Saturday, November 14, 2015

နိုဝင်္ဘာ ဒိုင်ယာရီ




နိုဝင်္ဘာ ဒိုင်ယာရီ
                                                                                   သတိုး

ကျွန်တော်တို့အားလုံးသည် မနက်ဖြန်များစွာအား မျှော်လင့်ချက်မဲ့၊ ယုံကြည်ခြင်းကင်းစွာဖြင့် ဒီနေ့ပေါင်းများစွာအဖြစ် ဖြတ်သန်းခဲ့ကြသူတွေဖြစ်သည်။ ဒါပေမယ့် ဒီနေ့မှာတော့ မနေ့ကအထိ ဖြတ်သန်းပြီးခဲ့သော ဒီနေ့တို့နှင့် မတူပါ။ ရွှေရောင်ပြိုးပျက်သော မနက်ဖြန်အတွက် မျှော်လင့်ချက်များစွာဖြင့် နိုးထလာခဲ့ကြသော အားအင်နုသစ်ကြရမည့် ဒီနေ့သာ ဖြစ်တော့သည်။
ဒီနေ့သည် ၂၀၁၅ ခုနှစ် နိုဝင်္ဘာလ(၈)ရက်နေ့ဖြစ်သည်။
ဖြတ်သန်းသိမီခဲ့ဖူးသော ဒီလိုနေ့မျိုးတွင် အသံချဲ့စက်မှ ဆန္ဒမဲပေးရန် လှုံ့ဆော်တေးသီချင်းသံတွေ၊ လမ်းအလိုက် ဟစ်ခေါ်ဖိတ်ကြားသံတွေဖြင့် ဆူလောင်ညံစာစွာ နေ့သစ်ခဲ့ဖူးတာ ဖြစ်သည်။ ဒီနေ့မှာတော့ လှုံ့ဆော်ဖိတ်ကြိုစကား တစ်ခွန်းတစ်စမျှ မကြားရ။ တေးသီချင်းသံလည်း လွင့်ပျံမလာ။ ငြိမ်သက်တိတ်ဆိတ်စွာ…။ သို့သော် မြို့တိုင်း၊ ရပ်ကွက်တိုင်း၊ အိမ်တိုင်းမှာ နံနက် (၃)နာရီခန့်မှ စတင်ကာ တိတ်ဆိတ်စွာ သက်ဝင်ဆူညံစပြုနေနှင့်ခဲ့ပြီ။ ဘုရားမီး အလင်းပြပြ ထွန်းညှိပူဇော်နေခဲ့ကြပြီ။ ရေချမ်း၊ ပန်း၊ အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပြီးခဲ့ပြီ။ မဲရုံမဖွင့်မီကတည်းက မဲရုံရှေ့တွင် တန်းစီနေရာယူကာ နေ့အရုဏ်သစ်ကို ကြိုဆိုနေကြပြန်တော့ပြီ။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တန်းစီခြင်းအလေ့သည်  ကြုံဖူးသော်လည်း ကြုံရခဲဘိခြင်း။ ကြုံဖူးရလျှင်တောင် ကြားဖြတ်တိုးဝင်နေရာလုသူတွေနှင့် ဆူဆဲအော်ဟစ်ကာ ညံစာဆူပူနေတတ်တာလည်း ဖြစ်သည်။ ဒီနေ့တော့ မဲဆန္ဒရှင်အားလုံးတို့သည် မတိုင်ပင်၊ ဦးမဆောင်ရပါပဲ စည်းကမ်းတကျ စီတန်းကာ မဲရုံဆီ တူညီသောတက်ကြွရွှင်လန်းမှု၊ မျှော်လင့်ချက်ကိုယ်စီဖြင့် ငေးမော့လို့ရယ်။
ဘယ်သူကို မဲပေးမလဲဟု နှုတ်မှ ထုတ်ဖော် မေးမြန်းရန် မလို။ အရောင်တူမျက်ဝန်းများကို မြင်လျှင် အားလုံးတူညီ တစ်သွေးတည်းဖြစ်နေကြသည်ကို ယုံကြည်နိုင်ခဲ့ပြီ မဟုတ်လား။ သက်ကြီးရွယ်အိုများ၊ နာဖျားမကျန်း ပုဂိုလ်များ၊ မသန်စွမ်းသူများအား ငဲ့ညှာစွာ ဦးစားပေးကြဖို့လည်း သူတို့ မမေ့လျော့ကြပါ။ After you ဆိုသော စကားကို မြို့နေစွန်ဖျား သူတို့လိုလူများအားလုံး လူစေ့တက်စေ့ မကြားဖူးကြတာ သေချာပါသည်။ သို့ပေမယ့် စိတ်ဝမ်းလက်ညီ ကိုယ်တိုင် လက်ခံကျင့်သုံးနေခဲ့ကြပြန်ပြီ။
စိတ်ပူပန်ကာ တွေးမောခဲ့မိသည်။ အာဏာရပါတီကြီးတစ်ခု၏ မြို့တွင်းလှည့်လည်ကာ အင်းအားပြ စည်းရုံးသော ပွဲတစ်ခုကို ရပ်ငေးမိစဉ်က ဖြစ်သည်။ ထိုပွဲကြီးမှာ မြို့လူထုသည် လက်ဆယ်ချောင်းပြည့်အောင်ပင် မပါဝင်ခဲ့သော်လည်း ကျေးလက်နေပြည်သူများစွာတို့ကတော့ အင်အားတစ်ရပ်အဖြစ် ယောင်လည်လည်၊ ပါဝင်ခဲ့ကြဖူးသည် မဟုတ်လား။ ငွေကြေးဥစ္စာ ရှားပါးချို့တဲ့ရှာသူ ဆင်းရဲပြည်သူ များရာစုကို မစို့မပို့ ငွေကြေးဗန်းပြကာ စည်းရုံးဆွဲဆောင်ခဲ့ကြသည်။ အာမခံချက်မရှိသော လုပ်ငန်းအခွင့်အလန်းများဖြင့် ဖြားယောင်းခဲ့ကြသည်။ အသိအမြင် မကြွယ်ဝသူများကို ဘာသာရေးမှိုင်းတိုက်ခြင်းဖြင့်လည်း မျှားယူခဲ့ကြပြန်သည်ပင်။ သူယုတ်တို့၏ စကားကို ပြည်သူ နားယောင်သွားမလား တွေးကာ ပူမိခဲ့သည်။ ရုပ်ဝတ္ထုပစ္စည်းဖြင့် ဖြားယောင်းမှုမှာ ပြည်သူ တွေဝေသွားမည်လားဟု တထင့်ထင့် စိတ်မချနိုင်ပြီ။ ထိုအတွေး၊ ပူပန်မှုအားလုံးသည် တစ်နေကုန် မငြီးမငြူ၊ တန်းစီစောင့်ဆိုင်းနေကြသော တရှည်တလျားလူတန်းကြီးကို အမြင်မှာပင် ပိန်းကြာရွက်တွင် ရေမထင်နိုင်တော့ပြီ။ ဆန္ဒမဲပေးခဲ့ရာ အခန်းငယ်မှအထွက် ခရမ်းပြာမင် စွန်းထင်လာသော လက်ဝဲလက်သန်းကလေးကို နှစ်လိုချစ်နိုးစွာ တခုတ်တရ ထောင်မတ်ဂုဏ်ယူဟန်တို့ကြောင့် ပီတိနှင့် ရွှင်လန်းတက်ကြွမှုတို့ အပြန်အလှန် ကူးလူးယက်ယှယ်ကာ ပိုမိုသွေးစည်းညီညွတ်နေကြပြန်တော့သည်။
သို့ပေမယ့် ထိုအပျော်နှင့် ပီတိတို့ကို ရင်မှာ တငွေ့ငွေ့ဖွဲ့တည်လောင်မြိုက်နေသော  သံသယမီးက တတိတိလောင်စားနေနိုင်ဆဲ။ ပြည်သူသည် တက်ညီလက်ညီ တာဝန်ကိုယ်စီ ကျေပြွန်ကြသော်လည်း အကြီးအမှူးပြုသူ ရွေးကောက်ပွဲကော်မရှင် လူကြီးတို့သည် သမာသမတ်ကျစွာ ဆုံးဖြတ်ကြပါမည်လား။ ကြားသိမြင်တွေ့ရသမျှသည်လည်း ယုံကြည်ချင်စရာ တစ်ကွက် မျှ ရှိမနေခဲ့ပြန်ပေ။ နိုင်ငံတကာ အကူအညီဖြင့် ငွေကြေးများစွာ ပုံအောသုံးစွဲကာ ကောက်ယူခဲ့သော မဲဆန္ဒရှင်စာရင်းသည် သုံးကြိမ်သုံးခါ တိုင်တိုင် မှားယွင်းခဲ့ပေသည်။ ( လေးကြိမ်မြောက် မှားယွင်းမှု မဖြစ်ပေါ်ခဲ့ခြင်းမှာ အချိန် မလောက်ငတော့သောကြောင့် ဖြစ်တန်ရာသည်။ ကျေးဇူးတင်ရမည်။) သေလွန်ပြီးသူများ ရှင်ပြန် ထမြောက်လာခဲ့ကြသည်။ သက်ရှင်ထင်ရှားပုဂိုလ်အချို့ လူစာရင်းမျှ အသွင်းမခံကြရ။ အချို့ကတော့ ကံကောင်းလှစွာ တစ်ရပ်ကွက်တည်း၊ တစ်လမ်းတည်း၊ အိမ်နံပါတ် တစ်ခုတည်းမှာ တစ်မိသားစုလုံး နာမည် နှစ်ခါပြန် ပါကြသေးသည်။ တချို့ကတော့ ကိုယ့်အိမ်လိပ်စာမှာ တခြားမိသားစုတွေ ရောက်နေကြပြန်ရာ နေအိမ်ပြောင်းဆင်းပေးရမလို ဖြစ်ခဲ့ရသည်တဲ့။ တချို့ကျပြန်တော့လည်း မိသားစုဝင်စာရင်းထဲမှာ ကိုယ်မသိသူတွေက ဆွေမျိုးအရင်းအချာတွေအဖြစ် ပါဝင်ပတ်သက် နေကြပြန်တာပဲ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လူထုဥသျှောင်မိခင်၏ အမှာစကားအတိုင်း သီးခံစိတ်ရှည်ခဲ့ကြပါသည်။ အသည်းကြားမှ မဲသုံးပြား ( တိုင်းရင်းသားများအတွက် လေးပြား) ကို ဆန္ဒပြုပြီးကြသည် အထိ စိတ်ရှည်လက်ရှည် သီးခံပေးခဲ့ကြပါသည်။
သို့သော် ကြိုတင်မဲများအတွက် ပူပန်မှုက မလျော့ပြန်။ တပ်မတော်သားများ၊ ပြည့်သူ့ဝန်ထမ်းများအား ဖိအားတစ်ခုဖြင့် သွေးခွဲကာ အိမ်ကြက်အချင်းချင်း အိုမည်းသုတ်၊ ရန်တိုက်ပေးကြလိမ့်မည်လားဟု တထင့်ထင့်။ ဆန္ဒမဲပေးအပြီး ကိုယ့်တာဝန်ကျေပြီဟု ယူမှတ်ကာ အိမ်ပြန်နားနိုင်သူ ရှားတော့သည်။ မြို့အနှံ့၊ မဲရုံတကာ လှည့်လည်ကာ စူးစမ်းစောင်းငဲ့ကြသူတွေ၊ ကိုယ့်အချင်းချင်း တာဝန်ခွဲဝေကာ မဲရေတွက်ရာမှာ ၀န်ရံကူညီကြသူတွေလည်း များမှ များလှပေ။ တစ်ကိုယ်စာ အနေချောင်ရုံဟု မည်သူတွေ အရိုင်းတွေးဝင်နိုင်ပါမည်နည်း။ ကိုယ့်ရပ်ကွက်မှာ အနိုင်ရရုံဖြင့် ရောင့်ရဲကျေနပ်၊ မနေတတ်နိုင်ပါပြီ။ ကိုယ့်မြို့၊ သူ့မြို့ အပြန်အလှန် သတင်းပေးပို့ကာ သောက၊ ပျော်ရွှင်မှု မှန်သမျှ မျှဝေကြသည်။ တောင်အရပ်ပင်လယ်ကလည်း မြောက်စူးစူး တောင်ပေါ်ဆီ စပ်စုစူးစမ်းရသည်။ အရှေ့ဘက် ရှမ်းကုန်းမြေမြင့်မှလည်း အနောက်ဖက်တောင်တန်းများဆီ စိတ်ပူပန်ကြသည်မှာ သန်းခေါင်သို့ ချည်းလာခဲ့သည့်တိုင် အချိန်ကို အမှုမထားနိုင်။
ကချင်ပြည်နယ်မှ သန်းခေါင်ကျော်ကြိုတင်မဲ တစ်သောင်းငါးထောင်ကျော် ခြေထောက်ပေါက် ရောက်လာသည့် သတင်းများ၊ လားရှိုး၊ လွိုင်ကော်နှင့် အခြားသော မြို့ရွာအချို့နှင့် ပတ်သက်သော ကောလဟာလများသည် ကျန်ရှိသော အိပ်စက်ချိန်များကိုပါ နုတ်ယူသွားခဲ့ပြီ။ ဒါပေမယ့် ဒီလောက်ကြည်နူးမြူးပျော်စရာ ကောင်းသောည၊ ပီတိတွေ တငြိမ့်ငြိမ့်ဖြင့် လှိုက်လှဲပျော်မောဖွယ် ညမျိုးကို အိပ်စက်ပစ်လိုက်ရမှာရော… ဘယ်လောက် နှမျောစရာ ကောင်းလိုက်ပါသလဲ။
“ခရမ်းရောင် ပန်းတွေဝေပြီး
ငါတို့ လက်သန်းတွေ လူရာဝင်တဲ့နေ့
အဲဒါ… နိုဝင်္ဘာ (၈) ရက်နေ့”
ခင်မင်လေးစားရသော ဘလော့ဂ်ဂါ ချော(အစိမ်းရောင်လွင်ပြင်) ၏ ကဗျာကို တဖွဖွ ရွတ်ဆိုရင်း အရုဏ်ရောင်နီ လာသည့်တိုင် စောင့်နေမည်။ ဒီနေ့လေးအကြောင်း စိတ်မှာ ပြန်လည်မြင်ယောင်လို့လည်း ကြည်နူးမည်။
ဒီနေ့မှာ ပြည့်သူ့ဆန္ဒအမှန်ကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်တင်ပြခွင့် ရခဲ့သည်ပဲ။ ပြည်သူ့မျက်နှာကို အရိပ်ကြည့်ကာ ပြည့်သူ့မျက်နှာ သာယာအောင် ဖြည့်ဆည်းစွမ်းဆောင်နိုင်မည့် အစိုးရတစ်ရပ်ကို တောင်းဆို တင်မြှောက် နိုင်ခဲ့သည်ပဲ။ မနက်ဖြန်များစွာအတွက် ဒီနေ့မှာ အလင်းတံခါးသစ်ကို တက်ညီလက်ညီ တွန်းဖွင့်နိုင်ခဲ့ကြတာ။ နောက်ထပ် အသစ်၊ အသစ်သောတံခါးတွေကို တွန်းဖွင့်ဖို့ နေ့သစ်များစွာမှာ အားအင်သစ်တွေ မွေးဖွားကာ နိုးထကြပါစို့။         


                                                            သတိုး