Sunday, December 30, 2012

သစ္စာ အထားအသို



ရှေ့တိုးနောက်ငင် ခြေလှမ်းများနှင့်ပင် သူ့ခြံရှေ့မှာ ရပ်မိပြီ။ စေ့ရုံစေ့ထားသော ခြံတံခါးကို တွန်းဖွင့်တော့မည် ပြင်ပြီးမှ တွေဝေသောလက်အစုံကို နောက်သို့ပြန်ရုတ်လိုက်မိပြန်သည်။ အိမ်ကြီးထဲကိုဝင်ဖို့ နည်းနည်းတော့ တွန့်ဆုတ်၏။
                   တကယ်တော့ ဒီအိမ်၊ ဒီခြံက မြိုင့်အတွက် အဆီးအတားမရှိ ၀င်ထွက်သွားလာကာ၊ ကိုယ့်အိမ်၊ကိုယ့်ယာနှယ် ရဲရဲတင်းတင်း နေထိုင်ဝင့်ဆံ့ခဲ့ဖူးရာ နေရာပဲ ဖြစ်သည်။ ဒါပေမယ့် ဒါက တစ်ချိန်က အခြေအနေဟောင်းသာ ဖြစ်သည်။ အခုက အခြေအနေတွေ အဆများစွာ ပြောင်းလဲ ခြားနားနေခဲ့ပြီ။
                   ယခင်က မြိုင့်အား သမီးရင်းနှင့်မခြား ချစ်မြတ်တွယ်တာခဲ့သော အန်ကယ်ဦး ရှိခဲ့သည်။ ခုတော့ ဖေဖေ့သူငယ်ချင်း အန်ကယ်ဦးလည်း ဖေဖေ့နှင့် ရှေ့ဆင့်၊နောက်ဆင့် ဆုံးပါးကွယ်လွန်သွားခဲ့ပြီ။ ပြီး မာနကြီးသလောက် လူတကာကို ခွဲခြားနှိမ်ချ ဆက်ဆံတတ်သော်လည်း မြိုင့်ကိုတော့ တွယ်တာလွန်းလှကာ ထူးထူးခြးခြား အရေးပေးခဲ့သော အန်တီမိ…။ အန်တီမိလည်း ကျန်းမာရေးမကောင်းလှဟု သိရသည်။ တစ်ကြိမ် လေဖြတ်ထားပြီးမို့ အိမ်ထဲမှာ၊ ခြံထဲမှာပဲ အကူအတွဲနှင့် နေနေရသည်တဲ့။ မြိုင့်ကိုမြင်လျှင် အန်တီမိ မှတ်မိပါ့မလား။ အရင်က ဖွေးဖွေးနှစ်နှစ်၊ ချစ်မက်စဖွယ် ကလေးမလေးဖြစ်သော မြိုင်က ခုတော့ နေလောင်ညိုညစ်သော အသားအရည်၊ မျက်နှာမှာ တင်းတိတ်အမည်းကွက်တွေကို သနပ်ခါးထူပိန်းပိန်း လူးလိမ်းဖုံးလွှမ်းလျှက် ပီဘိ ကျေးလက်သူမကြီးတစ်ယောက် ဖြစ်နေနှင့်ခဲ့ပြီ မဟုတ်လား။ မှတ်မိလျှင်တောင် မြိုင့်အား စိတ်အနာ မပြေချင်သေးသော အန်တီမိက စကားနာထိုးနေဦးတော့မည် ထင်သည်။
                   မြိုင်သည် ခြေလှမ်းတွေကို နောက်ပြန်လှည့်ရန်သာ အကြိမ်ကြိမ် အားယူနေမိတော့သည်။
“ငါ့ဘ၀တစ်သက်မှာ ဒီလောက် တစ်ခါမှ စိတ်မညစ်ဖူးဘူးဟယ်။ သေသာ သေလိုက်ချင်တာပဲ”
                   ညည်တွားရေရွတ်ရင်း မျက်ရည်တွေတွေကျနေတတ်သော မေမေ့ကိုရော ဘယ်လို ရင်ဆိုင်ရပါ့မလဲ။ မေမေဟာ တစ်သက်လုံး ငွေဇွန်းကိုက်ကာ ကြီးပျင်းနေထိုင်လာခဲ့ရသူဖြစ်သည်။ အခက်အခဲ၊ အကြပ်အတည်း ဆိုစကားများက သူမနှင့် လားလားမျှ မသက်ဆိုင်ခဲ့စဖူး။ မေမေ စိတ်ချမ်းသာစေချင်ပါသည်။
“စကားတွေက မေမေနဲ့ ပြောထားတာ မဟုတ်လား”
“ဟုတ်တယ်လေ။ ဒါပေမယ့် ဒီမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ အရပ်ရပ်ကို ရေလည်အောင်ပြောဖို့က ညည်းပဲ ပြောတတ်၊ဆိုတတ်တာ ။ ငါက မိမိတို့၊  ကိုသွင်တို့ဆီက စကားတင်းတင်း တစ်ခွန်းထွက်လာတာနဲ့ ရှက်လို့ နေရာတင် သေပစ်ချင်နေပြီ”
                   ဒါဆို အစက မေမေ ဘာလို့သွားပြီး ပတ်သက်ထားသေးလဲ ဟု မမေးရက်ခဲ့ပါ။
                   ညည်းကို အသိ မပေးခဲ့လို့လား။ ညည်းမှ မတားခဲ့တာ ညည်းလည်း အလိုတူ၊ အလိုပါပဲ မဟုတ်ဘူးလားဟု မေမေကလည်း ပက်ခနဲ တုန့်ပြန်လိုက်မှာမလွဲ။
                   အဲသည်စဉ်ကတော့ မြိုင်တို့သားအမိတတွေ လက်တိုငါးရိုးမျက်ဆိုသလို ကူကယ်သူ မဲ့နေခဲ့တာ မဟုတ်လား။ ကောက်ရိုးတစ်မျှင်တစ်စတွေ့လျှင်ပင် မျက်စေ့စုံမှိတ်ကာ အားကိုးတကြီး ဆွဲဆုတ်ချင်နေချိန်လည်း ဖြစ်လေသည်။
                             *****************
                   ကိုသွင့်အကြောင်း အမှတ်တမဲ့ စကားစပ်ဆိုင်မိတိုင်း သားမက်တော်ခွင့်နှင့် သီသီလေးလွဲချော်ခဲ့ရသည့် အဖြစ်ကို မေမေက နောင်တဝေ့ဝေ့နှင့် နှမြောတမ်းတ နေတတ်လေ့မြဲ။ အထူးသဖြင့် လုပ်ငန်း၊ကိုင်ငန်းတွေ အလွဲလွဲအချော်ချော်၊ အရှုံးပေါ်၊ အခက်ကြုံ အကြောင်းစုံနှင့် အသက်ရှူကြပ်ရလေတိုင်း….
“ညည်းသာ ကိုသွင့်နဲ့ လက်ထပ်ဖြစ်ခဲ့ရင် ခုလိုတွေ ဖြစ်လာစရာ အကြောင်းကို မရှိဘူး”
“လွတ်တဲ့ငါး ပိုကြီးမနေစမ်းပါနဲ့ မေမေရယ်။ ဒီမှာ မတွေးတတ်၊ မကြံတတ်ရှိရတဲ့ကြားထဲ”
                   မြိုင်ကတော့ ဖေဖေ့ကိုသာ တမိတော့သည်။ ဖေဖေသာရှိလျှင်  ကြုံနေရသမျှ အခက်အခဲ အားလုံးကို တာဝန်ယူဖြေရှင်းပေးမှာပဲ။ မြိုင်က နံဘေးကနေ ဖေဖေ့အား ၀ိုင်းကူပေးရုံ။ ခုတော့ မေမေက မြိုင့်လောက်တောင် မလည်ပတ်။ ဖေဖေရှိစဉ်ကလည်း ဖေဖေ့သြဇာအတိုင်းသာ အသားတကျ နေလာခဲ့ရရှာသည်ကိုး။ ဖေဖေ အရိုက်အရာလွဲခဲ့တော့လည်း မြိုင့်က ဖေဖေ့နေရာ ၀င်ယူလေရာ မေမေက မြိုင့်ကိုသာ အားကိုးတကြီး အရိပ်ကြည့်နေပြန်တော့တာ။
“ဆားကွင်းတွေကို မြိုင်တစ်ယောက်တည်း  ဦးစီးလုပ်လို့ ဖြစ်မလား”
“ဖြစ်အောင် လုပ်မှာပေါ့။ မြိုင်ကိုယ်တိုင်လည်း ဆားကွင်းထဲမှာ မွေးခဲ့တာ ဥစ္စာ။ မြိုင်တို့ လက်ထပ်ပြီးရင် ကိုသွင်လည်း လိုက်နေရမှာပဲ”
“ဟမ်… ကိုယ်က လိုက်နေမယ်လို့ ပြောခဲ့မိလို့လား”
“အရင်က မပြောဖူးရင် ခု ပြောလိုက်တော့လေ။ ကိုသွင် မြိုင့်နောက် လိုက်ရမှာပဲ”
                   မြိုင်ရော၊ ကိုသွင်ပါ ကျောင်းပြီးစမို့ နှစ်ယောက်စလုံး အလုပ်မရှိကြသေး။ ဖေဖေဆုံးပြီးစ၊ မြိုင်တို့ နောက်ဆုံးနှစ်မှာ ဆွေမျိုးနီးစပ် လူယုံအားကိုးဖြင့် မေမေတစ်ယောက် ဆားလယ်အလုပ်မှာ မနိုင်မနင်းဖြင့် တစ်နှစ်ခန့် ဒေါင်ချာစိုင်းနေလိုက်သေးသည်။ မြိုင် အဝေးသင် ပြောင်းယူကာ မေမေ့အားကူရန် အကြိမ်ကြိမ်ပြောသော်လည်း မေမေက လက်မခံနိုင်ခဲ့။ ကိုသွင်ကလည်း တရရ တားမြစ်တောင်းပန် နေခဲ့ပြန်သည်။ ဖေဖေ အရိုက်အရာလွဲပြီး အချိန်တွေမှစကာ မြိုင်တို့အလုပ်တွေ ယိမ်းယိုင်စပြုလာခဲ့တော့တာ မြိုင်ရိပ်မိနေခဲ့ပါသည်။
“မြန်မြန် ကျောင်းပြီးချင်လှပြီ”
                   မြိုင့်စကားကို ကိုသွင်ကလည်း သူလိုရာဆွဲတွေးကာ….
“ကိုယ်လည်း တူတူပဲ။ ကျောင်းမြန်မြန်ပြီး၊ မြန်မြန် လက်ထပ်ချင်ပြီ”
                   မြိုင်တို့နှစ်ယောက် လက်ထပ်မည့်အရေးက စိတ်စောပူပန်ရ လောက်သော အခက်အခဲမျိုး တစိုးတစ်စေ့မျှ ရှိမနေခဲ့တာမို့ မြိုင်ကတော့ ကိုသွင့်လိုမျိုး သွေးပူမနေခဲ့ပါ။ ကျောင်းပြီးလျှင် မေမေ့ကို ကူနိုင်မည်။ မြိုင်အနားမှာရှိလျှင် မေမေလည်း အားတက်မည် မဟုတ်လား။
“ကိုယ်တော့ ပျော်မှာ မဟုတ်ဘူး မြိုင်”
                   ထိုစဉ်ကတည်းက စကားစပ်ဆိုင်လေတိုင်း ကိုသွင်တစ်ယောက် မြိုင်တို့နှင့်အတူ လိုက်ပါနေထိုင်ရန် ငြင်းဆန်နေနှင့်တာကို မြိုင်က မှုမှတ်မထားခဲ့ပေ။ မြိုင့်ကိုချစ်လျှင် မြိုင်ရှိရာအရပ်မှာ ကိုသွင်လည်း ပျော်ရမှာပဲဟု ပိုင်နိုင်သေချာသော စိတ်ချယုံကြည်မှုသာ ရှိနေခဲ့လေသည်။
                             ***********
                   ခပ်သုံးယူငင်လို့ မကုန်နိုင်သော ပင်လယ်ရေကို ဆားချက်ရောင်းရတာတောင် ရှုံးသေးသလားဟု ရင်နှီးသူချင်း ခပ်နောက်နောက်စကားဆိုဖြစ်ကြပေမယ့် တကယ့်အဖြစ်ကတော့ ရယ်ရွှင်ဖွယ် မကောင်းခဲ့ပေ။ ဆားဖိုသူကြီးတွေ၊ ၀ယ်ရောင်းသမားတွေကြားမှာ နှစ်စဉ် အရင်းမကျေ၊ အရှုံးဆက်တိုက်ပေါ်လာရသော နှစ်များပေ။
                   ဆားကြမ်းက မထွက်ဘူးလားမေးတော့ အထွက်တောင်လွန်နေပါသေးသည်။ ဒီဘက်နှစ်တွေမှာ နေပူပြင်းလွန်းလှသည် မဟုတ်လား။ နေရင့်လေ ဆားထွက်ကကောင်းလေပင်။ ဒါပေမယ့် လက်ရှိအလုပ်သမားအင်အားဖြင့် လယ်ထွက်ဆားကို နိုင်အောင် ကျုံးမယူနိုင်ကြပေ။ အလုပ်သမားအင်အား ထပ်ဖြည့်ကြပါလားဟု စေတနာနှင့် အကြံဥာဏ်စကားတွေသည်လည်း ဆားဖိုသူကြီးတွေအတွက်တော့ အော့နှလုံးနာစရာ ဖြစ်နေခဲ့ပြီ။
နာဂစ်အလွန်မှာ အလုပ်သမားရှားပါးမှု ပြဿနာကို ဆားလုပ်ငန်းရှင်တွေရော၊ လယ်သမားတွေပါ ရှောင်လွဲမရစွာ ရင်ဆိုင် ကြုံတွေ့ ခဲ့ကြရပါသည်။ ဋ္ဌာနေ အလုပ်သမား အတော်များများတို့သည် မြို့သို့ပြောင်းရွှေ့နေထိုင်သွားကြပြီ။ လက်ကျန် သစ္စာရှိ အလုပ်သမားများနှင့် နောက်ပါ မိသားစုများကို တစ်နှစ်ပတ်လုံး ကိုယ်ထံမှာ မြဲအောင် ထိန်းရတာလည်း မလွယ်ကူတော့ပါ။ သူတို့၏ တစ်နှစ်တာ စားဝတ်နေမှုစားရိတ် အပြင် သာမှု၊နာမှုကိစ္စ၊ သားသမီးတွေ၏ ပညာရေးကိစ္စ၊ ကျန်းမာရေးကိစ္စ…အစစ အားလုံးကို တာဝန်ယူဖြေရှင်းပေးနေရတာ ဖြစ်ပါသည်။ ဟို အရင် ခေတ်ကောင်းစဉ်ကတော့ အလုပ်သမား မိသားစုအရေအတွက် ဘယ်လောက်များများ ၀န်ထုတ်ဝန်ပိုးအဖြစ် မည်သည့်အလုပ်ရှင်ကမှ သတ်မှတ်ခဲ့ဖူးတာ မဟုတ်ပါ။ ခုတော့ ဆင်ကျုံကျွဲဟု သတ်မှတ်ခံနေရဆဲ ဆားဖိုပိုင်ရှင်တိုင်း ပျက်စီးဆုံးရှုံးခဲ့ရသော ဆားလယ်မြေကို ပြန်ပြင်ဆင်ရတာ၊ စက်ပစ္စည်း အပါအ၀င် ကုန်လုပ်ကိရိယာတွေ ပြန်ဖြည့်ဆည်းရတာ၊ အလုပ်သမားတွေအား ကြိုတင်လုပ်အားခငွေ ပေးချေရတာအတွက် ပြေးလွှား၊ချေးငှား၊ ပေါင်နှံ၊ရောင်းချ စသော နည်းစုံသုံးကာ အသက်ရှူမ၀ချင်ကြသော အခြေအနေမှာ ရှိပါသည်။
လယ်ထဲကထွက်လာမည့် ဆားကြမ်းကို မျှော်တုန်းကသာ မျှော်နေမိကြတာဖြစ်သည်။ ဆားထွက်လာလျှင် ရင်ဆိုင်ကြုံတွေ့နေရသမျှ အခက်အခဲအားလုံးကို အောင်မြင်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟုလည်း မျှော်လင့်အားတက်နေခဲ့ကြပါသည်။ ဒါပေမယ့် တကယ်တမ်း ထွက်ရှိလာသော ဆားကိုလည်း တက်ဈေးစောင့်ကာ သိုလှောင်ရောင်းချနိုင်သော အနေအထားမှာ မရှိကြတော့ပြီ။ ဒီဘက်နှစ်မှာတော့ ဆားကြမ်းဈေးက မကြုံစဖူး ထူးကဲလှစွာ အကျကြီးကျကာ ၀ယ်လက်ပင် မရှိတော့ပြီတဲ့။ ပေးရန်၊ ရရန်ရှိသူအားလုံး ငုတ်တုတ်မေ့ရတော့သည်။
မြီရှင်အားလုံးအတွက် ရောင်းမကုန်နိုင်သော နေလှန်းဆားပုံကြီးကို လက်ညှိုးညွှန်ကာ စောင့်ဆိုင်းခိုင်းထားရတာ ပြဿနာ မဟုတ်သေး။ ငွေမရလို့ ဆားယူလိုလျှင် လာယူလှည့်။ ဆားဈေးအလှုပ်ကိုစောင့်ကာ ယူမည်ဆိုလည်း ဖြစ်သေးသည်။  သို့သော် လက်ရှိ အလုပ်သမားများအား လုပ်အားခပင် မရှင်းနိုင်တော့သော အခြေအနေမျိုးကို မည်သည့် ဆားဖိုသူကြီးမှ  အိပ်မက် မက်ခဲ့ကြဖူးမည် မထင်။ သို့ပေမယ့် ကိုယ်တွေ့ကြုံနေကြရပြီ။
“မြိုင်ရေ… ၀က်သားယူပါဦး”
                   မြိုင်တို့ရာဇ၀င်မှာ ၀က်သားဟင်းစားကို ဒီလို လက်လီစိတ် ၀ယ်စားဖူးတာ မဟုတ်ပါ။ အကောင်ပြတ်ဝယ်ကာ အလုပ်သမားခေါင်းဆောင်လက်ကို အပ်လျှက်….
“ဝေမျှ စားလိုက်ကြ…”
                   …ဟု လက်လွတ်ဆိုကာ မျက်နှာလွှဲထားခဲ့တာပင်။ အချိန်တန်လျှင် ထမင်းဝိုင်းမှာ အူအသည်းစုံဟင်းလည်း မြင်ရနိုင်သည်။ စွတ်ပြုတ်လည်း မြည်းလို့ရသည်။ သုံးထပ်သားဟင်းများတော့ လှည့်ပင်မကြည့်ချင်။ ခုတော့…
“အင်း.. ယူတော့ ယူချင်တယ်။ မြိုင့် အလုပ်သမားတွေ ဟင်းစားငတ်နေကြတာလည်း ကြာလှပြီ။ ကြွေးက ဘယ်နှစ်ရက်ဆိုင်းပေးမှာတုန်း”
                   ရှေ့မျက်နှာနောက်ထားကာ မဖြစ်မနေ မေးရပေမယ့် သူတို့လည်း သိပ်ရက်ကြာကြာ စောင့်ပေးချင်ကြပုံမရ။ သို့သော် ဒီအရပ်မှာ လက်ငင်းချေမှ ရောင်းမည်ဆိုလျှင်လည်း သူ့ ၀က်သားတွဲတွေကို အိပ်ပြန်ယူကာ အချဉ်တည်လိုက်ရဖို့သာ ရှိတာ မဟုတ်လား။
“ဟိုဘက်အခြမ်းမှာတော့ ဆယ်ရက်ဆိုင်းနဲ့ပေးလာခဲ့တယ်”
“မြိုင်တို့ကို တစ်လ ဆိုင်းပေး”
“တစ်လတော့ မလုပ်ပါနဲ့ မြိုင်ရယ်။ ကျုပ်တို့လည်း ငွေကြေးကျပ်တည်းလွန်းလို့သာ ရှိတာလေးနဲ့ ငွေပြန်ဖော်ရတာပါ။ ဆယ့်ငါးရက်တော့ ဆိုင်းပေးမယ် ဟုတ်လား။ သူများတွေကို လျှောက်မပြောနဲ့ဦး”
                   နောင်ခါလာ နောင်ခါဈေးပဲဟု သဘောပိုက်ကာ အလုပ်သမားများကို  ခွဲတမ်းချကာ ဝေမျှပေးလိုက်တော့သည်။ ကြိုတင်လုပ်ခငွေ မပေးနိုင်သေးသောကြောင့် မြိုင့်အား အမြင်မကြည်လင်နိုင်ပဲ အလုပ်မှာ ခိုကပ်၊ အရွဲ့တိုက်နေကြသည့် သူတို့တွေကို ၀က်သားဟင်းတစ်ခွက်နှင့် နှစ်ရက်၊ သုံးရက်တော့ စည်းရုံးထားနိုင်ဦးမည် ထင်ပါသည်။
                             *************
                   မေမေနှင့် မြိုင့်တို့သားအမိ၏ လက်ဝတ်လက်စား၊ ရွှေတိုမယ်စအားလုံး အန်တီမိ၏ သေတ္တာထဲမှာ သော့ခတ်ခံထားရတာ ကြာပြီ။ အစဦးကတော့ ပစ္စည်းအာမခံသဘောမျိုး အပေါင်ထားတာ ငွေးချေးခဲ့ရတာဖြစ်သည်။ တစ်နှစ်ကနေ နှစ်နှစ်ကူးလာခဲ့လျှင်တော့ ဈေးဖြတ်ကာ ငွေးအမ်းခိုင်းခဲ့ရတော့သည်။ မြိုင်တို့၏ အိမ်နှင့် ခြံ ပိုင်ဆိုင်မှုစာချုပ်သည်လည်း ကိုသွင့်လက်ထဲမှာ ထိုးအပ်ထားခဲ့ရတာပင်။ ငွေပြန်ပေးနိုင်လျှင် မြိုင်တို့ အိမ်နှင့်ခြံကို ပြန်ရမှာပေမယ့် ထိုကာလကို မှန်းဆကြည့်ဖို့တောင် မလွယ်ကူတော့သော အခြေအနေမှာ ဖြစ်ပါသည်။
“ကိုသွင့်ဆီမှာ ငွေနည်းနည်း ထပ်တိုးတောင်းပြီး အပြီးလက်မှတ်ထိုး ရောင်းခဲ့တော့”
                   …မေမေက မှာလိုက်သည်။ ဒါပေမယ့် မနည်းတော့သော နှစ်ကာလတွေကို အတိုးနှင့်တွက်လျှင် ကိုသွင်လည်း မြိုင်တို့ကို ငွေထပ်ပေးချင်တော့မည် မထင်။ မြိုင့်မျက်နှာကို မြင်လျှင်တော့ ကိုသွင်တို့သားအမိတတွေ တစ်ရစ်တစ်ပတ် လျှော့တန်ကောင်းရဲ့ဟု မေမေ မျှော်လင့်ပုံရပါသည်။ အမှန်အတိုင်း ၀န်ခံရလျှင် မြိုင်လည်းပဲ မေမေ့နည်းတူ မျှော်လင့်ချင်ပါသည်။ မြိုင့်တို့၏ လက်ရှိအခြေအနေမှာ ငွေလိုအပ်သည်။ ထိုငွေအတွက် ကိုသွင့်ကို ကောက်ရိုးတစ်မျှင်အဖြစ် အားကိုးမိချင်ခဲ့တာပင်။
                   အန်တီမိတစ်ယောက် သွေးပေါင်တက်နေလို့ ဆေးသောက်ပြီး အိပ်ပျော်နေခဲ့သည်။ ကိုသွင်ကတော့ အလုပ်မှာတဲ့။ မြိုင် အလုပ်ထိလိုက်ကာ ကိုသွင်နှင့်တွေ့မှ ဖြစ်တော့မည်။
                   မိဘလက်ငုတ်ကို စိတ်မ၀င်စားဘူးဆိုသော ကိုသွင်က ယောင်ခြောက်ဆယ် နေခဲ့လိုက်သည်မှာ မြိုင်နှင့် အဆက်အသွယ် ပြတ်တောက်သွားကြအပြီး အတော်ကြာပါသေးသည်။ သူ့အစ်မ အိမ်ထောင်ခွဲအပြီး မှ ကိုသွင်တစ်ယောက် ခြေငြိမ်ခဲ့တော့တာဖြစ်သည်။
“စကတည်းကသာ ခုလို ခြေငြိမ်ငြိမ်နဲ့ အလုပ်လုပ်ခဲ့ရင် မြိုင်ကလည်း သူ့ကို လက်ထပ်ခဲ့မှာပဲ”
                   အန်တီမိက မြိုင်ကို တွေ့တိုင်း ခံခက်ဒေါသနှင့် ဆိုတတ်လေ့မြဲမို့ မြိုင် အနေခက်ရဖူးသည်။ တကယ်က မြိုင် ကိုသွင့်ကို လက်မထပ်ခဲ့တာ သူ့မှာ အလုပ်မရှိလို့ မဟုတ်တာ အန်တီမိ သိသင့်ပါသည်။ မြိုင်က ကိုသွင့်ကို မှီခိုနေချင်သူလည်း မဟုတ်ခဲ့ရပါ။ မြိုင့်နံဘေးမှာ အဖော်မွန်အဖြစ် ဖေးဖေးမမ နေပေးစေချင်ခဲ့တာဖြစ်ပါသည်။ မြိုင့် ဆားကွင်းတွေရှိရာဆီ ကိုသွင်က ဆင်းမလိုက်လိုဟု အတိအလင်းဆိုခဲ့လေရာ မြိုင်တို့၏ လက်ထပ်ရက်လည်း နောက်သို့ဆုတ်ဖြစ်ခဲ့ကြတာ။ ကိုသွင့်က မြိုင့်ကို ရွဲ့ခဲ့သည်။ အနေနီးစပ်သော မိန်းကလေးတစ်ယောက်ကို လွန်လွန်ကျူးကျူး ပတ်သက်ခဲ့ပြန်တာ…။
                   မူးနေချိန်မို့မှားခဲ့တယ်ဟု ကိုသွင်က ၀န်ခံရင်း ဆင်ခြေပေးခဲ့တော့ မြိုင် ခေါင်းခါဖြစ်ခဲ့သည်။ မှားပါတယ်ဟု ၀န်ခံရုံနှင့်၊ မူးနေလို့ပါဟု ဆင်ခြေပေးရုံနှင့် ခွင့်လွှတ်ပြေအေးရမည့် ကိစ္စမဟုတ်ဟု မြိုင်ယူဆပါသည်။
“ မြိုင့်အပေါ်မှာ ကိုသွင် သစ္စာပျက်ခဲ့တာပဲ။ ဒါပေမယ့် အဲဒါထားလိုက်ပါ။ ကိုသွင် ကိုယ့်တာဝန်တော့ ကိုယ်ယူပါ”
                   ကိုသွင်က မြိုင့်ထံမှ အကြည့်ကို လွှဲဖယ်ထားခဲ့သည်။ အန်တီမိကတော့ မြိုင့်အဆုံးအဖြတ်အတွက် အံ့သြတကြီး ရင်နာကျန်ရစ်သည်။
                                      *****************
“မြိုင်။ နင် …တကယ် မြိုင် ဟုတ်ပါတယ်နော်။ ဟား… နင်က တကယ့်တော့သူမကြီး အတိုင်းပဲ။ ငါ မနည်းပုံဖမ်းယူရတယ်”
                   ကိုသွင်က လှိုက်လှဲစွာ ပြုံးရယ်ကြိုဆိုသောကြောင့် မြိုင်အနည်းငယ်တော့ စိတ်အေးရပါသည်။ ဒါပေမယ့် လာရင်းကိစ္စကို ဘယ်လို စကားစရပါ့။
                   ကိုသွင်ကတော့ သိပ်ပြောင်းလဲ သွားပုံ မရပါ။ လူက ဖြူသန့်ပြီး အရွယ်တင်လွန်းလှသည်။။ အသက် လေးဆယ်နားနီးလာပေမယ့် ကိုသွင့်ခေါင်းပေါ်မှာ ဆံဖြူ တစ်ချောင်းတစ်စ မတွေ့ရ။ နဖူးးပြင်လည်း သိပ်မကျယ်လှသေးသောကြောင့် ဖြီးသင်ထားပုံက ကျော့နေသည်။ ရှပ်လက်ရှည် ဖွေးလွလွ၊ စတိုင်ပန်အနက်စိုစိုကို အနည်းငယ် ရွှဲစပြုနေသော ဗိုက်အောက်ရောက်အောင် ခါးပတ်ခပ်လျော့လျော့ ဆင်ထားတော့လည်း လူကြီးလူကောင်းဟန်က အပြည့်ပေ။  ဒါကြောင့်လည်း ကိုသွင့် အမျိုးသမီးခမျာ တတိုင်းရဘ၀မှာ ညစဉ် အိပ်မပျော်နိုင် ဖြစ်နေရတော့တာ။  အိမ်ထောင်ရေးမှာ ခုထိ ခြေမငြိမ်သေးသော ကိုသွင့်သတင်းမွှေးမွှေးကို မြိုင်လည်း ကြားသိနေခဲ့ရသည်ပင်။
“ကိုသွင့် သတင်းတွေ ကြားပါတယ်”
                   ထိုသို့သော စကားဆိုရန် မသင့်တော်သော အခြေအနေဟု ဆင်ခြင်ကာ ရေငုံနေလိုက်ပါသည်။
“ကလေးတွေရော ဘယ်အရွယ်ရောက်ကုန်ပြီလဲ”
                   …ဟု မေးစမ်းကောင်းသည် ထင်ပါသည်။
“သုံးယောက်ဟာ။ အသက်တွေ၊ အတန်းတွေတော့ သူတို့အမေ မှတ်ထားတယ် ဟဲ  ဟဲ”
                   မြိုင်က လာရင်းကိစ္စကို စကားစမည်ပြင်ဆဲ …
“ဟော… မမမြိုင် ရောက်နေတာလား”
                   ကိုသွင့် အမျိုးသမီး ထွက်လာလျှင် ကိုသွင်တစ်ယောက် စကားဝိုင်းမှ မသိမသာ ခွာသည်။
“မမမြိုင် အိမ်ကို ၀င်လာခဲ့သေးတာပေါ့ ဟုတ်လား။ ခါတိုင်းဆိုရင် ဖြူ နဲ့တွေ့မှာ။ ဖြူက အိမ်မှာပဲ အမြဲနေတာလေ။ ခုတော့ မေမေက ဖြူ့ကို အလုပ်ထဲလိုက်ရမယ် ဆိုလို့ ဖြူလည်း အလုပ်သင် မန်နေဂျာဖြစ်နေတယ်”
“အလုပ် လုပ်တာ ကောင်းတာပေါ့ ဖြူရဲ့”
“အင်း ဖြူ့အတွက် ကောင်း၊ မကောင်းတော့ မသိဘူး။ မမမြိုင် သူငယ်ချင်းတော့ အနေအစား ကျပ်တည်းနေပုံပဲ”
“ဖြူ… ကိုယ့်ကို မြိုင့်ရှေ့မှာ ရန်စနေတာလား”
                   ခပ်လှမ်းလှမ်းမှာ အလုပ်ရှုပ်ချင်ဟန်ဆောင်နေသော ကိုသွင်က ရှုတည်တည်နှင့် တုန့်ပြန်လာလေလျှင် ဖြူတစ်ယောက် မျက်နှာပျက်ပျက်ကို ဟန်လုပ်လျှက် ရယ်မောယောင် ပြုလိုက်လေသည်။
                   ****************
                   မြိုင့်အား ညစာကျွေးချင်သေးသည်ဟု ကိုသွင်ဖုန်းဆက်တော့ သူ့အိမ်မှာ ဟုသာ ထင်ခဲ့သည်။ စားသောက်ဆိုင်တစ်ခုမှာဟု သူ ဆိုလေလျှင် …
“ဖြူပါ ပါမှာလား”
                   ဟု မြိုင်မေးသည်ကို ရယ်မောနေပြန်သည်။ ဖြူမပါလျှင် မြိုင် ငြင်းကို ငြင်းတော့မှာ သေချာလေမှ ခေါ်ခဲ့မှာပေါ့ ဟု ဆိုဖော်ရသည်။
                   စားသောက်ဆိုင်၏ သီးသန့်ခန်းတစ်ခုဆီ သူ ဦးဆောင်ခေါ်လာခဲ့တော့ …
“ဖြူတို့ ရောက်နေနှင့်ကြပြီလား”
                   မြိုင် မမေ့မလျော့ မေးခဲ့ပါသေးသည်။
“သူ့သားတွေ ကျူရှင် ၀င်ကြိုနေလို့ နောက်ကျမယ် ထင်တယ်”
                   ပြီးစလွယ်ပြောသည်။ ဖြူတို့အားစောင့်ရင်း မြိုင်တို့၏ အိမ်နှင့်ခြံကိစ္စကို စကားပြတ်အောင်ပြောဖို့ မြိုင်စိတ်စောနေပါသည်။ ကိုသွင့် အလုပ်မှာတုန်းက ဖုန်းတစ်ခုဝင်လာလို့ဆိုကာ ကိုသွင်တစ်ယောက် ကတိုက်ကရိုက် အပြင်ထွက်သွားခဲ့သည်။ ဖြူတစ်ယောက်တည်းကိုတော့ မြိုင်က ငွေးကြေးစကား မပြောရဲသေး။
 မကြုံစဖူးသော ငွေကြေးအခက်အခဲများအကြောင်း ကိုသွင့်ရှေ့မှာ ညည်းငြူ စကားစမိလျှင်တော့ မြိုင် အားငယ်စိတ်နှင့် မျက်ရည်ကျဖြစ်သည်။ မြိုင့်မျက်ရည်တွေကို သူ့လက်ညှိုးကွေးနှင့် တို့သုတ်ပေးလာတော့ သူ့ရင်ခွင်ထဲ မှေးမှီပစ်ချင်ခဲ့တာ ၀န်ခံပါသည်။ ဒါပေမယ့် မြိုင် သတိရှိရမည်။ သူဟာ သစ္စာတရားနှင့် ပတ်သက်လာလျှင် ယုံကြည်၍မရသောသူ ဖြစ်သည်လေ။
                   လွန်ခဲ့သော နှစ်လခန့်ကတင် အလုပ်မှ ၀န်ထမ်းမိန်းခလေးတစ်ဦးနှင့်  ကိစ္စကို ဖြူက တီးတိုးသတင်းပေး လိုက်သေးသည်။
“ငွေများတော့လည်း တရားနိုင်တာပေါ့ မမမြိုင်ရဲ့”
                   …ဟု ဖြူက ခပ်သာသာ ညည်းပြခဲ့သေးသည်ပင်။
“ဟို တစ်ဖက်ကလည်း ငွေလိုချင်လို့ကို ဇွတ်တိုးဝင်နေတာ။ သူကလည်း ခြံခုန်နေကျ၊ ဘယ်တော့မှ သက်သတ်လွတ်မစားတတ်တော့လေ…”
                   တဖြည်းဖြည်းနှင့် မြိုင်တို့ ဒီနေရာမှာ အချိန်းအချက်ပြုခဲ့ကြတာ ဖြူတစ်ယောက် သိဦးမှာ မဟုတ်တာ သေချာသည်ထက် သေချာလို့လာခဲ့သည်။
“သနားလိုက်တာ မြိုင်ရယ်”
                   ဘုရားရေ။ သူ ဘယ်အချိန်ကတည်းက မူးနေနှင့်ပါလိမ့်။ ကောင်တာမှာ သူ့လက်စတချို့ ရှိနေနှင့်တာ မြိုင် ခုမှ ရိပ်မိရတော့သည်။ စားပွဲပေါ်မှ မြိုင့်လက်အစုံပေါ် သူ့လက်ဖ၀ါးနွေးနွေးတွေ အုပ်ကိုင်လာပုံက တဆိတ် အတင့်ရဲလွန်းနေသည်။ မြိုင် ဖျတ်ခနဲ ရုန်းထွက်ပစ်လိုက်သည်။  သတိထားရတော့မည်။ မြိုင် မသာယာမိစေနဲ့။
                   ဒါပေမယ့် မြိုင်တို့မှာ အရမ်းငွေလိုအပ်နေပြီ ကိုသွင်ရဲ့။ မေမေဆို စိတ်ဆင်းရဲလွန်းလို့ တစ်နေ့တစ်နေ့ မအိပ်နိုင်၊ မစားနိုင်နဲ့ အဲဒီစိတ်နဲ့ လုံးပါး ပါးသွားမလားတောင် စိုးမိတယ်။
 သူက အရေးတယူ နားတော့ ထောင်ပေးပါရဲ့။  ဒါပေမယ့် သူ့လက်အတွေ့က မြိုင့်ပခုံးပေါ်မှာ….။ မြိုင်ကတော့ ငိုကောင်းနေဆဲ။
ဆားဈေးက ပြုတ်ကျနေတော့တာ။ ၀ယ်မယ့်သူကို မရှိတော့တာ ပိုဆိုးတယ်။ လယ်ကွင်းထဲမှာ ဆက်မကြုံးရဲလို့ ပစ်ထားရတဲ့ ဆားတွေမှ မနည်းမနောပဲ။  မိုးကလေးတစ်ပြိုက်လောက် ရွာချလိုက်ရင်တော့ ဈေးမြောက်လာနိုင်ကောင်းပါရဲ့။ အဲဒီအချိန်ကျရင်တော့ ၀ယ်လက်လည်း လိုက်လာမယ် ထင်ရတာပဲ။
ဒါပေမယ့် ခုမှ မတ်လတောင် မကုန်တတ်သေးဘူး။ အလုပ်သမားတွေလည်း ရိက္ခာပြတ်လုပြီ။ သူတို့ကို ဒီနှစ်မှာ ကြိုတင်လုပ်အားခပေးပြီး ထိန်းမထားနိုင်လျှင် ရှေ့နှစ်မှာ အလုပ်သမားရှာဖွေမရလို့ လုပ်ငန်းရပ်လိုက်ရတော့မယ် ထင်ပါရဲ့။
 ကိုယ့်အတွက်ကိုယ်ထက် သူများပေးစရာ မရှိတာက ရှက်စရာပိုကောင်းတယ် ကိုသွင်ရဲ့။ လျစ်လျှူရှုလို့လည်း မရဘူးလေ။ အို… ကိုသွင်။
                   ****************
မြိုင်လက်ထဲက အတန်အသင့် လေးနှစ်သော ငွေထုတ်ကို မြင်လျှင် လတ်တလော အခိုက်အတန့်တော့ မေမေပျော်ရွှင်သွားမည် ထင်ပါသည်။ ဒါပေမယ့် မြိုင်သိချင်တာက ထိုအပျော်တွေဟာ ဘယ်လောက်ကြာရှည် တည်တံ့နိုင်မည်လဲ ဆိုတာ…။

                                                                      သတိုး

                                                                      

Friday, December 28, 2012

ခုနစ်ထွေ


မခက်ပန်အား ရင်ခုန်နေမိပြီ။

                        သွားလေသူ မသက်ပန်သာ သူ့အဖြစ်ကိုသိလျှင် ထုံးစံမပျက် ငြူစူဆူပူဦးမှာ သေချာပေမယ့် သူ့အား မခက်ပန်နှင့်တော့ ကြည်ဖြူနိုင်ကောင်းရဲ့ မျှော်လင့်ရပါသည်။ တလောကလုံးမှာ မသက်ပန်နှင့် အစေးကပ်ဆုံးဖြစ်သော၊ ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံလို့ ရနေသေးသည့် တစ်ဦးတည်းသော ဆွေမျိုးရင်းချာဟာ မခက်ပန် တစ်ယောက်တည်းသာ မဟုတ်လား။

                        မခက်ပန်က သူ့အစ်မ မသက်ပန်လို မဟုတ်။ ဘယ်တော့မဆို ငြိမ်းငြိမ်းအေးအေး။ ထာဝစဉ် ဆူလောင်ညံစာနေတတ်သော အစ်မနှင့်တော့ ကွာချင်တိုင်း ကွာလှသည်။ သူ့ကို ညီမငယ်နှင့် နှိုင်းယှဉ်တွေးတောနေမိတာ မသက်ပန်သာ သိနိုင်လျှင်တော့ ဒေါပွလို့ ဆုံးမည် မထင်။ ပြောနိုင်သော အရပ်မှာ ရှိနိုင်သေးလျှင်တော့…

“ရှင်က ဒါတွေကို ဘယ်တုန်းကတည်းက စောင့်ကြည့်နေတုနုး။ နေနှင့်ဦး”

                        ..ဟု ကြိမ်းမောင်းပစ်တင်ဦးမည် ထင်သည်။ ဒါပေမယ့် သူ… မသက်ပန် အပေါ် သစ္စာ မပျက်ခဲ့ကြောင်းတော့ မသက်ပန် သိစေချင်ပါသည်။ မသက်ပန် သက်ရှိထင်ရှားရှိစဉ်တစ်လျှောက် ဘယ် မိန်းမ တစ်ယောက်အပေါ်မှာမှ မရိုးမသားစိတ်ဖြင့် မပြစ်မှားခဲ့ဖူးတာ ကျိန်ဆိုဝံ့ပါသည်။ အခုကတော့ မသက်ပန်လည်း သူ့အနားမှာ အတူ ရှိမနေနိုင်တော့ပြီ မဟုတ်လား။

                        သမီးကြီးတို့လည်း အိုးအိမ်ကိုယ်စီနှင့် ဖြစ်ကုန်ကြပြီ။ သမီးငယ်တစ်ယောက်သာ အနားမှာ ရှိတော့သည်။ သမီးငယ်သည်ရော..သူ့အနားမှာ ဘယ်လောက်ကြာကြာ နေနိုင်မည်လဲ။ သူလည်း အချိန်တန် အရွယ်ရောက်နေခဲ့ပြီ။ အတောင်အလက်စုံလျှင် ဖခင်အားငဲ့ကွက်ကာ ပျံသန်းထွက်ခွာ မပြုပဲနေမှာမဟုတ်။ သူ့အားငဲကွက်ရသဖြင့် သမီးငယ်ရဲ့ ဘ၀လမ်းမှာ နှောင့်နှေးရတဲ့ အဖြစ်မျိုးလည်း မကြုံဆုံစေချင်ပါ။ သူ့အနားမှာ မိခင်၏ကိုယ်စား တိုးတိုးတိုင်ပင်ဖော် တစ်ယောက် ရှိနေလျှင်တော့ သမီးလည်း သူ့အတွက် နောက်ဆံငင်စရာ မလိုတော့ဘူးမဟုတ်လား။ မကွယ်မ၀ှက် ၀န်ခံရလျှင်တော့ ဆေးပေးမီးယူ တီးတိုးဖော်တစ်ယောက်ကို သူကိုယ်တိုင်က လိုအပ်တောင့်တပါသည်။ နှစ်တွေလည်း မနည်းလှတော့ဘူးမဟုတ်လား မသက်ပန်ရယ်။



**********

                        မသက်ပန် ရှိစဉ်တုန်းကတော့ သူဟာ မသက်ပန်စေညွှန်သမျှ နာခံနေပျာ်ခဲ့သော သက်ရှိ အရုပ် တစ်ရုပ်ပေ။

မသက်ပန်ဟာ အလွန်အင်မတန် စိတ်မြန်လက်မြန်ရှိတတ်သူ ဖြစ်သည်။ မျှော်မြင်စနစ်ကြီးသလောက် ပစိပစပ်တော့လည်း များလှသေးသည်။ သူမျက်စေ့ထဲ အမြင်မတော်တာတွေ့လျှင် ရောက်လေရာအရပ်မှာ တွေ့သမျှလူကို စွာလန်ညံစာနေတတ်ပြန်သေးတာ။ အိမ်မှာတော့ ဆိုဖွယ်ရာပင် မရှိ။ သမီးသုံးယောက်ဆိုလျှင် အလုပ်အကိုင်ကိုယ်စီ၊ အိမ်ထောင်ကိုယ်စီနှင့် ဖြစ်နေသည့်တိုင် သူတို့အမေ၏ အဆိုအပြော မလွတ်ခဲ့ကြရပေ။ သမီးနှင့်ပတ်သက်သော သားသမက်များကိုလည်း အလွတ်မပေး။ ပြောစရာရှိလျှင် ခင်ပွန်းသည်ကိုပင် ချမ်းသာပေးသူ မဟုတ်ပေ။ ထို့ကြောင့်လည်း အိမ်ထောင်သက်တမ်း တစ်လျှောက် သူတို့ လင်မယား စကားများရ၊ ငြင်းခုန်ရန်ဖြစ်ရသောနေ့ရက်တွေ မရေတွက်နိုင်အောင် ရှိခဲ့ဖူးလေသည်။ ခါတရံ သူနှင့် မသက်ပန်တို့ ရက်ပေါင်းများစွာ မခေါ်မပြောပဲ နေခဲ့ကြတာလည်း အကြိမ်ကြိမ်ပေ။ ခါတရံ သည်မိန်းမကို ထားရစ်ခဲ့ကာ ရောက်ရာပေါက်ရာ ထွက်သွားချင်မိတတ်သေးသည်။ ဒါပေမယ့် သူ… မသက်ပန်နှင့် ကြာကြာဝေးဝေး နေလို့မဖြစ်တာ မသက်ပန်က သူ့ထက်ပင် ပိုလို့သိတတ်နေပြန်သေးတော့၏။

“ရှင် သွားကြည့်လိုက်လေ။ ရှင့် ဆိုးမျိုးသည်းညည်းကို ဒီမိန်းမကလွဲပြီး ဘယ်သူ မခံနိုင်မလဲ၊ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ အဲတော့မှ ရှင်သိမှာ…”

                        မသက်ပန် ပြောလည်း ပြောချင်စရာ။

                        ယနေ့ထိ တည်တံ့အောင်မြင်နေဆဲဖြစ်သော၊ ကြီးမားလှသည် မဆိုနိုင်သော်လည်း ကုန်အမျိုးအမည်စုံသော ကုန်စုံဆိုင်ကလေးသည် မသက်ပန်၏ စိတ်ကူး၊ မသက်ပန်၏ လက်ခြေအင်အားတို့ဖြင့်သာ အကောင်တည်ပေါ်လာခဲ့တာ တစ်ရပ်ကွက်လုံးက သိကြသည်။  သူကတော့…

“ကောင်းမြတ်ဆန်စက်မှာ ခွံဝါဆန် အိတ်နှစ်ဆယ် ရှင် သွားသယ်လိုက်”

“ဟ… မင်းပဲ အိတ်သုံးဆယ် ချန်ထားပေးပါ လို့ ဖုန်းဆက်ထားတယ် မဟုတ်လား”

“ပုသိမ်ဘက်မှာ သက်ငယ်စပါးတွေ ပေါ်နေပြီ။ ဒီရက်ပိုင်းထဲမှာပဲ ဆန်သစ်တွေ ထိုးလာတော့မှာ။ ဆန်းဈေးက ကျရိပ်ပြနေတာ ရှင်မသိဘူးလား။ ထိန်းရောင်းလို့ ရရုံ ဆယ်အိတ်ဆို တော်ပြီ။ ကျွန်မ ဖုန်း ပြန်ဆက်ထားပြီးပြီ”

                        သူ ခွန်းတုန့်မပြန်အားမီ…

 “ဒီနေ့သွားယူ ရမှာနော်။ ရှင် မျက်နှာပြပြီး ဘောက်ချာယူလာ၊ တင်ပေးလိုက်တဲ့ ဆန်အိတ်တွေ သယ်ယူလာခဲ့ရုံပဲ”

                        ခါတရံကျတော့ မသက်ပန်၏ စေ့စပ်သေချာမှုတွေဟာ သူ့သိက္ခာနှင့် မာနကို ထိပါးသလို ခံစားရသည်။ အိမ်ထောင်ဦးစီးအရာကျသလို ထင်ယောင်လျှက် မကျေနပ်။

“ငါက အစစ မင်းသင်ပြမှ တတ်ရ၊ သိရမယ့် ငတုံးလား။ ငါ့ အသိနဲ့ငါ တွေးတော ဆုံးဖြတ်ပါရစေ”

“ဟမ်…မလေး။ တွေးစမ်း၊ တောစမ်းပါ။ ရှင့်ဘာသာ ဆုံးဖြတ်ပြီး လုပ်နိုင်ရင် လုပ်စမ်းပါ။ ဒီက မသက်ပန်တို့က မနေနိုင်၊ မထိုင်နိုင် ၀င်ပါစွက်ဖက်နေတယ်များ ရှင်ထင်နေသလား။ ရှင့်ကို အားမရ၊ စိတ်တိုင်း မကျနိုင်လွန်းလို့သာ ဟွန်း”

                        သူကလည်း သူ။ ဘာလေးလုပ်လိုက်၊ လုပ်လိုက် အရာရာနှင့် အကြောင်းကြောင်းပေ။

“ရှင်ကိုယ်တိုင် လှေထဲဆင်းကြည့်ခဲ့ပါတယ် ဆိုတဲ့ သစ်မာသား ထင်းတွေ ဟိုမှာ လာပို့သွားပြီ။ ရေစိုစက်လက်တွေ တွေ့တယ် မဟုတ်လား”

“ဒီလောက်လည်း မဟုတ်ပါဘူးကွာ။ တစ်နေ့လောက် နေလှမ်းလိုက်ရင် ခြောက်သွားမှာပါ”

“စောင့်ကြည့်လိုက်ပါ။ ဒီညနေမှ မခြောက်မသွေ့ ရောင်းတမ်းမ၀င်ရင် နောက်နေ့တွေ ရှင်ပဲ နေဆက်ပြ။ တစ်ယောက်တည်း အသွင်းအထုတ်လုပ်ပေတော့”

                        တကယ်က ထင်းလှေသမား လင်မယားကို သူတို့ထင်းတွေထက် ပိုလို့ အာရုံရောက်နေမိခဲ့တာ မသက်ပန် သိလို့ မဖြစ်ပါ။ အသက်ကလေးတွေက ရှိလှမှ အစိတ်ထက်မပို။ အကြီးကလေးက ငါးနှစ်သားလောက် ရှိမည်ထင်၏။ ပိန်ပိန်လှီလှီ၊ ပေလူးညစ်ပတ်ကာ နွံနှစ်ရောင်ထနေသော အသားအရေကလေးနှင့်။

“ကလေးကို ကျောင်းမထားဘူးလား”

“ရွာမှာ နေတုန်းက ထားဖြစ်တယ် ဦးလေး။ ကျွန်မတို့ ထင်းလှေထဲဆင်းတော့ ကျောင်းတစ်ဝက်နဲ့ သူလည်း ပါလာတာ။ လယ်အလုပ်ပြန်ဝင်ရင်တော့ ကျောင်းပြန်ထားရမှာပဲ။ အတန်းမရလဲ နေပစေ…”                                            

အမေလုပ်သူက လသားအရွယ် ကလေးငယ်ကို ရင်ခွင်ထဲထားရင်း လှေပေါ်ရှိ ယာယီထင်းမီးဖိုလေးမှာ မီးမွှေးနေသည်။ အကြီးကောင်လေးက သူ တတ်သလောက် ဆန်ဆေးပြင်ဆင်လာခဲ့သော ထမင်းအိုးကို မီးဖိုပေါ် တင်လိုက်သည်။ ပြီး မြစ်ကမ်းနားလတာပြင်ပေါ် တင်ကျန်နေသော အမှိုက်ပုံ၊ ဒိုက်သရောပုံတွေကြားမှာပေါက်နေသော ကန်စွန်းညွန့်လေးတွေ လျှောက်ချိုးနေပြန်ရဲ့။ ကန်စွန်းညွန့်ချိုးရင်း ကျူရိုးလေးတွေကို ပီပီလုပ်ကာ တပီပီ မှုတ်လျှက် ပျော်ရွှင်နေပြန်သေးတော့…။

“မြွေပါးကင်းပါး ကလေးကို မခိုင်းပါနဲ့ ဟယ်”

“ကျွန်မ မခိုင်းလည်း လစ်တာနဲ့ ဆင်းဆော့နေကျ ဦးလေးရဲ့။ ဆော့ပြီး ပြန်လာရင် တို့စရာ အရွက်နည်းနည်းလောက်တော့ ခူးလာပြန်တာပဲ”

                        ကလေးငယ်၏ သိတတ်မှုအတွက် မိခင်ငယ်က ရိုးစင်းနေသလို ထူးထွေသော ခံစားချက်ကင်းစွာ အမှတ်မဲ့ပင် ဆိုသည်။

“ဦးလေး ခဏစောင့်နော်။ သူ့အဖေ ပွဲရုံမှာ ထင်းရောင်းဖို့ သွားစပ်နေတာ။ ခဏနေ ရောက်တော့မှာပါ။ ဒီတစ်ပါတ် တင်လာတဲ့ ထင်းစည်းတွေက နည်းနည်းစိုတော့ ၀ယ်သူတွေက အင်တင်တင်လုပ်နေကြတာ။ ဦးလေးက ကျွန်မတို့လှေတစ်စီးလုံး ချုပ်ယူမှာဆိုရင်တော့ ဈေးသင့်အောင် ညှိပေးခိုင်းပါ့မယ်”

                        …..ထင်းစည်းက မြို့ပေါ်မှာသာ စိုသလေး၊ ခြောက်သလေး၊ သစ်မာသားမှနဲ့ စံရွေးနေတာ ဦးလေးရဲ့။ တောထဲမှာတော့ ချဉ်သီးပင်အောက် ချဉ်သီးရှား ဆိုသလိုပဲ။ ထင်းတစ်ချောင်းရဖို့ အတော် မလွယ်တော့တာ။ ဒီကြားထဲ အဖမ်း အဆီးက ရှိသေးတာ”

                        လယ်ယာလုပ်ငန်းခွင်မှာ သူရင်းငှား လုပ်နေကြတဲ့ ကလေးတွေဟု ဟကားပြောရင်း သိခဲ့ရသည်။။ နွေအလုပ်၊  မိုးအလုပ်နှင့် စားဝတ်နေရေး အလျှင်မမီကြတော့ စပ်ကူးမတ်ကူးကာလမှာ ထမင်းတစ်လုပ်အတွက် ထင်းခုတ်နေကြရတာ ထင်ရဲ့။

“ဟော…အဖေ ပြန်လာပြီ။ အဖေ.. ရေတက်လာရင် သားတို့ ဂဏန်းထောင်ကြမယ်”

                        ဘယ်က၊ ဘယ်လို ကောက်ယူလာမှန်းမသိသော ကြွက်အသေကြီးကို ကိုင်မြှောက်ပြရင်း အဖေလုပ်သူထံ ၀မ်းသာအားရပြေးသွားကြိုဆိုသည်။ အမေက အနံ့တထောင်းထောင်းဖြင့် နံစော်ပုတ်အဲ့နေပြီဖြစ်သော ကြွက်သေကြီးကြောင့် သူ စိတ်အနှောင့်အယှက်ဖြစ်ကာ အရောင်းအ၀ယ်ပျက်မှာ ပူပန်သွားသည်ထင့်။ ကလေးငယ်ကို တစ်ချက် ကျိန်ဆဲလိုက်ရင်း ကြွက်အသေကောင်ပုတ်ကို ပြန်လွင့်ပစ်ရန် ပြောနေသည်။

“ယူလိုက်ပါ ဦးလေးရယ်။ အလုပ်မရှိလွန်းလို့သာ ဒီ အလုပ် လုပ်နေရတာ။ စိတ်ပျက်လှပါပြီ။ ရောက် ရောက်ချင်း ရောင်းမထွက်ပဲ ခုလို ရက်ကြာနေတော့ စားရိတ်လည်း ပွန်းလှပြီဗျ။ ရေတက်ဦး အချိန်ကလေး တစ်ဖက်က ဂဏန်းထောင်နေရတာသာ ကြည့်တော့။ ဂဏန်းဒိုင်ကို သွင်းလို့ရရင် ဈေးဖိုးလေး ခုမိတာပေါ့။ မဟုတ်လည်း ဟင်းစားတော့ ဖြစ်တယ်လေ။  ကျွန်တော့်လှေလည်း ကြည့်ဦး။ ဖြင်ဖို့ဆင်ဖို့ ဝေးလို့ ရေနံချေးတောင် အလျှင်မမီတော့ ဒီပိုးကျပြီး ဇကာပေါက် ဖြစ်နေပြီ”

                        ဟုတ်ပ။ လှေက ရေနံရောင်ဝေးလို့ လူတွေနှင့် ဆင်တူ နုံးနှစ် အရောင် ထွက်ကာ ဂျင်းတွေ၊ ရေညှိတွေပင် ကပ်တွယ်နေပြီ။ ဂင်တိုတို၊ ညှင်းဆိုးဆိုး ကလေးအဖေက ဖွာလန်ကျဲ ဆံပင်ရှည်တွေကို ကုတ်ဖွရင်း ရင်းနှီးစွာ ညည်းငြူလာတော့ ထိုထင်စည်းတွေကို သူ ဈေးမဆစ်ပဲ ၀ယ်ခဲ့လိုက်မိတော့သည်။

“ငါ သေချာ လှေထဲ ဆင်းကြည့်လာခဲ့တာ။ ထင်းခြောက်တွေမှ ။ အသားကလည်း ကောင်း…”

                        ထင်းခြောက်ရသည်အထိ တစ်ပတ်လောက် နေ့ဆက် ထမ်းထုတ်၊ နေလှမ်း၊ ပြန်သိမ်းရင်း ချွေးတစိုစိုရှိလေသည့်တိုင် ထင်းလှေသမားမိသားစုကို သူ့ အာရုံပုံရိပ်မှာ မေ့ပျောက်မရနိုင်ခဲ့ပေ။

**********

                        ဒီရက်တွေထဲမှာတော့ သူ့ အာရုံပုံရိပ်မှာ မခက်ပန်တစ်ယောက်တည်းသာ မင်းမူနေတော့ပြီ။ ဒါပေမယ့် သူ့ရင်ခုန်သံတွေကို မခက်ပန်ကြားနိုင်အောင် ဘယ်လို ကြံဆောင်ရပါ့။ သူက ရင်ခုန်သံချင်း ရင်နှီးခွင့်ကို တောင်းခံလိုက်လျှင် မခက်ပန်ကရော အကြည်အသာ နားလည် လက်ခံပါမည်လား။

                        သူသိနေသော မခက်ပန်သည် အနေအထိုင် အလွန်ကျစ်လျစ်ကာ အိနြေ္ဒစည်းရိုးကလည်း မြင့်မားမြဲမြန်လှလေတာ။ လွန်ခဲ့သော ငါးနှစ်၊ မသက်ပန် မဆုံးမီ သုံးနှစ်ခန့်ကတည်းက ယောက်ျားက အိမ်ထောင်သစ် ထူသွားခဲ့တာဖြစ်သည်။ အဲသည်စဉ်က သူတို့၏ သားငယ်လေးတောင် မူလတန်းတက်စ ရှိသေးသည်။ ခု ကလေးပင် အလယ်တန်းတက်ရတော့မည်။ ယောက်ျားပစ်သွားသော တစ်ခုလပ်ဘ၀ကို ကြံ့ကြံ့ခံရင်ဆိုင်ကာ ကိုယ့်အပေါ် ပတ်ဝန်းကျင်က လေးစားမှုမလျော့အောင် နေထိုင်တတ်ခဲ့တာ မခက်ပန်မို့သာ ဖြစ်သည်။ အရပ်ထဲမှာ ရွှေတိုမယ်စလေးတွေ အပေါင်အနှံလက်ခံရင်း၊ ငွေတိုးကြေးတိုးလေးတွေ ယုံကြည်ရသူတွေထံ အတိုးအရင်းပွားစေရင် သားအမိနှစ်ဦးသား ပူပန်မှုကင်းကင်း နေထိုင်နိုင်ခဲ့သည်ပဲ မဟုတ်လား။

                        ငွေရေး၊ ကြေးရေးမှာတော့ မခက်ပန်သည်လည်း သူ့အစ်မနှင့် တူလှစွာ အင်မတန် တင်စီး၊ စေးပိုးလှသူဟု နာမည်ကျော်ပါသည်။ မသက်ပန်နှင့် သက်ဆုံးတိုင် အတူနေကာ၊ မသက်ပန်၏ အနွံတာခံလာခဲ့ရသောသူက မခက်ပန်၏ ဆိုးမျိုးသည်းညည်းကိုလည်း မညည်းမငြူ ခံနိုင်လိမ့်မည် ထင်ပါသည်။ မခက်ပန်၏ သားကလေးကိုလည်း သမီးတို့နှင့်ထပ်တူ ချစ်မြတ်အလိုလိုက်နိုင်ပါသည်။ ခက်တာက မခက်ပန်ကို နည်းနည်းတော့ အားနာမိနေ၏။

**********

“ရှင်က နေရာတကာ အားနာတတ်လွန်းနေတာ”

                        တကယ်က သူ အားနာမှုလွန်ကဲခြင်းဟာ မသက်ပန် ဝေဖန်တာထက် အများကြီး ပိုလွန်ပါသည်။ သူက သနားအောင်ပြောလာလျှင် သနားနှင့်သည်။ ဘယ်လောက် ခံထားရလည်း တောင်းပန်လာလျှင် အလွယ်တကူ ကျေအေးမေ့ပျောက်ပစ်နိုင်သည်။ ဒီလူ ကိုယ့်အပေါ် မကောင်းဘူးဆိုတာ သိလည်းပဲ ပြတ်ပြတ်သားသား သူစိမ်းစကားမဆိုရက်။ အရပ်ထဲက ကလေးငယ်တွေကပင် မသက်ပန်ထံ ဈေးဖိုး ကြွေးကျန်ပေးစရာရှိလျှင် …

“ဦးသော်ကို ဟိုနေ့က သေချာပြောပြီး ဆပ်ခဲ့တယ်လေ”

…ဟု ပြောင်ကျကျ ခုတုံးလုပ်ဝံ့ရဲကြသည် အထိဖြစ်လေသည်။

“ဒီ လက်တောက်လောက်ကလေးတွေကိုတောင် မဟုတ်တာ မဟုတ်တဲ့အကြောင်း ရှင် မပြောရဲဘူးလား”

“ဟာ… ငါးဆယ်၊ တစ်ရာလောက် ငွေနဲ့ ငါက ဒီကလေးတွေကို ဖက်ပြိုင်ငြင်းရမှာလား”

“ဒါဆိုလည်း ရှင် သူတို့အိမ်လိုက်သွားပြီး လုပ်ကျွေးနေလိုက်”

                        သူတို့နှစ်ယောက် ကတောက်ကဆဖြစ်နေစဉ် ဈေးဝယ်ရောက်လာလျှင် သူက မျက်နှာမှုန်တေဆဲကို ပြင်ဆင်ရကောင်းမှန်းမသိ။ မသက်ပန်တို့ကတော့ ဘယ်လောက်ပဲ သတ်မယ်ဖြတ်မယ် မောင်းကုန်တင်နေလည်း ဈေးဝယ်အရိပ်မြင်သည်နှင့် မျက်နှာထားက ချက်ချင်းချိုရွှင်ဖော်ရွေသွားတော့သည်မှာ မင်းသမီးရှုံးတော့သည်။ ပြီး… အိမ်သားတစ်ယောက်စီကို ဆူပူမြည်တွန်မပျက် ဈေးရောင်းတတ်တာလည်း မသက်ပန်မို့သာဟု မချီးကျူးချင်ပေမယ့် မချီးကျူးပဲ မနေနိုင်ပြီ။ ဒါကြောင့်မို့လည်း သူတို့၏ ကုန်စုံဆိုင်ကလေးဟာ ရပ်ကွက်ထဲမှာ သဘောမနောကောင်းသော ဦးသော်တို့ဆိုင်ဟု ဘယ်သူကမှ ယောင်ရမ်းပြောဆိုဖော်မရပဲ နှုတ်ချို၊ လက်တိုသော မသက်ပန်ဆိုင်ဟုသာ မည်တွင်ကျော်ကြားနေပြန်တာ ဖြစ်မည်။

**********

                        မသက်ပန်ရှိစဉ်ကတော့ သူ့ညီမကို အိုးအိမ်သစ် ထူထောင်ဖို့ တိုက်တွန်းခဲ့ဖူးတာပင်။ မခက်ပန်က အင်း..အဲ.. မလှုပ်သော်လည်း တွေတွေကလေး ငေးနေတတ်တာ မှတ်မိနေသည်။ ပြီး…

“မမ ကတော့ အိမ်ထောင်ရေးကံကောင်းခဲ့တာကိုး ပြောအားရှိတာပေါ့”

                        ..ဟု သူ့ထံ အကြည့်တဝေ့ဖြင့် ဆိုတတ်ခဲ့သေးသည်။ ပြီး… ယောက်ျားတွေဟာ အလွန် မမျှတသော အတွေးအခေါ် ရှိကြကြောင်း၊ အိမ်ထောင်ဦးစီးအရာကို အမိအရယူကာ မင်းမူတတ်ကြကြောင်း၊ မိန်းမတွေကို သူတို့၏ အလုပ်အကျွေးပြုရုံမျှသာ အသိမှတ်ပြုကြတာ ဖြစ်ကြောင်း မဲ့မဲ့ကလေး ဆိုတတ်ပြန်သည်။ ပြီးလျှင် သူ့အား သတိတရဖြင့်..

“အစ်ကိုကြီး ကန်တော့်နော်။ ခက်ပန်ပြောတဲ့ အထဲမှာ အစ်ကိုကြီးတော့ မပါ ပါဘူး”

                        …ဟု ခွင့်လွှတ်ချင်စရာ အပြုံးကလေးဖြင့် တောင်းပန်တတ်သေးရဲ့။

**********

မခက်ပန်ဟာ အကြည့်အပြုံးကအစ သိပ်ကို သိမ်မွေ့တာပဲဟု မကြာခဏ တွေးနေမိတတ်ပြီ။ အိမ်ထောင် ထိမ်းသိမ်းမှုမှာလည်း အိမ်က မသက်ပန်တို့ လိုက်မမီ။

                        မသက်ပန်က စီးပွားရှာရာမှာ အစွမ်းအစ ပြနိုင်သလောက် မိသားစုဘ၀မှာတော့ လစ်ဟင်းပျက်ကွက်မှု များလွန်းခဲ့သည်ပင်။ သူ မသက်ပန်ကို အပြစ်ရှာနေတာ မဟုတ်ပါ။ သူတို့အိမ်ထောင်သက်တစ်လျှောက် အိမ်မှုကိစ္စ၊ မိသားစု ကိစ္စနှင့်ပတ်သက်လို့ မသက်ပန်အပေါ် ဘယ်တုန်းဆီကမှ အပြစ်တင် ပုံမချစဖူး။

                        ပွဲလန်းသွားစရာရှိလို့ အ၀တ်အစား အဆင်သင့်မရှိလည်းပဲ ကိုယ့်ဘာသာ ရှာဖွေကာ သင့်ရာ ၀တ်စားတတ်ခဲ့သည်ပင်။ ကြမ်းခင်းတွေ သဲတရှပ်ရှပ်ဖြစ်နေလည်း အမြင်မတော်လျှင် ကိုယ်တိုင် တံမြက်လှည်းဖို့ ၀န်မလေးခဲ့။ ထမင်းစားပွဲမှာထိုင်စဉ် ဟင်းမချက်အားလို့ အကြောင်းပြလာလည်းပဲ လက်ဘက်သုတ်တစ်ပွဲ၊ ရေနွေးကြမ်းတစ်အိုးဖြင့် ထမင်းမြိန်အောင် စားတတ်ခဲ့သည်။ သမီးတွေ အရွယ်ရောက်လာခဲ့တော့လည်း ချိုသည်၊ခါးသည် မဆိုတတ်ခဲ့ပါ။ သူတို့ ဆင်ပေးတာဝတ်ကာ ကျွေးတာကိုပဲ မညည်းမငြူ စားခဲ့သည်။ ကြိုက်လျှင် မြိန်ရေယှက်ရေ လွေးသည်။ မကြိုက်လျှင် ၀မ်းဝရုံ ဖြည့်သည်။

                        ဒါပေမယ့် သမီးများအား ဆိုဆုံးမရာမှာတော့ မသက်ပန်တစ်ယောက် တဆိတ် နည်းလမ်းမကျဟု ဘ၀င်မကျချင်။ အချို့ကိစ္စများမှာ အမေနှင့်သမီးတို့တတွေ တိုးတိုးတိတ်တိတ် သာယာငြင်းပြောင်းစွာ စကားဆိုသင့်ကြသည် မဟုတ်လား။ မသက်ပန်တို့ကတော့ စွာလောင်မြဲအလေ့ကို မစွန့်။ သမီးအပျိုမတွေကို ဈေးဝယ်ထူထူ၊ လူသူလေးပါးမရှောင် အော်ဟစ်တကြီး ရှိတတ်ပြန်လေတာ။

“သမီးတို့က အရွယ်လေးတွေ ရောက်လာကြပြီ။ မင်း ပြောတာဆိုတာတွေက မဟုတ်သေးဘူး”

“အဲလောက် ပြောတာတောင် ရှင့်သမီးတွေ တော်ကာကျလို့လား”

သမီးကြီး ချစ်သူနောက်လိုက်ပြေးတာ သိသိချင်း ညကြီးအချိန်မတော်မှာ ခုနစ်သံချီဟစ်ကာ ရပ်ကွက်ကို အလန့်တကြား ကြော်ငြာခဲ့သော မသက်ပန်ပါပေ။

“တိတ်စမ်းပါ။ မင်း မရှက်တတ်ပေမယ့် ငါ ရှက်တယ်”

                        ပြောလေမှ ပိုမို အတွန့်တက်ချင်သော မသက်ပန်အား ထိုတစ်ကြိမ် လက်ပြန်တစ်ချက် ရိုက်ခဲ့မိဖူးသည်။ သည် တစ်ကြိမ်တည်းပါပဲ။ သူတို့နှစ်ယောက် ဘယ်လောက်ပဲ အော်ဟစ်တကြီး ဖြစ်ကြလည်းပဲ သူ မသက်ပန်အား ရိုက်နှက်ရန်ဝေးလို့ လက်ဖြင့်ရွယ်ရန်ပင် စိတ်ကူး မ၀င်ခဲ့ဖူးပါ။ သည်တစ်ကြိမ်မှာတော့ ဖခင်တစ်ယောက် အနေနှင့် သမီးအတွက် ပူပန်ဝမ်းနည်းနေခဲ့တာ။ ယူကျုံးမရ နှမျောကြွေကွဲနေခဲ့ချိန်မို့သာ။ သူ့သမီးလေးက ငယ်ရွယ်လွန်းသေးသည်။ ပြီး… သမီးက ဆိုင်မှာ လက်တိုလက်တောင်း အကူခေါ်ခိုင်းထားသော ကောင်လေးနှင့် ထွက်ပြေးသွားခဲ့တာ မဟုတ်လား။ ဒါဟာလည်း အမေလုပ်သူ မသက်ပန်တစ်ယောက် ဇာတ်ကြမ်းတိုက်တာ လွန်သွားခဲ့လို့သာဟု သူက စွတ်စွဲလိုပါသည်။

                        တကယ်က ကြိုးချင်းထားလျှင် ကြိုးချင်းငြိတတ်သော သဘောကို သူတို့ လင်မယားနှစ်ယောက်စလုံး  သိသိကြီးနှင့် မှုမှတ်မထားခဲ့ကြတာ ဖြစ်သည်။ အရပ်ထဲ နားလျှံလေမှ မိဘနားသို့ ရောက်ခဲ့လျှင်တော့ ငယ်ထိတ်မြွေပေါက်သလို ခံစားခဲ့ကြရတာလည်း မိဘ နှစ်ဦးစလုံးပါပင်။ ကောင်လေးကို အလုပ်ထုတ်ပစ်ခဲ့တာအထိ မသက်ပန်ကို သူ ထောက်ခံဆဲ။ သမီးကို အိမ်ထဲမှာပဲ အကျယ်ချုပ်ထားကာ စောင့်ကြည့်နေကြစို့ဟု မသက်ပန်က ဆုံးဖြတ်သည်။ သူ့အစ်ကို အကြီးဆုံးရှိရာ တစ်မြို့တစ်ရွာသို့ စေပို့ထားရန် သူက အဆိုပြုခဲ့သည်။ ထိုအဆိုကို မသက်ပန် ပယ်ချခဲ့ခြင်းဟာ သာမန် ၀န်ထမ်းဖြစ်သော အစ်ကိုကြီးက နွမ်းပါးလို့ မပတ်သက်ချင်ခဲ့တာလားဟု သူ သံသယရှိလေသည်။ မသက်ပန်ဟာ ဆွေရယ်မျိုးရယ်လို့ ခင်မင်ကျွမ်းဝင်ရကောင်းမှန်း နားမလည်။ အမူအကျင့်က အလွန်  ဥတစ်လုံး ဆန်လှတာ။ သူ့သမီးကို သူ့မျက်စေ့ရှေ့မှောက်က အပျောက်မခံချင်၊ မျက်ကွယ်မှာ စိတ်မချနိုင်တာလည်း ပါမည်ပင်။ ဒါပေမယ့် သမီးကို အေးအေးသာသာ နားချပါတော့လား။ ခုတော့ လူကြားမကောင်းစကားတွေနှင့် သမီးကြီးကို အရှက်သည်းစေခဲ့သည်။ သမီးငယ်နှစ်ယောက်ကိုပါ မဆီမဆိုင်ဆွဲထည့်ကာ ကြိမ်းမောင်းပစ်တင်သည်။ သမီးကြီး၏ တလွဲမာနနှင့် သတ္တိကို မီးလောင်ရာ လေပင့်ပေးဖို့ မသက်ပန်သည် နှုတ်စကားတွေ ပေါက်ပေါက်ဖောက်ရင်း အားဖြည့်ပေးခဲ့လေတာ ကိုယ်တိုင် သတိပြုမိခဲ့ပါရဲ့လား။

***********

                        မသက်ပန်နှင့် သူ့ကြားမှာ အခေါ်အပြော စိမ်းတန်းပြတ်တောက်ခဲ့ရတာ အရှည်ကြာဆုံးသော ကာလ တစ်ခုပေ။ သမီးအတွက် စိတ်နှလုံး ညှိုးချုံးနေရတာခြင်းအတူတူ လက်ပါသည်အထိ ဒေါသပေါက်ကွဲခဲ့သော သူ့အား မသက်ပန်က စိတ်နာမပြေ။ သူကလည်း အရေးအကြောင်းကြုံလျှင် နှုတ်စကားတွေ ဖွာဖွာကြဲကာ ဦးတည်ရာပျောက်သွားရတတ်သည့် မသက်ပန်ကို စိတ်ခုနေမိဆဲ။ သမီးတို့ကို သူ့ကောင်လေးတွေဘက်က ပြန်သိမ်းထားသည်တဲ့။ သမီး၏ ကောင်လေးတွေဘက်မှ စတင်ဆက်သွယ်လာမည့်အချိန်ကို နှစ်ဦးသား မတိုင်ပင်ပဲ ကြိတ်မျှော်ကာ စိတ်မောနေခဲ့ကြပြန်တာပင်။ ဒါပေမယ့် ကောင်လေး၏ မိဘများဘက်မှ ဆက်သွယ်မလာခဲ့တာ လချီကြာလာခဲ့လျှင်တော့ မသက်ပန်တစ်ယောက် ၀သီပါ အတိုင်း အသံမြည်လာခဲ့ပြီ။

“အဲဒီ မိန်းခလေးအကြောင်း ငါ့ရှေ့မှာ လာမပြောနဲ့”

                        ပြောမိပြောရာ ပြောချခဲ့ကာ ရင်တွေပူနေခဲ့ရတာ ဖြစ်သည်။ တစ်ရှက်က နှစ်ရှက်ဖြစ်တော့မည်။ ဘယ်သို့ဘယ်ပုံပြုရမည် မတွေးမကြံတတ်ပဲ ရှိဆဲ သမီးနှင့် သမက်တို့ အိမ်ပေါ်ရောက်လာခဲ့ကြတာ မသက်ပန်ကြောင့်ဟု မျက်နှာလွှဲထားလျှက်က သူသိနေပါသည်။

“မင်္ဂလာကိစ္စ အ၀၀က ကျုပ်တို့တာဝန်ချည်းပဲ”

“ဟ.. ယောက်ျားလေးရှင်ဘက်က ဒီလို မျက်နှာလွဲ၊ ခဲပစ်လုပ်လို့ရမလား။ လူထဲ နေကြတဲ့ သူတွေ..”

“လူထဲနေပေမယ့် အသိ မရှိဘူး။ ငွေလည်း မရှိဘူးတဲ့ရှင်။ ကဲ.. ရှင် လူမြင်တင့်တယ်ချင်ရင် ရှင့်သားမက် မဟာဒုတ်ကလေးကိုပဲ ဇောတိကဖြစ်အောင် ချီးမြှင့်ပေးလိုက်ပါဦး”

                        မိန်းခလေးရှင်ဘက်က ဦးစီးကျင်းပသော မင်္ဂလာပွဲကို မျက်နှာငယ်ငယ်နှင့် လာဧည့်ခံပေး၊ ကန်တော့ခံပေးကြသော ခမည်းခမက်လက်သစ်တွေကို သူတို့ကိုယ်စား စာနာစွာ အားနာမျက်နှာပူနေခဲ့သေးတော့။

“ရှင်က အားနာနေပါ။ သူတို့ အသိုင်းအ၀ိုင်း လက်တစ်ဆုတ်စာက လူကြုံကမ်းလိုက်တဲ့ လက်ဖွဲ့ပစ္စည်းနဲ့ ငွေတွေ ရောက်မလာဘူးတဲ့။ ရှင်သိလား”

“ဟာ… ဘယ်လောက် အဖိုးတန်တာတွေ ပါနေလို့ ဖြတ်ယူထားရတာတုန်း။ မကြံကောင်း၊ မစီရာ..”

“စားကောင်းတာ၊ မစားကောင်းတာ သူတို့ မှာ မရှိဘူး။ ရှင့် ခမည်းခမက်တွေက အမြီးကျက် အမြီးစားတွေဆိုတာ ရှင် သိအောင်ပြောပြတာ။ ရှင့် သမက်တော်ဖျားလည်း ကြားသိရသလောက်တော့ ဒီအချိုးအတိုင်းပဲ”

                        တုန့်ပြန်စကား ရှာမရအောင် ရင်ထဲ ဆို့ကြပ်နင့်သီးနေဆဲ…

“အရက်ဆိုင်မှာ သောက်စားမူးရူးပြီး တွေ့ရာလူကို ရန်စ။ ဟိုတစ်ဘက်က ဒုတ်ဆွဲ၊ ဓါးဆွဲ ကွဲပြဲလာတော့ ချုပ်ရိုးပြပြီး ရော်ကြေးဝိုင်းတောင်းကြသတဲ့”

                        သမီးကြီးရယ် ဟုသာ ယူကြုံးမရ ညည်းမိတော့သည်။ ကိုယ့်ခြံဝင်လျှင် ကိုယ့်နွားဟု သတ်မှတ်ရမှာပေမယ့် မိသားစုထဲမှာ ဆင်းရဲ၊ ချမ်းသာ အပထားလို့ ကိုယ့်ကျင့်နှင့် စာရိတ္တလေးတော့ ကြံ့ခိုင်မားမတ်စေချင်မိရဲ့။

“အလတ်မကိုလည်း ဒီအတိုင်းထားလို့ မဖြစ်တော့ဘူး။ ဒီဆယ်တန်းကို ဖြေလာခဲ့တာ ဘယ်နှစ်နှစ် ရှိနေပြီလဲ။ ကျူရှင် အကြောင်းပြပြီး ယောင်းမ မြင်းစီးထွက်တော့မှ ရင်ကျိုးရရင် နှစ်ခါဆို မခံနိုင်ဘူး”

                        ဆိတ်ဆိတ်နေလျှက် ၀န်ခံမိရတော့သည်။

***********

                        ခုတလောမှာ သူ အနေအထိုင်ပိုမို တိတ်ဆိတ်ငြိမ်သက်လာခဲ့ပြီး အတွေးတစ်လှေမှာ မခက်ပန်နှင့်အတူ နှစ်ကိုယ်တူဘ၀ကို တည်ဆောက်ရင်း စိတ်ချမ်းသာမှု ရှာနေမိတော့သည်။

                        အထူးသဖြင့် သမီး၊သားမက်များ သူ့သြဇာကို လက်မခံ၊ ဖီဆန်ကြသည့် အခါတိုင်း။ သို့မဟုတ် မသက်ပန်ရှိစဉ်က အနားမျှ မသီရဲခဲ့သော သူ့ ညီအစ်ကို၊ မောင်နှမများ၏ ကျားပိန်တွယ်နည်းပေါင်းစုံဖြင့် အနိုင်ကျင့်ခံရသည့် အခါတိုင်း ဖြစ်သည်။

                        မသက်ပန်သည် ခင်ပွန်းနှင့် သားသမီများအတွက် အစစ၊ စွမ်းဆောင်ဖြည့်ဆည်းရင်း တင့်တောင့်တင့်တယ် လုပ်ငန်းစီးပွားတစ်ရပ်ကို စွန့်ခွာချန်ထားရစ်ခဲ့သော်လည်း ကိုယ်တိုင်အတွက်တော့ ငွေကြေး တစ်ပြားတစ်ချပ်ပင် သုံးစွဲခွင့် မရခဲ့တာ သူ စိတ်မကောင်းပါ။ ရုတ်တရက်၊ ချက်ချင်းကြီး နှုတ်မဆက်၊ လက်မပြအားလောက်အောင် မသက်ပန်အား အလောတကြီး ခေါ်ငင်ဆွဲယူသွားရက်သော ရှင်သေမင်း၏ ရက်စက်မှုမှာ သူ လူးလိမ့်ပူဆွေးခဲ့ရသည်။ ယူကျုံးမရ တသ ကြေကွဲခဲ့ရသည်။

                        အဲဒီညနေရီမှာ မသက်ပန်ဟာ ဆံပင်အုံတစ်ထွေးကြီးနှင့် ဦးခေါင်းကို ဇိမ်ပြေနပြေ လျှော်နေလိုက်တာ အကြာကြီးပေ။ ထုံးစံအတိုင်း သူအပါအ၀င် အိမ်သားအားလုံးကိုလည်း တစ်ဖျစ်တောက်တောက် မြည်တွန်မပျက်ခဲ့။

                        သမီးကြီးနှင့် သူ့ခင်ပွန်းလည်း အလည်ရောက်နေခဲ့ကြသည်။ သူက မြေးပေါက်စကို မြှူချော့နေမိခဲ့သည် ထင်၏။ မြေးငယ်ကို အတူထားကာ ချစ်ကြင်နာလိုလှသော်လည်း သူ့အဖေကို မျက်စေ့စပါးမွေးစူးလွန်းလှကာ သီးမခံနိုင်တော့သည့်အဆုံး မြေးငယ် အခါလည်ကျော်အရွယ်မှာ ထိုက်သင့်သလောက် ပေးဝေရင်းနှီးကာ အိမ်ခွဲဆင်းစေခဲ့ရသည်။

                        သမီးလတ်ကတော့ အိမ်ထောင်ကျစကတည်းက ယောက္ခမအိမ် လိုက်နေခဲ့သည်။ သမီးလတ်က အဖေတူမို့ အေးစက်စက်။ မသက်ပန် စိတ်တိုင်းကျခဲ့သော သူ့အိမ်သားကတော့ ရိုးလွန်းသည်သာမက နုံအသည့်ဘက်တောင် ရောက်နေပြန်သည်မို့ ခုတော့ မသက်ပန်တစ်ယောက် အားမလို၊ အားမရ ရှိနေခဲ့ပြီ။ ထားရာနေ၊ စေရာသွားသည့် သားမက်ကို တောင့်တခဲ့သော မသက်ပန်တစ်ယောက် ခိုင်းမှလုပ်တတ်သော သားမက်တော်ကို ငြို ငြင်စပြုခဲ့ပြီ။

                        သမီးငယ်ကိုတော့ အရိပ်ကြည့်နေရတော့တာပင်။ သူကလေးက တစ်မိပေါက် တစ်ယောက်ထွန်းကာ တက္ကသိုလ် ရောက်ခဲ့သည်။ အဝေးသင်တက္ကသိုလ်မှာ နောက်ဆုံးနှစ်စာမေးပွဲတောင် ဖြေဆိုဖို့နီးနေပြီ။ မကြာခင် ကျောင်းပြီးတော့မည်။ ဒါပေမယ့် ပညာပိုတတ်လာသလောက် မိဘတို့၏ ပြောတတ်ဆိုတတ်သလို ပြောဆိုပြုမူဆုံးမမှုတွေက သမီးငယ်နှင့် အလှမ်းကွာဝေးလို့ လာခဲ့ပြန်ပြီ။

“တိုးတိုးပြောပါ မေမေရယ်။ လူကြားမကောင်းပါဘူး”

“မတိုးဘူးဟယ်။ ကျယ်ကျယ်ပဲ။ ဘာဖြစ်လဲ။ ကျုပ်တစ်သက်လုံး ဒီလိုပဲ ပြောလာတာ။ ဘယ်သူ့ေ-ာက်ဂရုစိုက်နေရဦးမှာလဲ”

                        အလွယ်တကူ မျက်ရည်လည်တတ်သူမှာလည်း တစ်အိမ်လုံးမှာ သည် သမီးငယ် တစ်ယောက်သာ။

“ညည်း ရှက်တတ်ရင် ကျုပ် စိတ်တိုင်းကျအောင်နေ။ ကျုပ် သဘောမတွေ့တာ လုပ်လာလို့ကတော့ ကျုပ်က ခုနစ်သံချီ ဟစ်ပစ်မှာပဲ”

                        ဆိုပေမယ့် ထိုနေ့က မှောင်စပြိုးချိန်အထိ သမီးငယ် အိမ်ပြန်နောက်ကျခဲ့တာ။ ခေါင်းလျှော်ပြီးစ ဆံပင်ထွေးကြီးကို ဖားလျားဖြန့်ချထားကာ သနပ်ခါး အဖွေးသား၊ လုံချည် ရင်လျားနှင့် နှုတ်ကလည်း အိမ်ပြန်မရောက်သေးသော သမီးကို စိတ်မှန်းရောက်ကာ တတွတ်တွတ်ဆီမန်း မန်းနေပြန်တော့တာ။ စုန်းမကြီး ကျနေတာပဲ။ ငြိုငြင်မိသည့်ကြားက သူ ပြုံးလိုက်မိသေးသည် ထင်၏။

“ဘာရှာနေတာလဲ”

“ဆေးပုလင်းရှာတာ။ ခေါင်းထဲ မူးနောက်နောက် ရှိလို့”

“မူးဦးမှာပဲ။ ကျပ်ကျပ် ဒေါသ ရှေ့ရောက်”

                        ကျီစယ်သယောင် ပြစ်တင်ချင်သေးသော သူ့အား ထုံးစံမပျက် မျက်စောင်းတစ်ချက် ပစ်ကြွေးထားခဲ့ ပြီး ဆေးကို တစ်ရှိန်ထိုး မော့သောက်၊ ရေတစ်ခွက်ပါ ဆင့်သောက်ချလိုက်ရင်း အိမ်နောက်ဖက်ဆီ လှမ်းဝင်သည်။ တပိုတပါးသွားသည်ဟု စိတ်အေးလက်ချရှိဆဲ…

“ဦး…သော်”

                        မသက်ပန် သူ့ကို အားကိုးတကြီး လှမ်းခေါ်ခဲ့သေးသလား။ ၀ုန်းခနဲ လဲပြိုသံကြောင့် သူ လွှားခနဲ ပြေးဝင်သည်။

“မသက်ပန်”

                        ပုံလျှက်သား ပြိုလဲခွေခေါက်နေသော မသက်ပန်အား စိုးရိမ်တကြီး ပြေးပွေ့လိုက်သည်။ သားသမီးတွေ ၀ိုင်းအုံလာကြသည်။

“မေမေ..”

                        မတုန့်ပြန်ပါ။ စိတ်မြန်လက်မြန်ရှိသလောက် ဘယ်သူ့ကို မဆို ပက်ခနဲ ခွန့်တုန့်ပြန်တတ်သော မသက်ပန်တစ်ယောက် ဘယ်တော့အခါမှ မတုန့်ပြန်နိုင်တော့ပြီ။ သားမက်အကြီးက ဆိုင်ကယ်တစ်စီးဖြင့် ပြေးပြေးလွှားလွှား ဆရာဝန်ပင့်ခေါ်လာခဲ့သေးသော်လည်း မသက်ပန်တစ်ယောက် အခါများစွာတုန်းကလို  သံသာညံစာ မကြိုဆိုနိုင်တော့ရှာ။

“မေမေ့…..”

                        သမီးတို့ သံပြိုင် အော်ငိုလိုက်ကြသည်။ သူကတော့ ယုံကြည်ဖို့ ခက်ခဲနေဆဲ။ ဆေးလေးတစ်လုံးတောင် ထိုးမပေးလိုက်ရပါလား မသက်ပန်ရယ်ဟု ယူကြုံးမရ။

“မသက်ပန်ရေ…”

**********

                        ဘာပဲ ဖြစ်ဖြစ် မခက်ပန်ကို အမြန်ဆုံး ဖွင့်ပြောလိုက်တော့မည်။

                        မခက်ပန်က သူ့အား လေးစားရင်းစွဲဖြင့် တောက်တောက်ခါးခါးတော့ စိမ်းကားရက်စက် နိုင်မည် မထင်။ ဒါပေမယ့် ချက်ချင်းကြီးတော့လည်း တုန့်ပြန်ရဲမည် မဟုတ်ပါ။ သူ သိပ်တော့ မစောင့်ဆိုင်းချင်ဘူး။ သူတို့ဘ၀ရဲ့ လက်ကျန်နေ့ရက်တွေက တတိတိပါးလျလို့လာနေတာ မဟုတ်လား မခက်ပန်ရဲ့ ဟု ပြောပြတိုက်တွန်းရဦးမည်။ အားနားပေမယ့် သူ့ကို ခွင့်လွတ်ပးဖို့ မသက်ပန်ကို တမ်းတ တိုင်တည်မိတာလည်း အခါပေါင်း မြောက်များစွာပေ။

                        သမီးတို့ကရော ဖခင်၏ ငယ်မူပြန် ခံစားချက်ကို နားလည်ခွင့်ပြုနိုင်ပါ့မလား။ အခွင့်သင့်လျှင် သမီးကြီးကို အလျှင်ဦးဆုံး ဖွင့်ပြောတိုင်ပင်ရမည်။ သမီးလတ်ကတော့ အနေအေးသမားမို့ သိပ် ကိစ္စမရှိ။ အကဲဆတ်ကာ ဖခင်ကို ၀န်တိုပူပန်တတ်သော သမီးငယ်ကို သမီးကြီးကမှ တဆင့် သိစေမည်။ ဒါပေမယ့် သမီးတွေကတော့ ဖခင်၏ အရေးကိစ္စကို ရိပ်မိဖို့ဝေးလို့ အမေရှာဖွေစုဆောင်းခဲ့သော ပစ္စည်းဥစ္စာစာရင်းကိုသာ ပိုမိုအာရုံဝင်စားနေကြပြန်သည်ထင့်။ သမီးလတ်က ယောက္ခမနှင့် နေရတာ အဆင်မပြေတော့ဟု ညည်းငြူငိုကြွေးပြလာသည်။ အိမ်ငှားနေမလားဆိုတော့…

“အိမ်ငှားဘ၀နဲ့ မနေတတ်ဘူး”

                        မခြောက်သွေ့တတ်သေးသော မျက်ရည်တွေကို ခပ်ကြမ်းကြမ်းပွတ်သုတ်ကာ မျက်နှာမော့ချီလျှက် တင်းတင်းဆိုသည်။ သမီးကြီးကလည်း အိမ်ငှားဘ၀မှာ နေ့စဉ်ကြုံဆုံရင်ဆိုင်ရသမျှ ဒုက္ခ၊ သောကတို့ကို ခိုညည်းသလို ညည်းရင်း တစေ့တစောင်း မြှောက်ထိုးပင့်ကော်ပြုနေပြန်ပြီ။ အမွေ ဆိုစကားကို သူတို့ သွယ်ဝိုက်ဆိုနေကြတာ ရိပ်မိနားလည်ပါသည်။ သူ့မှာ ၀တ္တရားရှိရုံမျှမက စေတနာလည်း ရှိပါသည်။ သို့သော် ဖေဖေစီစဉ်ပါ့မယ် ဆိုစကားမှ မဆုံးမီ…

“ရှင်က လက်ရှိ၊ အတွင်းလူလေ”

                        ညီမငယ်ကို ပုတ်ခတ်နှင့်ကြပြန်ပြီ။

“အဲဒါ ဘာဖြစ်လဲ။ ညလေးက ဖေဖေ၊ မေမေတို့နဲ့ ဒိုးတူပေါင်ဖက် ဒီနေ့အထိ နေနေတာလေ။ မမတို့သာ မရှက်မကြောက် ဖေဖေမသေခင် အမွေလုချင်နေကြတာ”

“ကဲ.. တော်ကြစမ်း”

                        ဆိုသည့်တိုင် တစ်ယောက်နှင့်တစ်ယောက် စောင်ပေနေကြဆဲ။ ငြူစူ စောင်းမြောင်းကြဆဲ။ 

                        မသက်ပန်ကို ဆိုလျှင် သူတို့ ဒီလို ဆိုစကားတွေ နှုတ်ထွက်ရဲကြလိမ့်မည်မဟုတ်။ မသက်ပန်ကလည်း သီးခံမည့်သူ မဟုတ်ပေ။ သူ့ကိုတော့ သက်ရှိထင်ရှား အဖေရယ်လို့ သိမှတ်ကြရုံထက် မပိုနိုင်ကြတော့ဘူးထင့်။

***********

                        သူ့ကုန်စုံဆိုင်၏ မတည်ရင်းနှီးထားမှု၊ လည်ပတ်ငွေ၊ ပြီး.. အတွင်းပစ္စည်းပမာဏ ဆိုတာတွေအားလုံးကို သူ ဘယ်တုန်းဆီကမှ စိတ်မ၀င်စားခဲ့စဖူး။ မသက်ပန် ရှိစဉ်တုန်းကတော့ အစစ၊ အရာရာ မသက်ပန်သာ …။ ခုတော့ ဒါတွေကို သူ သိဖို့ လိုအပ်လာခဲ့ပြီ။

သမီးကြီးတို့၏ ကိုယ်စီမိသားစုဘ၀၊ လက်မလွတ်သေးသော သမီးငယ်၏နောင်ရေး..။ ပြီး သူနှင့် မခက်ပန်တို့၏ အနာဂါတ်ဘ၀အရေးကိုလည်း မျှော်တွေးထည့်တွက်သင့်သည် မဟုတ်လား။

အားလုံးအဆင်ပြေစေဖို့ သူ ရည်ရွယ်ကြိုးပမ်းနေဆဲ…သမီးကြီးကဖြင့် အိမ်တစ်လုံးတောင် ဈေးဆိုင်ထားနှင့်ပြီ ဆိုပါလား။

“ငါ့ဆီက ပိုက်ဆံကို  လက်ဖ၀ါးဖြန့်ရုံနဲ့ အလိုလိုကျလာလိမ့်မယ်လို့များ သင်းတို့ ထင်နေကြတာလား”

                        သူ နည်းနည်းတော့ စိတ်ကွက်ချင်မိခဲ့သည်။

“အနှေးနဲ့ အမြန်တော့ ကျလာမှာပဲလို့ တွက်ထားကြမှာပဲလေ။ ဖေဖေ့ဆီက မရခင် တခြားက ဆွဲလွဲပြီး စာချုပ်လိုက်ကြပြီ ဆိုလားပဲ။ ဖေဖေ မပေးပဲ နေလို့မရအောင် တိုက်စစ်ဆင်နေတာ ဖြစ်မှာပေါ့”

“ဟာ.. မိုက်မဲလိုက်ကြတဲ့ ဟာတွေ”

                        သားမက်နှင့် သမီးကြီးတို့ကတော့ ပေါ့ပါးရယ်မြူးရိပ် မလျှော့။

“တန်လွန်းလို့ပါ ဖေဖေရဲ့။ လက်လွတ်မှာလည်း စိုးလို့ပါ။ အားလုံး အပြေ မချေရသေးဘူး ။ တချို့တစ်ဝက်ပဲ။ ဒါတောင် လိုတဲ့ငွေအားလုံး အန်တီလေးဆီက ဆွဲရတာ။ တခြားသူဆီက ယူရရင် ဘယ်လွယ်မလဲ”

                        မခက်ပန်က တူမတွေ၏ အရေးကို ပူပန်ကူပံ့ပေးရကောင်းမှန်းလည်း သိသတဲ့။ သူ ရင်ထဲနွေးလှသည်။ ဒီ အခိုက်အတန့်ဟာ သမီးတို့ကို ဖွင့်ဟ တိုင်ပင်သင့်သော အချိန်ပဲ။ အိုး.. ဒါပေမယ့် မခက်ပန်ကို အရင် ဖွင့်ပြောတိုင်ပင်သင့်တာ မဟုတ်လား။ သမီးကြီးတို့ ပေးရန်ရှိသော ငွေကို ပြန်ပေးနိုင်ချိန်ကျမှ ကျေးဇူးစကားဆိုရမည်။

“ကိုယ့်သမီးတွေကို ခုလို ဖေးမဖော်ရတာ သိပ်ကျေးဇူးတင်တာပဲ။  သမီးတို့တွေကတော့ မခက်ပန် ကူညီပေးလို့ အသီးသီးအသက အဆင်ပြေလို့၊ ပျော်ရွှင်လို့။ ကိုယ်တစ်ယောက်ပဲ…”

                        စိတ်ကူးမှာ ရှက်နွေးရင်ခုန်လျှက် ပစ္စည်းခန်းကို အမြန်ပြတ်အောင်ဖြတ်ရတော့မည်ဟု သူ အားစိုက်ကြိုးပမ်းဆဲ..။

**********

                        ခုလိုနာဖျားမကျန်းရှိချိန်ကျတော့လည်း မခက်ပန်ကို အနားမှာ ရှိစေဖို့ သူ တောင့်တတတ်လာခဲ့ပြန်တာပဲ။ ရန်ကုန်မှာ ဆေးပြဖို့ ဒီရက်တွေထဲ တစ်လုံးလုံး၊ တတွဲတွဲ ရှိနေတတ်ကြသော သမီးကြီးနှင့် မခက်ပန်ပဲ လိုက်ပို့ပေးခဲ့ကြတော့ ရောဂါကို သူ မကြောက်တော့။ သူတို့ ခေါ်ရာလိုက်ကာ၊ သူတို့ပြောပြသမျှ စေ့ငုမိသလောက်တော့ သူ့ ရောဂါ အဆောက်အဦးဟာ မသေးကွေး၊ မပေါ့ဆ တန်ရာ။ ဒါပေမယ့် သူ့အား ဘာမှ မပြောကြ။ ဘယ်သူ့ကိုမှလည်း မေးစမ်းမရ။

“ဘာမှ မကြောက်နဲ့နော် ဖေဖေ၊ စိုးရိမ်စရာ မရှိဘူးလို့ ဆရာကြီးက ပြောလိုက်တယ်”

ဘယ်လိုပင် ပြောလာကြပေမယ့် ရိုးတိုးရိပ်တိတ် အသိနှင့်ပင် သူ တုန်လှုပ်နှင့်နေခဲ့ပြီ။ စိတ်ကူးအိမ် ပြိုကွဲကာ ကံ စေပြုသမျှ နုရတော့မှာလို ခြောက်ခြားသွေးပျက်နေလျှက် ဆောက်တည်ရာမဲ့ဆဲ…

“ဆရာကြီးက ခုလောလောဆယ် ဆေးရုံကဆင်းပြီး အိမ်ပြန်နားဖို့ပြောတယ်။ သောက်ဆေး တစ်လစာ ပေးထားတယ်”

                        ဆိုလာတော့ သူ့ရောဂါက ကုသ ပျောက်ကင်းရန် မျှော်လင့်ချက်မရှိတော့ပြီ ဟု လက်လျှော့လိုက်ကြပြီ ထင်၏။ ဘာပဲ ဖြစ်ဖြစ် ရင်ဆိုင်ရမှာပဲ။ မသက်ပန်တောင် သူ့ထက် နှစ်နှစ်ကျော်ကျော် စောစီးစွာ ရင်ဆိုင်သွားနှင့် ခဲ့သေးတာပဲ။ မသက်ပန်ရေ.. ကျုပ် လိုက်ခဲ့မယ်။ ဒါပေမယ့် မသက်ပန် ခေါင်းချခဲ့တဲ့ အိမ်မှာပဲ ပြန်သေချင်တယ်။

                        ဒါပေမယ့် အိမ်ပြန်ရောက်ရောက်ချင်း သူ မသေနိုင်သေးတာ ဆိုးတာပဲ။ ဆရာဝန်ကြီးတွေ ပေးလိုက်သော ဆေးဝါးမျိုးစုံကို သောက်မြိုနေရသည်။ ဖြစ်နိုင်ရင် ဘာဆေးမှ မသောက်ချင်ဘူး။ ဆေးသောက်ရတာ ရောဂါခံနေရသလောက် ပင်ပန်းသည်။ ဒါပေမယ့် ရောဂါက မလျှော့။ အကောင်းသားကနေ ရုတ်တရက် အသက်ရှူကြပ်လျှက် မျက်ဖြူဆိုက်ရတတ်တာ။ ပြီး ပေါင်တစ်ဖက်က တဆစ်ဆစ်ကိုက်ခဲနေတတ်သည်။ အဲဒါကရော ရောဂါလက္ခဏာ တစ်ခုပဲလား မသိပေမယ့် ခံရချက်ကတော့ ဆိုးဝါးလိုက်တာ။ တစ်ပါတ် တစ်ခါလောက် ဖြစ်နေရာက ခုနောက်ပိုင်း ကိုက်ခဲရက်တွေ စိတ်လို့လာသည်။  သေမယ့် ရောဂါဆိုလည်း သေပါရစေ။ မသေမီ ကိုက်ခဲနာကျင်မှုဖြင့် အော်ဟစ်ညည်းငြူနေရသည့် အဖြစ်ကိုတော့ ကယ်တင်ကုစားပေးကြပါ။

                        ဒါပေမယ့် တစ်လပြည့်လို့ ဆေးရုံကိုပြန်သွားလည်း ဘာအကြောင်းမှ မထူးတော့ဘူးဟု သူ့ အိပ်မက်မင်းသမီး မခက်ပန်က ယတိပြတ် ဆိုရက်ခဲ့ သတဲ့။ ဘုရား…။ မခက်ပန်ဟာ သူ့အပေါ် ဒီလောက် စိမ်းကားရက်စက်တတ်ခဲ့လိမ့်မည်ဟု ဘယ်တုန်းဆီကမှ မထင်ရက်ခဲ့စဖူး။ ထိုခဏငယ်မှာပင် လှိုက်လှဲဝမ်းနည်းလာတော့လျှက် မျက်ရည်လည်ချင်သည်။  သေမှာဖြင့်လည်း သေပါရစေတော့။ ဒါပေမယ့်  မသေမီ ခံရချက်ဆိုးဝါးသော နာကျင်ကိုက်ခဲမှုလေးလောက်တော့ သက်သာရာ ရချင်ပါသည်။ သက်တောင့်သက်သာ ငြိမ်းငြိမ်းချမ်းချမ်းလေး နှလုံးသွင်းမှန်စွာ ဘ၀ ကူးပါရစေ။

“ငွေပို အကုန်မခံနဲ့။ သူစားချင်တာလေးကျွေးကြ၊ အားရအောင် ခြေဆုတ်လက်နယ်ပြုကြ”

                        သူ့ မျက်ကွယ်ရာမှာ ပြောထွက်ခဲ့ကြသော မခက်ပန်၏ စကားကို သူ့ဆီ ဘယ်သူ သယ်ဆောင်လာခဲ့သလဲ။ သမီးတွေကလည်း နားယောင်ကြသည်ပင်။ မသက်ပန်၏ သမီးတွေဟာ ဒီလောက် ဆင်ခြင်ဥာဏ်နည်းကြသလား။ သမီးကြီးကတော့ ဆိုဖွယ်ရာကို မရှိ။ မခက်ပန်၏ ကျေးဇူးခံ၊ ကျေးဇူးစား သစ္စာတော်ခံ ၊ သြဇာခံ လုံးလုံးဖြစ်နေပြီ။  လောဘကွယ်ကာ မောဟတိမ်သလ္လာ ဖုံးနေလေတော့ အမှန်ကို မမြင်နိုင်ကြတော့ပြီထင့်။

                        ဒါပေမယ့် သမီးတို့ ဖေဖေ့အား ငဲ့ညှာသင့်ပါသည်။ ဖေဖေ့ကို ဆေးရုံမပို့ပဲ ဟိုမှ၊ သည်မှ ဆေးမြီးတိုလေးတွေနှင့် စတိသဘော ကုပေးနေရုံနှင့် ဖေဖေ ထူးခြားသက်သာ မလာနိုင်တာလောက်တော့ တွေးကြည့်ပေးသင့်ပါသည်။ မခံမရပ်နိုင်လောက်အောင် အသည်းအသန် ရောဂါဖောက်လေလျှင် နီးစပ်ရာ အထွေထွေရောဂါကု ဆရာဝန်လေးနှင့် လက်ပူတိုက်ကုသစေကာ ကမ္မသကာ မလုပ်သင့်ပါ။

“ငါ့ကို ဆေးရုံပြန်ပို့ပေးကြပါ။ ငါ သေရမှာ ကြောက်လို့ မဟုတ်ပါဘူး။ ကိုက်ခဲနေတာလေး သက်သာရုံဆို တော်ပါပြီ။  ငါ သက်သက်သာသာလေး သေချင်လို့ပါ”

“ဆေးရုံဆိုတော့ ကျန်တဲ့သူတွေမှာ တာဝန်ကြီးတာပေါ့ အစ်ကိုကြီးရယ်။ ဆေးရုံမှာဆိုရင် အစ်ကိုကြီးကို ဘယ်သူမှ ခြေဆုတ်လက်နယ် မပြုနိုင်ကြတော့ဘူး။ အလုပ်တွေလည်း နောက်မှာ ကိုယ်စီကျန်ခဲ့ကြတော့ သူတို့လည်း နောက်ဆန်ငင်ကြရမှာ မဟုတ်လား”

                        သူ မသိချင်ပဲ သိလိုက်ရပြီ။ မခက်ပန်ဟာ အကြောင်းပြစကားလှလှတွေနှင့် နှစ်သိမ့်ပေးနေတာ သက်သက်ဆိုတာ။ သူ့ကို လက်လရှည်ကြာ ဆေးဝါးကုသပေးရင်း သူ့ပိုင်ဆိုင်မှုတွေ လုံးပါးပါးလာခဲ့လျှင် သမီးကြီးတို့ထံမှ ရရန်ငွေကြွေုးတို့ကို ပြန်ရဖို့ လက်ခက်တော့မှာ မခက်ပန်တစ်ယောက် တင်ကြိုပူပန်နေသည် မဟုတ်လား။  ဆေးကုသစားရိတ်လောက်နဲ့တော့ သူ့စည်းစိမ်တွေ ကုန်မသွားလောက်ပါဘူးဟု ပြောလိုက်ချင်သည်။

“ကင်ဆာဆိုရင် ကုမရတာ များတာပဲ။ နှေးတာ မြန်တာပဲ ကွာတယ်။ ပျောက်မှာသေချာရင်တော့ ဘယ်လောက်ကုန်ကုန် အကြောင်းလားကွယ်။ အခုက ဘယ်လောက်ကြာကြာ ကုရမယ်မှန်းလည်းမသိဘူး။ ရှိတာတွေ ဖြူခါပြာခါ ကျမှ သူက သေသွားရင် ကျန်ခဲ့တဲ့ နင်တို့ပဲ ဒုက္ခရောက်ကြမှာ”

                        အမှန်က သမီကြီးဆီက သူရဖို့ ကျန်တဲ့ ငွေကြေးတွေ ဆုံးရှုံးသွားမှာ စိုးရိမ်နေတာ။ ဒါပေမယ့် ဒုက္ခနဲ့ လှည့်ခြောက်တော့လည်း သမီးတို့ ကြောက်ရွံ့ ရှာကြမည်ပင်။

                        ရေခဲတုံး သားမက်နှင့် သမီးကလည်း အားကိုးမရ။ အချောင်သာ ရချင်သူ သားမက်နှင့် သမီးကြီးကတော့ ဆိုစရာပင် မရှိ။ အတူနေ သမီးလေးကလည်း အဖေ ဘယ်လောက် ညည်းငြူနေပါစေ။ အလှပြင်မပျက်။ ဈေးရောင်းမြဲလျှက်။

                        ခါတရံ သူမျက်ရည်ကျလျှင် နာကျင်ကိုက်ခဲမှုကြောင့်ဟု ထမင်းရည်ပူ လျှာလွှဲချင်ကြသေးသည်။ မှန်တော့လည်း မှန်ပါရဲ့။ ဒါပေမယ့် အသည်းနှလုံး၏ အတွင်းနက်နက် တစ်နေရာက ပို့လို့နာကျင်ရသောကြောင့်ဆိုတာ သူတို့ တကယ် မစာနာ၊ မသိတတ်ကြဘူးလား။ မသက်ပန်သာ ရှိလျှင် သူ့ကို ခုလို လျစ်လျှူ ရှုထားရက်မှာလား။

မသက်ပန်ရယ်…။

**********



ရိုးတွင်းချဉ်ဆီ အတွင်းထဲကနေ တဆစ်ဆစ်ကိုက်ခဲကာ ခံခက်နာကျင်မှုက ပေါင်တံတစ်လျှောက် တဖျဉ်းဖျဉ်းပျံ့လွှမ်း လျှံတက်ကာ အသားစိုင်ထဲ ထုတ်ချင်းဖောက်ထွက်တော့မလား ထင်ရ၏။ ငြိမ်သက်လျှောင်းစက် အိပ်ပျော်နိုင်ဖို့ဝေးလို့ မှေးခနဲ ငိုက်မိလျှင်တောင် ငေါက်ခနဲ ထထိုင်မိတော့သည်။ ထိုင်နေပြန်လည်း နေမထိပါ။ သည်ပေါင်တံတစ်ဖက်ကို ဘယ်နေရာ ထားရမှန်းမသိ။ ဖြစ်နိုင်လျှင် ပေါင်အရင်းကနေ ဖြတ်ထုတ်လွှင့်ပစ်ချင်သည်။ လူးလူးလိမ့်လိမ့် နာကျင်အော်ညည်းရင်း မျက်နှာအနှံ့ချွေးသီးချွေးပေါက်တွေ စီးကျသွယ်ဆင်း သည်သာမက တစ်ကိုယ်လုံး စေးထန်းလာကာ ချွေးဖြင့်နစ်သည်။ အသက်ရှူမျှ မ၀ချင်ပြီ။ မောနွမ်းနုံးချိကာ ဖျော့တောပျော့ခွေကျသည်။ တစ်ချက် တစ်ချက်မှာ သတိပင်လစ်မတတ် မျက်ဖြူဆိုက်ရ၏။

“ငါ့ကို ဆေးရုံပို့ပေးကြပါ…”

                        ဘယ်နှကြိမ်မြောက်မှန်းမသိ။ သူ တောင်းပန်နေမိပြန်ပြီ။ သူ တကယ်ကို တောင့်တငံ့လင့်စွာ တောင်းပန်နေတာဖြစ်သည်။ ဒါပေမယ့် သူ စိတ်ကယောင်ခြောက်ခြားဖြင့် ပြောမိပြောရာ ပြောနေသည်ဟု သူတို့က ထင်မြင်ယူဆနေကြသည်။ သူ စိတ်တိုလာကာ ဒေါသတကြီး အော်ဟစ်မိလျှင် သူ့အနားမှာ ဘယ်သူမှ နေကြတော့မှာ မဟုတ်။ အခုတောင် အနားမှာ ခဏငယ်မျှ ခြေဆုတ်လက်နယ် ပြုပေးကြရုံ။ ပြီး ဆေးတိုက်ကြမည်။ ထို့နောက်တော့ အာရုံငြိမ်ငြိမ် နာကြားကြည်ညိုလို့ မရနိုင်တော့သော ပဋ္ဌာန်းတရားခွေ ဒီဗီဒီတစ်ချပ် ၀တ္တရားကျေ ဖွင့်ပေးထားခဲ့လိမ့်ဦးမည်။ သူကတော့ ဆောက်တည်ရာမဲ့သော စိတ်နှင့် …

“မသက်ပန်ရေ…”

                        သဲ့သဲ့မျှသာ တ ညည်းနိုင်လျှက် လှိုက်လှိုက်လှဲလှဲ ရှိုက်ငင်ငိုချပစ်လိုက်စဉ် သက်ပြင်းရှိုက်သံတိုးယဲ့ယဲ့ကလေးက နားစည်ကို လာရိုက်သည်ထင်၏။ မသက်ပန်…။ မသက်ပန်၏ သက်ပြင်းရှိုက်သံကို သူမှတ်မိသည်။ သူ့ကို စိတ်တိုင်းမကျသည့်အခါတိုင်း မျှဉ်းရှိုက်နေကျ သက်ပြင်းသံပေါ့။ ရဖူးနေကျ သနပ်ခါးရနံ့က ပိုလို့သေချာသွားစေသည်။ သူ  အားကိုးတကြီး၊ မျက်လွှာကလေးကို အားယူဖွင့်ကြည့်လိုက်သည်။ ဒါပေမယ့် မသက်ပန်ဖြင့် မဟုတ်ပဲ။ ဒါဆို ဘယ်သူလဲကွယ်။ သူ့ဘက်ကို တစောင်းပေးပြီးထိုင်နေတာတာမို့ မျက်နှာဘေးတိုက် အနေအထားကို သူမမှတ်မိတာဖြစ်မည်။ ယဉ်စစ နှင်းဆီတစ်ပွင့်ကို သတိပြုမိသွားတော့ ဒါ..ဒါ မခက်ပန်ပေါ့။ ဒီဘက်ကို တစ်ချက် ငဲ့ကြည့်ပါဦး မခက်ပန်ရယ်။ သူ့စိတ်စကားတွေကို ကြားသိသွားသလို မခက်ပန်၏ မျက်နှာငွေလကလေး လှည့်လာသည်။ ပြီး ပြုနေကျ သိမ်မွေ့ပြုံးကလေး။ အေးမြလိုက်တာ မခက်ပန်ရယ်။ ထိုစဉ်မှာပဲ မခက်ပန်က လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်တော့တာ။ ဘုရား.. မခက်ပန်ရဲ့ နှုတ်ခမ်းထောင့်ဆီမှာ ဖွေးခနဲ လက်သွားတာ အစွယ်တစ်စုံပါလား။ သူ စိမ့်ကြောက်သွားသည်။

                        မလာနဲ့။ သူဆီ မလာပါတော့နဲ့ မခက်ပန်ရယ်။

 ဒါပေမယ့် မခက်ပန်က သူ့ထံ တစစ တိုးလှမ်းလာနေပြန်တော့ သူအားကုန်သုံးကာ ရုန်းကန်အော်ဟစ်ပစ်လိုက်သည်။ ဒါပေမယ့် လည်ချောင်းတွေ ခြောက်ကပ်အက်ကွဲကာ အသံတွေပျောက်ဆုံးနေပြန်ပြီ။ ရေ.. ရေငတ်လိုက်တာ။ ဇောချွေးများစိမ့်ပြန်လျှက် တကယ်ကို မျှော်လင့်တကြီး တောင့်တမိတော့သည်မှာ…
“မသက်ပန်ု မြန်မြန်လာခေါ်လှည့်ပါ”                                                  



                                                                                   သတိုး