Thursday, August 19, 2010

မျက်ရည် ၀ယ်/ရောင်း


ခုချိန်လောက်ဆိုလျှင် မင်းညိုတစ်ယာက်တော့ လည်တစ်ဆန်ကဆန့် မျှော်မောနေလောက်ပြီ။
စာနာမိသော စိတ်အတွေးဖြင့် ရန်ကုန်မြစ်အတွင်း လှိုင်းထန်၊လေဆန်ကြား ကူးဖြတ်ခုတ်မောင်း နေရရှာသော စက်တပ်မော်တော်ကလေး၏ အသွားနှုန်းကိုနှေးကွေးလှချည့်ဟု အားမလိုအားမရ ရှိလှတော့သည်။
ရေအလှည့်သင့်သော နေ့ရက်များနှင့် ကြုံကြိုက်တိုက်ဆိုင်လာလျှင်တော့ ချိုရီတို့တတွေ ကြည့်မြင်တိုင်
ကမ်းနားဆိပ်ကမ်းကို နံနက်ခင်း ဝေလီဝေလင်း၊ အလင်းရောင်ပြပြကြားမှပင် လှမ်းမြင်နိုင်ခွင့် ရခဲ့ကြသားပင်။
ဒါပေမယ့်…ချိုရီတို့၏ ရွာဆိပ်ဆီ မော်တော်ယာဉ်ကလေး ထွက်ခွာရပ်နားချိန်က ပုံမှန်၊ အချိန်မှန် မဟုတ်ပါ။
တစ်နေ့ထက်တစ်နေ့ တစ်နာရီနီးပါးခန့်နောက်ကျလို့ သွားရသည်။ ချိုရီတို့ရွာမှ ရန်ကုန်မြစ် အတွင်းဝင်ရန် ရေကျော်ချောင်းကျဉ်းကလေးကို ဖြတ်သန်းခုတ်မောင်းရဦးမည်လေ။
ချိုရီတို့ရွာနံဘေး ၊ ထိုရေကျော်ချောင်းကလေးသည် `ရေ၀က်ကျချိန်´ အထိသာ စက်တပ်ရေယာဉ် ငယ်
ဖြတ်သန်းသွားနိုင်သည်။ ရေ၀က်ကျချိန် ကျော်လွန်သွားခဲ့လျှင်တော့ ချောင်းကွေ့တစ်နေရာမှာ သောင်တင်တော့မည် ပြင်ပေရော့။ ရှေ့ဆက်မရ၊ နောက်ပြန်ဆုတ်ရန်လည်း မလွယ်ကူသော အခြေအနေမှာ ချောင်းကြမ်းခင်း၊ ရွံ့နုံးလတာပြင်ပေါ် မို့မောက်မြင့်တက်လာသော သောင်ခုံငယ် တွေကိုသာ စိတ်ပျက်လက်ပျက် စိုက်ငေးနေကြရုံ ရှိတော့သည်။ ချောင်းရေစစ်ကာ မြစ်ရေ ပြန်တိုးလာမည့် အချိန်ကို တမော့တမော စောင့်ဆိုင်းနေကြရုံသာ ရှိတော့သည်။
ဒီနေ့လည်း ချိုရီတို့တတွေကို တင်ဆောင်ခုတ်မောင်းပြေးနေကျ`လိုင်းမော်တော်´ကလေးသည်
ရေတက်ချိန်ကို စောင့်ဆိုင်းနေခဲ့ရသေးသည်မို့ နံနက် ၈း၀၀ နာရီကျော်လေမှ ရွာဆိပ်မှ ခွာနိုင်ခဲ့လေသည်။ ရန်ကုန်မြစ်တွင်း ၀င်မိတော့ နံနက် ၁၀း၀၀ နာရီထိုးလုပြီ။
မော်တော်ဝမ်းထဲမှာ ပူးကပ်ကျပ်ညပ်စွာ တိုးတိုးဝှေ့ဝှေ့တွတ်ထိုးနေနိုင်သေးသော သူငယ်ချင်းမတွေကြားမှာ
ချိုရီတစ်ယောက်တည်းဘေးထွက်ကာ ငြိမ်ငေးနေမိသည်။
``ဟဲ့…ချိုရီ၊ စကားလေး၊ ဘာလေးပြောဦးလေ ဟယ်´´
``အေးလေဟယ်…။ ခဏနေရင် ရောက်တော့မှာကို…´´
``လာပါတော့…ခါခါမော့…။ မာလာဖော့…မျှော်တဲ့ လေးနာရီ…´´
တစ်ယောက်က စပေးလိုက်သည်နှင့် ကျန်အဖော်များကပါ အတိုင်အဖောက်ညီစွာ ၀ိုင်းအော် အားပေး ကြရင်း အုန်းတသဲသဲ၊ ရယ်မောစနောက် မဆုံးကြတော့ပြန်။
ဒီနေ့…ရွာဆိပ်ကမ်းမှ မော်တော်ထွက်ခွာချိန် နောက်ကျခဲ့သောကြောင့် မိန်းခလေးတွေအားလုံး အစွမ်းကုန်
ပြင်ဆင်ခြယ်သကာ လှပနေကြပါသည်။ ခါတလေ…နံနက် ၄း၀၀နာရီလောက်ကြီး  ချမ်းအေးစောစီးစွာ မော်တော် ထွက်စောင့်ကြရသော နေ့ရက်တွေမှာတော့ ဘယ်သူမှ လှဖို့မစဉ်းစားအားကြပါ။ ဖုတ်ပူမီးတိုက်၊ အပြေး တစ်ပိုင်း၊ ဒရောသောပါး ကမ်းစပ်ဆီပြေးကြရသူတွေချည်းသာ။ အိပ်ယာထ နှောင့်နှေး၊ ဖင့်နွဲ့လှသော ချိုရီအတွက်တော့ ဆိုစရာပင်မရှိ။ ရေတစ်ခွက်လောင်းဆေးပြီး မျက်နှာကို ကြုံသလိုသစ်ခဲ့ရတော့သည်။ အထုတ်တစ်ထုတ် ခေါင်းပေါ်ပစ်တင်ကာ ဒယဥ့်တိုက်ပြေးရသည်ချည်းပင်။ မျက်နှာပေါ် သနပ်ခါး တစ်မှုန်တစ်စတောင် မတင်ခဲ့အားနိုင်။
သနပ်ခါးလိမ်း၊ အလှပြင်တားလည်း ဘာထူးမှာလဲ။ မော်တော်ဝမ်းထဲရောက်ဖို့ရန် နုံးထဲ၊ ရွှံှ့ဗွက်ထဲ ရုန်းရ
ဦးမှာပင်။ မော်တော်က ကမ်းပါးနှင့် အတန်အလှမ်းဝေးသော ရေစပ်အထိသာ ကမ်းကပ်ရပ်နား ပေးနိုင်တာ ဖြစ်သည်။ ကုန်းဘောင်တံတားထိုးရန်လည်း အလှမ်းမမီပါ။ ရေဆင်းတံတားလည်း မရှိသောကြောင့် ကမ်းနားဦးမှ လုံချည်ခပ်တိုတို၊ တင်းတင်းပြင်ဝတ်ကာ ရွှံ့နုံးလတာတောထဲ တစွက်စွက်ရုန်းလျှေက်ခဲ့ကြရုံသာ။
ကြည့်မြင်တိုင်ဘက်ကမ်း ကမ်းနားဆိပ်ရောက်လေမှ ကမန်းကတန်း၊ မစင့်တစင်ပွတ်ဆေးလာခဲ့ရသော
ခြေလက်တွေကို အချိန်ယူ ဆေးကြော ကြရတော့သည်။ နီးရာလူထံမှတဘက်တစ်ထည်ဆွဲယူကာ မျက်နှာကို တစ်ချက်၊ နှစ်ချက် ပုတ်လိုက်ရသည်။ ဖွာလံကျဲနေသော ဆံပင်များကို လက်နှစ်ဘက်စုံဖြင့် ကြုံသလို၊ ပြီးစလွယ် သိမ်းသပ်လိုက်ရသည်။
ဆန်တစ်တင်းခွဲဝင် ပီနံအိတ်တစ်ထုတ်စီ ကိုယ်စီခေါင်းပေါ်စွေ့ကနဲပစ်တင်ပြီးလျှင်တော့ ကားဂိတ်ဆီ
ခြေလှမ်းညီညီ အမီလှမ်းကြပြီ။

                                                         * * *
ခေါင်းပေါ်မှာ ရွက်တင်လာခဲ့သော အထုတ်အပိုးများကို တဖုတ်ဖုတ်ပစ်ချစုပုံကာ အခန်းထောင့်တစ်နေရမှာ
ချိုရီတို့တစ်သိုက် ထိုင်နား၊ အမောဖြေ နေကြပါသည်။ ကားမှတ်တိုင်မှ မင်းညိုတို့၏ အရောင်းဆိုင်သို့ရောက်ရန် ခရီးအတော်လှမ်းလှမ်း ခြေကျင်လျှောက်ခဲ့ကြရတာမို့ ချွေးတွေတောင်ရွှဲနစ်နေကြပြီ။
မင်းညိုသည်လည်း ချိုရီတို့ထံ လွင့်ခနဲ အကြည့်တစ်ချက်သာပို့နိုင်ကာ ချိုရီထံ ပြုံးယောင်ပြုလျှက်
အလုပ်ဆက်ရှုပ်နေပြန်တော့သည်။
“ကိုမင်းညိုကြီး၊ နီလေးတို့ ရောက်တာနောက်ကျနေလို့ ဗျိုင်းလည်ပင်းဖြစ်နေတာ မဟုတ်လား”
အနားကပ်ကာ ခပ်တိုးတိုးကျီစယ်နိုင်သေးသော နီလေးအား မင်းညိုသည် မအားမလပ်ကြားကပင်
လက်သီးဆုတ်ထောင်ပြဖေါ်ရသေးသည်။ လူဖြောင့်၊စိတ်ကို ကိုမင်းညိုသည် အလုပ်ဇောလည်း သန်လွန်းသူ တစ်ယောက်မို့ သူ…အလုပ်ရှုပ်နေချိန်မှာ စကားအပိုတွေကို သီးမခံတတ်ပါ။ နီလေးတစ်ယောက် ကိုသာ….။
နီလေး၏ အသက်က ခုမှဆယ့်လေးနှစ်ထဲ ၀င်ရုံရှိသေးသည်။ ဒီနှစ် ရှစ်တန်းတက်ရမည်ဖြစ်သည်။ ဒါပေမယ့်
လူကြီးမိဘများ၏ မပြေလည်မှု၊ အကျပ်အတည်းအခက်အခဲတွေကို အရွယ်နှင့်မမျှ နားလည်နေတတ်သူမို့ ကျောင်းသို့ စေလွှတ်လို့ဘယ်လိုမှမရတော့။
“နီ…ပိုက်ဆံရချင်တယ် မမချိုရီရဲ့။ ချမ်းသာဖို့ ဟုတ်ပါဘူး။ အဖေနဲ့ အမေ့ကို သနားလို့ပါ”
“ပိုက်ဆံက ဘယ်အချိန်ရှာရှာပါ နီလေးရယ်။ ပညာဆိုတာ ငယ်တုန်းသင်ကြရတာ။ ကျောင်းတက်လိုက်ပါဦး…”
“ဟင့်အင်း…။ ကျောင်းတက်နေလို့ ဒီအကျဉ်းအကျပ်ကြားမှာ နီလည်းပျော်မှာမဟုတ်ဘူး”
ပြောမရသည့်အဆုံးတော့ နီလေးတစ်ယောက် ချိုရီ၏ သင်္ကန်းချုပ်သင်တပည့်မ ဖြစ်လာခဲ့တော့သည်။
မိကြောင်း၊ဖကြောင်း သိတတ်သူလေးရယ်လို့ ချိုရီက မင်းညိုအား ပြောပြမိတ်ဆက်ပေးကတည်းက နီလေးကို သနားနေခဲ့သော မင်းညိုသည် ထိုကောင်မလေးအပေါ် မြို့မှာကျန်နေခဲ့သော ညီမအငယ်ဆုံးလေးနှင့်မခြား
သံယောဇဉ် တွယ်နေမိတော့ပြီ။
“နီလေးလက်ရာကို ချိုရီ…တာဝန်ယူပါတယ် မင်းညိုရဲ့။ ချိုရီတပည့်မက လက်ရာကောင်းပါ။ သေသေသပ်သပ်လည်းရှိပါတယ်”
ချိုရီတာဝန်ခံနိုင်သည်ဆိုလျှင် မင်းညိုကလည်း အထည်စိမ်းပေးရန် ၀န်မလေးပါ။ ဒါပေမယ့်…
“ဟို..နီလေးမှာ အပ်ချုပ်စက်လည်းမရှိဘူး မင်းညိုရဲ့…”
မင်းညို၏ ကူညီစီစဉ်မှုဖြင့် နီလေးတစ်ယောက် စက်အဟောင်းကလေးတစ်လုံးကို ငှားရမ်းလိုက်နိုင်ခဲ့သည်။
ထိုအချိန်မှစကာ နီလေးကလည်း မင်းညိုကို ချိုရီနှင့် လွှတ်သဘောတူနေတော့ကာ သူတကာထက် ခင်မင်တွယ်တာ နေခဲ့တော့သည်။
ချိုရီတို့ရှေ့မှာ သင်္ကန်းစုံပြန်အပ်ကာ အထည်စိမ်းပိတ်အုပ်ပြန်ယူကြသော“ကင်းရွာသူ” အုပ်စုရှိနေနှင့် နေလေသည်။ စားရင်းနှင့် တိုက်စစ်ကာ အထည်အရေအတွက်၊ အလျား၊အနံ ပြည့်၊ မပြည့် ၊ချုပ်ရိုးအစိတ်အကျဲ
ညီ၊မညီ စစ်ဆေးနေရတာမို့ မင်းညိုနှင့်အတူ ကျန်ဝန်ထမ်းသုံးယောက်ပါ လက်မလည်အား။
“ဟာ…မကျင်စောအထည်တွေက ချုပ်ရိုးတွေကျဲလိုက်တာဗျာ။ တစ်လက်မ ရှစ်ပေါက် ဘယ်က မလဲ။”
“ငါလည်း ဂရုစိုက်ပါတယ် မင်းညိုရယ်။ ငါ့စက်က အောက်ချည်တွေရှုပ်ပြီး ဘာဖြစ်မှန်းမသိတာနဲ့ ပြင်ရင်းချုပ်ရင်း ..ဒီတစ်ထည်မှာ ပါသွားတာပါ။”
“ဟွန်း …ပြောလိုက်ရင် …ဒီ..စက်ပဲ ကြောင်းပြတော့မှာ သိနေတယ်”
မင်းညိုတစ်ယောက် တဖျစ်တောက်တောက် ဆက်လက်မြည်တွန်နေသောလည်း မကျင်စောကတော့
ခပ်အေးအေးပါပင်။
ချိုရီ့အထည်တွေကို ကိုင်နေရင်း…
“ပြီးရင် ခဏစောင့်ဦးနော်”
“ဟို..ချိုရီတို့ အချိန်မရှိတော့ဘူး မင်းညိုရဲ့”
မျက်နှာငယ်ငယ်နှင့် ချိုရီက ဖြေလေလျှင် မင်းညိုလည်း မျက်နှာတော့ ညိုချင်ပြီ။ ပြီးခဲတဲ့ တစ်ပါတ်
ကတည်းက “နောက်တစ်ခေါက်ကျ ဘုရားတက်ကြရအောင်” ဟု မင်းညိုမှာလိုက်ပါသည်။ ချိုရီလည်း ၀မ်းသာအားရ ခေါင်းညိတ် လက်ခံခဲ့သည်ပင်။
ဒါပေမယ့် …..
“….ချိုရီတို့ ဒီနေ့ ရန်ကုန်အ၀င် နောက်ကျသွားတာကို။ လိုင်း မော်တော်လေးက ခဏကြာရင် ပြန်ထွက်မယ်လို့ မှာလိုက်တယ်”
ချိုရီတို့တတွေသည် ရန်ကုန်မြေကို တစ်ပတ်လျှင် တစ်ခေါက်တော့ နင်းဖြစ်နေကြသူချည်းပင်။ ဒါပေမယ့်
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေတော်ရင်းကို ခေါက်တုန့်ခေါက်ပြန်ကွေ့ဝိုက်၍သာ သွားလာနေ ဖြစ်သည်က အကြိမ်ရေ ပိုများပါသည်။ ဗာဟီရ ကိစ္စ၀ိစ္စတွေ များမြောင်ရှုပ်ထွေးနေရသည်ကြောင့် စေတီတော်ကြီးအား အဝေးမှသာ လှမ်းမျှော်မော်ဖူးနိုင်ခဲ့ကြသည်။
“ချိုရီတို့က ရန်ကုန်ကို နံနက်ပိုင်းကရောက်၊ နေ့လည်ပြန်ကြရတာမို့ ထားပါတော့။ ကိုယ်တို့တွေက ဘုရားခြေတော်ရင်းမှာ မှီခိုပြီးနေလာခဲ့ကြတာ နှစ်တွေကြာလှပြီ။ ဒါပေမယ့် တနင်္ဂနွေနေတိုင်း ဘုရားကုန်းတော်ပေါ် ပုံမှန်ရောက်နိုင်ဖို့ မနည်းအချိန်ယူကြရတယ်။ ဘုရားပွဲရက်တွေ၊အခါကြီး၊ ရက်ကြီးတွေ ဆို ပိုဆိုးသေးတယ်။ အဲဒီအချိန်ဆို…. နေ့ရော၊ ညပါ ကိုယ်တို့အားလုံး အလုပ်မနိုင်မနင်း ဖြစ်ရဆုံးအချိန်ပဲ”
ဝါဆိုလပြည့်၊ သီတင်းကျွတ်၊တန်ဆောင်မုန်းလပြည့်နှင့် တပေါင်းလပြည့်ရက်များသည် မင်းညိုတို့၏ ဗဟန်းဝန်းကျင်တစ်ဝိုက်သာမက ကြည့်မြင်တိုင်၊ မြို့ထဲ ကုန်ဈေးတန်းဝန်းကျင်ရှိ သင်္ကန်းပရိက္ခရာ တိုက်ကြီးတွေအားလုံး စည်ကားနေလေ့မြဲ။ သင်္ကန်းကပ်ကြမည့် အလှူရှင်တွေ၊ ရဟန်းခံ၊ ရှင်ပြုနားသ ကုသိုလ်ပြုကြမည့် ဈေးဝယ်တို့ဖြင့် တိုးမပေါက်တော့ပြီ။ သင်္ကန်းတိုက်ကြီးတွေအားလုံး တစ်ညလုံး မအိပ်မနေပြင်ဆင်ထုတ်ပိုးကြ၊ နံနက်လင်းသည်နှင့် ပျားပန်းခပ်ဝယ်ကြ၊ ရောင်းကြရသည်မှာ အနားမရနိုင်။
ထိုအချိန်ဆိုလျှင် ချိုရီတို့ သင်္ကန်းချုပ်သမတွေလည်း အခါတိုင်းထက် အလုပ်ပိုရှုပ်လေ့မြဲ။ တစ်နေ့လျှင်
ဒွိစုံသင်္ကန်း သုံးစုံ၊ လေးစုံမျှပြီးသူတွေကို လေး၊ငါးစုံမက စုံအရေအတွက် ပိုထွက်နိုင်သမျှ ထွက်နိုင်စေရန် တွန်းအားပေးကြပြီ။ ချိုရီတို့တတွေ ညမီးဆက်ကာ အပ်ချုပ်စက်ပေါ်မှာပင် ထမင်းစားကြရတော့သည့် အဖြစ်။ ပရိက္ခရာ တိုက်ကြီးတွေအားလုံးက ချိုရီတို့အား ရန်ကုန်အထိ သင်္ကန်းပို့၊ယူ မလုပ်စေတော့ပြီ။ ရွာအထိ ရောက်အောင် လူလွှတ်၍သိမ်းစေတော့သည်။
ခုချိန်ကတော့ ၀ါတွင်းကာလလည်ဖြစ်သောကြောင့် ဥပုသ်နှင့် အဖိတ်နေ့တွေကလွဲလျှင် အတန်ငယ်တော့
အလုပ်ပါးပြီဆိုနိုင်ပါ၏။
ထို့ကြောင့်လည်း မင်းညိုက ချိုရီ့အား ဘုရားပို့ပေရန် ချိန်းခဲ့တာဖြစ်ပါသည်။
ဒါပေမယ့် ချိုရီက မော်တော်အမီ ကမ်းနားပြန်ဆင်းရပါဦးမည်။
“နောက်တစ်ပတ်ပေါ့ မင်းညိုရယ်”
မင်းညိုတစ်ယာက် အလိုမကျသော မျက်နှာဖြင့် ကျန်ရစ်ခဲ့ပါသည်။

                                               * * *
ချစ်သူသက်တမ်း သုံးနှစ်တာကာလအတွင်း `လက်ထပ်ချင်ပြီ´ ဆိုစကားကို မင်းညိုထံမှ အကြိမ်ကြိမ်ကြား
ခဲ့ရဖူးပါသည်။
ဒါပေမယ့် ထိုစကားက ချိုရီ့ထံ ခွင့်တောင်းတိုင်ပင်နေတာဖြင့် မဟုတ်ဘူးထင်ပါသည်။ သူ့ဆန္ဒ သက်သက်ကို ဖွင့်ထုတ်သိကြားစေရုံ သက်သက်သာဟု ချိုရီနားလည်ရပါသည်။
ဆယ်တန်းအောင်ပြီးကတည်းက နယ်မြို့ကလေးတစ်ခုမှ ရန်ကုန်တက်လာခဲ့ပြီး အလုပ်လုပ်နေသော မင်းညိုသည် ရိုးသားအေးဆေးကာ အလုပ်ထဲမှာလည်း မခိုမကပ် ကြိုးစားနိုးကြားသူအဖြစ် နာမည်ကောင်း သတင်း မွှေးလွင့်လှသူပင်။ သင်္ကန်းတိုက်ပိုင်ရှင် သူဋ္ဌေးကိုယ်တိုင်က နှစ်လိုအရေးပေးခြင်းကိုလည်း ခံရသူဖြစ်ပါသည်။ ၀န်ထမ်း အလုပ်သမား အားလုံးထဲမှာ ပိုင်ရှင်မှလွဲလျှင် မင်းညို၏ သြဇာသာ အတည်းဆုံး ဖြစ်ပါသည်။ မန်နေဂျာ၊ လူယုံသဘောမျိုး သက်ရောက်နေသော မင်းညို၏ လုပ်ခလစာသည်လည်း အများတကာထက် ပိုလွန်ပါ၏။
ဒါပေမယ့် မြို့တွင်ကျန်ရစ်သော မိခင်၊ ဖခင်တို့၏ စားဝတ်နေရေး၊ ညီ၊ညီမငယ်များ၏ ပညာသင်စရိတ်
စသည်တို့မှာ မင်းညို၏ အထောက်အပံ၊အကူညီကို မဖြစ်မနေ ငံ့လင့်နေကြရသော အခြေအနေမှာ ရှိပါသည်။ တစ်လ၊ တစ်လ…ရသမျှ လစာငွေကို ခြစ်ကုတ်ခြိုးခြံနေသည့်ကြားမှပင် ကြိုတင်လစာငွေ ကျောပိုးတက်နေတတ်သူပင်။
``နှစ်ချုပ်နဲ့တိုက်ခန်းလေး တစ်ခန်းလောက် ငှားနိုင်ချင်လိုက်တာကွာ´´
သည်မျှလောက်ဆိုလျှင်ပင် မင်းညို၏ ရင်တွင်းစိတ်ကူးနှင့် သောကအတိမ်အနက်ကို ချိုရီမြင်နိုင်ပြီ။
``ခုမတတ်နိုင်သေးလည်း နောက်တော့ဖြစ်လာမှာပေါ့ မင်းညိုရယ်။ အားမလျှော့ပါနဲ့´´
ချိုရီသည်လည်း နှုတ်ဖြင့် နှစ်သိမ့်ရန်မျှသာ တတ်နိုင်သူ ဖြစ်ပါသည်။

                                                    * * *
``ချိုရီရေ…ညည့်နက်လှပြီမဟုတ်လား။ သိမ်းတော့လေ…´´
``ခဏလေးအမေ။ အနားပတ်ကလေး နှစ်ကြောင်းဆွဲနေတာ။ ပြီးတော့မှာပါ´´
မျက်စောင်းထိုးအိမ်က ဝေလွင်တို့လည်း မီးမှိန်ပြပြနှင့် အလုပ်ကောင်းနေကြဆဲထင်သည်။
ချိုရီတို့၏ “သပြေဝေ”သာမက ခရမ်းဝ၊ ကင်းရွာ…စသည့် ရွာနီးချုပ်စပ်အားလုံးတွင် အိမ်တိုင်းနီးပါးမှာ
အပ်ချုပ်စက် ကိုယ်စီရှိကြပါသည်။ မိန်းကလေး ရွယ်လတ်အားလုံးတို့သည်လည်း အပ်ချုပ်စက် နင်းနိုင်သည်။ သင်္ကန်းချုပ် နိုင်ကြပါသည်။ ရွာကျောင်းမှ ထွက်သည်နှင့်အပ်ချုပ်စက်ခြေနင်း စမ်းကြသူ တွေ ချည်းပင်။
အပ်ချုပ်စက်မှ မနင်းလိုလျှင်လည်း မိရိုးဖလာ လယ်ယာလုပ်ငန်းမှာ ကောက်စိုက်၊ပျိုးနုတ် ကြရုံသာ
ရှိတော့သည်။ လယ်ထဲ၊ချောင်းထဲကိုတော့ ဘယ် မိန်းကလေးမှ မဆင်းလိုကြပါပေ။ ရွှံ့နွံဗွက်ထဲမှာ စိုစွတ်ပေကျံကာ ချွေးသံတစ်လုံးလုံး ရုန်းကန်ရသောဘ၀ထက် အိုးမကွာ၊ အိမ်မကွာ အပ်ချုပ်စက် ကလေးနင်းနေတာက လူနေလှသလို ထင်ကြပါသည်။ ယောက်ျားအများစုနှင့် အမျိုးသမီးကြီးတွေသာ လယ်ထဲဆင်းကြပါသည်။ အမျိုးသမီးငယ်အများစု တို့ ကတော့ အပ်ချုပ်စက်သာ ကုန်းနင်းကြလေသည်။
သင်္ကန်းချုပ်သော အလုပ်မှာလည်း ၀ါမ၀င်မီ ၀ါဆိုသင်္ကန်း၊ ၀ါမထွက်မီ ကထိန်သင်္ကန်း၊ နွေကျောင်းပိတ်ရက်
မတိုင်မီ ဒုလ္လဘသင်္ကန်း စသည်ဖြင့်သာ လှိုင်လှိုင်ချုပ်ကြရတာ ဖြစ်ပါသည်။ စပ်ကူးမတ်ကူး ကြားကာလ တွေမှာတော့ အားကစားဘောင်းဘီ၊ ဒူးကျဘောင်းဘီ ဆိုတာတွေ ယူချုပ်ကြရပြန်သည်။
ချိုရီကတော့ ရိုးရိုး ဒွိစုံသင်္ကန်းအပြင် ဒူးကုဋ်နှစ်ထပ်သင်္ကန်းလည်း ချုပ်တတ်နေသေးသူဖြစ်သည်။
ပိတ်စလည်း ကိုယ်တိုင်ဖြတ်တောက်ခွဲစိတ်တတ်သေးသူမို့ သင်္ကန်းတစ်မည်ထဲ ချုပ်နေလည်းပင် တစ်နှစ်လုံး အလုပ်မပြတ်ပါ။
နှစ်ထပ်သင်္ကန်းကြီးက ပိတ်စငယ် အပိုင်းပေါင်းများစွာဖြစ်အောင် ခွဲစိတ်ဖြတ်တောက်ပစ်ပြီးမှ နှစ်ထပ်
သင်္ကန်းပြန် ဖြစ်အောင် လေးထောင့်ကွက် ပိတ်အပိုင်းအစလေးတွေကို အုတ်နံရံကွက်ဖေါ်ကာ စိတ်ရှည်လက်ရှည် စပ်ချုပ်ရပြန်သည်မို့ လက်ဝင်ခက်ခဲသယောင်ရှိပါသည်။ နှစ်ထပ်သင်္ကန်းမှာ (၁၅)ခဏ်းမှသည် (၁၅၅)ခဏ်းအထိ အခဏ်းစုံ ခွဲခြားချုပ်ကြလေ့ရှိပါသည်။ အခဏ်းဝင်များလေ …ပို၍ လက်ဝင် ခက်ခဲလေပါပင်။ ဒွိစုံသင်္ကန်းချုပ်နေကြ အများစုကတော့ နှစ်ထပ်သင်္ကန်းကို လက်ရှောင်ကြပါသည်။
ဒါပေမယ့် ကထိန်သင်္ကန်းနှင့် ဒုလ္လဘ ရဟန်းခံ အလှူရှင်များအတွက်တော့ နှစ်ထပ်သင်္ကန်းကို အမွန်အမြတ်
အထွဋ်ထားထားကာ ၀ယ်ယူလှူဒါန်းလေ့မြဲ။
မင်းညိုတို့တိုက်မှာ ဆိုင်တင်သမျှ နှစ်ထပ်သင်္ကန်းများအားလုံးနီးပါးကို ချိုရီတစ်ယောက်တည်း အလျင်မီအောင် ချုပ်ပေးနေတာဖြစ်ပါသည်။ မင်းညိုတို့ကလည်း ချိုရီ့လက်ရာကို စိတ်ချသည်ကြောင့် ချိုရီ ချုပ်ချိန်ပိုရစေရန် တစ်ရာသီစာ အော်ဒါပေးလျှက် စောစီးကြိုတင်အပ်နှံနေကျပင်။ အချို့သော အလှူရှင်များကတော့ စပယ်ရှယ်အော်ဒါချုပ် နှစ်ထပ်သင်္ကန်းကိုမှ အမွန်အမြတ်၊ ထူးထူးခြားခြား လှူဒါန်းလိုကြပါသည်ဆိုလာလျှင် ချို့ရီကိုသာ အားကိုးရသည်ပင်။ ဒါပေမယ့် အချိန်နှင့်လုပ်အားက ချိုရီ့လောဘကို အမီမလိုက်နိုင်ပါ။
ချိုရီလည်း မင်းညို၏တာဝန်များကို ဝေမျှယူချင်ပါသည် မင်းညိုရယ်…။

                                           * * *
ဒီနေ့တော့ ဘုရားခြေတော်ရင်းဆီ နှစ်ယောက်အတူ ရောက်နိုင်တော့မည် ထင်ပါသည်။
ဒီနေ့ရလာမည့် ၀င်ငွေထဲမှ ဦးဦးဖျားဖျားဖယ်ချန်ကာ နှစ်ဦးအတူ ရွှေသင်္ကန်းကပ်လှူကြမည်ဟု
ရည်ရွယ်တိုင်ပင်လာခဲ့ကြပါသည်။
အေးအေးဆေးဆေး ဘုရားဖူးပြီးမှ ဆေးရုံကိုလူနာသတင်းမေးသွားတော့မည်။
နီလေးတစ်ယောက် ဆေးရုံတင်ထားရတာ သုံးရက်ခန့်ရှိခဲ့ပြီ။ ရွာမှ ရန်ကုန်သို့ သင်္ကန်းပို့ရန်အလာ၊
လမ်းပေါ်မှာတင် ဗိုက်အောင့်သည်ဟု ရှုံ့မဲ့အော်ဟစ်နေခဲ့သော နီလေးအား နီးရာဆေးခန်းတစ်ခုမှာ ၀င်ပြပေးကြသည်။ အူအတက်ယောင်တာဟု ဆရာဝန်က မှတ်ချက်ပေးကာ အားချင်းပင် ဆေးရုံတင်စေပါတော့သည်။
ခုတော့ ခွဲစိတ်ပြိးစီးခဲ့ပြီမို့ စိတ်အေးရမည့် အခြေအနေမှာ ရှိပါပြီ။ ဒါပေမယ့် ငါးရိုးမျက် လက်တို ဖြစ်နေ
ရှာသော ကလေးမ၏ မိသားစု သည် ဆေးရုံပေါ်မှာ လက်ဖ၀ါးဗလာဖြင့် အားငယ်လှရော့မည်။
ခွဲစိတ်ခန်းမ၀င်မီ တစ်ကြိမ်တော့ မင်းညို ဦးဆောင်ကာ ဆိုင်ဝန်ထမ်းတွေ၊ သင်္ကန်းချုပ်သမတွေထံမှ ရတတ်သမျှ စုဆောင်းပေးခဲ့ပါသေးသည်။ အလုပ်ရှင် သူဋ္ဌေးကလည်း စိတ်လိုလက်ရထည့်ဝင်ပေးလိုက်သေး သည်မို့ ခွဲစိတ်ခန်းကိစ္စ အဆင်ပြေခဲ့ရသည်။
ချိုရီက မင်းညိုအနားကပ်ကာ လေသံတီးတိုးဖြင့်…
“ချိုရီ့မှာ နှစ်ထပ်သင်္ကန်း တစ်ထည်ရှိနေတယ် မင်းညိုရဲ့”
                        မင်းညိုက နားမလည်ဟန်ဖြင့် ဇဝေဇ၀ါ တုန်ပြန်ကြည့်လေသည်။
“ပိတ်စ အပိုလေးတွေ စုထားပြီး ကိုယ်ဘာသာ ဖြည်းဖြည်းချင်းပြန်စပ်ချုပ်ထားတာပေါ့။ ပိတ်စအကြီး
လည်းမရတော့ အကွက်သေးလေးတွေနဲ့ပဲ ချုပ်ရတာ။ (၁၅၅)ခဏ်း လေ။”
                        ထိုသင်္ကန်းကို ချိုရီတစ်ယောက် စိတ်ကူးတယဉ်ယဉ်ဖြင့် ချုပ်ခဲ့ရကြောင်း မင်းညိုအား ပြောမပြချင်ပါ။
တကယ်လို့များ ချိုရီတို့ နှစ်ယောက်လက်ထပ်ဖြစ်ခဲ့လျှင် သံင်္ဃာတော်တစ်ပါးပါးကို အိမ်ပင့်၍ ဆွမ်းကပ်မည်။ မင်္ဂလာဦးအလှူအဖြစ် တိစိဝရံ သင်္ကန်းလည်း လှူချင်သေးသည်။ ဒွိစုံသင်္ကန်းကိုတော့ မင်းညိုဝယ်လိမ့်မည်။ နှစ်ထပ်သင်္ကန်းကလေးတော့ ကိုယ်တိုင်လုပ်အားဖြင့် တဖြည်းဖြည်း အချိန်ယူချုပ်၍ လှူမည်ဟု စိတ်ရှည်၊ လက်ရှည် ကျနသေသပ်စွာ ချုပ်ယူခဲ့တာ နှစ်လကျော် ကြာခဲ့ပါသည်။
                        ချိုရီ့စိတ်ကူးများကို မင်းညိုသိလျှင် ချိုရီ့အား သနားအားနာလျှက် အနေခက်ရဦးမည်မို့ ရှင်းပြမနေချင်တော့။ ဒါပေမယ့် မင်ညိုက မေးလွန်းမက မေးလာသောကြောင့်သာ….
“ချိုရီ နောက်တစ်ထည်း ပြန်ချုပ်ဦးမှာပါ မင်းညိုရဲ့။ ဒီအထည်လေးကိုတော့ ပြန်ရောင်းပြီး ချိုလေးတို့ မိသားစုကို ပေးချင်လို့”
                        “ချိုရီရယ်…”ဟု နာကျင်သလို တစ်ချက်ညည်းငြူကာ မင်းညိုငြိမ်ငေးသွားပါသည်။

                                         * * *
                        နောက်ဆုံးတော့လည်း ချိုရီတို့နှစ်ယောက် ဒီနေရာ၊ ၀န်းကျင်လေးကိုပဲ ရွေးချယ်ဖြစ်ခဲ့ကြပါသည်။
                        ချိုရီ့ သင်္ကန်းကို မင်းညိုတို့ဆိုင်မှာ အကျိုးကြောင်းပြောပြ၊ အကူအညီတောင်းကာ ဆိုင်ပြန်တင်ရန်ပြောလျှင်
အဓ္ဓိပါယ်တစ်မျိုးဖြင့် ကြည့်လာကြမည်ကို မင်းညိုက ပူပန်ပါသည်။ တခြားဆိုင်ကြီးတွေမှာလည်း မျက်နှာအောက်ချ မ၀င်ချင်ပါ။ အဲတော့ လမ်းဘေးတစ်နေရာ၊ အဆင်ပြေမည် ထင်ရသူတစ်ယောက်ကို ရွေးချယ်ရတော့ပြီ။
“အသစ်စက်စက်ပါ အစ်မရဲ့။ ဆိုင်တံဆိပ်လည်း မကပ်ရသေးပါဘူး”
                        ပြောမည့်သာ ပြောရသော်လည်း ထိုမိန်းမက ပြန်ဖြန့်လိုက်၊ခေါက်လိုက်၊ လက်ထဲမှာ မသိမသာ လုံးချေ
နေလိုက်ဖြင့် ကြိမ်ဖန်များစွာရှိလာတော့ အထည်ကလေးက နွမ်းကြေနေခဲ့ပြီ။
“………………..တော့ ပေးလိုက်မယ်”
                        အင်တင်တင်ဖြင့် မလွှဲကင်းသာပုံစံ အပြည့် ဖမ်းထားလိုက်သေးသည်။ ချိုရီတို့နှစ်ယောက်သား
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျှက် ရှုံ့မဲ့သွားကြရပါသည်။ သည်အထည်မျိုးက ချုပ်ခတင် သောင်းချီနေတာ မဟုတ်လား။ သူမပေးသော ဈေးနှုန်းက သုံးပုံ၊ တစ်ပုံတောင်မရှိ။
“ဆိုင်တင်တဲ့ဈေးကို ကျွန်တော်တို့သိပါတယ် အစ်မရယ်။ အဲလောက်ကြီးတော့ မနှိမ်ပါနဲ့ ဗျာ”
“ဒါဆိုလည်း ဆိုင်တင်ရောင်းပါလား။ ဒီမှာတော့ ဒီဈေးပဲ…”
                        သူ့ဘက်က ခပ်တင်းတင်းဆိုလေတော့ ချိုရီတို့ကလည်း ကိုယ်ပစ္စည်း ကိုယ် ပြန်ယူကာ နောက်ကြောင်း
လှည့်ကြဖို့သာ ရှိတော့သည်။
“နေဦး။ နည်းနည်း ထပ်တိုးပေးလို့ ရမလား၊ မေးလိုက်ဦးမယ်”
                        ရှက်စရာကောင်းလှပြီ။ ဒီနေရာသည် မင်းညိုနှင့် မစိမ်းသောပတ်ဝန်းကျင်ဖြစ်သလို ချိုရီ့အဖို့လည်း
ဆန်းကြယ်လှတာတော့ မဟုတ်ပါ။ ဒါပေမယ့် ကိုယ်တိုင်အခြေအတင်ပြောနေရသော အတွေ့အကြုံမျိုးက နှစ်ယောက်စလုံးအတွက် ခုတစ်ကြိမ်က ပထမဆုံးပင်။ ကိုယ်တွေကို ပတ်ဝန်းကျင်ဖြတ်သွားဖြတ်လာ အသိတွေ တွေ့သွားကြတော့မလား ။နောက်ကျောမလုံချင်ပြီ။
                        ထိုမိန်းမကတော့ ချိုရီအထည်ခေါက်ကလေးကို မလွှတ်တမ်း ဆုတ်ကိုင်ထားကာ မနီးမဝေးမှ
အဖော်တစ်ယောက်ထံ လှမ်းအော်ပြီး အခြေအတင်ပြောနေပြန်တော့ပြီ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရန်ပင် ရှက်လန့်နေရတော့မည့် အခြေအနေမှာ ချိုရီကတော့ နောက်ကြောင်းပြန် ပြေးချင်နေမိပြီ။
                        အသားညိုနက်နက်နှင့် ကွမ်းတစ်ပစ်ပစ်မိန်းမသည် စကားဟောင်ဖွာမပျက် ချိုရီတို့အနားသို့ ရောက်လာလေပြီ။ အထည်ကလေးက သူ့လက်ထဲ ရောက်သွားပြန်ပြီ။ စိမ်ပြေနပြေ အထည်ကလေး နွမ်းရိတော့မတတ် လိမ်ခြေမွှေနှောက်နေရာက မျက်နက်ထောင့်ကပ်ကာ၊ ဟန်မူတွေပိုလျှက်…
“ခိုးရာပါတွေ၊ ဘာတွေတော့ မဟုတ်ပါဘူးနော်”
                        ချိုရီ မျက်လုံတွေ ပြာပြာဝေသွားသည်။ လူတစ်ကိုယ်လုံး ထူပူနေကာ နတ်ကျသလို ကတုန်ကရင်
ဖြစ်လာရသည်။
“မရောင်းတော့ ဘူး”
                        သူမ၏ လက်ထဲမှ အထည်ကလေးကို အပြေးတစ်ပိုင်းဖြင့် ဆောင့်ဆွဲယူလိုက်ပါသည်။ မင်းညို…။ အံကို
တင်းတင်းကြိတ်လျှက် လက်သီးကျစ်ကျစ်ဆုတ်ကာ တဆတ်ဆတ်တုန်နေသော မင်းညိုအား မနိုင်မနင်းဆွဲခေါ်လာခဲ့ရသည်။
“ အလုပ်သဘောအရ မေးတာပဲ။ အဖြစ်သည်းနေလိုက်တာ…”
                        မျက်လုံးမှာ မျက်ရည်တွေ ဆိုင်းဝေနေတော့ကာ ဘာဆိုဘာမှ မြင်မရချင်။ ဒါပေမယ့် မလိုတမာ စကားတွေက နောက်ပါးမှာ ကပ်ပါလာနေတုန်း။
                        နှစ်ယောက်သား တစ်ယောက်လက် တစ်ယောက် မလွှတ်တမ်း တွဲဆုတ်ထားလျှက် ဦးတည်ရာမဲ့
တရွေ့ဆက်လျှောက်နေမိသေးသည်။
                        ထိုနေ့ကလည်း ချိုရီတို့နှစ်ယောက် ဘုရားမဖူးဖြစ်ကြပြန်ပါ။ ။


                                                                                                               သတိုး

Wednesday, August 18, 2010

ကြိုး၏ကျွန်

သူတို့သွားရာ ခရီးလမ်းတစ်လျှောက် ကျွန်တော် ခုလို တကောက်ကောက်လျှောက်လိုက် ကပ်ပါလာခဲ့တာ ခိုင်လေးသာ သိသွားလို့ကတော့ သူမ အရမ်းကိုစိတ်ဆိုး ဒေါပွ နေတော့မှာပါ။ သူနှင့် ကျွန်တော်... ချစ်သူတွေဘ၀မှာကတည်းက ကျွန်တော်က သူ့အပါးမှာ အရိပ်ကြည့်၊ကပ်မခွာ စောင့်ကြည့် ချစ်နိုးခဲ့ရသူလေ…။

အဲသည်စဉ်တုန်းကတော့…

``ခိုင်လေး ၀ယ်စရာတစ်ခုရှိလို့ ကိုကိုလိုက်ပို့ပေးပါဦး´´
``ကိုကို အနားမှာရှိတော့ ခိုင်လေးလည်းပိုအားရှိတာပေါ့´´

အဲသလို ချွဲနွဲ့တတ်ခဲ့သော ခိုင်လေးကအခုအိမ်ထောင်သက် တစ်နှစ်ကျော်ကလေး အတွင်းမှာပဲ ကျွန်တော့်ရဲ့ အရိပ်ကြည့် ဂရုစိုက်မှုတို့အတွက် စိတ်ကျဉ်းကျပ်၊ အနေခက်နေတတ်ပြန်ပြီ။

``ကိုကို နေခဲ့ပါ။ ခိုင်တစ်ယောက်တည်းဖြစ်ပါတယ်….´´
``ဟာ…ကိုကိုပါလာရင် ရှုပ်တယ်ကွာ…´´

ကျွန်တော်..၀မ်းနည်းနာကျင်ရမှုတွေကို သူမ မမြင်မသိစေရပဲ…

``ကိုကိုက ခိုင်လေးတစ်ယောက်တည်း စိတ်မချလို့ပါ´´
``ဘာ…စိတ်မချစရာရှိလို့လဲ´´
``မသိဘူး။ ကိုကိုကတော့ စိတ်ပူမိတာပဲ´´
``အဲဒီ…အကြောင်းမဲ့ စိတ်ပူတတ်တာတွေကိုလျှော့´´
``ကိုကိုက ခိုင်လေးကို သိပ်ချစ်တော့…´´
``အဲဒီ သိပ်ချစ်တာတွေကိုလည်း နည်းနည်းတော့လျှော့…´´

ပြုံးယောင်ယောင်၊ပြောင်စပ်စပ်မျက်နှာကလေးနှင့် ဆိုလာခဲ့လျှင်တော့ကျွန်တော်ကလည်း ညစ်ကျယ်စွာ သူမအနားက မခွာတမ်းရှိခဲ့ပြီ။

``ကိုကို ဘယ်လိုဖြစ်နေလဲ…´´
``ပြောပြီးပြီလေ…၊ခိုင့်ကို စိတ်မချလို့ပါဆို…´´
``ရှင်စိတ်မချရအောင် ခိုင်က ကလေးလား…´´

တစ်ယောက်တပြန် အော်ဟစ်ငြင်းခုန်ရင်းကျွန်တော်တို့နှစ်ယေက်ကြားမှာမုန်တိုင်းငယ် တွေ တစ်ခုမက ၀င်မွှေခဲ့ဖူးပြီ။

**********

သူမတို့၏ကားကလေးကို လှမ်းတွေ့ မြင်သာရုံအကွာအဝေးကပဲ ကျွန်တော်ခပ်ခွာခွာလေး လိုက်ပါလာခဲ့ ပါသည်။
ခိုင်လေးတို့တတွေ လမ်းမှာ…ဘယ်မှဝင်မနေကြပဲ ကျွန်တော်တို့အိမ်ကလေးဆီကိုပဲ တန်းတန်းမတ်မတ် ပြန်လာကြတာ တွေ့တော့ကျွန်တော်တစ်ကိုယ်တည်း ကျေနပ်စွာ ပြုံးမိရသေးသည်။

ကျွန်တော် အိမ်ကလေးထဲသို့ လိုက်ဝင်မသွားသေးပဲ ခြံဝမှာပဲ ရပ်တန့်စောင့်ကြည့် နေမိ သေးသည်။ ခိုင်လေးတို့ လိုက်ပါလာသော ကားကလေးက အိမ်ရောက်ပြီး ချက်ချင်းပြန်ထွက်ပြန်တာမို့ ပန်းခြုံကလေးကို အကွယ်အကာပြုကာ ကားဆီကဲကြည့်လိုက်သည်။

ခိုင်လေးပြန်လိုက်မပါသွားတာမို့ တော်ပါသေးရဲ့…။

ကျွန်တော်တို့ အိမ်အ၀င်ဝမှာ ခိုင်လေးနှင့်အတူအမျိုးသမီးသုံးလေးယောက်ကို လှမ်းမြင်ရ လေသည်။ ကျွန်တော်နှင့် ခိုင်လေးတို့အကြား အငြင်းပွား၊အချင်းများရလေတိုင်း ကျွန်တော့်ဘက်မှာ ဘယ်တော့မှ မရှိကြတဲ့ ခိုင်လေးရဲ့ ဘက်တော်သား သူမ၏အချစ်ဆုံးသူငယ်ချင်းများပဲပေါ့။

ခုအချိန်…အိမ်ထဲလိုက်ဝင်သွားမိလျှင် သူမတို့တစ်အုပ်စုလုံးဟာကျွန်တော့်ကိုသာ ၀ိုင်းဝန်းပြစ်တင်ရန် ထောင်ကြတော့မှာ သေချာသလောက်ရှိတာမို့ ကျွန်တော် ခြေလှမ်း တုန့်ရသည်။

သူမတို့တတွေက ခိုင်လေးနှင့် ကျွန်တော် ချစ်သူတွေဘ၀မှာ ကတည်းကကျွန်တော့်အား သိပ်ကြည်လင် ကြသူများ မဟုတ်ခဲ့ပေ။
ကျွန်တော်ကလည်း ကျွန်တော်ပဲ။ ခိုင့်သူငယ်ချင်းတွေအပေါ် ခိုင့်မျက်နှာအား ထောက်ထားသဖြင့်သာ မေးထူးခေါ်ပြော ဆက်ဆံနေရုံရှိခဲ့တာ..။ ဘယ်သူ့အပေါ်မှာမှတလှိုက်တလှဲ ခင်မင်ကျွမ်းဝင်လိုစိတ် မဖြစ်ခဲ့။ ခိုင်လေး ကတော့….

``ခိုင်တို့က လူမှုဆက်ဆံ့ရေးသတ္တ၀ါတွေလေ ကိုကိုရဲ့…။အသိုင်းအ၀ိုင်းနဲ့ဝင်ဆံ့နေပျော် တတ်ရမှာပေါ့´´
``သိပါတယ်ကွာ…။ဒါပေမယ့် ကိုကိုမှ မနေတတ်တာ….´´
``ကိုကိုက သင်းကွဲပဲ….´´

ကျွန်တော့်စိတ်ထဲ တင်းခနဲ…။ ပြီး တသိမ့်သိမ့်ဝမ်းနည်းနာကျင်လာခဲ့သည်။

*************

အဲသည်စဉ်က.. အဖြစ်အပျက်တွေကို ရေလည်သေချာစွာသိနားတတ်ခြင်း မရှိသေးသော အလွန်ငယ်နုချိန် ဖြစ်ပါသည်။

ညဦးတုန်းက ကျွန်တော် မေမေနှင့်အတူ အိပ်ယာ အစောကြီးဝင်ခဲသည်။နံနက်အိပ်ယာ ကနိုးတော့ မေမေ့ အရိပ်အယောင်ကို မမြင်ရ။

``မေမေ…´´

အိပ်ယာနိုးနိုးချင်း မေမေ့ကိုမတွေ့ရလျှင် ကျွန်တော်ဂျီကျလေ့မြဲ။

``မေမေ့ကိုခေါ်ပေး၊ ခု…ခေါ်ပေး´´

မျက်လုံးမဖွင့်ပဲ အာခေါင်ခြစ် အော်ဟစ်တော့တာပင်။

အခါတိုင်း အဲလိုဆန္ဒပြလျှင် မေမေရောက်ရာနေရာမှ ပြေးရောက်လာတတ်ပါသည်။ ခုတော့ မေမေ့ အရိပ်အယောင်ကိုမျှ မမြင်ရ။ အော်ဟစ် ငိုကြွေးနေလျှက်မှကျွန်တော် ဇဝေဇ၀ါ ဖြစ်လာခဲ့ပါသည်။

``ဖေဖေ…´´

ကျုံးအော်ပစ်ခဲ့မိသော်လည်း ဖေဖေရှိနေလိမ့်ဟု မျှော်လင့်မထားခဲ့ပါ။ ဒီအချိန်က ဖေဖေ အလုပ်သွားသော အချိန်ဖြစ်ပါသည်။
သို့သော် ဖေဖေ ကျွန်တော့်အနားသို့ ရောက်လာခဲ့ပါသည်။ ဖေဖေ့မျက်နှာသိပ်မကောင်း ဟုထင်သည်။ ဖေဖေ နေမကောင်းဘူးလား။

ဖေဖေနေမကောင်းလျှင် စိတ်တိုတတ်သည်ဟု မေမေကပြောဖူးသည်။ကျွန်တော် …၇ိုက်ခံထိ မှာကြောက် သောကြောင့် အသံတိတ်ငြိမ်ငေးနေလိုက်သည်။ဒါပေမယ့်အဲဒီနေ့က ဖေဖေ… ကျွန်တော့်ကို မရိုက်ခဲ့ပါ။ သားဖြစ်သူကို အိပ်ယာပေါ်မှပွေ့ယူကာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထား တော့တာ…။ ကျွန်တော့်မျက်နှာ အားပင့်မော့စေကာ နမ်းမွှေးလိုက်လျှင်တော့ ကျွန်တော့်မျက်နှာပေါ်မှာ ဖေဖေ့မျက်ရည်တို့ ဖြင့် စိုလူးသွားခဲ့ပြီ။ ပြီး…ဖေဖေ့နှုတ်က တတွတ်တွတ်မြည်တမ်းနေခဲ့သေးတာ။

ဖေဖေ ဘာတွေပြောခဲ့သလဲ။ နားမလည်းမမှတ်မိတော့ပေမယ့် ကျွန်တော်တို့သားအဖ၏ ဘ၀ထဲမှ မေမေအပြီးတိုင် ထွက်ခွာသွားခဲ့ပြီဆိုတာတော့ မသိတတ်သေးသော ကလေးအတွေးဖြင့်ပင် နားလည်နိုင်ခဲ့သည်။

*********

ညစဉ် ရီဝေနေတတ်သော ဖေဖေ့၏ မာဃဒေ၀လင်္ကာတို့ကို နားယဉ်မှတ်မိ လာချိန် မှာတော့ ကျွန်တော်ကျင် လည်ရာဝန်းကျင်ကမ္ဘာငယ်သည်ပိုလို့ကျဉ်းမြောင်း ကျုံ့ဝင်သွားရတော့သည်။ ကျွန်တော့်ဘ၀မှာ လက်ချိုးရေတွက်ရနိုင်သော သူငယ်ချင်းအချို့နှင့်စာအုပ်များ သာရှိခဲ့သည်။

ဒါပေမယ့်…စာ၊ကဗျာတွေအကြား မွေ့လျော်နေပျော်သောဘ၀ထဲသို့ခပ်သွက်သွက် လှမ်းဝင်လာခဲ့သော ကောင်မလေး တစ်ယောက်လည်းရှိခဲ့ဖူးလေသည်။

``ကဗျာဆရာဆိုတော့ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေထဲကလို ဖရိုဖရဲ၊ညစ်တီးညစ်ပတ်ကြီး တွေ မှတ်လို့…´´

ပြောပြီး တခစ်ခစ်ရယ်မောနေလိုက်ပုံ..၊ပြီးတော့ ပေါ့ပါးတဲ့ပြုမူလှုပ်ရှားပုံတွေကအစ သံပတ်ပေးထားသောအရုပ်မလှလှလေးလိုပဲ။ တောက်တက်…တောက်တက်…မြင်သူချစ်ချင်စရာ…။

``နွယ်ယိမ်းကိုချစ်ရင် ရှင်စိတ်ညစ်ရလိမ့်မယ်´´
``ကိုယ်တော့ မထင်ပါဘူး။ အခုကိုပဲ ရင်တစ်ခုလုံးအပျော်တွေနဲ့ပြည့်နေတယ်…´´

နွယ်ယိမ်းကတော့ ပေါ့ပါးစွာ သာသာကလေးပဲ ရယ်မောနေခဲ့သည်။

သူမကို တွယ်ငြိသွားမိရတာလည်းအဲဒီပေါ့ပါးရွှင်ချိုမှုတွေ ကြောင့်ပဲဖြစ်သည်။ ဘ၀ တစ်လျှောက်လုံး လေးလံလှသော ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုကို ထမ်းပိုးထားရ သူလိုပင်ပမ်းတကြီး ရှိနေခဲ့ရတာ။ ကိုယ်မက်မောလိုချင်ခဲ့သောပေါ့ပါးရွှင်လန်းခြင်းတွေကို သူမထံမှာတွေ့လိုက်ရတော့ အားအကျကြီးကျနေမိခဲ့သည်။ သူမထံမှ အပျော်တွေကို ကူးယူခံစား ရတာ အတော့်ကို နေသာထိုင်သာ ရှိကာ လန်းဆန်းဖျတ်လတ်နေရတော့သလိုပင်။

``ကိုယ်တို့ လက်ထပ်ကြရအောင်…´´

ကျွန်တော်၏တောင်းဆိုမှုက အတန်ငယ်စောစီးစွာအလောတကြီးနိုင်နေ ခဲ့ပေလိမ့်မည်။ နွယ်ယိမ်းကတော့ ပေါ့ပါးစွာပဲ…..

``တားလို့လည်းရမှာမဟုတ်တဲ့ အတူတူ…။သဘောပဲ´´

အဲသလို နွယ်ယိမ်းဖြစ်လေသည်။

***********

တကယ်တော့ ကျွန်တော် ကြည့်ငေးအားကျခဲ့ရသော ၊နှစ်လိုချစ်မက်ခဲ့ရသောနွယ်ယိမ်းသည် ပေါ့ပေါ့ ကလေးလွင့်ဝဲနေခဲ့သော တိမ်ပလီမလေးဖြစ်လေသည်။သူမအားမြဲမြံစွာ ချည်နှောင်ဖို့ ကြိုးစားမိခြင်း သည် မိုက်မဲမှု တစ်ခုသာဖြစ်တော့သည်။

``ရှင်…စိတ်ညစ်ရလိမ့်မယ်လို့ နွယ်ယိမ်း မပြောခဲ့ဘူးလား´´

နည်းနည်းမှ မလျှော့လေသော နွယ်ယိမ်းပါပဲ။ကျွန်တော် စာအုပ်ပုံတွေကြား ပြန်ရောက်သွားရသည့်တိုင်နွယ်ယိမ်းကတော့ လည်ပတ် ပျော်ပါးမှုမလျှော့။

``ပူမနေပါနဲ့။ နွယ်ယိမ်က ရှင့်ဇနီးပဲ။အချိန်တန်ရင် အိမ်ပြန်ရောက်လာမှာပဲ´´

သို့သော် အချိန်တန်သည့်တိုင် နွယ်ယိမ်းအိမ်သို့ပြန်ရောက်မလာခဲ့တော့ပေ။

``မိန်းမဆိုတာ လှေနဲ့၊ မြင်းလိုပဲတဲ့ကွ။ စီးတဲ့လူနောက်…..တောက်။တို့သားအဖကျမှ ဒီလိုအကျိုးပေး မျိုးချင်း လာတူနေ ရတယ်လို့ကွာ…´´

ကျွန်တော့်ဘ၀မှာ အရင်းနှီး၊အတွယ်တာရဆုံးရယ်လို့ ရှားရှာပါးပါး၊မေမေနှင့် နွယ်ယိမ်း တို့သာရှိခဲ့ဖူးတာ။ ပြီး… တစ်ပင်မလဲခင် တစ်စင်ကူးတတ်သော ရှက်စဖွယ်အကျင့် စရိုက်ချင်းပါ ထပ်တူကျ နေခဲ့တာတော့ကျွန်တော့်၏ ကံဆိုးမှု သာဖြစ်တော့သည်။
ခိုင်လေးအလှည့်မှာကျတော့ရော…..

ထိုအတွေးက ကျွန်တော့်အား ခြောက်လှန့်နှိပ်စက်၊အနေခက်စေပါသည်။

``ကိုကို…ခိုင့်ကို ဘာထင်နေလဲ´´

ကျွန်တော်၏ ၀န်တိုပူပန်မှုများအား အတတ်နိုင်ဆုံးထိန်းချုပ်ဝှက်ကွယ် ထားနေ လျှက်ကပင် အကင်းပါး သော ခိုင်လေးက ရိပ်မိနားလည်နေခဲ့သတဲ့။

``ခိုင့်ကို ကိုကို ယုံပါတယ်´´
``ဒါဆို ဘာကို မယုံဘူးလဲ´´

ကျွန်တော် ပြောမပြတတ်ခဲ့ပါ။အထူးသဖြင့် ကျွန်တော့် ကံကြမ္မာကို ကျွန်တော်ယုံစား စိတ်ချမထားနိုင်ပါ။

``ကိုကိုနော်။ ချစ်လို့ကြိုက်လို့ လက်ထပ်ယူထားပြီးတဲ့ ဇနီးမယားတစ်ယောက်ကိုအဲလောက် အကြောင်းမဲ့ ၀န်တိုပူပန် နေတာ ပုံမှန်ကိုမဟုတ်သေးဘူး´´
``ဟုတ်တယ်…ကိုကိုက ရူးနေတာ…´´

ကျွန်တော်တို့နှစ်ယောက်ကြားက မုန်တိုင်းသည် အကြိမ်ရေ များပြားလာခဲ့လေလေ စကား အသုံး အနှုန်းတွေ ရိုင်းကြမ်းပြင်းထန်လာလေလေ…။

´´ရှင်…ရှင် ..ခုလိုဖြစ်နေတာက ခိုင့်သိကာ၊ ခိုင့်မာနကို ထိခိုက်စေတယ်ကိုကိုရဲ့။ရှင် အဲဒီလောက်ကလေးမှ မတွေးတတ် ဘူးလား´´
``…………………..´´

``တကယ်ပဲ။ အရူးလိုပဲ။ စိတ်ကုန်တယ်။´
´´ဘာ……….´´

စိတ်ကုန်တယ်ဆိုပါလား..။ခိုင်က ကျွန်တော့်ကို စိတ်ကုန်တယ်တဲ့လေ…။ဒီမျှစကားလေး တစ်ခွန်းကိုပင် ကျွန်တော် ပုံကြီးချဲ့ကားကာ ရင်နာပေါက်ကွဲမဆုံး။

သူမ၏ ပခုံးနှစ်ဘက်ကို ကိုင်ဆုတ်လှုပ်ခါပစ်လိုက်တော့ ဆက်တီနှစ်လုံး အကြားမှာ ပုံလျှက်သား..။ဒါပေမယ့် နှုတ်ကတော့ ငြိမ်မနေခဲ့ပေ။

``ဒီမှာ…။ရှင်မြျြဲမဲမှတ်ထား။ရှုင်သံသယ၀င်လောက်တဲ့အကျင့်ယုတ်၊အကျင့်ဆိုးမျိုး ကျွန်မတို့ တစ်ဆွေမျိုးလုံးမှာမရှိဘူး´´

ကျားနာမလေးတစ်ကောင်အလား စိမ်းတောက်နေသောမျက်ဝန်များဖြင့် အံ့မခမ်း ထက်မြနေသည့် နှုတ်ထွက်စကားများ……။
ကျွန်မကို ရှင်တို့အသိုင်းအ၀ိုင်းနဲ့ လာမခိုင်းနှိုင်းနဲ့။ အဲသလိုမထောက်မညှာ ဆိုချင်တာလား ခိုင်ရယ်။

ကျွန်တော် ဖျန်းခနဲ အရှက်အိုးကွဲသွားခဲ့ပါသည်။ နေဦး…။ကျွန်တော်ရှက်ကြောက် သိမ်ငယ် ခဲ့ရတာ အခုမှ မဟုတ်ပါဘူး။ ဒါပေမယ့် အခုထိလည်းနည်းနည်းမှ လျှော့ပြယ်မသွားခဲ့ပါဘူး။

ရုတ်တရက် ခိုင်လေးနဲ့ ကျွန်တော်တို့အိမ်ကလေးကိုကျောခိုင်းလှည့်ထွက်ခဲ့တာ ကျွန်တော့် မျက်ရည်တွေကို ခိုင်လေး မမြင်စေချင်လို့ပါ။

************

ခုတော့ ခိုင်လေးရှိရာဆီ ကျွန်တော် ပြန်ရာက်လာခဲ့ရပြန်ပြီ။

နေပါဦး။ ကျွန်တော် အိမ်ကထွက်လာခဲ့တာမနေ့ညကတည်းကဖြစ်ပါသည်။ ညအခါလည် အိမ်ကထွက်ခွာ သွားတဲ့ သူကိုခိုင်လေးရော….မျှော်မော မနေခဲ့ ဘူးတဲ့ လား…။ ကျွန်တော်တို့နှစ်ယောက် တစ်နေ့၊တစ်ရက်တောင် မခွဲခဲ့စဖူး။

ခိုင်လေး အားငယ်ကြေကွဲနေရှာမှာသေချာပါသည်။တမ်တလွမ်းဆွတ်ရခြင်းတို့ဖြင့်ခိုင်လေး မျက်ရည်ကျနေမလား။ ကျွန်တော် တောင်းပန်နှစ်သိမ့်ရဦးတော့မည်။

ခိုင်လေးရှိရာအိမ်လေးဆီ ပြေးရောက်ရန်ခြေလှမ်းအပြင်....။ကျွန်တော့်ကိုဖြတ်သန်းကာကားတစ်စီး ခြံတွင်းသို့ မောင်းဝင်သွားပါသည်။

ခိုင်လေး အိမ်ထဲမှ ထွက်လာကာ ကြိုဆိုသည်။ကျွန်တော်နှင့်လုပ်ဖေါ်ကိုင်ဖက်၊ ကျွန်တော့် သူငယ်ချင်း လင်မယားဖြစ်လေသည်။ သူတို့တတွေကျွန်တော့်ကိုတောင် မမြင်နိုင်လောက်အောင် ဘာတွေအရေးတကြီးဖြစ်နေကြလို့လဲ။

ခိုင်လေး၏မျက်ဝန်းများကတော့ တစ်ညလုံးအပြင်းအထန်ငိုကြွေးထားရသူလို နီရဲ ဖောင်းယောင် နေခဲ့သည်။ ခိုင်လေး၏ ပခုံးထက်ဆီက ပုဝါဖြူကလေးဟာကွှန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ ကျွန်တော် သူ့ကိုအမှတ်တရ ပေးထားခဲ့တာပေါ့။

``ခိုင်ရေ..၊အစ်ကိုတို့လည်း ဒီနံနက်မှ သတင်းကြားတာ။ ဘယ်လိုဖြစ်ကြတာလဲ…´´
``ခိုင်လည်းရုတ်တရက်ဆိုတော့ဘယ်သူ့ကိုမှ အကြောင်းကြားဖို့သတိမရနိုင်ဘူးအကိုရယ်။ညဦးကတည်းက ခိုင်တို့ နှစ်ယောက် ထုံးစံအတိုင်းကတောက်ကဆဖြစ်ကြတယ်လေ…´´
……..ဒါပေမယ့် ဒီတစ်ကြိမ်တော့ အခါတိုင်းထက် ပိုပြီးပြင်းထန်သွားခဲ့တယ်။ခိုင်လည်းစိတ်ဆိုးလွန်းလို့ ဘာတွေ ပြောလိုက်မိသလဲတောင်မသိဘူး။ လွန်တော့အတော်လေးလွန်သွားခဲ့တယ်…´´

ပြောရင်း ခိုင်….တစ်ချက်ရှိုက်လိုက်တော့ နောင်တတို့ဖြင့် ကျွန်တော်ရင်နင့် လာပါသည်။

``ကိုကို…။ကိုကိုက ဂိုထောင်ထဲ သိမ်းပြီးသားကားကို ထုတ်ပြီးကမူးရှူးတိုးမောင်းထွက်သွားခဲ့တာ….´´

မငိုပါနဲ့ခိုင်ရယ်။ကိုကိုပြန်ရောက်နေပြီလေ…။

``နံနက်လင်းခါနီးမှ ဆေးရုံကြီးက ဖုန်းဆက်တယ်။ဟိုတစ်ဖက်က ကားကြီးဆိုတော့ဘာမှမဖြစ် လိုက်ဘူး။ ကိုကိုသာ…။ ကိုကိုသာ….အီး….´´

ခိုင်ရေ…။ကိုကိုလည်းဘာမှမဖြစ်ပါဘူး။အခုပဲ…ခိုင့်ဆီ…..

အတွေးနှင့် လှမ်းပြေးအထွက်မှာ အင်အားကြီးသောတစုံတရာကစုပ်ယူဆွဲငင်သွားသလို ပိန်းပိတ် နက်ရှိုင်းသော အမှောင်ထုထဲမျောလွင့်ရုန်းကန်ရင်း ကျွန်တော် ကြေကွဲနာကျင်မဆုံးတော့ပေ။ ။

သတိုး

Tuesday, August 17, 2010

လက်တံတိုတစ်မည် ၊ လက်တံရှည်နှင့်

နေ့တဓူဝ ထွေးလုံးရစ်ပတ်ကာ စိတ်ဖိစီးခံ၊ စိတ်ညစ်မောနွမ်းရလေသည့် လုပ်ငန်းခွင်ဘ၀ထဲမှ ခဏငယ်မျှ ထွက်ပြေးခွင့်ရခဲ့သော လွတ်လပ်ပေါ့ပါး အရသာ…။ ပြီး..ဦးတည်ရာက ချစ်သူရှိရာ၊ သူကလေး၏ ဇာတိမြေ။
သွားရောက်ဖူးသမျှသော ခရီးတွေထဲမှာ တက်ကြွရွှင်လန်းရဆုံးသော ရင်ခုန်ပျော်ရွှင်ဖွယ်ခရီးအဖြစ် မှတ်တမ်းတင်ရတော့မည်။
``စေ့စပ်ကြောင်းလမ်းဖို့ ကိစ္စတွေ ခဏထားလို့ ၊ အရင်ဆုံး..ကိုတစ်ယောက်တည်းပဲ ရောက်အောင်အလည်လာကြည့်ပါဦး။´´
နံခံဖူးသမျှ ``ဟုတ်ကဲ့´´ ခေါင်းအညိတ်တွေထဲမှာ သည်တစ်ခါ ``ဟုတ်ကဲ့´´ လိုက်ရတာကို နှုတ်အမြိန်ဆုံးပဲ ဖြစ်တော့သည်။
ကားလမ်းခရီးတစ်လျှောက် ချောင်း၊ မြစ်တို့ ယှက်သွယ်နေသော မြစ်ဝကျွန်းပေါ်ရှုခင်းများကြားမှာ အံသြတကြီး ငေးမေ့ဝင်စားရတော့မည်။ အာရုံတွေညောင်းချိပြီး မှေးငိုက်လာခဲ့လျှင်တော့ နောက်ဆံငင်ခြင်းကင်းစွာ အပူပင်မဲ့ အိပ်စက်လိုက်ပါသွား ရုံပင်။
တစ်ခါဖူးမျှ မရောက်ဖြစ်၊ မရောက်ဖူးသေးသော ချစ်သူနေထိုင်ရာ မြစ်ဝကျွန်းပေါ် မြို့ငယ်လေးကို စိတ်ကူးဖြင့် မှန်းဆပုံဖေါ်ကြည့်လိုလျှင်လည်း ဖြစ်သည်။ ချစ်သူဘ၀အစ၊ နေ့ရက်တွေဆီ လည်ပြန်တမ်းတ၊ တွေးမျှော်ကြည်နူးလိုလျှင်လည်း အချိန်အခါကောင်းတစ်ခုပါပင်။ လမ်းဘေး ၀ဲ၊ယာ ရှုခင်းတွေဆီငေးရီလျှက် ချစ်သူလေးထံ မှန်းဆစိတ်ရောက်၊ လွမ်းစိတ်တွေဝေလို့ အကောင်းဆုံးအချိန်ပဲပေါ့။

ဒါပေမယ့်…

နံနက် ၇း၃၀ နာရီ…။
လှိုင်သာယာ အဝေးပြေးဂိတ်မှာ ကားမထွက်ခွာမီ လိုက်ပါမည့်ခရီးသည်စုံ၊ မစုံကို ရောင်းထားပြီးသား ခုံနံပါတ်နှင့် တိုက်ဆိုင်စစ်ဆေးကြသည်။ သူ့နံဘေးထိုင်ခုံမှ ခရီးသည် တစ်ဦး ရောက်မလာသေးပေ။
``၁၅ မိနစ်လောက်တော့ စောင့်ပေးလိုက်ပါဦး။ လမ်းမှာ ကားအခက်အခဲ တစ်ခုခုဖြစ်နေလား…´´
ကားတစ်စီးလုံးရှိ ခရီးသည်အားလုံးက စိတ်ဝမ်းလက်ညီစွာ စောင့်ဆိုင်းပေးကြသည်။ ခဏငယ်အကြာ TAXI တစ်စီး ထိုးရပ်လာပါသည်။ ကားနောက်ခန်းတံခါးအပွင့် အမျိုးသမီးတစ်ဦး ကတိုက်ကရိုက်ဆင်းချလာပါသည်။ ရင်ခွင်ထဲမှာတော့ နှစ် နှစ်သားအရွယ်ကလေးငယ်ကလေး တိုးလို့တွဲလဲ။ ကြည့်မြင်ရတာ ကသီးကရွဲနိုင်လှတော့သည်။

အ၀တ်အိတ်ခပ်ကြီးကြီးတစ်လုံးနှင့် တိုလီမိုလီ ခြင်းတောင်းတစ်လုံးကတော့ အမြင်မတော်ကြသူများက လက်ဆင့်ကမ်းပေးကြရင်း ကားပေါ်ရောက်လာနှင့်ခဲ့ပြီ။
သူမ၏လက်ထဲမှ ကလေးငယ်ကို ဆီးကြိုကာ လက်ပြောင်းယူလိုက်ပါသည်။ ကလေးက မျက်နှာ မရွေးတတ်သူမို့ထင်သည်။ အသာတကြည်၊ အလိုက်သင့်ပါလာကာ သူ…ချော့မြူကျီစယ်လေသမျှ သဘောအကျကြီးကျကာ ရယ်မောရွှင်ပြလျှက်…။
သူမ၏အိတ်နှင့် ခြင်းကို နေရာချနေစဉ်မှာပင် ကားဘီးလှိမ့်စပြုတော့သည်။ လှိုင်သာယာ ဂိတ်မထွက်လာပြီးအဝေးပြေးလမ်းမပေါ်
လှမ်းတက်မိလေမှ သူမ ထိုင်ခုံမှာ နေသားတကျ ရှိတော့သည်။ ထိုအခါမှ သူမ၏ကလေးကို လက်ပြန်လှမ်းဖို့ သတိရအားတော့သည်။

ဗိုလ်မြတ်ထွန်းတံတားအလွန် ``ပြည်ကြီးတံခွန်´´မှာ ကား ခဏရပ်နားတော့ နံနက် ၉း၀၀ နာရီဝန်းကျင်။

ပြည်ကြီးတံခွန်မှ ကားပြန်ထွက်လျှင်တော့ သူ့လက်ထဲမှ အာလူးကြော်၊ ငှက်ပျောခြောက်ကြော် တို့မျက်နှာဖြင့် ချာတိတ်နှင့်သူ အဖွဲ့ကျနေပြန်တော့ပြီ။

``ဦးဦး အေးအေးဆေးဆေးနားပါစေဦးသားရယ်…။ လာ….မေမေ့ဆီ ပြန်လာခဲ့…´´

ပုဂ္ဂိုလ်လေးက စိတ်ဝင်စားဟန်မပြပေ။
သူ့ထိုင်ခုံက ကားပြူတင်းနှင့် ကပ်လျှက်အစွန်ဆုံးထိုင်ခု့နေရာမို့ မှန်ပြူတင်းမှ ဖြတ်မြင်ရသော ပြင်ပရှုခင်းတွေဆီ ငေးမောနှစ်လိုစွာ။ ပြီး တခစ်ခစ် ရယ်ရွှင်နေပြန်သေးတော့…။
``ရပါတယ် အစ်မ။ သူ…ရှုခင်းတွေကို သဘောကျနေတာ။ ကြည့်ပါစေဦး´´
သူ့ထံမှ လောကွတ်စကားအတွက် အားနာကျေးဇူးတင်ဟန် ခပ်ပါးပါးပြုံးဖေါ်ရလေသည်။

ခဏငယ်ကြာတော့ သူကောင်းသားလေး မောအီသွားပြီ ထင်ပါသည်။ တစစ မှေးငိုက်စ ပြုလာတော့ပြီ။
သူ့မိခင်ထံ ကလေးငယ်အား လက်လွှဲပေးရန် နံဘေးဆီငဲ့ကြည့်ဖြစ်သောအခါ သူ…စိတ်ပျက်သွားရ ပါသည်။ ကလေး၏မိခင်က နှစ်နှစ်ညခိုက်ခြိုက် အိပ်မောကျနေနှင့်ခဲ့ပြီ။ အိပ်ယာမှ ဇွတ်ကြီး နှိုးယူ နိုးထစေဖို့အထိတော့ သူ..ရိုင်းပြရန်မသင့်ပါ။ ဒါပေမယ့် ကလေးပေါက်စက သူ့ရင်ခွင်ထဲမှာ…။
သူမ အိပ်ယာမှ နိုးထလာမည့်အချိန်ကိုစောင့်စားရင်း ကားအပြင်ဘက်ဆီငေးလာရတော့သည်။ ကျောင်းကုန်းမြို့ကို လွန်ခဲ့ပြီ။ မကြာခင် အိမ္မဲမြို့ကို ဖြတ်သွားရတော့မည်။ ကလေးငယ်က အိပ်ပျော်နေလျှက် ရှူးတွေပန်းချလိုက်လျှင် အခက် ။ စိတ်မှ တထင့်ထင့် ပူပန်ချင်လာခဲ့ပြီ။ သူမကတော့ လှုပ်လှုပ်ရွေ့ရွေ့၊ လိမ့်လိမ့်လူးလူးသွားနေသောကားပေါ်မှာ ပူပန်မဲ့ အိပ်စက်နေနိုင်လိုက်တာ။ ဘယ်ဘ၀အဆက်ဆက်က အိပ်ရေးပျက်လာခဲ့သလဲဟု သူ…ကျွဲမြီးတိုစပြုပြီ။ ကြည့်လေ…။ ကလေးနှင့် မိခင် နှစ်ဦးသားအပြိုင်အဆိုင်နှစ်ခြိုက်စွာ အိပ်စက်နေလိုက်ကြတာ မရှုစိမ့်ချင်စရာ။
မလိုတဲ့ဘက်က လှည့်တွေးမ်တော့ ပတ်ဝန်းကျင်ဆိုတာကိုလည်း သူ..နောက်ကျောမလုံသလလိုခံစားလာရသည်။ သူတို့ပုံစံက အမှတ်တမဲ့ မြင်လိုက်ရသူတွေအတွက် မိသားစုတစ်စု ခရီးထွက်လာခဲ့သလို အထင်တွေးရောက်ချင်စရာ။
ဒီကားက မွန်တို့၏ မြို့ကလေးဆီ ဦးတည်၍ သွားနေတာ မဟုတ်လား။ ကားပေါ်မှာရှိနေသော ခရီးသည် အားလုံးနီးပါးတို့ဟာ မွန်တို့မြို့က မြို့သူမြို့သားတွေချည်းသာ။ အဲဒီအထဲမှာ မွန့်အသိမိတ်ဆွေတွေလည်း ရှိနေဦးမှာ မလွဲ။ ခုလိုနေအထားမျိုးနှင့် အဝေးကြည့်အမြင်ကို ထင်သလိုဆွဲယူတွေးကာ မွန့်နားသို့ သတင်းရောက်သွားပါလျှင်….။
နေ့လည်စာ စားကြရန် မြင်းကကုန်းဂိတ်မှာ ကား ခဏရပ်ရပြန်လေမှ` မိမာတာကလေး´ တစ်ရေးနိုးတော့သည်။
``အားနာလိုက်တာ…´´
``ရပါတယ်´´…ဟုသာ ပြီးစလွယ် အလိုက်သင့်ပြောလိုက်ရကာ စိတ်ကတော့ မျက်ချင်ချင်ရှိနေရပြီမို့ မွန်တို့မြို့ကလေးဆီ ကားဝင်လာတဲ့အထိ သင်းတို့သားအမိတတွေကို လှည့်၍မကြည့်တော့။ မျက်လုံးအစုံကို စုံမှိတ်လျှက်သား မြို့သို့ဝင်လေသည်။
သူတို့၏မြို့ကလေးသို့ ရောက်ခဲ့လျှင်တော့ မွန်က မြို့အနှံ့လိုက်ပို့ပေးကာ ဧည့်ဝတ်ကျေပြွန်ရှာပါသည်။ ဆိုင်ကယ်တစ်စီးဖြင့် နှစ်ယောက်တစ်ကမ္ဘာမို့ ပြုံးပျော်ကျေနပ်မဆုံး။ ဆွေပြမျိုးပြ လျှောက်လည်ရတာလည်း ရှက်ငွေ့နွေးနွေးကြားမှပင် ကြည်နူးပျော်စရာ။ သို့သော် သာမှု၊နာမှုပါမကျန် ချစ်သူအားပွဲထုတ်ချင်နေသေးသော မွန့်ကြောင့် သူ ပြုံးချင်မိရတော့သည်။
``…….. မွန်တို့လည်း ကြားတယ်ဆို ရောက်အောင်လာခဲ့တာ။ ဘယ်လိုဖြစ်ရတာလဲ မမဆွေရယ်…´´
``အူမကြီး ကင်ဆာတဲ့ မွန်ရယ်´´
မွန့်တို့ရုံးမှ မွန်တို့၏ လုပ်ဖေါ်ကိုင်ဖက်အစ်မဆိုသူ အမျိုးသမီးသည် စိမ့်အိုင်လာသော မျက်ရည်တို့ကို မျက်တောင် တဖျတ်ဖျတ် ခတ်ထုတ်ပြီး ထိန်းနေသည်။ နိုင်နင်းပုံမရသောကြောင့် ပခုံးပေါ်မှ ပုဝါကလေးကို အကူပြုရပါသည်။
``စဖြစ်ဖြစ်ချင်းတော့ သူကဘက်ကရော၊ ငါ့ဘက်က အစ်ကိုတွေ၊ မောင်တွေရော..တလှည့်စီ လိုက်ကြည့်ပေးကြပါတယ်။ ဒါပေမယ့် ဆေးရုံမှာ ရက်တွေအရမ်းကြီး ကြာလာတော့ ငါ..သူတို့ကို မစောင့်စေချင်တော့ဘူး။ ပြန်လွှတ်လိုက်တော့တယ်။
……………အားနာစရာကောင်းလှတယ် မွန်ရဲ့။ရန်ကုန် စားရိတ်က သေးတာမဟုတ်ဘူးလေ။ သူတို့မှာလည်း ဒီလောက် ပြည့်စုံကြတာမှ မဟုတ်ပဲ။ သူတို့မိသားစု စားဝတ်နေရေးအတွက် နောက်ဆံငင်ကြမှာပေါ့´´
``………………´´
``ဒီကြားထဲ သားသားက ရေငတ်ဝမ်းလိုမျိုး ထပ်ဖြစ်လိုက်သေးတော့ ငါတစ်ယောက်တည်း ဒေါင်ချာစိုင်းနေတော့တာပဲ…´´

``………………….´´

``သူဆုံးတော့မယ့် ညဦးအထိ အကောင်းသားပဲ မွန်ရဲ့။ ငါ့ကို သနားလို့ဆိုပြီး သူကတပြန် ပြောနေခဲ့သေးတာ။ ည…သန်းခေါင်းလောက်မှာ အချိန်မတော် ထဖေါက်တော့တာလေ… ´´
………………ဆေးရုံက ဆရာဝန်၊ဆရာမတွေက ငါတစ်ယောက်တည်းမို့ အဆင်ပြေအောင် ၀ိုင်းပြီး ကူညီစီစဉ်ပေးကြတော့ ငါလည်း..ဒီကလူတွေကို ပြန်မှာမနေတော့ဘူး။ ခု…ပြန်ရောက်မှပဲ…´´
``………………..´´
``………………..´´
``ဒီက မောင်လေးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ သားကို တစ်လမ်းလုံး ထိန်းပေးခဲ့ရတာ။ မမဆွေလည်း အရမ်းပင်ပမ်းနေပြီမို့ စိတ်ကိုလျှော့ချလိုက်တော့ တစ်လမ်းလုံး အိပ်ပျော်သွားလိုက်တာ….။ ´´
သူ ခပ်ပျော့ပျော့သာ ပြန်ပြုံးပြနိုင်ခဲ့ပါသည်။
သတိုး

Monday, August 16, 2010

နေရာ

နေရာ(၁)

ဖေဖေတို့ အလုပ်မှ ရာထူးတိုးရန် အလားအလာအကောင်းဆုံးသူများ အမည်စာရင်းမှာ ဖေဖေ့နာမည်လည်း ပါဝင်နေခဲ့သည် ဆိုသော ကောင်းသတင်းကြောင့် ဖေဖေ့ထက် ပို၍မေမေက တင်ကြိုပျော်ရွှင်နှင့်လေသည်

တကယ်တမ်း ရာထူးတိုးအော်ဒါ ထွက်လာသောအခါ ဖေဖေ့အမည် ကျန်ရစ်ခဲ့လျှင်တော့မေမေက ဖေဖေထက်ပင် ၀မ်းနည်းနာကျင် နေပြန်တော့သည်။

``အဲဒါ ရှင်ညံ့လို့……..´´

မေမေက ဖေဖေ့ကို ကြိတ်မနိုင်ခဲမရ အပစ်တင်လျှင်တော့ ဖေဖေ ဒေါသမွှန်တော့သည် ။

``ဘာ….အဲဒါ ငါညံ့လို့မဟုတ်ဘူးကွ။ သူတော်လို့….၊သူက တစ်နေရာမှာငါ့ထက်ပိုတော်နေလို့ဟေ့…။ သိပြီလား´´




နေရာ(၂)

ဖေဖေ့သူငယ်ချင်းမိသားစုတို့ ဒီဇင်ဘာကျောင်းပိတ်ရက်မှာချောင်းသာကမ်းခြေကို အပမ်းဖြေခရီးထွက်ကြမည် ဆိုသောအခါ သူတို့ နှင့်အတူ သားတို့ မိသားစုလည်းအတူလိုက်ပါရလျှင် ကောင်းလိမ့်မည်ဟု တွေးမိသည်။မေမေ့ထံ ပူဆာမိ သော အခါ…..

``ဒုတိယ နှစ်ဝက်စာမေးပွဲမှာ ပထမရလျှင် ပို့ပေးမယ်´
´
သား…မေမေမသိအောင် သက်ပြင်းခိုးရှိုက်မိသည်။

``ဒုတိယ လောက်ဆိုရင်ရော…………´´

မေမေကတော့….

``မရဘူး။ ပထမပဲ……….´´

နည်းနည်းမှ မလျှော့။ သားစိတ်ပျက်မိသည်။

``ပထမတော့ ရမှာ မဟုတ်ပါဘူးမေမေရော ။ အဲဒီဆုက သားတို့အတန်းထဲမှာ နေကုဋေခေါင်ပဲ အမြဲရနေကျ။ အဲဒါ…သူ့ဖို့ပဲထားတာ……..´´
``ဘာ………´´

မေမေကျုံးအော်လိုက်သောကြောင့် သားတောင် လန့်သွားရသည်။ပြီးမှတစုံတရာကို သတိရသွားဟန်ဖြင့်….

``အော်…အင်း….သူက တစ်နေရာပိုတော်လို့ရှိမှာပေါ့´´


(၂)

နေရာ(၃)


အခါတိုင်းဆိုလျှင်တော့ ပုံမှန်ထက် ငွေပိုပေးရသော ကားခေါင်းခန်းနေရာကိုမေမေ မျက်စောင်းထိုးလေ့  မရှိပါ။ဒီနေ့တော့ လိုင်းကားတွေ အဆက်ပြတ်ကာလာသမျှကားတွေကလည်း ခရီးသည် အပြည့်အသိပ်။ နံဘေးမှာ သားလည်းပါနေ တာမို့ခေါင်းခန်းဆီ မေမေခြေလှမ်းပြင်သည်။

``နေရာ မရှိတော့ဘူး အစ်မ´´

ဒရိုင်ဘာဘေးမှာ ခရီးသည် တစ်ယောက်မှ မတွေ့ရပါပဲ နေရာမရှိတော့ပါ ဆိုတော့မေမေ ဇဝေဇ၀ါ၊ ရှက်အမ်းအမ်းဖြင့် ခြေလှမ်းတုံ့ရသည်။

ထိုစဉ်မှာပင် အစ်မလှလှလေးနှစ်ယောက်က ခေါင်းခန်းနေရာလွတ်မှာမမေးမမြန်းပဲ စွေ့ကနဲဝင်ထိုင် လိုက်ကြတာတွေ့သည်။အဲဒီအစ်မတွေ အပြောခံရတော့မှာပဲ။

သားက မဆီမဆိုင် ပူပန်နေသော် လည်း သူတို့ အချင်းချင်းတော့အဆင်ပြေနေပုံပါပင်။

အိမ်အပြန်လမ်းတစ်လျှောက် မေမေကတဖျစ်တောက် တောက်နှင့် ဒေါပွလို့မဆုံး။သား…နားတွေ ညည်းအူလာတော့တာမို့…….

``မေမေကလည်း ….။အဲဒီအစ်မတွေက သားတို့ထက် တစ်နေရာမှာ ပိုတော်နေလို့ ရှိမှာပေါ့´´

အိမ်ရောက်တဲ့အထိ မေမေသားကို စကားမပြောတော့။ ။

Saturday, August 14, 2010

ကမ္ဘာလုံးဆိုင်ရာ......

လုပ်ငန်းတူ၊ စီးပွားပြိုင်…တခြားလ္ဘက်ရည်ဆိုင်တွေက ဂြိုလ်တုစလောင်းတွေ အပြိုင်အဆိုင် တတ်ဆင်ပြီး ရောင်းအားမြှင့်လာကြတော့ ကိုယ်တွေလည်း မနေသာတော့ဘူး။

``တို့ဆိုင်လည်း စလောင်းဆင်မှ ဖြစ်မယ်´´

ဆင်ပေါ့။

ဒါပေမယ့် ကိစ္စက ပြီးမသွားဘူး။

လက်တစ်ဘက်က တီဗီချယ်နယ်တွေ အမျိုးမျိုးပြောင်းနေ၊ ချိန်ညှိနေချိန်မှာတောင် ကျန်လက် တစ်ဘက်က မဂ္ဂဇင်း၊ ဂျာနယ်…တစ်ခုမဟုတ်၊ တစ်ခုကိုလည်း ကိုင်ထား၊ ဖွင့်ထားလျှက်…။ ပြီး…. နှုတ်ကလည်း…..

``ကမ္ဘာကြီး ပြားသွားပြီ´´

…ဆိုပါလား။

အိုင်တီခေတ်မှာ သတင်းနဲ့ နည်းပညာပျံ့နှံ့မှုက လျှင်မြန်လွန်းလို့ဒီနေ့ကမ္ဘာကြီးဟာ အရှေ့နဲ့ အနောက် အဆီးအတားမရှိ။ တသီးတခြားစီ မဟုတ်တော့ပဲ တစ်သားတည်းဖြစ်သွားပြီလို့ ဆိုလိုချင်ပုံပဲ။

ပေါင်းသင်းလာခဲ့ကြတာပဲ အိမ်ထောင်သက် အနှစ် နှစ်ဆယ်နီပါး ဆိုတော့ ကိုယ့်အိမ်ဦးနတ် အကြောင်းလည်း ကိုယ်သာ အသိဆုံးလေ။ အဲတော့ဖက်ပြိုင်ပြောမနေချင်တော့ဘူး။ အသံတိတ်မျက်စောင်း တစ်ချက် ဒိုင်းခနဲပစ်လွှတ်ပေးလိုက်တယ်။

ရွှေကိုယ်တော်က မိန်းမနဲ့ မပြောရတော့ သောက်သုံးသူတွေ စားပွဲဝိုင်းမှာ ၀င်ထိုင်ပြီး အာဘောင်၊ အာရင်း သန်နေပြန်ပါရော….။

စကားဆိုတာက ဟုတ်တိုင်းမှန်ရာ ဖြစ်နေစေဦးတော့။ ကာလ၊ ဒေသ၊ ပြီးတော့….ကိုယ်ပြောမယ့် တစ်ဘက်သားရဲ့ ခံယူနိုင်စွမ်းကိုလည်း တွက်ချင့် စဉ်းစားရဦးမှာ မဟုတ်လား။

တခြားသူတွေကရော…သူပြောလာသမျှ မျက်စေ့စုံမှိတ်ပြီး ယုံကြည်ပေးမှာတဲ့လား။ သူတို့ တစ်သက်လုံး ယူမှတ်လာခဲ့ကြတာက``ကမ္ဘာလုံး´´….. ပဲလေ။ ဟိုလူတွေက အုံနဲ့ကျင်းနဲ့ပြန်ငြင်း၊ ၀ိုင်းဟားကြတော့ သူပဲ အူကြောင်ကြောင်ဖြစ်ရပြန်ရော မဟုတ်လား။

ဘေးကနားထောင်ရင်း အမြင်အကြားမတော်တာနဲ့……

``ကဲ…ရှင့် ကမ္ဘာပြားကြီး ခဏထားပြီး ဖက်ရှင်ချယ်နယ်တစ်ခုလောက် ပြောင်းဖွင့်ပေး လိုက်ပါဦး။ ကျွန်မတို့ ဖောက်သည်တွေ ပျင်းလှရောပေါ့။´´

လာဘ်မမြင်တတ်တော့ နေရာတကာ လိုက်ပြောနေရတာသာ ကြည့်တော့။

အမှန်အတိုင်းပြောရရင် သူ့ကမ္ဘာပြားကြီးကို လုံးဝကို စိတ်မ၀င်စားဘူး။ အဓိက ကတော့ ကိုယ့်လ္ဘက်ရည်ဆိုင်လေး စည်စည်ကားကား၊ ရောင်းပန်းသာနေဖို့သာပဲ။ အဲတော့…ကိုယ်တွေရဲ့ အားကိုးတကြီး တိုင်တည်ရာ ``အဘဆရာကြီး´´ ညွှန်ကြားထားတဲ့အတိုင်း တသွေမတိမ်းစေရ။ အပွင့်၊အခက်၊ အရွက်၊အညွန့်တွေနဲ့ တစ်ဆိုင်လုံး ဝေနေစေတယ်။ အပွင့်အရွက်တဝေေ၀ကို ဘယ်တော့မှ ညှိုးခြောက် မနေစေရဘူး။ ဆီမီး၊ အမွှေးနံ့သာတိုင်တွေနဲ့ လည်း နေ့၊ညမပြတ် ထုံအီမွှေးပျံ့နေစေတယ်။ ကဲ….ဘာလိုသေးလဲ..။

ဒီရက်တွေမှာတော့ စိတ်ကတိုတယ်။ ကမ္ဘာဖလားဘောလုံး ပွဲစဉ်တွေက ဆက်တိုက်လာနေပြီ မဟုတ်လား။ နေ့နေ့၊ညည ဈေးရောင်း ကောင်းလှတာ အတွက်တော့ ပျော်ပါရဲ့။ ဒါပေမယ့် ညည့်နက်ပွဲတွေဆက်လာတော့ လူက ပင်ပမ်းရုံမက အအိပ်ပျက်တဲ့ဒဏ်ကိုပါခံလာရပြီ။

ညဘက် အနားမရလို့ နေ့လည်ဘက်တွေမှာရောတဲ့။ တရေးတောင် မမှေးရဲပါဘူး။ သူ့နဖူးဆီ ညစဉ်တဒိုင်းဒိုင်း ထိမှန်နေတဲ့ ဘောလုံးက ကိုယ်တစ်ချက်ကလေး သတိလစ်၊ အိပ်ငိုက်မိတာနဲ့ ကောင်တာစားပွဲက ကိုယ့်ပိုက်ဆံ အံဆွဲကို လာမှန်တော့မှာ အသေအချာ။ အဲတော့ …အံဆွဲသော့ကို ကျစ်ကျစ်ဆုတ်လို့ ငုတ်တုတ်၊ ငိုက်ရတယ် ဆိုရုံကလေးပဲ။

သူ့မှာတော့ အကြိုက်တူ၊ စရိုက်ဝါသနာတူ… သူ့ဘော်ဒါ အပေါင်းအသင်းတွေနဲ့ နေ့လည်း တရုန်းရုန်း။ ညမှာလည်း တစ်လုံးလုံး။အံမယ်….။ ဘောလုံးအသင်းတွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက် ပေါင်းစုံကိုတောင် အင်တာနက်မှာရှာဖွေလို့ ခန့်မှန်းတွက်ချက်တတ်နေကြပြီ ဆိုပဲ။

``အဲဒါကြောင့် ပြောတာပေါ့။ကမ္ဘာကြီး ပြားသွားပြီလို့….´´

ဟွန်း….။သူတို့နဲ့ တွေ့မှပဲ ကမ္ဘာကြီးခမျာ…
လုံး…..
လည်…..
ချပ်ပြား။ ။




သတိုး

Friday, August 13, 2010

တို့အိမ်တွင်းမှာ များသတ္တာ

...................

ရှည်လျား ကြာငြောင်းလွန်းလှတဲ့ နွေ။ မေလလည်ရောက်လာတဲ့အထိ အစွမ်းပြလို့ကောင်းနေဆဲပင်။ ပူချက်ကလည်း ကမ်းကို ကုန်ရော ပြောရတော့မလို။ ယောရုဝ ဒယ်အိုးနှုတ်ခမ်းမှာ အဖီဆွယ် နေမိသလားတောင် ထင်ယောင်မှားချင်တော့သည်။

``မိုးမင်းရေ...ရွာပါတော့´´

တိမ်းသားတစ်မျှင်တစ်စမျှ စွန်းထင်မနေသော စင်ကြယ်ကြည်လင်လွန်းလှသည့်ကောင်းကင်ဆီ ရူးမိုက်စွာ လှမ်းမျှော်ကြည့်မိတော့ စူးရှစွာလင်းပြက်နေသော အလျှံရဲရဲ မီးကျည်ခဲတစ်စက မျက်စေ့အစုံကို ကျိန်းစပ်စေပြန်၏။

``ရွာလိုက်ပါတော့ မိုးမင်းရယ်´´

မေ(၁၆)ရက်နေ့မှာ ဖြိုးဖြိုးဖျောက်ဖျောက် မိုးပေါက်ကလေးတွေ တဖွဲဖွဲ စွေခဲ့သည်။ ဒါပေမယ့် မြေပြင်ကလေး သိပ်သည်းသွားရရုံ။ ၀န်းကျင်တစ်ခွင် အုံ့ပြပြနေသာရုံကလေးသာ။

မေ(၁၈)ရက်နေ့မှာတော့ ဆိုင်းမဆင့်၊ဗုံမပါ လေရောမိုးပါ သည်းထန်စွာ ရွာသွန်းလေတော့ပြီ။ ပျော်လိုက်ကြတာ။

နွေနှောင်းကာလတစ်လျှောက်လုံး သောက်သုံးရေအတွက် ပူပန်ရ၊ ချွေးတလုံးလုံး ကြံစည်သယ်ယူခဲ့ရတဲ့ ဘ၀အမောတွေ။ လယ်မြေတွေ ပက်ကြားအက်ကုန်ပြီတဲ့..။ဒီနှစ် ထွန်တုံး၊ထွန်တံ ကိုင်ကြရပါဦးတော့မလား။ ပူပန်တွေးမောခဲ့ရတာတွေ။ ခါဦးမိုးနှင့်အတူ လျှောခနဲ ပြေပျောက်လွင့်ပြယ်သည်။

``ဟေး...မိုးရွာတုန်းရေခံကြပါဟဲ့´´

အိမ်ရှိလူကုန် တံစက်မြိတ်ဖျားဆီ အာရုံရောက်ကာ ဗျာများနေကြစဉ်....

``ဟဲ့ ဒီနေရာက မိုးတွေ ယိုကျနေပါလား´´

အိမ်မအလည်တည့်တည့်ဆီ လက်ညှိုးညွှန်လျှက် တစ်ယာက်က သတိပေးသည်။ လေပြင်းတစ်ချက် အဝှေ့မှာအိမ်ခေါင်ပွင့်လန်သွားခဲ့တာကိုး။ဒီလေဒီမိုးကြားမှာ အိမ်ခေါင်တက်ပြင်ကြဖို့ ကြိုးစားကြည့်ကြသေးသော်လည်း အချီးနှီးသာ။

အမေအိုက...

``သင်္ကြန်တွင်းတုန်းကလည်း အိမ်ကိုရေမဆေးခဲ့ရသေးဘူး မှုတ်လား။ ခု..တစ်ခါတည်း
ကြမ်းခင်းတွေကို တိုက်ချွတ်ဆေးချလိုက်ကြတော့။´´

အိမ်ရှိလူကုန် တပျော်တပါး တစ်အိမ်လုံးကို ရေဖြင့် ဆေးချကြသည်။

ဘုးရားခန်းကို စင်ကြယ်စွာ ရေဆေးသန့်စင်အပြီးမှာ အမေအိုက ရေတစ်ဖန်ခွက် တောင်းလိုက်သည်။ မွှေးနံ့သာရည် သုံးလေးစက်ရောလိုက်လျှက် သပြေခက်ကလေး နှစ်ကာ..၊ဖြန်ကာ...။ ပဋ္ဌန်းဒေသနာတော်နှင့် ပရိတ်ကြီး(၁၁)သုတ်ကို နှုတ်တက်ရွရွ ရွတ်ဖတ်နေလို့ရယ်။

ကျန်အိမ်သားအားလုံးကတော့ ပဲကြီးခွံလို အရည်တွန့်နေသော ခြေဖျား၊လက်ဖျားကလေးတွေဆီ ကိုယ်စီကြည့်ငေးလျှက် မျှော်လင့်ကျေနပ်နေခဲ့ကြပါသည်။ ။

သတိုး