Wednesday, August 31, 2011
အဝေးက ရွာကလေး
                     ရွာကို ပြန်မရောက်ဖြစ်တာ ကြာလှပြီ။ ကြာဆို အနှစ်နှစ်ဆယ်နီးပါးပင် ရှိတော့မည်။ 
                     ဒီတစ်နွေ  ရွာပြန်လိုက်ဦးမည်။ သီတင်းကျွတ်ရက်မှာ ရွာပြန်ကာ လူကြီးတွေကို နှုတ်ဆက် ကန်တော့ဦးမည်။ စိတ်ကူးမှာတော့ ရွာကို မကြာ မကြာ ပြန်ရောက်လေ့မြဲပင်။ လက်တွေ့မှာတော့ တစ်ခေါက်တစ်ကျေးတောင် ပြန်မရောက် ဖြစ်ခဲ့ပေ။
                        ပြာမလော့မြစ်နံဘေးက ရေတစ်ပိုင်း၊ ကုန်းတစ်ပိုင်းရွာကလေး…။
                       ပြာမလော့မြစ်မဆီ တိုးဝင်စီးဆင်းနေသော ရေကျော်ချောင်းကလေးကို ရီးလေးခိုကာ ချောင်း၏ ကမ်းနဖူးကို မေးတင်ထားသည့် ရွာကလေး…။
                         ရေစုန် ရေလှည့်သင့်လျှင် အိမ်ရှေ့ ရေဆင်းတံတားမှ ခပ်တက်ပြင်ရုံနှင့် ပြာမလော့ မြစ်မကြီးဆီ ခဏချင်းရောက်နိုင်လေသည်။ သပြေဝေဟု ခေါ်သော်လည်း ရွာမှာ သပြေပင် တစ်ပင်မှ မရှိပါ။ ရိုးသားသော မိရိုးဖလာ လယ်သမားကြီးတွေ ရှိကြသည်။ ပုဇွန်တန်းချသူတွေလည်း ရှိသည်။ ငါးသရောက် ပိုက်လှေကလေးတွေလည်း ရှိသည်။ မိုးကျလျှင်တော့  ထွန်တုံးတစ်ဖက်၊ ခပ်တက်တစ်ဖက်ဖြင့် သူတို့တွေခမျာ အနားမရနိုင်ကြရှာ။ ငါးဖမ်းလှေကလေးများအတွက် ကြွေးဟောင်းပေး၊ ကြွေးသစ်ယူ စနစ်ကြောင့်  အားထားနေရသော ရွဲဒိုင်( ငါး၊ ပုဇွန် အ၀ယ်ဒိုင်လေးတွေ) လည်း ရှိသေးသည်။
                       ရွာဦးမှာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိသည်။ စာသင်ကျောင်း ကလေးကတော့ ရွာလည် ချောင်းကမ်းနဖူးမှာ တည်ရှိတာ ဖြစ်ပါသည်။  အရပ်မျက်နှာ ပတ်ချာလည်မှာတော့ ငွေလွှာပြင်ရေဖွေးဖွေးကြားမှာ စိမ်းဝါရောင် ပျိုးခင်းများ၊ စိမ်းမြရင့်စိုသော စိုက်ပျိုးပြီးစ စပါးခင်းများကို မြင်ရနိုင်သည်။ ဆောင်းလလည်ရောက်လျှင်တော့ ရွှေရောင် ကမ္ဗလာလွှမ်းသော တပြန့်တပြော မျှော်မောမဆုံးတော့သည့် စပါးခင်းကြီးပေ။
                        သီတင်းကျွတ် ကျောင်းပိတ်ရက်တွေမှာ သူတို့ဆရာ မြို့သို့ပြန်လေတိုင်း သူ့ကျောင်းသားတွေက တခုတ်တရ မှာတတ်သည်မှာ…
" ဆရာ မြန်မြန် ပြန်လာခဲ့နော်။ စပါးဖုံး ဖဲ့စားဖို့ အမီလေ။ ဆရာနောက်ကျနေရင် စပါးဖုံးတွေ ရင့်သွားတော့ စားမကောင်းတော့ဘူး"
                   သူတို့၏ဆရာက စပါးဖုံး ကြိုက်သည်ဟု သူတို့ စွဲမှတ်ယူဆကြလေသည်။ တကယ်တော့ ၀ါဝင်းအောင်မြင်သော စပါးနှံတစ်ခက်ဖြစ်မလာခင် အနှံနုနုကလေးသည် နူးညံ့ချိုမြလွန်းလှတာမို့် စားဖူးသူတိုင်း ကြိုက်ကြပါသည်။ ဖုံးတုန်း လုံးတုန်း တန်ဆောင်မုန်းဟု ဆိုကြသော်လည်း သက်ငယ်စပါးတို့ကတော့ တော်သလင်း၊ သီတင်းကျွတ်မှာပင် စပါးဖုံး ပေါ်လေပြီ။ ဒါပေမယ့် သူတို့လယ်ကွက်ထဲမှာ စပါးဖုံးဖဲ့စားးတာကို သိလျှင် မည်သည့်လယ်သမားကမှ သီးမခံချင်ကြပါ။ သည် စပါးတစ်နှံဖြစ်လာဖို့ သူတို့တတွေ တစ်မိုးလုံး ချွေးတလုံးလုံးဖြင့် ကွဲနွားနှင့် ဖက်ရုန်းခဲ့ရတာ မဟုတ်လား။
"ဟေး..။ ဆရာ ချောင်းဆိုးနေတယ်။ စပါးဖုံး မစားတော့ဘူး။ မင်းတို့လည်း စပါးဖုံး ဖဲ့မစားကြနဲ့ကွာ"
                   စပါးတစ်နှံအတွက် ရင်းနှီးပေးဆပ်ခဲ့ရတဲ့ သူတို့ အဖေ၊အမေများ၏ မျှော်လင့်ချက်နှင့် ရင်းနှီးပေးဆပ်မှုတွေအကြောင်း သူက တပြန် ရှင်းပြနေမိပြန်ပါသည်။
                   ကလေးတွေက ကျောင်းတက်ဖို့ထက် ပိုက်လှေလိုက်ဖို့ ပိုလို့ စိတ်ဝင်စားကြသည်။ မဟုတ်လျှင်လည်း ချောင်းစပ်က ဓနိပင်တန်းတွေမှာ ပုဇွန်ငုတ်စမ်းကြမည်။ စိုက်လို့ ပျိုးလို့ ပြီးချိန်တွေဆို  လယ်ကွက်တွေထဲမှာ ငါးမျှားတံကိုင်းထောက်နိုင်သေးသည်။
                   ဇွန်လဆန်းချိန်ထိ ကျောင်းအပ်မည့် ကျောင်းသားတွေ တစ်ယောက်စ ၊ နှစ်ယောက်စ ထက်မပို။ ကျောင်းဆရာလေးမှာ ရေဆင်းတံတားထိပ်ထွက်ထိုင်ကာ…
“ ဗျိုး ဦးထော်။ ကျောင်းအပ် လက်ခံနေပြီနော်။ ခင်ဗျား ကလေးတွေကို ကျောင်းလာ အပ်ဦး။ အနားမှ ဘယ်သူတွေ ရှိသေးလည်း။ ကိုကြည်တို့၊ မခင်တုတ်တို့….။ လက်လှမ်းတမီ ပြောလိုက်ပါဦး”
“အာ.. ဆရာ ဘယ်တုန်းက ပြန်ရောက်တာလဲ။ အပ်မယ်ဆရာ။ ဒီရေသေရက်မှ ငွေရမှာမို့…  “
“ခင်ဗျားရေသေရက်ကို စောင့်ရဦးမှာလားဗျာ။ မြို့မှာဆို ကျောင်းတောင် တက်နေရပြီ။ ဒီနေ့ လာအပ်လှည့်ပါ။ ကျုပ်စောင့်နေမယ်”
“ဟို… ဆရာ”
“သိပါတယ်။ ငွေက ခင်ဗျား ရေသေရက်မှ ပေး။ ကလေးတွေကိုတော့ ဒီနေ့ပဲ ကျောင်း လာအပ်လိုက်တော့ ဟုတ်လား”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့။   အဲလိုဆိုလည်း လာအပ်မယ် ဆရာ.. ဟီး”
                   ရွာကလေးမှ ပြောင်းလာခဲ့ပြီး နောက်ပိုင်း တခါတရံတော့ အဲသည် လူတွေနှင့် မြို့ပေါ်မှာ အမှတ်မထင် ပြန်တွေ့ရတတ်ပါသည်။ ရွာ၏ သာမှု၊ နာမှု အကြောင်း ရွာကလူတွေအကြောင်း အချိန်ရသလောက်မှာ အလုအယက် မေးမြန်းရသည်။ အထူးသဖြင့်တော့ သူ စာသင်ပေးခဲ့ဖူးသည့် သူ့ကျောင်းသား တပည့်ဟောင်းများ အကြောင်းသာ ဖြစ်ပါသည်။ တစ်ရွာလုံးမှာ သူ စိတ်အ၀င်စားဆုံးနှင့် သတိအရဆုံး၊ အလွမ်းရဆုံးသူတွေမှာလည်း သူတို့တွေသာ ဖြစ်ပါသည်။ ဒါပေမယ့် ခုနေ ပြန်တွေ့လျှင် ဘယ်လိုလုပ် မှတ်မိနိုင်ပါတော့မလဲ။
                   သူတို့တတွေထဲက တချို့သည် ခုလောက်ဆိုလျှင် အသက် အစိတ်၊ သုံးဆယ် ၀န်းကျင် အိမ်ထောင်ရှင် ကလေးမိဘတွေပင် ဖြစ်နေကြတော့မည်။ သူတို့၏ ရွာကျောင်းလေးမှာ သူ… စာသင်ပေးခဲ့စဉ်က သူတို့တတွေဟာ အသက် ဆယ့်နှစ်နှစ်ဝန်းကျင် လေးတန်းကျောင်းသားတွေ…။ သူတို့ အတွက်တော့ စတုတ္ထတန်းပြီးတာနှင့် မူလတန်းပြီးဆုံးပြီ ဖြစ်သလို တစ်ဘ၀စာ ပညာရေးလည်း ပြီးဆုံးကြရသည်ပင်။
                   သည်စဉ်ကတော့ သူ့မှာ သူတို့အတွက် အားမလို အားမရစွာ ဆူပူပြစ်တင်ချင်ခဲ့မိသည်။
“ကျွန်ုပ်သာ ဆရာဝန်ကြီး တစ်ယောက် ဖြစ်လာလျှင်”
“ ကျွန်တော်သာ ကျောင်းအုပ်ဆရာကြီးတစ်ယောက် ဖြစ်လာလျှင်”
                   ကျပမ်းစကားပြောပြိုင်ပွဲကလေးတွေ အချိန်ရတိုင်း ကျင်းပဖြစ်ခဲ့ကာ ကလေးတို့၏ စိတ်ကူးအတွေးနှင့် နှုတ်မှုစွမ်းရည်ကို တိုးတက်စေလိုသည်သာမက ပညာကို တမ်းတမ်းမက်မက် လိုချင်ဆန္ဒရှိလာကြစေရန် ရည်ရွယ်ခဲ့ဖူးသည်။ ဒါပေမယ့်…
“သားက ဒီနှစ်ပြီးရင် ကျောင်းထွက်ပြီး အဖေ့ ငါးသရောက်လှေမှာ ခဲသီးပစ်လိုက်ရမယ် ဆရာ။ အငယ်ကောင်တွေလည်း ရှိသေးတော့ အဖေက မြို့ကျောင်းကို မပို့နိုင်တော့ဘူး ပြောတယ်”
                   ကျောင်းပိတ်ရက်တွေသာမက အခါအားလျော်စွာ ဖခင်၏ ငါးသရောက်လှေမှာ ခဲသီးပစ်လိုက်ရတတ်သောကြောင့် ကျောင်း ခဏ ခဏ ပျက်တတ်သည့် ကောင်။ သူ့နာမည်က သန်းထိုက်ဦးဖြစ်သည်။ သူတို့မှာ မောင်နှမတွေလည်း များလှသည်။ ဒီကျောင်းမှာပင် လှမင်းနိုင်၊ မိုးဆွေ၊ ထွန်းထွန်းအောင်…အတန်းစဉ်အလိုက် ရှိသည်။ ညီအစ်ကို လေးယောက်အောက်မှာ မိန်းကလေးနှစ်ယောက်က ကျောင်းနေအရွယ် မရောက်ကြသေး။
“ သားက ဗလကောင်းတော့ လာမယ့်နှစ် တစ်နှစ်လောက် ကျွဲကျောင်း နောက်လိုက်ကျင့် ပြီးရင် ထွန်တုံးကိုင်နိုင်မှာ ဟဲ…ဟဲ”
“သမီးကတော့ ထမင်းချက်၊ ကလေးထိန်း ဟီ..ဟီ”
                   ကလေးတစ်ဘက်နှင့် ကျောင်းတက်လာတတ်သည့် ခင်မာဝင်းကတော့ အမြဲ ရယ်မောမပျက်ပုံဟန်ကလေးနှင့်ပင်။ မောင်နှမတတွေ တသီတတန်းကြီး ဗုံစီပြီး ကျောင်းကို ချီတက်လာတတ်တိုင်း နို့ခွဲပြီးစ မောင်ငယ်လေးကို ခါးထစ်ခွင်လျှက် တွဲလွဲပါလာတတ်ပြန်တာ။
“ညည်းတို့ မောင်နှမ ဘယ်နှစ်ယောက်လည်း”
“ဖိုးချိုလေးပါဆို ငါးယောက်”
“အား…များလှချည်လား”
“ခု အမေ့ဗိုက်ထဲမှာ တစ်ယောက် ရှိသေးတယ်”
“ဟေ..”
                   မပြုံးပဲ မနေနိုင်ခဲ့သော်လည်း သူတို့အစား မောလိုက်တာ။
                   ကျော်လွင်တို့၊ ဆွေလင်းတို့၊ ဇော်ဇော်နိုင်တို့ တတွေကတော့ စာတော်ကြသည်။ မိန်းကလေးတွေထဲက ခင်ချိုဝင်း၊ အေးအေးမော်…။ ကျောင်းစာမှာ စိတ်ဝင်တစား ရှိတတ်ကြတဲ့ သည်ကလေးတွေသည် မိဘကသာ ပညာရေးကို အားပေးခဲ့လျှင် အတိုင်းထက် အလွန်ပေ။ သို့သော်…
“ မိန်းကလေးဆိုတာ စာတတ်ရုံ၊ အတွက် အချက်လည်ရုံဆို တော်လောက်ပြီတဲ့။ သမီးက မြို့ကျောင်းမှာ သွားနေပြီး ဆရာတို့လို ရွာကျောင်းမှာ ဆရာမ ပြန်လုပ်ချင်တာ”
                   ပညာ၏ အသီးအပွင့်ကို သူတို့တတွေ မခံစားဖူးကြဟု ထင်သည်။ ပညာတတ်လည်း ထူးပါဘူးဆရာရယ် ဟု အဓိပ္ပါယ်သက်ရောက်သော သံတူကြောင်းကွဲ စကားတွေကို သူတို့ထံမှ မကြာခဏ ကြားရလေ့ရှိတတ်သည်။ တခါတရံ တစ်ရွာလုံးမှာ တစ်ဦးတည်းသော ပညာတတ်ကလေးဖြစ်သည့် ကျောင်းဆရာလေးကိုပင် ခနိုးခနဲ့ ဆိုကဲ့ရဲ့ချင်တတ်သေးသည်။
“ဆရာလေးတို့ရတဲ့ လခလောက်တော့ ကျုပ်တို့မြစ်ထဲ ခဲသီးတစ်ပစ်စာပဲရှိတယ်ဗျ”
                   ထောင်းခနဲ ဒေါသစိတ်ကို ပင်ပမ်းတကြီး မျိုချနေရသည်။ သူတို့ စော်ကားလိုစိတ်နှင့် ဆိုကြတာ မဟုတ်ပါ။ မျက်မြင်ခံစားမိသလို ရင်းနှီးပွင့်လင့်စွာ ပြောကြတာသာ ဖြစ်ပါသည်။ သူတို့ ပြောတာလည်း ဟုတ်သလို ရှိနေတာပဲ မဟုတ်လား။ ဒါပေမယ့် မြင်သာတဲ့ လက်ငင်းအကျိုးကျေးဇူးကိုသာ သူတို့က ဆိုလိုကြတာ ဖြစ်သည်။ ပညာ၏ နောက်ကွယ်မှ လင်းပွင့်သော အသိအတွေးနှင့် မြဲမြံမြင့်မြတ်သည့် အပြုအမူတွေအကြောင်း သူတို့ နားလည်အောင် ဘယ်လိုရှင်းပြရပါ့။ ငွေကြေးဥစ္စာ ချမ်းသာကြွယ်ဝမှုနှင့် အသိအမြင်တိုးတက်ကျယ်ပြန့်သော ဘ၀အနေတိုးတက်မြင့်မားမှုဟာ မတူခြားနားကြောင်း သူတို့ကို ပြောပြချင်ပါသည်။
                   ခုတော့ သူ.. မပြောဖြစ်ခဲ့သည့် စကားတွေကို အနှစ်နှစ်ဆယ်အတွင်းမှာ အတွေ့အကြုံတို့မှတဆင့် ကြားသိနားလည်ခဲ့ကြပြီး ထင်ပါသည်။
“ဆရာ့ တပည့်က မြစ်ထဲမှာ ပိုက်လှေတစ်စင်းနဲ့ ငါးဖမ်းရတဲ့ အလုပ်ကို အတော်ပျော်တယ်။ ဒါပေမယ့် ဆရာရယ်..။ ရေထဲ အလုပ်တွေကလည်း လှေဦးစို… စို၊ လှေဦးခြောက်… ခြောက်တာပါပဲ။ ဒီနှစ်တွေထဲတော့ ငါးသရောက်က လုံးဝ မတိုးသလောက်ကို ဖြစ်လာတော့တာ။ ရာသီဥတုတွေကလည်း  ဖောက်ပြန်လွန်းလှတာ မဟုတ်လား။ တစ်နေကုန်၊ တစ်ညလုံး မြစ်ထဲမျှောနေလည်း ငါးတစ်ကောင်မှ မရပဲ ဗလာတိုက်တဲ့နေ့တွေ များတာပဲ။ လယ်ထဲအလုပ်တော့  ခိုင်းလို့ကို မရဘူးရယ်။ သူများတွေ နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြတာ အဆင်ပြေတယ် ဆိုတော့  တစ်ယောက်ကစ တစ်ရာဆိုသလိုပေါ့။ သင်းကလည်း သွားချင်လှချည်ရဲ့ ဆိုလို့ ရှာကြံပို့လိုက်ရတာပဲ။ တစ်ရွာလုံးလည်း မိန်းမ၊ ယောက်ျား အကုန် နိုင်ငံခြားပဲ ခြေလှမ်းချင်နေကြပြီ”
…အဆင်ပြေတယ်သာ ပြေကြတာပါ ဆရာရယ်။ ကိုယ်တွေက ဘာပညာမှလည်း မတတ်ကြတော့ ခိုင်းတာလုပ်ပြီး ပေးသလောက်ယူကြရတာ နေမှာပါ။ တစ်ဦးတစ်လေတော့ စိုင်ကော်လို့ ခြုံပေါ်ရောက်တာရှိမှာပေါ့”
“ကျွန်တ်ာလည်း ထွက်ဖို့ ပြင်နေတာ ဆရာ။ မမျှော်လင့်ပဲ အိမ်ထောင်ကျလိုက်တော့ ရွာက မခွာနိုင်တော့ဘူး ဟီး”
“ကျွန်တော်တို့တုန်းက မူလတန်းကျောင်းပဲ ရှိခဲ့တော့ ပညာလည်း မူလတန်းကုန်ရုံ သင်ခဲ့ရတယ်ဆရာ။ ကျွန်တော့် သားသမီးတွေ လက်ထက်မှာတော့ အခြေခံပညာကို လူတန်းစေ့ တတ်စေချင်မိတယ်”
“စိတ်မပျက်ပါနဲ့ကွာ။ မင်းတို့တုန်းက မူလတန်းကျောင်းကလေးတောင် ခု.. အလယ်တန်းကျောင်း ဖြစ်လာပြီပဲ။ နောက်တော့ အထက်တန်းကျောင်း ဖြစ်လာဦးမှာပေါ့။ တစ်ဆင့်ချင်းပေါ့။ တဖြည်းဖြည်းပေါ့”
                    ဒါပေမယ့် တဖြည်းဖြည်းဆိုတာ နှေးကွေးလွန်း မနေဘူးလား။ ခုချိန်မှာ တစ်လှမ်းချင်းသွားနေရသေးလျှင် အများကြီး နောက်ကျကျန်နေရစ်တော့မှာ ဖြစ်သည်။ ဒါပေမယ့် စောင့်ရမှာပဲ။ တစ်ဘ၀လုံးစာ စောင့်ဆိုင်းရင်း သေလွန်သွားကြရသူတွေရော… ဘယ်လောက်များ ရှိနေနိုင်မလဲ မသိ။
“မုန်တိုင်းပြီးကတည်းက မိုးက မမှန်တော့ဘူး ဆရာ။ လယ်အလုပ်က ရာသီဥတုကို မှီပြီး လုပ်ရတာဆိုတော့ အပျက်အစီးက တစ်နှစ်တစ်မျိုး အကြောင်းအမျိုးမျိုးကြောင့်  ပျက်တာများနေတယ်။ ပဲတီစိမ်းကလေး ကယ်နေလို့။ ဒါတောင် ဒီနှစ်မှာ တပေါင်းလကြီး မိုးရွာချလိုက်လို့ ပဲခင်းတွေ ပိုးကျတာ ကုန်လုရော…”
                   လူကြီးပိုင်းတွေကတော့ ညည်းငြူနေကြရုံထက် မပိုတော့ပါ။ လူလတ်ပိုင်းတချို့နှင့် လူငယ်များကတော့ လက်ရှိအခြေအနေမှာ မရောင့်ရဲနိုင်။ ရုန်ကန်တိုးထွက်ချင်နေကြသည်။ တစ်ချိန်ချိန်တော့…။
                       အင်း…တစ်ချိန်ချိန်ကို သူတို့ မျှော်လင့်အိပ်မက်နေခဲ့ကြပါသည်။
“ ဆရာ ရွာကို အလည်ပြန်လာတာ ၀မ်းသာလိုက်တာ”
                   သူလည်း သူတို့တွေနှင့် ပြန်တွေ့ရတာ ၀မ်းသာပါသည်။ ဒါပေမယ့်…
                  သူ…ရွာနှင့် ကင်းကွာနေသော အနှစ်နှစ်ဆယ်နှင့် နှိုင်းစာလျှင်  ရွာကလေးသည် သိသာစွာ ပြောင်းလဲထူးခြားမသွားသေးဘူး ဟုထင်သည်။ ဒါပေမယ့် အချိန်တန်တော့လည်း ဘာမှ မတတ်နိုင်စွာ သည်အတိုင်း အိမ်ပြန်ခဲ့ရသည်ပင်။ နောက်ဘက်မှာ လက်ပြကျန်ရစ်သော ရွာကလေးကတော့ သူ့အာရုံထဲမှာ ငြိတွယ်လိုက်ပါလာခဲ့သည်။               ။
                                                                                           သတိုး
2 comments:
  1. နောင့် တို့ ရွာလေး ကို သတိရမိတယ်။ ဒါပေမယ့် နောင့်တို့ ရွာမှာ ၀မ်းသာစရာ ကောင်းတာ တစ်ခုက ပညာရေးနဲ့ပါတ်သတ်ပြီး မိဘတွေက မရှိ ရှိတာနဲ့ ရုန်းကန်ပြီး အားပေးကြတယ်။ ပညာနဲ့မဟုတ်ပဲ မြို့မှာ အလုပ်သွားတဲ့ သူတွေထက် ထိုင်သင့်တဲ့ ပညာအရည်အချင်းနဲ့ မြို့မှာ အလုပ်သွားလုပ်နေကြတဲ့ သူ တွေကို ရွာက ကလေးတွေက ပိုပြီး အားကျ ကြတယ်။း)
    နောင့်
    ReplyDelete
  2. အဲလိုကလေးတွေရဲ့ပညာရေးကို ဘယ်လိုမြှင့်တင်နိုင်ပါ့မလဲ အမြဲတွေးမိတယ်။ တချို့ကအားပေးချင်ပေမယ့် နေ့တဓူဝ အလုပ်တွေကြားထဲမှာ ကလေးတွေရဲ့ပညာရေးကို မလုပ်ပေးနိုင်ကြဘူး။ ပညာရေးကိုစိတ်ဝင်စားလာအောင် မဖြစ်မနေတော့ ကြိုးစားပေးရမှာပေါ့။
    ခင်မင်လေးစားလျက်
    သဒ္ဓါ
    ReplyDelete
စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။