဘုရားမှာ တစ်နေကုန် ရှိနေခဲ့သည် တဲ့။ သားပြောသမျှ ယုံကြည်နေကျ အမေက ခုတစ်ကြိမ်မှာလည်း အလွယ်တကူ ယုံကြည်လက်ခံတော့မည် ဆဲဆဲ။
“တစ်နေ့လုံး မင်းတို့ ဘာတွေ လုပ်နေကြလဲ”
“ဓမ္မာရုံထဲမှာ အိပ်နေကြတာ”
“ဘာလို့ ကျောင်းကို မသွားချင်တာလဲ”
“Physics ဆရာမကဒီနေ့ defination တွေ စစ်မယ်လို့ မှာလိုက်တာ။ သားတို့ မကျက်ရသေးလို့….”
                        ကျောင်းသားအများစု ထံမှ အလွယ်တကူ ပြောထွက်နေကျ ဆင်ခြေမျိုးကိုပဲ သားက သုံးနှုန်းနေပါသည်။ ဒါပေမယ့် ဘုရားပေါ်မှာပဲ တစ်နေကုန် အိပ်နေခဲ့သည်ဆိုတာတော့ လုံးဝ မဖြစ်နိုင်ဟု နားလည်မိသည်။
“မင်းတို့ကောင်တွေ တခြား ဘယ်နေရာမှ မရောက်ဘူးဆိုတာတော့ ငါ မယုံဘူး”
“တကယ်ပါ ဖေဖေရ”
                        သားက မျက်နှာငုံ့လွှဲလျှက် လေသံ ခပ်တိုးတိုးဖြင့် ဆိုခဲ့သော်လည်း နေ့မကူးခင် သားတို့၏ ၀ပ်ကျင်းကို ခြေရာခံမိခဲ့ပြီ။
                                                   *************
“ကျွန်တော်လည်း သူတို့ကို လက်မခံသင့်ဘူးဆိုတာ သိပါတယ် ဦးရယ်။ တတ်နိုင်သလောက်လည်း ဖြောင်းဖျပြောဆို လွှတ်တာပါပဲ။ ဒါပေမယ့် ဘယ်သူ့အပေါ်မှာမှ ကျွန်တော့်စကား မအောင်ဘူး။ သူတို့က ကျွန်တော့်ဆို ခွေး… ချေးနိုင်သလိုကို နိုင်ကြတာ။ အဲ.. ကန်တော့ပါနော် ဦး”
                        နှုတ်ခမ်းကို လက်ဖ၀ါးလေးနှင့် အုပ်ကွယ်လိုက်ပြီးမှ လက်အုပ်ကလေးချီလာပြန်တော့ စိတ်မှာ ခိုးပြုံးချင်မိသည်။ သူ့အသက်လည်း ရှိလှမှ အစိတ်ပေါ့။ ဟို ကလေးတွေနှင့် ကွာလွန်းလှမည်မထင်။ ဂျာစေ့ ခေါ်ရမလား မသိသော အပွင့်ကြီးကြီးတွေပါသည့် အရောင်တောက်တောက် အင်္ကျီပါးပါးလက်ပြတ်ကလေးနှင့်..။ လက်မောင်း ပိန်မည်းမည်းကလေးတွေက သွယ်သွယ်ပျောင်းပျောင်း။ ဒူးဖုံးရုံ ဂျင်းဘောင်းဘီကလေးက ခန္ဓာကိုယ်မှာ ချပ်ကပ်နေသည်။ မျက်နှာရှေ့မှာ အချောင်းလိုက် ၀ဲကျနေသော ဆံမျှင်စုကလေးက အနီရောင် တောက်တောက်ကလေးမို့ ဆန်းပြားနေသည်။ ကျွန်တော်တို့ ငယ်စဉ်ကတော့ ဒီလို ဟိုမရောက်၊ ဒီမရောက် ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း လူကလေးတွေကို ရှုတ်ချခဲ့ကြတာ ဖြစ်သည်။ သူ့ဘ၀ပေး ကုသိုလ်နဲ့သူပါပဲဟု နားလည်ပေးနိုင်လျှင်တောင် အရောတ၀င် ပတ်သက်ရင်းနှီး လို့တော့ မနေတတ်ခဲ့ကြပါ။
                        ခုခေတ်ကလေးတွေကတော့ သူ့ဆိုင်ပေါ်မှာ မဆင်းစတမ်း၊ ကပ်မခွာလုပ်ကာ နေတတ်လိုက်ကြတာ။
“သူက ရောက်လာသမျှ အားလုံးရဲ့ ဆိုးမျိုးသည်းညည်းကို ခံပေးနေတာကိုး ဖေဖေရ။ ထမင်းမစားရသေးဘူးဆိုလည်း သူ့ထမင်းဘူးကို ကိုယ်တိုင်ဖွင့်ပြီး လှန်လှောစားနေကြတာပဲ။ ပိုက်ဆံ မရှိဘူးဆိုလည်း ချေးရတာပဲ။ ပြီး ပြန်လည်း မဆပ်ကြဘူး”
“သားက တစ်နေ့တည်း ရောက်သွားပြီး သိလှချည်လား”
“သူတို့ ခဏ ခဏ ပြောနေကြတာ ကြားနေဖူးတာပဲ”
                        တစ်နေကုန်နေခဲ့သော သားမပြောနှင့်။ ခုမှ ရောက်ပြီး ခဏငယ်မှာပင် အခြေအနေအရပ်ရပ်ကို အတော်အတန် ရိပ်မိနားလည်နေရပြီ။
“ဂျူရေ .. ကီးမားနံ့လေး မွှေးမနေဘူးလား။ ငါတို့ကို ၀ယ်ကျွေးမယ်လို့ နင် ပြောထားတယ်နော်”
“ဟဲ့ ဒီမှာ ငါ ဧည့်သည်နဲ့ စကားပြောနေတယ်လေ။ ဘယ်လိုဖြစ်နေလဲ”
                        တစ်ဖက်က စကားမရပ်ပါ။
“ငါ ဘယ်တုန်းက ပြောဖူး လို့လည်း။ အမြဲတမ်း ငါပဲ ၀ယ်ကျွေးနေရတာပဲ။ နင်တို့ကျွေးတာ ငါ တစ်ခါမှ မစားဖူးဘူး”
“နင်က အလုပ်နဲ့ အကိုင်နဲ့လေဟာ။ ငါတို့က တစ်ရာ့ကိုး၊ တစ်ရာ့တစ်ဆယ် ဘ၀ဆိုးလှတယ်”
“နင်တို့ က အလုပ် လုပ်ချင်စိတ်မှ မရှိကြတာ။ တစ်နေ့ တစ်နေ့ ဘိလိယက်ထိုး၊ ကွန်ပြူတာ ဂိမ်းဆော့ နဲ့ ..။ ကျန်တဲ့ အချိန် ငါ့ဆိုင်မှာ အချိန်လာဖြုန်းမယ်။ ဆိုင်ရှေ့ဖြတ်လျှောက်သမျှ ကောင်မလေးလှလှမြင်ရင် ကြောင်မယ်။ ဒါပဲ နင်တို့ အလုပ်က။ ဟွန်း…ထီးထမ်းလမ်းလျှောက်တွေ…”
                        မိန်းမကြီးတစ်ယောက်နှယ် တစ်ဖျစ်တောက်တောက် ရှုံမဲ့ပြစ်တင်နေတာကို ဘယ်သူကမှ နာရ၊ ရှက်ရ ကောင်းမှန်း မသိကြပေ။
“နင်မှတ်ထားပါနော်။ မနေ့က မောင်မှူးတို့ကိုကျတော့ ၀ယ်ကျွေးတယ် မဟုတ်လား”
“ပြောမနေနဲ့ ဟေ့ယောင်။ ဒီမှာ ငါ့ဆီက ပိုက်ဆံယူပြီး သွားဝယ်လိုက် ရော့”
“ဟဲ့ ငါ့ ပိုက်ဆံအိတ်ကို မလုပ်နဲ့နော်”
                        နောက်ကျသွားခဲ့ပြီ။ ခဏငယ်မျှ လုံးထွေးရစ်ပတ်သွားကြသေးမယ့် သူ၏ ပိုက်ဆံအိတ်ကလေး လက်ထဲပြန်ပါလာသော အခါ ငွေက လျော့နေပြီဟု စူပွပွနှင့် ငိုမဲ့မဲ့ဟန်ပြုသည်။
“မင်းကောင်တွေနဲ့ ဒီလောက် ယောက်ယက်ခပ်နေတော့ တော်တန်ရုံ မျက်နှာစိမ်းဧည့်သည်က မင်းဆိုင်ကို ၀င်လာချင်ပါ့မလား”
“ဘယ် မျက်နှာစိမ်း တစ်ယောက်မှ မလာကြတော့ပါဘူး ဦးရယ်။ သူတို့တွေနဲ့ပဲ။ ဆေးဆိုးလိုက်ကြ၊ ကောက်လိုက်ကြ၊ ဆန့်လိုက်ကြ အမျိုးမျိုး ခိုင်းနေကြတော့တာ”
“ပိုက်ဆံရော ရရဲ့လား”
                        ရှုံ့မဲ့ခေါင်းခါပြန်သည်။
“ပေးတဲ့ အခါပေး။ အကြွေးမှတ်တဲ့ အခါ မှတ်ပေါ့ ဦးရယ်။ ပွဲတွေလမ်းတွေမှာ မိတ်ကပ်၊ဆံပင် ပြင်ဖို့ဆင်ဖို့ကျတော့လည်း သူတို့ အဆက်အသွယ်နဲ့ပဲ ရောက်လာတတ်ကြတာပဲ။ ဘာပဲပြောပြော ကျွန်တော် ခုထိ ရပ်တည်နေနိုင်သေးတယ် ဆိုတော့ သိပ်တော့ မဆိုးဘူး ပြောရမှာပဲ”
                        ကျွန်တော်က အဲဒီ ယောင်ခြောက်ဆယ် ကလေးတွေကြားမှာ သားတစ်ယောက် ၀င်ပါရောနှောကာ လမ်းပျောက်သွားမှာကို စိုးရိမ်ကြီးခဲ့မိတာ ဖြစ်သည်။ နှောင်းလွန်နောက်ကျနေမှာကို ကြိုတွေးပူပန်ခဲ့ရတာဖြစ်သည်။
“ဖေဖေကလည်း ဒီတစ်ရက်ထဲပါ။ ဒါတောင် ဟိုကောင်တွေ ခေါ်လို့ ပါသွားတာ”
                        သား၏ စကားနှင့် သူငယ်လေး၏စကားက ထပ်တူကျနေသည်မို့ သားတို့အမေရော ကျွန်တော်ပါ စိတ်လက် အနည်းငယ်ပေါ့ပါးကာ နှုတ်ဆက်ပြန်ကြရန် တစ်ယောက်နှင့် တစ်ယောက် အကြည့်နှင့် အချက်ပြဆဲ…
“ဟော.. ဇေဇေရယ်။ မပြောမဆိုနဲ့ ဘယ်တွေ လျှောက်သွားနေတာလဲ။ ဒီမှာ စိတ်ပူလို့ သေတော့မယ်”
                        ဧည့်သည်ကို ငုတ်တုတ်ထားရစ်ခဲ့ကာ အပြေးတပိုင်းထွက်ခွာ နွဲ့တာနေပြန်တော့သည်။
                                                     *************
“အဲဒါ သူဖမ်းမိထားတဲ့ သူငယ်လေးပေါ့ ဖေဖေရဲ့”
                        သူ့စကားကို မေမေက နားမလည်နိုင်ပြန်တော့…
“ဘယ်လိုပြောမလဲ မေမေရာ။ အဲ ယောက်ျားလေး အဖော်ပေါ့”
                        သားက သဘောတကျ ရယ်မောနေပြန်သည်။
“အမှန်တော့ ကိုယ့်လိုဘနဲ့ ကိုယ် ပတ်သက်မိကြတာပေါ့ မေမေရာ။ အဲဒီကောင်ကလည်း ကိုယ်တိုင်က လက်ကြောမတင်း။ ဒါပေမယ့် ၀တ်ချင်စားချင်၊ သုံဖြုန်းချင်တော့ ရုပ်ကလေး ဗန်းပြပြီး အဲဒါကြီးဆီမှာ လက်ဝေခံ လုပ်နေတာပေါ့”
                        သူတပါး ကိစ္စ ခဏထားလို့ သားတစ်ယောက် လမ်းမှားဆက်မလျှောက် မိစေဖို့ အဖေနှင့်အမေ ညှပ်ကာ ဆိုဆုံးမစကားဆိုလိုက်ရတာ ဖတ်ဖတ်မောသွားပါတော့သည်။ ။
                                                                                      သတိုး