Thursday, October 4, 2012

အရပ်ထဲ ဇာတ်ပွဲကနေတယ်


                                                                                        
“ပွဲဟု ကရန် ခုနစ်သံချီဆွယ်….
သြော်… သွားလိုက်ကြတာ
 လူတွေ၊ မနည်း တယ်
လာလေ…
စော စော သွားမှ တို့ နေရာ ရမယ်”
                   ငယ်ငယ်ကတော့ အရပ်ထဲ ဇာတ်ပွဲကမည် သတင်းကြားလျှင် သူတို့ ကလေးတစ်သိုက်မှာ ဂဏှာမငြိမ်ကြတော့ပြီ်။ ဘယ်တော့လဲ၊ ဘယ်သူတွေ လာက ကြမှာလဲ။ နေ့နေ့ညည လူစုစု စကားဝိုင်းမှာ ထိုအကြောင်းအရာသာ မင်းမူနေတော့တာ။ ကလေးတွေ ခမျာ နံဘေးမှာ ရပ်ငေးကာ နားစွင့်ရင်း လူကြီးတွေထက်ပင်  စိတ်စောမျှော်မောနေနှင့်ခဲ့ပြီ။
အဝေးကြီးမှ ကြားနေရသော ကြော်ငြာလှည်းဆီ အပြေးသွားကာ ကြိုနှင့်ကြသည်။ ဂီတသံ မြိုင်မြိုင်ဆိုင်ဆိုင်နောက်ခံဖြင့် အပြောကောင်း အညွှန်းကောင်းလှသည့် ကြော်ငြာစကားတွေဟာ အရှိထက်ပိုမို ချဲ့ကားထားတတ်မြဲဆိုတာ မရိပ်မိ၊ နားမလည်တတ်သေးသော ကလေးဘ၀တွေမို့ နားစွင့်မိသမျှ အလုံးစုံကို အဟုတ်ထင်၊ ယုံမှတ်နေကြပြန်တော့တာ ဖြစ်သည်။ တိုးတိုးဝှေ့ဝှေ့ လုယက်ယူထားရသော ကြော်ငြာစာရွက်ကလေးကိုလည်း ပျောက်ရှသွားမှာ၊ စုတ်ပြဲသွားမှာ ပူပန်ကြသည်။ ရွရွကလေး ခေါက်ကာ အိပ်ကပ်ထဲမှာ ဖွဖွကလေး ထည့်သည်။ ကြော်ငြာလှည်းနောက် တစ်ကောက်ကောက် လျှောက်လိုက်နေကြသော ကလေးတန်းကြီးမှာ တရှည်တလျား။ သူတို့သွားရာ ရွာလမ်းတစ်လျှောက်မှာ ဖုံလုံးတွေ တလိမ့်လိမ့် ထလျှက်ကျန်ရစ်သည်။
                   တချို့မိန်းမတွေ အိမ်ရှေ့ထွက်ကာ လက်ကမ်းကြော်ငြာ မျှော်နေကြပြန်သည်။ တချို့မှာ ကလေးနို့စို့တွေ ခါးထစ်ခွင်ထားလိုက်သေးသည်။ အပျိုမတစ်ချို့ ခွင်ပေါ် တင်ထားလျှက်သား ထမင်းအိုးက ဆူဝေပျော့ပြဲကာ ပစ်လိုက်ရတော့မလိုမို့ ဆူပူကျိန်းမောင်းခံနေရပြီ။
                   ပြောမယ့်သာ ပြောရ။ သက်ကြီးရွယ်အိုတွေလည်း ပုတီးတစ်ချောက်ချောက်၊ ဟန်မပျက်ကြသယောင် နေကြပေမယ့် မသိမသာ နားစွင့်နေကြတာပဲ မဟုတ်လား။
                   အမှန်တကယ် ပြောကြကြေးဆိုလျှင်တော့ သူတို့ဘ၀မှာ ပွဲငတ်နေကြတာ ဖြစ်သည်။ တစ်နှစ်လုံးနေလို့တောင် ပွဲတစ်ချီ ကြည့်ခွင့်ကြုံကြရသည်မဟုတ်။ ထို့ကြောင့် ဆိုက်ဆိုက်မြိုက်မြိုက်၊ ကြုံတောင့်ကြုံခဲ သည်လိုပွဲမျိုးကို ဘယ်သူမှ လက်မလွှတ်ချင်ကြတာ ဖြစ်ပါသည်။ ကလေးတွေသာမက လူကြီးတွေလည်း မကျန် အားလုံးလူကုန် မျှော်လင့်တက်ကြွစွာ ပြင်ဆင်နှင့်နေခဲ့ကြတာ ဖြစ်သည်။ ရွာဦးကျောင်းဆရာတော်ကတောင် ပွဲရက်နီးပြီလားဟု သတင်းမေးနေသေး ဆိုပဲ။
                             *************
                   ရုံအ၀င်မှာ ရုံဆင်ဆိုင်းဘုတ်ကြီးတွေက ဟီးထ နေပါသည်။ မင်းသားကလည်း ချိုရွှင်သော အပြုံးနှင့် တောက်ကြွားလှပနေပြန်သည်။ မျက်နှာပြည့် ကိုယ်တစ်ပိုင်းပုံလည်း တွေ့ရသည်။ ကိုယ်လုံးပြည့်ပုံတွေလည်း ပါသည်။ တစ်ချို့ပုံတွေမှာ မြန်မာဝတ်စုံပြည့်နှင့်။ တစ်ချို့မှာတော့ ခေတ်မီ ၀တ်စားဆင်ယင်မှုတွေနှင့် ဖြစ်သည်။
                   ပွဲဈေးတန်းလည်း အတော်စည်ကားနေပြီ။ တစ်သက်လုံးက ဈေးမရောင်းစဖူး၊ လယ်ထဲချောင်းထဲမှာသာ ကောက်စိုက်ပျိုးနုတ်လုပ်နေကြသော လယ်သူမတွေလည်း ခါတော်မီ ဈေးသည်တွေ ဖြစ်ကုန်ကြပြီ။ မတတ်တတတ်နှင့် လုပ်ထားသော သူတို့၏ မုန့်တွေမှာ အသုတ်၊ မုန့်ဟင်းခါး။ ကောက်ညှင်းထုပ်၊ ကောက်ညှင်းကျည်ထောက်..။ ဒါလောက်သာဖြစ်သည်။ ဒီ့ထက်ပိုမို ဖွယ်ရာအောင်လည်း မလုပ်တတ်၊ မရောင်းတတ်ကြပါ။ အမြတ်ရရေးအတွက် ဒီလောက်ကြီးလည်း မြော်မြော်မြင်မြင် ရှိကြတာတော့ မဟုတ်ပါ။ ဘာပဲပြောပြော  အချိန်တန်တော့လည်း  ရောင်းသမျှ မုန့်အားလုံး ရောင်းကုန်ရသည်ပဲ။
ပွဲခင်းကြီးကြပ်သူတွေလည်း ပွဲခင်းအနှံ့ လမ်းသလားရင်း အလုပ်ရှုပ်ဟန် ဆောင်နေကြပါသည်။ သူတို့၏ လမ်းလျှောက်ပုံက ဟိုအရင်နှင့်မတူ။ မြောက်ကြွားကြွားနိုင်လှသည်ဟု ထင်ကြသော်လည်း ဘယ်သူမှတော့ ထုတ်ဖော်ဝေဖန်ရန် မရဲ။ ဇရှိသော ကာလသားတစ်ချို့ပင် သူ့တို့ကိုယ်မှ အရက်နံ့ကို ကြီးကြပ်သူတွေ မရှူရှိုက်မိ၊ မရိပ်မိကြစေရန် ဝေးဝေးက ရှောင်သွားကြရသည်။ ကြီးကြပ်သူတွေကလည်း အမူးသမားတို့ကိုတော့ မမြင်မသိယောင်ဆောင် ပေးဖော်ရကြပါသည်။
မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ ဆိုသော ‘မူ’နှင့် အရက်ပုန်းဆိုင်လေးတွေလည်း မနည်းမနော။ အံသြစရာ ကောင်းသည်မှာ ထိုဆိုင်လေးတွေအားလုံးမှာ တစ်ညတာလုံး သောက်သုံးသူ မပြတ်ကြတာပဲ ဖြစ်သည်။
ပွဲခင်းနှင့် မနီးမဝေးဆီမှ ခြောက်ကောင်ဂျင်ဝိုင်းကလည်း တိုးတိုးတိတ်တိတ်  ခိုးလုပ်နေရသည်သာဆိုလျှက် အုန်းတသဲသဲပေ။ တိတ်တိတ်ပုန်း အပေါင်ဆိုင်လေးတွေလည်း တစ်ညလုံးဖွင့်ထားရသည် ဆိုပါလား။
                   မြန်မာဆိုင်းဝိုင်းကြီးက ဗေထိဆော်ကာ ပွဲကြည့်ခေါ်ချေပြီ။ ရုံထဲမှာ အမျိုးသမီးမျာ့းနှင့် ကလေးငယ် အရွယ်စုံတို့ဖြင့် ပြည့်နက်လုပြီ။ ဖျာနေရာ ရှာကြသည်။ သူ့နေရာ၊ ငါ့နေရာ ငြင်းခုန်ရင်း ရန်ဖြစ်ကြရပြန်သည်။ တချို့ကလေးငယ်တွေကတော့ ပြေးလွှားခုန်ပေါက် ဆော့ကစားမပျက်ကြပြန်။
                   ယနေ့ည တင်ဆက်မည့် အစီအစဉ်ကြေငြာသံကို  ပြေးလွှား၊ လှုပ်ရှားမပျက် နားစွင့်ထားကြသည်။ ဧည့်ခံဆိုင်းဝိုင်းနှင့် ခေတ်ပေါ်တီးဝိုင်းမှ မြိုင်ဆိုင်မြူးကြွစွာ တီးမှုတ်ကာ ဧည့်ခံသီချင်းဆိုလျှင် ဆိုင်းဝိုင်းအနီးမှာ လူတွေ စုဝေးရောက်သွားပြန်တော့သည်။
                   ရုတ်တရက် မီးတွေမှောင်သွားသည်။ ဇာတ်စင်ထောင့်ဆီမှ ရောင်စုံဆလိုက်မီးတွေ ပွဲခင်းအနှံ့ ပျံ့ကျဲဝဲဖြာကျလာသည်။။ ဆူလောင်လှုပ်ရှားနေမှုများ ခဏတော့ ငြိမ်သွားကြသလို ရှိသည်ကို အခွင့်ကောင်းယူကာ စင်နောက်ဆီမှ ကြေငြာသံ ထွက်ပေါ်လာသည်။
“မင်္ဂလာပါ ရွှေပွဲလာ…”
                   ကြက်သွေးရောင် ကတ္တီပါ ကန့်လန့်ကာကြီးက တလွန့်လွန့်လှုပ်ရှားလာကာ ခုပဲ ရင်ကိုခွဲကာ ပွင့်အာလိုက်တော့မှာလို။ ဒါပေမယ့် ချက်ချင်းတော့ ပွဲမစနိုင်ကြသေးတာ သိနေနှင့်ကြသည်မို့ ကြော်ငြာသူက ပြောမြဲပြောနေစဉ် ပရိတ်သတ်ကလည်း ဆူမြဲ ဆူညံနေပြန်ဆဲ။ ပြေးမြဲ ပြေးလွှားနေကြဆဲ။
                             *****************
                   ဇာတ်သမားပြန်လျှင် မှတ်သားစရာကျန်မည်ဟု လူကြီးတွေပြောကြသော်လည်း ကလေးတွေက သူတို့ထက်ပိုမိုကာ မှတ်မိစွဲမြဲလွယ်ကြတာ ဖြစ်ပါသည်။ မိုးလင်းလျှင် သူတို့ကလေးတွေ၏နှုတ်ဖျား၌ ရေပန်းစားနေတော့သည်မှာ ညက ဇာတ်ထဲမှာ ပြောကြသော ဇာတ်စကားများ၊ သီချင်းများဖြစ်သည်။ မိန်းကလေးတစ်ချို့မှာ သစ်ပင်အရိပ်တွင် ယိမ်းကနေနှင့်ကြပြီ။ ယောက်ျားလေးတစ်စုကတော့ သေနပ်တကားကားနှင့် ပြဇာတ်ထဲက စကားတွေကို အပြန်အလှန်၊ အချီအချ ဆိုနေကြပြန်သည်။
                   သူတို့တတွေသည် ညဦးမှာတော့ မိဘတွေနှင့်အတူ ပွဲခင်းထဲသို့ ၀င်ခဲ့ကြသည်သာ ဖြစ်ပါသည်။ သို့သော် မီးရောင်အားကိုးဖြင့် တမော့တမော မျှော်ကြည့်နေရသောဇာတ်စင်ပေါ်မှ မင်းသား၊ မင်းသမီးတို့၏ မျက်နှာမူယာကို စင်အောက်အဝေးမှ အကဲဖမ်းရတာ အားမရ။ အမေ့အလစ်အငိုက်ကို အခွင့်ကောင်းယူကာ တိုးရင်းဝှေ့ရင်း ဇာတ်စင်ပေါ်ရောက်သွားကြရတော့သည်။ ဇာတ်စင်ပေါ်မှ တာဝန်ရှိသူများမှာလည်း တဟင်ဟင်း တားရင်းဆီးရင်းဖြင့် ကလေးတစ်အုပ်ကိုတော့ လျစ်လျှူရှုနေရတော့သည်ပင်။
                   ထိုအခါ ဇာတ်စင်ပေါ် တက်ခါနီးအချိန်အထိ ဇာတ်တိုက်၍မပြီးနိုင်သော ယိမ်းအဖွဲ့ကိုလည်း ခိုးရယ်ဖြစ်ရသည်။
                   ဇာတ်စင်ကွက်ကွက် တစ်နေရာထဲမှာပင် နောက်ခံကားချပ်တွေ တစ်ချပ်ပြီး တစ်ချပ် ပြောင်းကာ တဲကုတ်ဖြစ်လိုက်၊ နန်းတော်ဖြစ်လိုက်။ ခါတရံ တောလမ်းကလေးလည်းဖြစ်သွားသည်။  ခါတလေ မြစ်ပြင်ကျယ် လှိုင်းဖွေးဖွေးနောက်ခံမှာ တံတားကြီးတစ်စင်းလည်း ပေါ်လာတတ်သည်။ ဇာတ်သေတ္တာကြီးကို ရွှေရောင်ကားချပ်ဖုံးလိုက်လျှင် ရာဇပလ္လင် ဖြစ်သည်တဲ့လေ။ ပြဇာတ်ထဲမှာ သွေးတွေအိုင်ထွန်းလျှက် ဆန့်တငင်ငင် သေခဲ့ရသူကလည်း ဇာတ်စင်နောက်ဖက် ဇာတ်သေတ္တာတစ်လုံးမှာ အကျအနထိုင်ကာ ဆေးပေါ့လိပ်တငေါ့ငေါ့ လုပ်နေပြန်ပေါ။
ပရိတ်သတ်တွေ သနားမျက်ရည် ဖြာဖြာဝေနေရသော မင်းသားလေး၏ မျက်နှာငယ်ငယ်မှာ တစ်ဖက်လှည့်ကာ ခိုးပြုံးနေသည်ကိုလည်း မြင်ဖြစ်အောင် မြင်ရတော့သည်သာ။ အ၀တ်အစားထည်လဲ ပြောင်းလျှက် လူကြမ်းဖြစ်လိုက်၊ ဇာတ်လိုက်သူတော်စင်ဖြစ်လိုက် လုပ်တတ်သေးတာလည်း မကြည့်ချင်၊ မြင်လျှက်သား။ တခါတရံ သူပဲအဖေ၊ သူပဲသား…။ မျက်စေ့ရှေ့ တစ်ထိုင်တည်းမှာပင် ရုပ်ပြောင်းရုပ်လွဲလုပ်ပြနေပြန်တာ သဘာဝ မကျ။ ယုံကြည်၍မရသော်လည်း သူဇာတ်မှာ သူပဲ အခရာ မဟုတ်လား။
“တောင်းပန်ပါတယ်။ ဒီတစ်ကြိမ်တော့ဖြင့် ခွင့်လွှတ်ပေးပါ”
                   သနားစဖွယ် ဆိုအပြီး ကားလိပ်အချမှာ…
“--- မ။ နေနှင့်ဦး။ ပြဇာတ်ပြီးမှ နင်နဲ့ငါ တွေ့မယ်”
                   ကြိမ်းမောင်းစကားနှင့်အတူ `ဇာတ်စင်ထောင့်မှ ပယင်းရည်တွေ ပြေးမော့လိုက်ပြန်တာ။
တစ်ခါတစ်ရံ နှစ်ပါးခွင်အတွက် ကြိုတင်ပြင်ဆင်နေသော မင်းသားထံမှ မျက်လုံးရွှေ့မရပဲ ဇာတ်စင်ပေါ် အာရုံမရောက်နိုင်တာလည်း ရှိသေးသည်။
                   သူတို့က မင်းသားဟု ခေါ်ကြတာ ကြားရသောကြောင့်သာ မင်းသားဟု သိရတာ ဖြစ်သည်။ ဘယ်လိုမှ ယုံကြည်ချင်စရာ မကောင်း။ အသားကလည်း နေလောင်သမန်းဆီတက်နေသော တောသားတွေနှင့် နင်လား၊ငါလားပေ။ မျက်နှာကလည်း လိမ္မော်သီးတစ်လုံးနှယ် ဖုထစ်ပွယောင်းနေပြန်တာ။ ထိုမျက်နှာပေါ်မှာ မိတ်ကပ်ဖြူဖြူတွေ တပြင်ကြီးဖွေးအောင်လိမ်းလျှက် ဟိုဒီလျှောက်သွားကာ ဟိန်းဟောက်နေပြန်တော့ လန့်ဖျပ်အော့အန်ချင်သည်။
                   ဒါပေမယ့် မျက်နှာပေါ်မှာ အချိုးမညီစွာ နေရာလွဲမှားတည်ရှိနေသော မျက်ခုံး၊မျက်လုံး၊ နှာတံ၊ နှုတ်ခမ်းမှန်သမျှကို မိတ်ကပ်နှင့်ဖုံးပစ်ကာ တစ်ခုချင်းစီကို နေရာတကျ၊ လှပအောင် ပန်းချီရေးသလို ပုံဖော်ယူပြီးသောအခါ အစောက တွေ့လိုက်ရသော တစ်ယောက်နှင့် တခြားစီ။ မျက်ခုံးမည်းကလေးက ဇင်ယော်တောင်ဖြစ်နေပြီ။ မျက်လုံးမျက်တောင်လေးတွေကလည်း နက်မှောင်ကော့ရွှန်းကာ သက်တံရောင်စုံ လက်ဖြာနေပြန်တာ။ နှာတံကလေးစင်းဖျောင့်လျှက် နှုတ်ခမ်းဖူးဖူးကလေးမှာ စိုရဲကာ ပွင့်အာတော့မည့် နှင်းဆီငုံကလေးပမာ။ တောင်ရှည်ပုဆိုးလေးမကာ ခေါင်းပေါင်းစကလေး တစ်ခါခါနှင့် မီးရောင်အောက်ကို ၀င်လိုက်လျှင်တော့ သူတို့၏ မင်းသားလေးသည် အဝေးကြည့်အမြင်မှာ နတ်သားလေးတစ်ပါးနှင့် မခြားနားလှတော့။ ရွာ၏ကွမ်းတောင်ကိုင်များသာမက ကလေးအမေ၊ တစ်ခုလတ်၊ မုဆိုးမပါ မကျန် ရင်ခုန်မြန်တော့ပြီ။ လက်ခုပ်သံတွေ တဖြောင်းဖြာင်း။ ရုံပွင့်ထွက်တော့မလား ထင်ရသည်။ ပန်းစည်းတွေ ပလူပျံတော့သည်။ မိုးလင်း၍ ပတ်စာခွာ၊ ဖျာသိမ်းချိန်ရောက်သည့်တိုင် ဇာတ်စင်ပေါ်မှာ ၀ါစာကမာ ဆို၊ငို၊ပြောနေလိုက်၊  စင်နောက်ဖက်ဆီ ပြေးဝင်ကာ  တဖျတ်ဖျတ်၊ တဖတ်ဖတ် မိတ်ကပ်ဖို့နေလိုက်သည်မှာ စင်ပေါ်တက် ကပြရသည်ထက် ပိုမိုပင်ပန်းသောဟူ၏။
                   ***********
                   ပွဲသွားကြော့ကြော့၊ ပွဲပြန်မော့မော့လို့သာ ဆိုကြတာ။ ပွဲခင်းမှာ တစ်ညလုံး တမော့မော့၊ တသောသော ပွဲကျလာခဲ့ရသမျှ နံနက်လင်းလျှင်တော့ အအိပ်ပျက်ဒဏ် ခံကြရပြီ။ အအိပ်ပျက်တော့ အစားလည်း ပျက်ချင်သည်။ အလုပ်အကိုင်လည်း လစ်ဟင်းရပြန်သည်။ ကလေးတချို့ နာဖျားမကျန်းဖြစ် ကျန်ရစ်လျှင်တောာ့ အမိ၊အဖနှင့်တကွ နီးစပ်ရာ လူကြီးမိဘတွေပါ အလုပ်ရှုပ်ကျန်ရစ်သည်။
                   မိုက်မဲသော မိန်းမ တချို့ကတော့ မင်းသားလေး၏ နုပျိုလှပမှုအကြောင်း မစားရ၊ ၀ခမန်း ရွှန်းရွှန်းဝေလျှက် လက်ရှိသောက၊ ဒုက္ခတို့ကို လျစ်လျှူရှုချင်နေကြပြန်သည်။ မြော်မြင်တတ်သော လူကြီးသူမ တချို့ကတော့ တရားကျစွာ ခေါင်းတစ်ညိတ်ညိတ်ပေ။ ဇာတ်စင်၏ အတွင်း၊အပြင်ကို သိမြင်နှံ့စပ်ခဲ့ကြသော ကလေးတစ်ချိုမှာလည်း သူတို့၏ အတွေ့အကြုံကို မှုမှတ်မထားစွာ အလွယ်တကူ မေ့ပျောက်ပစ်ခဲ့ကြပြီ။ အချိန်တန်လျှင်တော့ သူတို့အားလုံး ပွဲကြည့်ချင်ပိုးတွေ တရွရွ ထလာခဲ့ပြန်ပြီ။ ပွဲမျှော်ကြပြန်ပြီ။
                             *************
“ပွဲဟု ကရန် ခုနစ်သံချီဆွယ်….
သြော်… သွားလိုက်ကြတာ
 လူတွေ၊ မနည်း……တယ်
လာလေ
 စော စော သွားမှ တို့ နေရာ ရမယ်”
                   ဟော… အရပ်ထဲ ဇာတ်ပွဲ ကပြန်တော့မည်။  ပွဲပြီးမီးသေ မဖြစ်ကြဖို့တော့ လိုအပ်မည်ထင့်။   ။

                                                                                         သတိုး