Sunday, September 9, 2012

အရိပ်ပမာ..


                  



အစဉ်တစိုက် မျှော်မောနေမိတာတော့ မဟုတ်ပေမယ့် အကြောင်းတိုက်ဆိုင်လာလျှင် ဖျတ်ခနဲ သတိရသည်။ နက်ဖြန်..၊ သို့မဟုတ်..ဒီနေ့..။  သူ.. ကိုယ့်ထံရောက်လာမလား။ 

                                    ******
‘လူ့ဘ၀မှာ အနေကြာလာလေ… အသက်ရှည်ရမှာ ကြောက်ရွံ့လာလေပဲ’… ဟု အသက်အရွယ်၊ အတွေ့အကြုံ ကြီးရင့်သူ တစ်ယောက်ယောက်က ပြောလာလျှင် ငယ်ငယ်တုန်းကတော့ ပခုံးတွန့်ကာ ထီမထင်ဟန်မျက်နှာပေးနှင့် ပျက်ရယ်ပြုချင် ခဲ့ဖူးတာဖြစ်သည်။ ခုတော့ ကိုယ်တွေလည်း ပျမ်းမျှလူ့သက်တမ်းဆီ ခေါက်ချိုးမက လှမ်းချီနိုင်ခဲ့ပြီမို့ အိုမင်းခြင်းဆင်းရဲ၏ အနက်သဘောကို နောဧက နောမကျေနိုင်သေးငြား အတော်အတန် ရိပ်စားနားလည်နှင့်ခဲ့ပြီ။ တကယ်တော့ လူ့ဘ၀အဖြစ်ကို  ရရှိခဲ့ချိန်၊ ပဋိသန္ဓေအစမှာ ကတည်းက ဆင်းရဲခြင်းနှင့်အတူ သန္ဓေယူခဲ့ကြရတာ မဟုတ်လား။ 

ဆရာတော်ကြီးထံ ဖူးရောက်ဖြစ်တိုင်း ကုလားထိုင်အိုကလေးပေါ်မှာ အကြောပြိုင်းပြိုင်း၊ အရိုးငေါငေါနှင့် ငုတ်တုတ်ကလေး ဖူးတွေ့ရတတ်လေတာ။ ဝေသီမှုန်ဝါးနေပြီဖြစ်သော မျက်လုံးမွဲကလေးတွေကို မှေးကျဉ်းယောင်ပြုကာ… မေးကလေး ဆတ်လိုက်ပြန်လျှက်… ‘မင်း ဘယ်သူ လဲ’ ‘ဆရာတော် မမှတ်မိဘူးလား ဘုရား။ တပည့်တော်လေ…’ လျှောက်ထားလို့မဆုံးမီ အသံကို မှတ်မိကာ ဖွေးဖွေးညီညီ သွားကလေးတွေ လှစ်ခနဲပေါ်အောင် ချက်ချင်း ပြုံးမြသွားတတ်ပြန်လေ့မြဲ။ သတိအင်မတန် ကောင်းလွန်းလှကာ၊ သက်တော် ကိုးဆယ် ကျော်လွန်လာခဲ့သည့်တိုင် သွားတစ်ချောင်းမကြွေသေးသော ဆရာတော်ဘုရားကြီး၏ သီလကောင်းပုံကို အမှတ်မဲ့ ချီးမွမ်းခန်းဖွဲ့ဆို မိပြန်သည်။

“လျှောက် ပြောမနေနဲ့ ဒကာကြီး။ အသက်ကြီးလာရင် ဘာမှ မကောင်းဘူးဗျ”

                        ဒီဘ၀၊ ဒီခန္ဓာကြီးကို ဆရာတော်ကြီး ဘယ်လောက်များ စက်ဆုတ်နေခဲ့ပြီလဲ မသိ။ နဂိုနေ စိတ်မြန်လက်မြန်သမားမို့ အထိုင်အထ လေးကွေးနှေးအီလာတာ ကိုယ်တိုင် အားမရနိုင်ဘူးဟု ဆိုနေပြန်သည်။ ဟိုနားက နာကျင်သလို၊ ဒီနေရာက တစစ်စစ် ကိုက်ခဲနေပြန်သလို။ ခါတရံ မူးရီမောဟိုက်နေပြန်သည်တဲ့။ ‘တကယ့် သုံးပါးလေးထွေပါကွာ’ ပြောရင်း ချောင်းတစ်ချက် ဟတ်လိုက်မိပြန်ရာ အဆက်မပြတ်ချင် ပြန်တော့။ ထွေးခံခွက်ကလေး အနားတိုးပေးသောအခါ ဖွီခနဲ တံတွေးထွေးချလိုက်သည်။ နှုတ်ခမ်းမှာ သလိပ်တံတွေးစအချို့ ပေစွန်းကျန်ရစ်သည်ကို လက်ကိုင်ပုဝါလေးနှင့် တို့သုတ်ပေးရင်း ရေတစ်ဖန်ခွက် ငှဲ့ကာ ဆက်ကပ်ရပြန်သည်။ 

“ဟိုဘုန်းကြီးတွေဆီ သွားပေးပါဦး။ မအားကြဘူးလား မသိ။  ရောက်မလာတာ အတော်ကြာနေပြီ”

                        ဆရာတော်ဘုရားကြီးက ညီနောင်ဆရာတော်နှစ်ပါးကိုတော့ ညီငယ်တွေနှယ် ခင်တွယ်အားကိုး လေသည်။  သူ့ထံ ရောက်မလာနိုင်တာ အချိန်နည်းနည်းကြာလျှင် မျှော်နေတတ်သည်။ ဒါပေမယ့် ညီနောင်ဆရာတော်များမှာလည်း သူ့ထံ ပုံမှန် ရောက်လာဖူးတွေ့ရန် မလွယ်ကူပါ။ ဆရာတော်ကြီး၏ ကျောင်းက မြို့၏ အောက်ဖက်အစွန်အဖျားမှာ ရှိနေတာဖြစ်သည်။ ညီနောင်ဆရာတော်တို့၏ စာသင်တိုက်ကြီးက မြို့၏အထက်ပိုင်းမှာ..။ နောင်တော်ဖြစ်သော  ကျောင်းထိုင်ဆရာတော်ဘုရားက အနေအေးကာ စကားနည်းသော်လည်း တရားပွဲတွေ ဆက်နေတတ်ပြန်တာ..။ ညီတော် တိုက်အုပ်စာချ ဆရာတော်သည်လည်း စာသင်သားတို့အား ထိန်းကျောင်းရင်း၊ စာချရင်း၊ တရားပွဲတွေ ဆက်နေပြန်ရင်း အားလပ်သည် မရှိပြန်။ ဆရာတော်ကြီးကိုတော့ ‘အဖိုးကြီး’ ဟု ဦးညွတ်ရိုသေမှု မလျှော့ကြပေ။ 

“လပြည့် ဥပုသ်ကျရင် ငါ့ကျောင်းမှာ သီလ လာပေးဦး”

                        ဆရာတော်ကြီးကမိန့်လျှင် ဘယ်အခါမှ မငြင်းစဖူး။ နောင်တော်ကိုယ်တိုင် မကြွနိုင်လျှင်သော်မှ ညီငယ်ဆရာတော်ကို စေလွှတ်ကာ သီလပေးစေခဲ့တာ ဖြစ်သည်။ ကထိန်တရားပေးလှည့်ပါဦးဆိုလည်း တစ်ပါးတစ်လှည့်စီ မရောက် ရောက်အောင် ကြွချီကာ အားပါးတရ တရားချီးမြှင့်တတ်ကြသော သာသနာ့အာဇာနည် ညီအစ်ကိုများပေ။ ဒီဘက် နှစ်တွေမှာတော့ နောင်တော်ကြီးတစ်ပါး အသွားအလာ နည်းသွားခဲ့ပါသည်။ အကြောင်းကိစ္စရှိလျှင် ညီဆရာတော်သာလျှင် သုတ်သုတ်သွား၊ သွက်သွက်ပြန်ရတော့သည်။ ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချသောအခါ မှာလည်း အန္တိမပွဲသဘင်ကို ညီတော်သာ ရောက်လာကာ ကြီးကြပ်စီစဉ်ပေးခဲ့ရပြန်သည်။

“ခင်ဗျားတို့ဘုန်းကြီး အတော် သီလကောင်းတယ်ဗျ”

                        ဆရာတော်ဘုရားကြီးသည် သက်တော် ကိုးဆယ့်ရှစ်နှစ်ရောက်လေမှ ဘ၀နတ်ထံ ပျံလွန်တော် မူခဲ့တာဖြစ်သောကြောင့် သက်တော်ရှည်ဆရာတော်ရယ်ဟု တဖွဖွ ချီးမွမ်းချင်ခဲ့သည် ထင်၏။ သို့သော်လည်း ဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်ကတော့ နာဖျားမကျန်းတိုင်း ရောက်လာကာ အားပေးပြုစုရင်း …

“ခင်ဗျားတို့ အဖိုးကြီး နေရပ်ဇာတိ ပြန်ရခါနီးပြီ ထင်တယ်နော်”

                        ဒကာ၊ ဒကာမတွေမှာ ရယ်မောလျှက် တရားတက်ခဲ့ ကြရသေးသည်။ သို့ပေမယ့် တရှောင်ရှောင် နားဖျားမကျန်းလျှက် သဲ့သဲ့ကလေးအဖြစ်နှင့် နှစ်များစွာ ဒကာ၊ဒကာမများက ပြုစုလိုက်ရသေးသော ဆရာတော်ဘုရားကြီးနှင့် မရှေးမနှောင်းမှာပင် နောင်တော် ဆရာတော်ဘုရားလည်း ဘ၀နတ်ထံ ပျံလွန်နှင့်ခဲ့ပြန်ပြီ။

သတင်းစကား ကြားသိရစဉ် ရုတ်တရက်မှာ ဒကာ၊ ဒကာမများခမျာ ဘယ်သူမှ မယုံကြည်နိုင်ကြ။ နောင်တော်ဆရာတော် နေထိုင်မကောင်းသတင်းကို တင်ကြို မကြားမိခဲ့ဘူးလေ။ ညနေခင်းတိုင်း လမ်းလျှောက်ထွက်နေကျမို့ အဝေးမှ လှမ်းငေးဖူးတွေ့နေကျလည်း ဖြစ်သည်။ ဒါပေမယ့် မယုံလို့တော့ မဖြစ်ဘူးလေ။ ဧကုတင်ပေါ်မှာ ကျိန်းစက်နေသည်နှင့် မခြားသော်လည်း သေခြင်းတရားဆိုတာ ကိုယ်တို့ဆီ အချိန်မရွေး ရောက်လာနိုင်တယ် ဆိုတာ နောင်တော်ဆရာတော်က ကိုယ်တိုင်ပုံဆောင်ပြခဲ့ပြီ။ ယခင်အခါတွေကလည်း ညီနောင်ဆရာတော်များ ဟောပြောခဲ့လွန်းလို့ သိနေနှင့်ပြီးသား မဟုတ်လား။

မအိုမီ၊ မနာမီ၊ မသေမီ…
အသေမဦးခင် ဥာဏ်ဦးအောင်…

သို့ပေမယ့် သံသရာနွံထဲ၊ မကျွတ်ပဲ တပေပေ၊ နေပျော်ဆဲ အမိုက်အမဲတွေ အဖို့တော့ အသိလွယ်လျှက် အကျင့်ခက်နေကြဆဲပါ ဘုရား။

                                    **********
                        ဇာတိ၊ ဇရာ၊  ဗျာတိ၊ မရဏ..ဆိုတာ ရှောင်မလွတ်နိုင်သော မြဲမြံလှသည့် မမြဲခြင်းတရားတွေ မဟုတ်ဘူးလား။ သေခြင်းတရား ဆိုတာလည်း ကိုယ်တို့နှင့် သူစိမ်းတရံ ဆန်သူမှ မဟုတ်လေပဲ။ ခရီးတာလည်း ဝေးလှမ်းလို့ မနေ။ သူ၏ အမြဲတမ်း နေရပ်လိပ်စာက ကိုယ်တို့ရဲ့ လက်တစ်ကမ်းမှာသာမို့ ကံအလှည့်သင့်လျှင် ချက်ခြင်းရောက်လာ နိုင်ပြန်သည်တဲ့လေ…။ 

အစဉ်တစိုက် မျှော်မောနေမိတာတော့ မဟုတ်ပေမယ့် အကြောင်းတိုက်ဆိုင်လာလျှင် ဖျတ်ခနဲ သတိရသည်။ နက်ဖြန်..၊ သို့မဟုတ်..ဒီနေ့…။  သူ.. ကိုယ့်ထံရောက်လာမလား။

                                                                                သတိုး

Saturday, August 4, 2012

ကျိန်စာသင့်သော






                          
မယုတို့ နေထိုင်ရာ ရွာကလေး၏ အမည်ကို ကျွန်မ… နှုတ်ဖျားတင် မေ့တေ့တေ့ ဖြစ်လို့နေတတ်သည်။  မော်တင်စွန်းနှင့် တစ်ဆက်တစ်စပ်တည်းရှိသော အနောက်ဖက် တောင်တန်းများကြားမှ ရွာကလေးတစ်ရွာဟုသာ မှတ်မိတော့သည်။ မယုက သူ့ရွာကလေး၏ အကြောင်းကိုလည်း လွမ်းလွမ်းတတ တစ်ခါမှ ပြန်မပြောပြစဖူး။ ရွာမှာ စိတ်နာစရာတွေ ရှိခဲ့လို့များလားဟု ကျွန်မ ကျီစယ်စပ်စုမိတော့ မျက်နှာပျက်လေသည်။
မယုက ပင်ကိုယ်လည်း နှုတ်စကားနည်းပါးလွန်းလှပါသည်။ သူ့ကိုကြည့်လိုက်လျှင် အလုပ်တစ်ခုနှင့် တွဲလျှက်သာ။ တလှုပ်လှုပ်နှင့် အမြဲတစေ အလုပ်ရှုပ်နေတတ်မြဲ။ အေးအေးဖြည်းဖြည်း၊ နားနားနေနေပဲ နေပါမယုရယ် ဟုဆိုလျှင် …
“အလုပ် လုပ်နေရမှ နေပျော်တယ်”
                        …တဲ့။ ကျွန်မတို့အိမ်မှာ မယု နေမပျော်မှာတော့ အထူးပူပန်စိုးရိမ်လွန်းလှပါသည်။ မယု ရောက်မလာခင်က ဖေဖေ၊ မေမေနှင့် ကျွန်မတို့သားအမိ၊ သားအဖ သုံးဦးသာ ရှိခဲ့ရာ နွေးထွေးစည်းလုံးသော်လည်း အနည်းငယ် သွေ့ခြောက်လှသည် ထင်မိသည်။ တစ်ဦးတည်းသော သမီးဖြစ်သော ကျွန်မက အဖော်အပေါင်းမင်လွန်းလှသူမို့ ကိုယ်နဲ့ မတိမ်းမယိမ်းအရွယ် မယုရောက်လာတော့ ပျော်ရွှင်ကျေနပ်မဆုံးနိုင်ခဲ့။ မယုကို ကိုယ့်ညီမလေးလို၊ သူငယ်ချင်းမိတ်ဆွေလို ရင်းနှီးချစ်ကြည်ချင်ပါသည်။ မယုကလည်း ကျွန်မကိုသာမက ကျွန်မ၏ ဟေးလား၊၀ါးလား သူငယ်ချင်းတွေကိုပါ သံယောဇဉ်တွယ် နေခဲ့ပါပြီ။ ကျောင်းပြီးစ အလုပ်လက်မဲ့ မိန်းကလေးတစ်စု အိမ်မှာ စုရုံးလာကြကာ လက်ဖက်သုတ်လိုက်၊ အခွေကြည့်လိုက်ဖြင့် အုံးတသဲသဲ ဆူညံသံ မစဲကြားမှာ သူပါ ရောနှောပျော်ရွှင်နေတတ်ပြန်မြဲ။
**********
                        မယုနှင့် ကျွန်မက ညီအစ်မ၀မ်းကွဲတွေ ဖြစ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် တွေ့သိရင်းနှီးကာ စည်းလုံးချစ်ကြည်မိခဲ့ကြတာတော့ သိပ်မကြာလှသေးပါ။ ဖေဖေ့မှာ ညီတစ်ယောက်ရှိနေသေးတာ သိပင်သိငြား ချစ်ခင်တွယ်တာစိတ်တော့ ကျဲပါးခဲ့လေသည်။ ဦးလေး၏ မိသားစုအကြောင်းကိုလည်း တခါဖူးမျှ စိတ်မ၀င်စားခဲ့ စဖူး။ သွားရေး၊လာရေး ဝေးလှမ်းသည်ဟု အကြောင်းပြကာ အသွား၊အလာ၊ အဆက်အဆံ ပြတ်တောက်လုနီးပါးပင်။ ရွာမှာ အကြောင်းကြီးငယ် ကိစ္စရှိလို့ မဖြစ်မနေအရေးပေါ်လျှင်လည်း ဖေဖေပဲ ပြေးသွား၊ ရောက်ပြန် လုပ်နေတတ်သည်ပင်။ မေမေနှင့် ကျွန်မတို့တော့ မြို့ကြီးသူတွေပီပီ ဖေဖေ့ရွာငယ်ကလေးကို စိတ်ကိုမ၀င်စားပေ။ ဆယ်ကွေ့ တစ်ကွေ့  ဆိုသလို အိမ်ကို အ၀င်အထွက်ရှိတတ်ကြသော ရှားရှားပါးပါး ဖေဖေ့ရွာသား အချို့ကိုတော့လည်း ကျွန်မတို့က ဖော်ရွေပျူငှာစွာဖိတ်ကြိုကာ တသသ မျှော်နေတတ်ပြန်တာပင်။
                        လွန်ခဲ့သော နှစ်တွေဆီက ကမ္ဘာကျော် လေပြင်းမုန်တိုင်းမှာ ဖေဖေတို့၏ရွာကလေး အပျက်အစီး၊ အဆုံးအရှုံးတွေနဲ့ အတုံးအရုံး လဲပြိုသေပျောက်မှု သတင်းတွေကြောင့် ကျွန်မတို့မိသားစုတွေ ပူပန်ပျာယာခပ်ခဲ့ရ ဖူးသေးသည်။ ဖေဖေတစ်ယောက် သူ့ရွာကလေးဆီ ပြေးရောက်သွားခဲ့သေးသော်လည်း သူ့အား ကြိုဆိုနေကျ မျက်နှာတွေထဲက တချို့တစ်ဝက်မက လျော့ပျောက်သွားခဲ့ပြီဟု ဆိုသည်။ ကျွန်မတို့အိမ်ကို ၀င်ထွက်နေကျ ဧည့်သည်တွေလည်း နောက်တစ်ကြိမ် ရောက်မလာနိုင်ကြတော့ပြီကို ယူကျုံးမရစွာ နားလည်လျှက် နာကျင်ဝမ်းနည်းခဲ့ရပါသည်။
                        အဲသည်စဉ်ကတော့ မယုတို့ သားအမိ၊ သားအဖတွေ ကျွန်မတို့ထံ ရက်အတန်ကြာ ရောက်လာခိုနားကာ မြို့မှာပဲ အခြေချကြရန် စီစဉ်ခဲ့ကြပါသေးသည်။ သို့ပေမယ့် အခြေအနေတွေ ပြန်လည် ငြိမ်သက်သွားခဲ့ပြန်ရာ သူတို့၏ ဓါးမဦးချ နေထိုင်ခဲ့ရာ ရွာကလေးကို သံယောဇဉ်မျှင်တမ်း မပြတ်နိုင်ကြပြန်ပေ။  နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေ၊ ပြီး ချစ်ခင်တွယ်တာရသူတွေ… လေလွင့်ရေမျောခဲ့ပြီ ဖြစ်ပေမယ့် လယ်မြေဧကများစွာ ကျန်ရစ်သေးသည် မဟုတ်လား။ လယ်လုပ်ကိရိယာနှင့် ကျွဲနွားများ ပြန်လည်စုဆောင်းရင်း လူကြီးတွေ အလုပ်ရှုပ်နေကြစဉ် ကျွန်မနှင့် မယုတို့ ညီအစ်မတွေကတော့ အတိုးချ အလွမ်းသယ်လို့ ကောင်းနေကြပါသည်။ မယုတစ်ယောက် သူ့ရွာကို ပြန်မလိုက်ဖြစ်အောင်လည်း နေ့ညမပြတ် စည်းရုံးဆွဲဆောင်နေရပါသေးသည်။ မယုကတော့ ရောက်ကတည်းက ခေါင်းတစ်ခါခါ လုပ်နေတော့တာ ရွာပြန်သည်အထိပင်။ မယု ရွာပြန်တော့ ကျွန်မတို့ညီအစ်မ ဖက်တွယ်ကာ အပြိုင်ငိုကြွေးလျှက် မခွဲရက်ရက် ဖြစ်ခဲ့ကြသေးတာ..။
                        ကျွန်မ မယုထံ လူကြုံအခွင့်သင့်တိုင်း စာရေးကာ အလွမ်းသယ်တတ်ခဲ့သော်လည်း မယုကတော့ စာပြန်ရန် ၀န်လေးတတ်သူဖြစ်လေသည်။ သတိရတယ် ပြောလိုက်ပါ ဟုသာ လူကြုံအလွမ်းစကားပါးတတ်ခဲ့လေသည်။
                        မယုတစ်ယောက် တရှောင်ရှောင်ဖြင့် ကျန်းမာရေးမကောင်းလှဟု သတင်းစကား ကြားတော့ အိမ်မှာခေါ်ထားကာ ဆေးကုသပေးရန် ကျွန်မ ဖေဖေ့အား နားပူနားဆာ ပြုမိရတော့သည်။ ဖေဖေမှတဆင့် အတင်းအကြပ်ပြုကာ ရာဇသံပေးလေမှ သူ့ဖေဖေတစ်ယောက် မယုအား ပို့ပေးခဲ့တော့တာ ဖြစ်သည်။
***********
                        လေထဲမိုးထဲ အတိဒုက္ခကြားထဲမှာ ဒရွတ်ဆွဲရောက်လာစဉ်ကတောင် စိုပြည်ပြည့်တင်းနေဆဲ မယုတစ်ယောက် ခုတစ်ခေါက်မှာ ပိန်ချုံးချိနဲ့ကျသွားခဲ့တော့တာ မမှတ်မိချင်စရာမို့ အံ့အားတသင့်၊ စိတ်မကောင်းဖြစ်ရပါသည်။ ဘာဖြစ်တာလဲမေးတော့လည်း ရေရေရာရာ ဘယ်သူမှ မပြောနိုင်ကြပြန်ပေ။ အစား စားချင်စိတ် မရှိတာက စသည်တဲ့။ ည ညတွေ အိပ်မပျော်ဘူးဟု ဆိုပြန်သည်။ လက်လှမ်းတမီမှာတော့ ကောင်းနိုးရာရာ ဆေးဝါးတွေလည်း စုံလှပြီ။
                        မယုအား နားလည်တတ်ကျွမ်းသူ ဆရာဝန်ကြီးများနှင့် ပြသဖို့ အလောတကြီး စီစဉ်ကြရသည်။ ပြောပလောက်စရာ ရောဂါကြီးကြီးမားမားရယ်လို့လည်း ရှာမတွေ့ပြန်ရာ ဇဝေဇ၀ါဖြင့် ပူပန်မှုတော့ လျော့ကျမသွားနိုင် ခဲ့ကြပေ။
*********
                        အိမ်သို့ရောက်စ ရက်တွေကထက်စာလျှင်တော့ မယုတစ်ယောက် အနည်းငယ်မက ရွှင်လန်းလာသည် ထင်ရပါသည်။ သူငယ်ချင်း တစ်အုပ်တစ်မနှင့် လမ်းများနေကျ  ကျွန်မက သွားလေရာခေါ်ကာ  ဟိုဆိုင်ဝင်၊ သည်ဆိုင်ထွက် ပြုမြဲ။ ကျွန်မတို့တတွေ ရောက်ရာအရပ်မှာ တ၀ါးဝါး၊ တဟားဟားနှင့် အကဲမရဖြစ်နေလျှင် မယုတစ်ယောက် ရောယောင် ပြုံးတတ်စ ပြုလေသည်။ အစုံစားသတ္တ၀ါတွေဖြစ်သော ကျွန်မတို့ သူငယ်ချင်းတွေကြားမှာ မယုလည်း တို့ကာထိကာ အစားနည်းနည်းမက ၀င်ဖြစ်မည် ထင်၏။ တခါတရံ တစ်ဦးတည်း ရှိနေချိန်များမှာတော့ တွေးတွေးငေးငေးနှင့် ငြိမ်သက်လျှက် မျက်နှာနွမ်းနေတတ်ပြန်ပါသည်။ မယုတစ်ယောက် အသည်းကွဲလာခဲ့သလားဟု ကျွန်မ မနေနိုင်စွာမေးတော့ မျက်နှာနွမ်းနွမ်းကြားမှပင် ဟက်ပက်စွာ ရယ်မော ငြင်းဆိုနိုင်ခဲ့သေးသည်။
“ဒါဆို ဘာဖြစ်နေတာလဲ။ မယု တစ်ခုခုတော့ ဖြစ်နေတာ သေချာပါတယ်”
                        မယုကတော့ လျှို့ဝှက်စွာသာ ပြုံးလျှက် ငြိမ်သက်နေပြန်တာ..။ သူ့ရွာကို ခင်တွယ်လွန်းလှသော မယုက ဒီတစ်ခေါက်တော့ ရွာကို မပြန်ချင်တော့ဘူးဟု အတိအလင်းဆိုလာပြန်ရာ ၀မ်းသာရသော်လည်း အံ့သြတကြီး ဖြစ်ရပြန်သည်။
“မယု ပျော်သလောက်နေပါ။ တစ်သက်လုံးနေရင် ပိုတောင် ကောင်းသေးတယ်”
“တစ်သက်လုံးတော့ နေနိုင်မယ် မထင်ပါဘူး။ တစ်ခါတလေကျရင် ရွာကို အရမ်းသတိရတာပဲ”
“ဖြစ်ပြန်ပြီ။ ဒါပေမယ့် ဒီမှာပဲ အမြဲနေပြီး တစ်နှစ် တစ်ခေါက်လောက်ပဲ ရွာကို ပြန်မယ်ဆိုလည်း ဖြစ်တာပဲ မဟုတ်လား မယုရဲ့။ မယု ပြန်ရင် တို့လည်း ရောက်ဖူးတယ်ရှိအောင် လိုက်လည်မယ်လေ”
“တကယ်လား”
                        ရုတ်တရက်တော့ မယုရဲ့ မျက်နှာကလေး ရွှန်းလက်သွားခဲ့သေးပေမယ့် ချက်ချင်း ညှိုးလျသွားပြန်လျှက်….
“ရွာက အရင်လို ပျော်စရာ မကောင်းတော့ဘူး မလေးရဲ့။ ချောက်ကပ်ပြီး နည်းနည်းမှ မစည်ကားတော့ဘူး။ အရင်ကဆိုရင်လား  မလေးမြင်စေ့ချင်တယ်”
                        သူတို့၏ ရွာကလေး ဘယ်လောက်သာတောင့်သာယာ၊ နေပျော်စရာကောင်းလှပုံကို သာချင်းတစ်ထပ် လွမ်းပြနေတတ်ပြန်သေးတာ။ စကားနည်းလှသော မယုက သူ့ရွာအကြောင်း အဆက်မပြတ်စကားတွေ တတွတ်တွတ် ဆိုနေချိန်မှာတော့ မျက်နှာကလေးလည်း ကြည်လင်စွာ ပြုံးမြနေပြန်လျှက်ပေ။
************
                        ထိုနေ့က မယုတစ်ယောက် နှုတ်ခမ်းနီထွေးကလေးနှင့် လှနေခဲ့တာ အမှတ်မဲ့ အမြင်မှာ ကျွန်မ ကျေနပ်သွားသော အပျော်စိတ်ကလေးနှင့်…
“အယ်.. မယုက နှုတ်ခမ်းနီတွေ ဘာတွေ ဆိုးလို့ပါလား။ လှတယ်တော့”
                        မယုတစ်ယောက် ရှက်နိုးစွာ ပြုံးယောင်ပြုကာ…
“အဲဒီ နှုတ်ခမ်းနီအရောင်လေး မလေး မနေ့က ဆိုးထားတာ ကြိုက်သွားလို့…”
                        အမြဲတစေ သနပ်ခါး မှုန်ဖွေးဖွေးနှင့် နေတတ်သော မယုအား ကျွန်မ၏ မှန်တင်ခုံကို အပိုင်စား ပေးခဲ့ဖူးသေးတာ ဖြစ်သည်။   
“မယု အဲဒါတွေ မသုံးတတ်ဘူး”
                        ဇွတ်ငြင်းခဲ့ဖူးတာမို့ လက်လျှော့ခဲ့ရတာ ဖြစ်သည်။ ကျွန်မ အခွင့်ကောင်းယူကာ…
“နှုတ်ခမ်းနဲ့လိုက်တဲ့ လက်သဲနီအရောင် မလေးမှာ ရှိတယ်။ မလေးဆိုးပေးမယ်”
                        အကြောက်အကန် ငြင်းလေသည်။
“လှတယ် မယုရဲ့။  ဒီမှာ မလေးလက်ကလေးတွေကို ကြည့်ပါလား”
                        လက်ဖမိုးနှစ်ဘက် အစုံကို ယှဉ်လျှက် သူ့မျက်နှာရှေ့ဆီ တိုးရွှေ့လိုက်လေလျှင် ဇွတ်အတင်း မျက်နှာလွဲဖယ်လျှက် မျက်လုံးနှစ်ဖက်ကို စုံမှိတ်ပစ်လိုက်တော့လေသည်။
“ဟင့်အင်း..”
                        ငိုချလိုက်တော့မလို မျက်နှာပျက်ယွင်းကာ အကဲဆတ်နေပုံက ကျွန်မ၏ ကျီစယ်လိုစိတ်ကို မီးလောင်ရာ လေပင့်လိုက်သလို ဖြစ်နေသည်။
“မရဘူး။ ဒီမှာ မလေးလက်ကလေးတွေ ဘယ်လောက်လှသလဲ  ကြည့်.. ကြည့်”
                        မျက်နှာလည်တိုင်အနှံ့ ချွေးစေးတွေပြန်ကာ မျက်လုံးအကြောင်သားနှင့် ငေးမေ့သွားတော့တာ ငိုက်ခနဲ လဲပြိုကျလာလေမှ ကျွန်မ ရိပ်မိရတော့လေသည်။
**********
…လေတွေ တခြိမ်းခြိမ်း တိုက်လာပြီး မြစ်ရေတွေလည်း တရဟော ထိုးတက်လာတော့ မယုတို့လည်း အိမ်တွေမှာ မနေရဲကြတော့ဘူး။ စပါးကျီလွတ်တွေဆီ ရွှေ့ကြပြောင်းကြတာပေါ့။ မယုတို့မှာ ကျီ သုံးလုံးတောင်ရှိတာ။ အဲဒီ နှစ်လုံးမှာ စပါးမရှိတော့ဘူးဆိုတော့ အလွတ်ဖြစ်နေတာပေါ့။ မယုတို့ ရောက်သွားတော့ ကျီထဲမှာ ရွာထဲကလူတွေ အတော်တောင် ရောက်နှင့်နေကြပါပြီ။ ကျီအပြည့် လူကို ညို့နေတော့တာ..။
                        …ယောက်ျားကြီးတွေက ၀ါးထရံအကာတွေကို ကန်ချပစ်ကြတယ်။ လေဒဏ် ပိုခံနိုင်အောင်လို့တဲ့။ လေက ပိုကြမ်းလာ၊ ရေကလည်း တိုးသည်ထက်တိုး၊ လှိုင်းတွေလည်း တ၀ုန်းဝုန်းရိုက်လာတော့ မယုတို့ ချမ်းလည်းချမ်း၊ ကြောက်လည်း ကြောက်၊ တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်တိုးတိုက်ပြီး ဆတ်ဆတ်တုန်နေကြတာပဲ”
…ရေက တိုးသည်ထက်တိုးလာနေတာပဲ။ စပါးကျီကြမ်းခင်းတွေပါ ရေထိလာတော့ ဆက်မပြေးတတ်ကြတော့ဘူး။ ကြည့်နေရင်းကို ရေထုက အလုံးအရင်းနဲ့ တရိပ်ရိပ်မြင့်တက်လာနေတာဆိုတော့ ဘေး ပတ်တန်းတွေပေါ် တွယ်တက်၊ ခိုတက်ကြရင်း အားလုံး အမိုးပေါ် ရောက်ကုန်ကြတာပေါ့”
…သိပ်မကြာလိုက်ဘူး။ မယုတို့နဲ့ ကပ်လျှက် စပါးကျီကြီးကို လှိုင်းတစ်လုံးက လွှမ်းဖုံးပစ်လိုက်ရော။ လူတွေဆိုတာ သစ်သီးတောင်း မှောက်ချလိုက်သလိုပဲ မလေးရယ်။ လှိုင်းကြားမှာ ကစဥ့်ကလျားနဲ မျောပါကြ၊ ကယ်ပါ၊ ယူပါ အော်ကြ ဟစ်ကြ”
                        မယုက သူ့မျက်စေ့ရှေ့မှာ ခုပဲ ရှိနေသေးသလို ထင်ယောင်လျှက် ပူပန်မူပျက်ကာ ပျာယာခပ်လာလေသည်။ သူ့ပခုံးကလေးကို ထွေးဖက်ကာ နှစ်သိမ့်ပေးလိုက်လျှင် ရင်ခွင်မှာ မှေးမှီကာ တရှိုက်ရှိုက် ငိုနေပြန်တော့ပြီ။
“မယုတို့ ခိုနေတဲ့ စပါးကျီကို လူတွေ လာကပ်ကြတာ။ လှိုင်းထဲ၊ ရေထဲကနေ တိုးထွက် ဖက်တွယ်လာတဲ့ လက်တွေဆိုတာ  အများကြီးပဲ..”
 “မယုတို့ ဖမ်းဆယ်ကြရတာပေါ့”
                        မယု ငိုပြန်သည်။ ခဏကြာမှ ငိုသံ ဗလုံးဗထွေးဖြင့်…
“အစပိုင်းတော့ ဆယ်ကြသေးတယ်။ ဒါပေမယ့် လူတွေက ဆယ်ယူလို့ မနိုင်အောင် များလာတယ်။ ကျီထဲမှာလည်း လူတွေ များလွန်းနေပြီ။ ကျီပြိုကျပြီး အပေါ်ကလူတွေအားလုံး ဒုက္ခရောက်ကုန်မှာ လူကြီးတွေက တွေးပူကြတယ်”
မျက်ရည်တွေ စို့ဝဲလာသော ကျွန်မ၏ အာရုံအမြင်မှာလည်း ကူကယ်ရာမဲ့ မျက်နှာတွေ။ အသံတွေ…။
 “မလေးရယ်။ လက်ကလေးတွေ ဆိုတာလေ။ စပါးကျီအမိုးစွန်း ပတ်ပတ်လည်မှာ အများကြီးမှ အများကြီးပဲ။ လက် သေးသေးလေးတွေတောင် ပါသေးတယ်”
                        စကားထောက်ရန်ဝေးလို့ အသက်ရှူဖို့တောင် မေ့နေခဲ့မည် ထင်၏။ ပါးပြင်ပေါ်မှ ပူနွေးနွေးအတွေ့ကိုလည်း သတိမပြုမိတော့နိုင်။
“သိလား မလေး။ အပေါ်က လူတွေကလေ.. …အဲဒီလက်တွေ အကုန်လုံးကို….  ဖြုတ်ချ၊ ဖြည်ချပစ်ကြတာ…”
                        တသိမ့်သိမ့်တုန်နေရှာသော မယု၏ ကိုယ်ပေါ်သို့ ကျွန်မ၏ ပါးပြင်ဆီမှ မျက်ရည်စတချို့ ခုန်ဆင်းသွားကြသည်။
**********
                        ဆရာဝန် ပြန်သွားအပြီး ဆေးတစ်ခွက်ကို ချော့ချော့မော့မော့ တိုက်အပြီးမှာ မယုတစ်ယောက် ငြိမ်သက်စွာ အိပ်စက်တော့မည်ဟု ထင်ဆဲ….
“ကမ္ဘာကြီး တကယ် မီးလောင်နေတော့ရော အချင်းချင်း ချ နင်းစရာလား မလေးရဲ့ ။ မယုတို့အားလုံးဟာ အတူတူပဲ။  ဘယ်သူမှ စတေးမခံထိုက်ပါဘူး။ ဘယ်သူမှ သားကောင်တွေ မဟုတ်ကြဘူးလေ…”
                        မှေးမှိတ်ထားသော မျက်ဝန်းအစုံမှ မျက်ရည်စ နှစ်သွယ် လျောခနဲ စီးကျလာခဲ့ပြန်သည်။

                    
                                                     သတိုး